အခန်း ၃၄ - ဒီနေရာထိ ငါ့ကို ခေါ်ဆောင်လာပေးလို့ ကျေးဇူးတင်ပါတယ်
ရုတ်တရက် လျှို့ဝှက်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုလမ်းကြောင်း ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် လူအများအပြား၏ အသက်ရှူသံများမှာ ပြင်းထန်မြန်ဆန်လာခဲ့ရတော့၏။
မရေတွက်နိုင်သော ဆေးလုံးများ၊ ကျင့်စဉ်ကျမ်းစာများနှင့် လက်နက်ဆန်းများမှာ သူတို့၏ မျက်စိရှေ့မှောက်တွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ အပြင်ဘက်တွင် ရှိနေသောအရာများမျှသာ ဖြစ်ရာ... အကယ်၍ အတွင်းထဲသို့သာ ဝင်ရောက်နိုင်ပါက မည်မျှအထိ ကောင်းမွန်လိုက်မည်နည်း။ ဒီအရာကို တွေးမိရင်း လူအများအပြား စိတ်လှုပ်ရှားဝမ်းသာ ဖြစ်သွားခဲ့ကြရသည်။
ရှောင်ယွီ၏ မျက်နှာထက်တွင်လည်း ပျော်ရွှင်မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။
"ဒီအခြေအနေနဲ့ဆိုရင်... ငါ၀မ်အာဆီ သွားရင် ဘယ်သူမှ ငါ့ကို သတိထားမိတော့မှာ မဟုတ်ဘူး"
"နံစော်နေတဲ့ ကောင်လေး... မင်း ဘာဖြစ်လို့ အဲ့ဒီ မိန်းကလေးနေရာကို သွားဖို့ တွေးနေတာလဲ… မြန်မြန် အတွင်းထဲကို ဝင်စမ်းပါ... နတ်ဘုရားစွမ်းရည်က အသုံးပြုဖို့…အခု နောက်ဆုံး လိုအပ်နေတဲ့ ပစ္စည်းတစ်ခုပဲ လိုတော့တာ…ဆရာ အဲ့ဒီအရှိန်အဝါကို အာရုံခံမိနေပြီ"
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရသည်။
"ဒါပေမဲ့ ဆရာ..."
"နံစော်တဲ့ကောင်လေး... လောကကြီးထဲမှာ မိန်းမတွေက အများကြီး ရှိပါတယ်…ဒါ့အပြင် ဒီအမျိုးသမီးက အခုတော့ အမှိုက်တစ်စ ဖြစ်သွားခဲ့ပြီလေ... မင်းက 'မီးနတ်ဘုရားခန္ဓာ' ကို ပိုင်ဆိုင်ထားတဲ့သူ မဟုတ်လား"
"ဟင့်အင်း... ဝမ်အာက ငါ့ကို ကာကွယ်ဖို့အတွက်နဲ့ ဒီလိုမျိုး ဖြစ်သွားခဲ့ရတာပါ"
"သူမက ငါ့ကို တယ်လီပို့ခြင်း အစီအရင် အဆောင် ပေးခဲ့လို့သာ ဒီလိုမျိုး အခြေအနေ ရောက်သွားခဲ့ရတာလေ"
"မင်းက တကယ်ပဲ အူလည်လည်နိုင်လွန်းတာပဲ… သာမန်အချိန်တွေမှာ ဒီလောက်အထိ ပါးနပ်လှတဲ့သူက... အခုကျမှ ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်နေရတာလဲ"
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားခဲ့ရသော်လည်း သူသည် ဆန်ကွမ်းဝမ်အာရှိရာဆီသို့ ဆက်လက် လှမ်းလျှောက်နေခဲ့ဆဲ ဖြစ်သည်။ အဘိုးအို၏ မျက်နှာအမူအရာမှာလည်း ပိုမို စိုးရိမ်ပူပန်လာခဲ့ရ၏။
"မင်း မေ့သွားပြီလား... ယခုလက်ရှိ ဆန်ကွမ်းချင်းအာက သူမရဲ့ နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာကို အတင်းအကျပ် ထုတ်ယူသွားခဲ့တာလေ… သူမက ဘာဖြစ်လို့ အသက်ရှင်နေသေးတာလဲ"
"သူမက အထက်ကမ္ဘာက လာခဲ့တာ ဖြစ်လို့ ထူးခြားလှတဲ့ ဆေးလုံးတွေ ရှိနေနိုင်ပေမယ့်... သူမရဲ့ သက်တမ်းကတော့ အများကြီး ကျန်တော့မှာ မဟုတ်ဘူး"
"မင်းက အရင်ကတည်းက ဆန်ကွမ်းချင်းအာရဲ့ ပြိုင်ဘက် မဟုတ်ခဲ့သလို... အခု သူမက အဲ့ဒီခန္ဓာကိုယ် တည်ဆောက်ပုံကိုပါ ရရှိသွားခဲ့ပြီလေ"
"အကယ်၍ မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံသာ ထပ်မံ အဆင့်မတက်နိုင်ဘူးဆိုရင်... မင်း ဘယ်လိုမှ သူမရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"
"အတွင်းထဲမှာ... 'ကောင်းကင်နဲ့ မြေကမ္ဘာကြား ထူးဆန်းလှတဲ့ မီးလျှံ' အရှိန်အဝါ ရှိနေသလို... ဒီနတ်ဘုရားစွမ်းရည်အတွက် လိုအပ်နေတဲ့ နောက်ဆုံးပစ္စည်းလည်း ရှိနေတယ်"
"အူလည်လည် ကောင်လေးရာ... မင်း တကယ်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ မင်းရဲ့ တစ်ဘဝလုံးကို နောင်တတွေနဲ့ ဖြတ်သန်းချင်လို့လား"
"အထက်ကမ္ဘာမှာ နေထိုင်ခဲ့တဲ့ သူမရဲ့ စံနှုန်းတွေက အလွန်တရာ မြင့်မားနေမှာပဲ ဖြစ်နိုင်တာကတော့... သူမက မင်းရဲ့ လက်ထဲက အခွင့်အရေးကြီးကို မက်မောလို့တမင်မင်းကို ချဉ်းကပ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ"
"သူမရဲ့ နှလုံးသား ထုတ်ယူခံရတယ်ဆိုတာကလည်း... မင်းကို လှည့်စားဖို့အတွက် လှည့်ကွက်တစ်ခု ဖြစ်နေနိုင်တာပဲ မလား"
"ကောင်လေး... အလိမ်အညာတွေထဲ လုံးဝ နစ်မြုပ်မသွားစမ်းနဲ့ဦး"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်ယွီ၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားခဲ့ရတော့သည်။
သူ ရုတ်တရက် တွေးတောမိလိုက်သည်မှာ... ဆန်ကွမ်းဝမ်အာက သူ့ကို တယ်လီပို့အဆောင် ပေးခဲ့ခြင်း ဖြစ်သလို သူမသည် အထက်ကမ္ဘာမှ အင်အားကြီး ပညာရှင်တစ်ဦး၏ အလေးအမြတ်ထားခြင်းကို ခံရသူ ဖြစ်ပေသည်။
ထိုကြောင့် တယ်လီပို့ခြင်း အစီအရင် ကတ်ပြားမှာ တစ်ခုတည်းသာ ရှိနေခဲ့ခြင်း မဖြစ်နိုင်ချေ…
ယခုအခါတွင် သူမသည် အမှိုက်တစ်စ ဖြစ်သွားခဲ့ပြီး ယခုနေရာတွင် သနားစရာပုံစံနှင့် ထပ်ပေါ်လာသည် ဖြစ်ရာ... ဖြစ်နိုင်သည်မှာ ဆရာဖြစ်သူ ပြောသောစကားက အမှန်တရား ဖြစ်နေနိုင်ပေသည်။
၎င်းကို တွေးမိရင်း ရှောင်ယွီ၏ မျက်နှာအမူအရာ တကယ့်ကို ဆိုးရွားသွားခဲ့ရတော့၏။
ထို အချိန်တွင် ဆန်ကွမ်းချင်းအာသည် လည်း အဝေးဆီမှနေ၍ ပျံသန်းရောက်ရှိလာခဲ့သည်။
သူမသည် လူများကို အနည်းငယ်မျှ ဂရုစိုက်ခြင်း မပြုချေ။ ထိုထူးခြားလှသော ခန္ဓာကိုယ်ကို ရရှိပြီးနောက်ပိုင်းတွင် ဆန်ကွမ်းချင်းအာမှာ အလွန်တရာ မာန်ဝင့်ဝါကြွားလာခဲ့ပြီ ဖြစ်သည်။
သူမသည် ထိုလူနှစ်ဦးစလုံးကို မထီမဲ့မြင်ပြုသည့် အကြည့်များဖြင့် သာမန်ကာလျှံကာ လှမ်းကြည့်လိုက်မိ၏။
သို့သော် ဆန်ကွမ်းဝမ်အာကို မြင်တွေ့လိုက်ရချိန်တွင်မူ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက် လှောင်ပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်တော့သည်။
သူမ၏ ပုံရိပ်မှာ ထပ်မံ၍ လှုပ်ရှားသွားခဲ့ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့ရပြန်၏။
ရှောင်ယွီ၏ မျက်နှာအမူအရာ လုံးဝ မည်းမှောင်သွားခဲ့ရတော့သည်။
ဆန်ကွမ်းချင်းအာ၏ အစစ်အမှန် စွမ်းရည်မှာ "အဆင့်၅ကျင့်ကြံသူ အဋ္ဌမအလွှာ" သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။
သူသည် ဆန်ကွမ်းဝမ်အာကို တစ်ချက်လှမ်းကြည့်လိုက်ရင်း... စိတ်ကို တင်းကြပ်စွာ ဆုံးဖြတ်လိုက်ပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားခဲ့ရာ သူ၏ ပုံရိပ်မှာ ဝေဝါးလျက် လုံးဝ ပျောက်ကွယ်သွားခဲ့ရတော့သည်။
မလှမ်းမကမ်း နေရာတွင်မူ ဆန်ကွမ်းဝမ်အာ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့ရ၏။
သူမသည် ခါးသီးလှသော အပြုံးတစ်ခုကိုသာ ထုတ်ဖော်ပြသလိုက်မိတော့သည်။
သူမ သူ့ကို မှတ်မိနေခဲ့သည် မဟုတ်ပါလား။
ရုပ်သွင်ကို လုံးဝ ပြောင်းလဲထားစေကာမူ ၎င်းမှာ... အစ်ကို ရှောင်ယွီပင် ဖြစ်ရမည်။
အသံတစ်ခု သူ့နားထဲ ၀င်ရောက်လာသည်…
"မင်း မြင်ပြီမလား... ဒါက မင်း နှစ်သက်ရတဲ့ ယောက်ျားရဲ့ ပုံစံပဲ"
"ဟင့်အင်း... မဟုတ်ဘူး... သူက ဆန်ကွမ်းချင်းအာကို မြင်သွားလို့ ထွက်သွားတာ နေမှာပါ… သေချာပေါက် အဲ့ဒီလိုမျိုး ဖြစ်ရမယ်"
"ကျွန်မက အခုတော့ အသုံးမဝင်တဲ့ အမှိုက်တစ်စ ဖြစ်သွားခဲ့ပြီလေ... ကျွန်မက သူ့နဲ့ မထိုက်တန်တော့ပါဘူး..."
"အဲ့လိုလား... ဒါဆို မင်း နှစ်သက်ရတဲ့ ယောက်ျားရဲ့ အစစ်အမှန် ရုပ်သွင်က ဘယ်လိုမျိုးလဲဆိုတာကို ငါ ထပ်ပြီး ပြသပေးရတာပေါ့..."
တီကျွယ်တျန်းရဲ့ အသံက ပျောက်ကွယ်သွားခဲ့ရာ...
ဆန်ကွမ်းဝမ်အာသည်လည်း သူနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင်... မြေအောက်နန်းတော်ကြီးအတွင်း၌ ဖြစ်၏။
ရှောင်ယွီသည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိရင်း သူ၏ မျက်ဝန်းထဲတွင် အလွန်တရာ စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ရသည်။
ဆရာဖြစ်သူ၏ အစွမ်းထက်လှသော ဝိညာဉ်ခန္ဓာကိုယ် အကူအညီကြောင့်... ဒီအခွင့်အရေးကြီးမှာ သေချာပေါက် သူ၏ ကိုယ်ပိုင် အရာတစ်ခု ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
သူသည် မိမိ၏ လက်ထဲရှိ "ကောင်းကင်နဲ့ မြေကမ္ဘာကြား ထူးဆန်းလှတဲ့ မီးလျှံ" နှင့် ကျောက်စာတိုင် အသေးစားလေးကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်မိတော့သည်။
သူသည် အလွန်တရာ ပျော်ရွှင်စွာဖြင့် ဟားဟားပက်ပက် ရယ်မောလိုက်မိ၏။ သူသည် ဆန်ကွမ်းဝမ်အာ၏ ကိစ္စရပ်များကိုပင် ဦးနှောက်ထဲမှနေ၍ လုံးဝ မေ့ပျောက်ထားခဲ့ပြီ ဖြစ်သည်။
"ဆရာ... ကျွန်တော်တို့ တကယ်ပဲ အောင်မြင်ပြီ ..." ရှောင်ယွီ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
ထွက်ခွာသွားမည့် အချိန်တွင်... ထိုနေရာရှိ အခြားသော ကျင့်ကြံသူများ၏ မနာလိုပူလောင်နေသော မျက်နှာများနှင့် မကျေမနပ် ဖြစ်နေကြသည့် ပုံစံများကို ကြည့်ရင်း... ရှောင်ယွီ တကယ်ပဲ ကျယ်လောင်စွာ ရယ်မောလိုက်မိတော့သည်။
ဆရာဖြစ်သူတွင် ဤကဲ့သို့သော လှည့်ကွက်မျိုး ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။
အတွင်းဘက်ရှိ အစီအရင်ကို တိုက်ရိုက် အသုံးပြုပြီး ထိုလူများအားလုံးကို အတင်းအကျပ် ပိတ်ဆို့တားဆီးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ကွက်တိ ဒီအခိုက်အတန့်တွင်... ရှောင်ယွီ၏ စိတ်ထဲ၌ ထူးဆန်းလှသော သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"သတိထားစမ်း..."
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လျှို့ဝှက်ဆန်းပြားလှသော နက်မှောင်သည့် အလင်းတန်းတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရတော့၏။
သူ ပြန်လည်ထွက်ပေါ်လာချိန်တွင်မူ... သူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့ရတော့သည်။
မိမိ၏ ရှေ့မှောက်တွင် အလွန်တရာ ကြီးမားလှသော သချိုင်းဂူကြီးတစ်ခု တည်ရှိနေခြင်းကြောင့်ပင်။ ၎င်းမှာ မရေတွက်နိုင်သော ကမ္ဘာအသီးသီးနှင့် စကြဝဠာကြီးတစ်ခုလုံးကို ဤနေရာတွင် လာရောက်မြှုပ်နှံထားသည့်အလား ထင်မှတ်ရပေသည်။
"ဒီနေရာက... ဘာနေရာလဲ..." ရှောင်ယွီ တုန်လှုပ်စွာ မေးမြန်းလိုက်မိသော်လည်း မည်သူမျှ ပြန်လည်ဖြေကြားခြင်း မရှိချေ။
ဝုန်း...
ထိုသချိုင်းဂူကြီးမှာ ပြင်းထန်စွာ တုန်ယင်သွားခဲ့ရသည်။
၎င်းမှာ တိုက်ရိုက်ပင် ပေါက်ကွဲပျက်စီးသွားခဲ့ရပြီးနောက်... အလွန်တရာ အေးစက်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေသည့် မိစ္ဆာလှံတစ်စင်း ထွက်ပေါ်လာခဲ့ရတော့၏။ ထိုလှံတော်ကြီး၏ အပေါ်တွင် "အနန္တပျက်သုဉ်းခြင်း" ဆိုသော စာသားနှစ်လုံးကိုသာ ထင်ရှားစွာ မြင်တွေ့ရပေသည်။
"ဒီအရာက... အနန္တပျက်သုဉ်းခြင်း လှံပဲ..." ရှောင်ယွီ၏ စိတ်ထဲတွင် ဆရာဖြစ်သူ၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဆရာ... ဆရာ ဒီမိစ္ဆာလှံအကြောင်းကို သိလား..."
"သိတာပေါ့... ဒါပေမဲ့ အခုက မင်း သိရမယ့် အချိန်မကျသေးဘူး"
"အကယ်၍ အထက်ကမ္ဘာ မသေမျိုးနယ်မြေထဲက ပညာရှင်ကြီးတွေသာ ဒီလှံကြီး ဒီနေရာမှာ ရှိနေတယ်ဆိုတာကို သိသွားခဲ့ကြရင်... ဖြစ်နိုင်တာကတော့ အဲ့ဒီအရှင်သခင်ကြီးတွေဟာ အဇူရာနယ်မြေ တစ်ခုလုံးကို လုံးဝ မြေလှန် ဖျက်ဆီးရှာဖို့တောင် ဝန်လေးကြမှာ မဟုတ်ဘူး"
ဆရာဖြစ်သူ၏ စကားကို ကြားရသောအခါ ရှောင်ယွီ အသက်ရှူပင် မှားမတတ် ဖြစ်သွားခဲ့ရတော့သည်။
"ဒီလောက်အထိ အစွမ်းထက်တာလားဟင်..."
"မင်း စိတ်ကူးထားတာထက်တောင် ပိုပြီး အစွမ်းထက်ပါသေးတယ်"
"ဒီမိစ္ဆာလှံက... တားမြစ်ချက်တစ်ခုနဲ့လည်း အဓိက သက်ဆိုင်နေတာ"
"အရင်တုန်းက... မသေမျိုးနယ်မြေထဲက လူတွေဟာ ဒီလှံကြီးကို အသည်းအသန် လိုက်လံရှာဖွေခဲ့ကြတာလေ…အခု ဒီနေရာမှာ ပေါ်ထွက်လာလိမ့်မယ်လို့ ဆရာ လုံးဝ ထင်မထားခဲ့မိဘူး"
"ဆရာ... ဆရာက ၎င်းကို မိစ္ဆာလှံလို့ ခေါ်ဆိုတယ်ဆိုတော့... ၎င်းက အင်အားကြီး မိစ္ဆာခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ ကိုယ်ပိုင်လက်နက် ဖြစ်ခဲ့လို့လား..."
"ဟုတ်လည်း ဟုတ်တယ်... မဟုတ်ဘူးလို့လည်း ပြောလို့ရတာပေါ့..."
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ၏ မျက်ဝန်းထဲတွင် သိလိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။
"ဒီလှံကို လူသားတွေ ဖန်တီးခဲ့တာ မဟုတ်သလို... မိစ္ဆာတွေ ဖန်တီးခဲ့တာလည်း မဟုတ်ဘူး..."
ရှောင်ယွီ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရ၏။
"ကောင်းကင်နဲ့ မြေကမ္ဘာကြီးကပဲ ဖန်ဆင်းခဲ့တာလား..."
"မှန်တာပေါ့... ဒီလက်နက်က သဘာဝအတိုင်း အလိုအလျောက် ပေါက်ဖွားလာခဲ့တဲ့ အရာမျိုးပဲ"
"ဒါပေမဲ့... ၎င်းကို ပထမဆုံး အသုံးပြုခဲ့တဲ့သူကတော့ မသေမျိုးကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်ချောက်ချားအောင် လုပ်ဆောင်ခဲ့တဲ့ အလွန်တရာ ကြီးမားလှတဲ့ မိစ္ဆာအရှင်သခင်ကြီးတစ်ပါး ဖြစ်ခဲ့ဖူးတယ်"
"ဒီအရာက တကယ်ပဲ ကျွန်တော် ကိုယ်ပိုင် လက်နက်တစ်ခု ဖြစ်လာခဲ့ပြီပေါ့… ဆရာ... ကြည့်ရတာ ကျွန်တော်ရဲ့ ကံတရားက တကယ့်ကို မဆိုးဘူးပဲနော်..."
အဘိုးအိုသည်လည်း ကျယ်လောင်စွာ ရယ်မောလိုက်မိတော့သည်။ မိမိ၏ တပည့်ဖြစ်သူတွင် ဤမျှလောက်အထိ ကြီးမားလှသော ကံကောင်းခြင်းမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
"နောက်ဆုံးတော့... မင်းတို့ လှံ ကို ရှာတွေ့သွားခဲ့ပြီပေါ့ ဟုတ်လား"
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ရသည်။
ဒီစကားကို ကြားလိုက်ရချိန်တွင် သူတို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာ လုံးဝ ပျက်ယွင်းသွားခဲ့ရတော့၏။
ယခုအခါတွင် တီကျွယ်တျန်းသည် ထိုလူနှစ်ဦးစလုံးကို အနည်းငယ်မျှ အာရုံစိုက်ခြင်း မပြုချေ။
သူသည် ထိုမိစ္ဆာလှံကြီးကို စိုက်ကြည့်လိုက်မိချိန်တွင်... သူ၏ မျက်ဝန်းထဲ၌ ဆန်းကြမ်းလှသော လှိုင်းတွန့်အလင်းတန်းအချို့ ဖြတ်သန်းသွားခဲ့ရသည်။
ကြည့်ရသည်မှာ သူ၏ မိသားစုကိုယ်တိုင်လည်း ဒီ “လှံ” ၏ အကြောင်းကို အတိအကျ တွက်ချက်နိုင်ခဲ့ခြင်း မရှိချေ။
သို့မဟုတ်ပါက ဤနေရာသို့ သူကိုယ်တိုင် လာစရာ အကြောင်းမရှိချေ။
သို့သော်လည်း ရှစ်ယောက်မြောက် ဘိုးဘေးကြီး ကိုယ်တိုင်က ဒီ နယ်မြေကြီး စည်းခတ်ပြီးကို သေသေချာချာ စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလား။ ဖြစ်နိုင်သည်မှာ ဘိုးဘေးကြီးကိုယ်တိုင်လည်း တစ်စုံတစ်ခုကို သံသယဝင်နေခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။
တီကျွယ်တျန်း ထွက်ပေါ်လာပြီးနောက်တွင် ထိုမိစ္ဆာလှံကြီးမှာ ပြင်းထန်စွာ တုန်ယင်သွားခဲ့ရပြီး တကယ့်ကို ထိတ်လန့်ကြောက်ရွံ့နေသည့်အလား ပုံစံမျိုး ပြသနေခဲ့သည်ကို သူတို့ မြင်တွေ့လိုက်ကြရတော့၏။
ရှောင်ယွီနှင့် သူ၏ ဆရာဖြစ်သူတို့မှာ အလွန်တရာ ထိတ်လန့်ချောက်ချားဖွယ်ရာ အကြည့်များဖြင့် စိုက်ကြည့်နေမိကြသည်။
"တီကျွယ်တျန်း... မင်း ဘာဖြစ်လို့ ဒီနေရာကို ရောက်နေတာလဲဟင်..." ရှောင်ယွီတစ်ယောက် မိမိ၏ နောက်ကွယ်မှ မည်သူမျှ လိုက်ပါလာခြင်း မရှိကြောင်း သေချာပေါက် ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင် ဤကောင်က မိမိ၏ ရှေ့သို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
"ငါ့ကို ဒီနေရာဆီ ခေါ်ဆောင်လာပေးတဲ့အတွက်... မင်းကို တကယ်ပဲ အထူးကျေးဇူးတင်ရမှာပေါ့ အခုတော့ ဒီလှံကို ငါယူသွားပြီ"
တီကျွယ်တျန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒီလှံက သူ မြေလှန်ရှာလျင်တောင် ရှာတွေ့မည်မဟုတ် ဇာတ်လိုက်မှသာ အလွယ်တကူရှာတွေ့မှာ မဟုတ်ပါလား။
ထိုအပြုံးကို မြင်တွေ့လိုက်ရချိန်တွင် ရှောင်ယွီတစ်ယောက် တကယ့်ကို ပြာယာခတ်သွားခဲ့ရတော့၏။ မိမိ ရမဲ့ အခွင့်အရေးကို လုယူခံလိုက်ရပြီ မဟုတ်ပါလား။
တီကျွယ်တျန်း၏ လျှို့ဝှက်ဆန်းပြားလှသော ပြုံးယောင်သန်းမှုကို ကြည့်ရင်း... ရှောင်ယွီ၏ မျက်နှာအမူအရာ သည် တစ်ခုခုကို စဉ်းစားမိသွားသလို ပျက်ယွင်းသွားခဲ့ရတော့သည်။
ထို့နောက် တီကျွယ်တျန်းသည် ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
ဒီလှံက ကံကြမ္မာသားတော်၏ ကိုယ်ပိုင် အခွင့်အရေးကြီး ဖြစ်ရမည် ဖြစ်သော်လည်း... သူ့တွင်မူ စနစ် ရှိနေသည် မဟုတ်ပါလား။ စနစ်၏ အကူအညီဖြင့် သူသည် ၎င်းလှံကို တိုက်ရိုက်ပင် ယူဆောင်သွားခဲ့တော့သည်။
တီကျွယ်တျန်း ထွက်ခွာသွားခဲ့သည့် အချိန်မှာတင်... သူ၏ စိတ်ထဲ၌ စနစ်၏ သတိပေးသံ ချက်ချင်း ထွက်ပေါ်လာခဲ့ရတော့၏။
【တုန်... အရှင်သခင်သည် ကံကြမ္မာသားတော်၏ အခွင့်အရေးကြီးကို တိုက်ရိုက် လုယူနိုင်ခဲ့သဖြင့် ကံကြမ္မာသားတော်၏ ကံကြမ္မာတန်ဖိုး ၂,၀၀၀ လျော့နည်းသွားခဲ့ပြီး အရှင်သခင်သည် ဗီလိန်အမှတ် ၂,၀၀၀ ရရှိပါသည်】
【တုန်... ကံကြမ္မာသားတော်သည် သူ၏ ဆရာအပေါ် ထပ်မံ၍ သံသယများ ဝင်ရောက်သွားခဲ့သဖြင့် ကံကြမ္မာသားတော်၏ ကံကြမ္မာတန်ဖိုး ၁၀၀ လျော့နည်းသွားခဲ့ပြီး အရှင်သခင်သည် ဗီလိန်အမှတ် ၁၀၀ ရရှိပါသည်】