အခန်း ၃၃ - အစ်မကြီး... ကြည့်စမ်းပါဦး... မင်းရဲ့ နှလုံးသားမှာ အပေါက်ခုနစ်ပေါက်တောင် ရှိနေတာပဲ
ရှောင်ယွီ၏ မျက်နှာအမူအရာမှာ လုံးဝ ညှိုးငယ်အောက်ကျို့သွားခဲ့ရသည်။ ဆန်ကွမ်းဝမ်အာက အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်ငြား... ယခုနေရာတွင် မိမိက ဝန်ထုပ်ဝန်ပိုးတစ်ခု သက်သက်မျှသာ ဖြစ်နေကြောင်း ရှောင်ယွီ သေသေချာချာ သိရှိနေခဲ့၏။
သူသည် မိမိ၏ လက်ထဲရှိ တယ်လီပို့ခြင်း အစီအရင် အဆောင်ကို ငုံ့ကြည့်လိုက်သည်။ ဤအရာက လူတစ်ယောက်တည်းအတွက်သာ သုံးစွဲနိုင်သော အရာမျိုး မဟုတ်ပါလား။
"အစ်ကို ရှောင်ယွီ... မြန်မြန် ထွက်သွားပါတော့…ကျွန်မ နောက်မှ အစ်ကို့ကို လိုက်ရှာပါမယ်..."
ထိုစကားကို ကြားရသောအခါ ရှောင်ယွီသည် သူ၏ လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း ထိုအစီအရင်အဆောင်ကို တိုက်ရိုက်ပင် အစိတ်စိတ်အမြွှာမြွှာ ခြေမွပစ်လိုက်တော့၏။
သူ၏ ခြေဖဝါးအောက်မှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီးနောက်... ရှောင်ယွီ၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရတော့သည်။
ရှောင်ယွီ ဘေးကင်းစွာ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက်မှသာ ဆန်ကွမ်းဝမ်အာသည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့၏။
ထိုအချိန်တွင် ဆန်ကွမ်းဝမ်အာသည် ဆန်ကွမ်းချင်းအာက မိမိကို အေးစက်လှသော အပြုံးများဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
"အမကြီးက သူ့ကို ချစ်နေတုန်းပဲပေါ့ ဟုတ်လား..."
"ငါ... ငါ..."
"ချင်းအာ... အစ်မ မင်းကို ပြောမလို့ပဲ... အစ်မ မင်းကို ဘယ်တုန်းကမှ မထိခိုက်စေခဲ့ပါဘူး။ အခု ရှောင်ယွီက ဆေးဖော်စပ်သူတစ်ယောက် တကယ်ပဲ ဖြစ်လာခဲ့ပြီလေ..."
"ဟုတ်လား... ဒါပေမဲ့ အဲ့ဒါက ညီမနဲ့ ဘာဆိုင်လို့လဲ..."
"အစ်မကြီး... တကယ်တော့ ညီမရဲ့ အစစ်အမှန် ပစ်မှတ်က အစ်မကြီးပဲ "
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ၏ မျက်နှာအမူအရာ လုံးဝ ပျက်ယွင်းသွားခဲ့ရတော့သည်။
"ချင်းအာ... မင်းက ငါ့ကို သတ်ချင်တာလား..." ဆန်ကွမ်းဝမ်အာ၏ မျက်နှာလေးတစ်ခုလုံး ဖြူလျော်သွားခဲ့ရ၏။
"ဟင့်အင်း... ငါက အစ်မကြီးရဲ့ နေရာကိုပဲ အစားထိုးချင်တာလေ… အစားထိုးနိုင်မယ့် နည်းလမ်းတွေက အများကြီး ရှိပါတယ်။ ဥပမာအားဖြင့်... အစ်မကြီးရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ငါ့ရဲ့ ကိုယ်ပိုင် အရာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တာမျိုးပေါ့..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ဆန်ကွမ်းဝမ်အာ၏ မျက်ဝန်းထဲ၌ အလွန်တရာ ထိတ်လန့်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားခဲ့ရပြီး ဤအခိုက်အတန့်တွင် သူမ တကယ်ပဲ ပြာယာခတ်သွားခဲ့ရတော့သည်။
မိမိ၏ ညီမအရင်းခေါက်ခေါက်၏ အစစ်အမှန် ရည်ရွယ်ချက်က ဤအရာ ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
"ရိုင်းစိုင်းလှချည်လား... မင်း တကယ်ပဲ ရူးသွပ်သွားခဲ့ပြီ ထင်တယ်..."
သို့သော်လည်း... ထို့နောက် ချက်ချင်းဆိုသလိုပင် ဆန်ကွမ်းဝမ်အာ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့ရပြန်သည်။
မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီစွမ်းအင်များမှာ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ကြောင်း သူမ သတိပြုမိလိုက်ခြင်းကြောင့်ပင်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ အားအင်ချိနဲ့စွာဖြင့် လဲပြိုကျသွားခဲ့ရတော့သည်။ မည်သည့် ခွန်အားမျှ ရှိမနေခဲ့တော့ချေ။
"မင်း... မင်း..." ဆန်ကွမ်းဝမ်အာသည် ဆန်ကွမ်းချင်းအာကို စိုက်ကြည့်လိုက်ရင်း... ထို့နောက် တီကျွယ်တျန်းကိုပါ လှမ်းကြည့်လိုက်မိသည်။
"ဘာဖြစ်လို့လဲ..."
တီကျွယ်တျန်းကတော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
"အမကြီး.. အမရဲ့ ခန္ဓာကိုယ်ပေါ်က နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာ က တကယ့်ကို အလဟဿ ဖြစ်နေတာပဲ။ လက်လွှတ်လိုက်စမ်းပါ... အခုကစပြီး အမရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ ကျွန်မအကောင်းဆုံး အသက်ရှင် နေထိုင်သွားပါ့မယ်..."
ဆန်ကွမ်းချင်းအာ၏ မျက်ဝန်းထဲတွင် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့နောက် သူမသည် ဓားမြှောင်တစ်စင်းကို ထုတ်ယူလိုက်ပြီး... ဆန်ကွမ်းဝမ်အာ၏ ရင်ဘတ်ကို အသာအယာ လှီးဖြတ်လိုက်တော့၏။
သို့သော်လည်း ဆန်ကွမ်းချင်းအာသည် ၎င်းကို တမင်တကာ ပင် ဓားချက်မှာ တစ်ချက်တွင် ခပ်ပါးပါး၊ တစ်ချက်တွင် ခပ်နက်နက်၊ ထို့နောက် ချက်ချင်း ပြန်လည်၍ ခပ်ပါးပါး လှီးဖြတ်နေခဲ့ခြင်း ဖြစ်သည်။
တီကျွယ်ထျန်း ကလည်း အပြုံးတစ်ခုနှင့် ကြည့်နေသည်…
ဤကဲ့သို့ အကြိမ်ကြိမ် လှီးပြီးနောက်... မကြာမီ အချိန်အတွင်းမှာပင် ဆန်းကြယ်လှသော နှလုံးသားတစ်စုံ ထွက်ပေါ်လာခဲ့ရတော့သည်။
ဆန်ကွမ်းချင်းအာ၏ မျက်ဝန်းထဲတွင် လောဘဇောများနှင့် တပ်မက်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့ရ၏။
"အမကြီး... ကြည့်စမ်းပါဦး... မင်းရဲ့ နှလုံးသားက တကယ့်ကို လှပလွန်းတာပဲ။ အပေါက်ခုနစ်ပေါက်တောင် ရှိနေတာပဲ မဟုတ်လား..."
ထိုသို့ ပြောဆိုပြီးနောက် ဆန်ကွမ်းချင်းအာ မတ်တတ်ရပ်လိုက်သည်။ သူမ၏ လက်နှစ်ဖက်စလုံးတွင် ရဲရဲနီသော သွေးစများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်၏။ ထို့နောက် သူမသည် ရူးသွပ်စွာဖြင့် ကျယ်လောင်စွာ ဟားဟားပက်ပက် ရယ်မောလိုက်မိတော့သည်။
"ဆန်ကွမ်းဝမ်အာ... အခုကစပြီး ငါ့ရဲ့ နာမည်က မရေတွက်နိုင်တဲ့ ကမ္ဘာအသီးသီးမှာ ကျော်ကြားလာတော့မှာ… မင်းကတော့ ငါ့ကို အောက်ခြေကနေပဲ မော့ကြည့်နေရတော့မယ်..."
ဆန်ကွမ်းဝမ်အာ၏ အသက်ရှူသံများမှာ အလွန်တရာ အားနည်းလျက် လျော့နည်းလာခဲ့ပြီ ဖြစ်သည်။
ချင်းအာ ၏ မျက်ဝန်းများမှာမူ အလွန်တရာ တည်ငြိမ်အေးစက်နေခဲ့၏။ သူမသည် အေးစက်လှသော လှောင်ပြုံးများနှင့် မထီမဲ့မြင် ပြုသည့် အကြည့်များဖြင့်သာ သူ့ အမကြီးကို ကြည့်နေခဲ့သည်။
"သခင်လေး..." ဆန်ကွမ်းချင်းအာသည် တီကျွယ်တျန်းကို လှမ်းကြည့်လိုက်သည်။
"ဒီအရာက ပေါင်းစည်းဆေးလုံးပဲ..."
"တုဇီထန်... သွားပြီးတော့ သူမကို စောင့်ရှောက်ပေးလိုက်…ကျန်တဲ့ အရာတွေကတော့ မင်းရဲ့ ကံတရားအပေါ်မှာပဲ မူတည်တော့တယ်..."
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းချင်းအာ သဘောကျစွာ ပြုံးလိုက်မိသည်။
ထိုလူနှစ်ဦးစလုံး ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း….
"သခင်လေး... ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ..."
"မင်း အဲ့ဒါကို သိဖို့ မလိုပါဘူး..."
ထိုသို့ ပြောဆိုပြီးနောက် တီကျွယ်တျန်းသည် လက်ညှိုးတစ်ချောင်းကို အသာအယာ လှုပ်ရှားလိုက်ရာ... မသေမျိုး ဝိညာဉ်စွမ်းအင် တစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်းမှာ အသက်ရှင်ဖို့အတွက် နောက်ထပ် သုံးရက်ပဲ အချိန်ရှိတော့တယ်။ မင်း ချစ်ရတဲ့သူက... မင်းရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ ထိုက်တန်ရဲ့လားဆိုတာကို သေသေချာချာ စောင့်ကြည့်လိုက်ပေါ့..." တီကျွယ်တျန်း ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဆန်ကွမ်းဝမ်အာ၏ မျက်နှာအမူအရာမှာ လုံးဝ ညှိုးငယ်သွားခဲ့ရတော့၏။ သူမသည် နောက်ထပ် သုံးရက်တိုင်တိုင် နှိပ်စက်ညှဉ်းပန်းမှုကို ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။
"နောက်ထပ်... ငါ့ရဲ့ အစီအစဉ် နောက်တစ်ဆင့်ကို စတင်ရတော့မယ်..."
မကြာမီ အချိန်အတွင်းမှာပင်... လျှို့ဝှက်နယ်မြေအတွင်းမှနေ၍ သတင်းတစ်ခု ပျံ့နှံ့ထွက်ပေါ်လာခဲ့ရတော့သည်။
၎င်းမှာ... ဆန်ကွမ်းဝမ်အာ၏ "နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာ" မှာ အတင်းအကျပ် ထုတ်ယူခြင်း ခံလိုက်ရပြီ ဖြစ်ကြောင်းပင်။ ထို့အပြင် ၎င်းကို သူမ၏ ညီမအရင်း ဖြစ်သူကိုယ်တိုင်က ရက်ရက်စက်စက်ထုတ်ယူ ခဲ့ခြင်း ဖြစ်၏။
လူတိုင်း ဒီသတင်းကို ကြားသိလိုက်ရချိန်တွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။
အထက်ကမ္ဘာမှ ဆင်းသက်လာကြသော ပညာရှင်များပင်လျှင် ဤသတင်းကြောင့် မျက်နှာအမူအရာများ လုံးဝ ပြောင်းလဲသွားခဲ့ကြရတော့၏။ သို့သော်လည်း လူအများအပြား၏ စိတ်ထဲ၌ လောဘဇောများ ထွက်ပေါ်နေခဲ့ကြဆဲ ဖြစ်သည်။
သို့သော် နောက်တစ်နေ့တွင်မူ... ဆန်ကွမ်းချင်းအာ ထပ်မံထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် လူတိုင်း လုံးဝ တိတ်ဆိတ်သွားခဲ့ကြရတော့၏။
အဘယ်ကြောင့်ဆိုသော် ဆန်ကွမ်းချင်းအာသည် အဆင့်၅ကျင့်ကြံသူ တတိယအလွှာ ရှိသော ပညာရှင်တစ်ဦးကို လက်တစ်ချက်တည်းဖြင့်တင် လွယ်လွယ်ကူကူ ခြေမွသတ်ဖြတ်ပစ်ခဲ့သည်ကို သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။
ဆန်ကွမ်းဝမ်အာမှာမူ... သူမ၏ ဆံပင်များမှာ မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။ သူမ၏ အဝတ်အစားများမှာလည်း စုတ်ပြဲလျက် ဖရိုဖရဲ ဖြစ်နေခဲ့ရ၏။
တကယ့်ကို သူတောင်းစားမတစ်ဦးနှင့်ပင် သဏ္ဌာန်တူနေခဲ့သည်။ အကယ်၍ သေသေချာချာ စိုက်မကြည့်ပါက... သူမမှာ အတိတ်က ကျော်ကြားလှသော ဆန်ကွမ်းဝမ်အာ ဖြစ်ကြောင်း မည်သူမျှ ရိပ်မိနိုင်ကြမည် မဟုတ်ချေ။
ယခုအချိန်တွင် ဆန်ကွမ်းဝမ်အာမှာ အသက်မရှိသော လူသေအလောင်းတစ်ခုကဲ့သို့ လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်မရှိရာနေရာဆီသို့သာ တရွေ့ရွေ့ လှမ်းလျှောက်နေခဲ့မိတော့သည်။
မိမိကိုယ်မိမိ ဘာဖြစ်လို့ ဤကဲ့သို့သော အတွေးမျိုး ဝင်ရောက်နေမိသလဲဆိုသည်ကိုမူ သူမ မသိသော်လည်း ထိုနေရာဆီသို့သာ သွားရောက်လိုစိတ် ပြင်းပြနေခဲ့ခြင်း ဖြစ်၏။
ဗဟိုချက်မ ဧရိယာအတွင်းတွင်... ရုပ်သွင်ကို လုံးဝ ပြောင်းလဲထားသော အမျိုးသားတစ်ဦးသည် လူအများ၏ ပြောဆိုဆွေးနွေးမှုများကို နားထောင်ရင်း သူ၏ မျက်နှာအမူအရာမှာ တကယ့်ကို ဆိုးရွားသွားခဲ့ရတော့သည်။
"ဟုတ်တယ်... ယခုလက်ရှိ ဆန်ကွမ်းဝမ်အာကတော့ တကယ့်ကို အမှိုက်တစ်စပဲ ဖြစ်သွားခဲ့ပြီ"
"လူအများအပြားက ဆန်ကွမ်းဝမ်အာကို အသည်းအသန် လိုက်ရှာနေကြတာလေ။ သူမက အသုံးမဝင်တော့ဘူးဆိုရင်တောင်မှ... ဟဲဟဲ သူမက တကယ့်ကို အလှပဆုံး အမျိုးသမီးတစ်ယောက် မဟုတ်ပါလား..."
"ဟုတ်တယ်... ငါ အရင်က သူမကို မြင်တွေ့ခဲ့သေးတယ်"
"ဒါနဲ့... သူမနဲ့အတူ အောက်ကမ္ဘာကို ဆင်းသက်လာခဲ့တဲ့ အဲ့ဒီသခင်လေးကကော ဘယ်ရောက်သွားပြီလဲ..."
"လျှောက်ပြီး မတွေးစမ်းပါနဲ့ဦး... ဖြစ်နိုင်တာကတော့ သူ ထွက်ခွာသွားခဲ့ပြီ ထင်တာပဲ။ ဤကဲ့သို့သော လျှို့ဝှက်နယ်မြေမျိုးက... ထိုပညာရှင်ကြီးအတွက်တော့ မျက်စိထဲထည့်ကြည့်ဖို့တောင် မတန်တဲ့ အရာမျိုးပါပဲ..."
အခြားလူများက ပြန်လည်၍ ငြင်းခုံလိုကြသော်လည်း... ထိုလူများထံမှ ထွက်ပေါ်နေသော အရှိန်အဝါအရ ဤလူများမှာ အထက်ကမ္ဘာမှ ဆင်းသက်လာကြသူများ ဖြစ်ကြောင်း သိရှိသွားကြသဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြတော့၏။
"နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာကို... သေချာပေါက် အဲ့ဒီကောင်ကပဲ တူးဆွယူသွားခဲ့တာ ဖြစ်ရမယ်" ရုပ်သွင်ကို လုံးဝ ပြောင်းလဲထားသော ရှောင်ယွီက ဝင်ရောက်ပြောဆိုလိုက်သည်။
သူ၏ အစစ်အမှန် မျက်နှာကို မည်သူမျှ ရှင်းလင်းစွာ မမြင်တွေ့နိုင်ကြချေ။
"တကယ့်ကို ရယ်စရာကောင်းလိုက်တာ... မင်းတို့ရဲ့ မျက်စိထဲမှာတော့ နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာက အလွန်တရာ အစွမ်းထက်လှတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ဖြစ်နေလိမ့်မယ်။
ဒါပေမဲ့ အဲ့ဒီသခင်လေးရဲ့ မျက်ဝန်းထဲမှာတော့ ၎င်းက သာမန်ကာလျှံကာ အသုံးမဝင်တဲ့ အမှိုက်ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး သက်သက်မျှသာ ဖြစ်ရမယ်"
"မင်းတို့ သိလား... အဲ့ဒီသခင်လေး မွေးဖွားလာခဲ့စဉ်တုန်းက... မင်းတို့ရဲ့ အဇူရာနယ်မြေထက် အဆပေါင်း များစွာ ပိုမိုကြီးမားလှတဲ့ အထက်ကမ္ဘာရဲ့ နယ်မြေကြီးတစ်ခုလုံးမှာ တစ်လတိတိ ကောင်းကင်ယံ နိမိတ်လက္ခဏာတွေ ထွက်ပေါ်ခဲ့တာမျိုးကွ"
"နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာ ထွက်ပေါ်လာခဲ့တဲ့ ကောင်းကင်ယံ နိမိတ်လက္ခဏာဆိုတာ... အဲ့ဒီသခင်လေးရဲ့ ရှေ့မှောက်မှာတော့ ဖျတ်ခနဲ ထွက်ပေါ်လာတဲ့ လေလည်သံတစ်ခုမျှသာ ရှိတာပါ"
"အကယ်၍ မင်းက ၎င်းကို သူ့လက်ထဲ အလကား သွားပေးရင်တောင်မှ... သူက စက်ဆုပ်ရွံရှာပြီး သူ၏ လက်တွေကို ညစ်ပတ်သွားမှာကိုတောင် စိုးရိမ်နေဦးမှာ..."
ထိုစကားကို ကြားရသောအခါ လူအများအပြား လုံးဝ တိတ်ဆိတ်သွားခဲ့ရတော့သည်။
အထက်ကမ္ဘာမှ ပညာရှင်များအနေဖြင့် ဤကဲ့သို့သော ကိစ္စရပ်မျိုးဖြင့် သူတို့ကို လိမ်လည်လှည့်ဖြားစရာ အကြောင်းမရှိချေ။
အကယ်၍ ၎င်းသာ အမှန်တရား ဖြစ်နေခဲ့မည်ဆိုပါက တကယ့်ကို ထိတ်လန့်ချောက်ချားစရာ ကောင်းလွန်းလှပေသည်။
"မင်းတို့ 'ယင်ကိုးပါးသော သန့်စင်သောခန္ဓာ' အကြောင်းကို သိလား... ၎င်းက နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာထက် အနည်းငယ်ပဲ အားနည်းတာလေ… ဒါပေမဲ့ အဲ့ဒီသခင်လေးက အဲ့မိန်းကလေးကိုတောင် တိုက်ရိုက်ပင် အမြစ်ပြတ် ခြေမွသုတ်သင်ပစ်ခဲ့တာမျိုး။ မင်းတို့ တကယ်ပဲ ထင်နေတာလား... အသေးအမွှား ခန္ဓာကို ဂရုစိုက်လိမ့်မယ်လို့..."
"ဖားသူငယ်တွေက ဖားသူငယ်တွေ အတိုင်းပါပဲ..."
ဤကဲ့သို့သော လှောင်ပြောင် သရော်မှုများကို ကြားရသောအခါ ရှောင်ယွီ၏ မျက်နှာအမူအရာ တကယ့်ကို ဆိုးရွားသွားခဲ့ရတော့သည်။
ယခုအခါတွင်မူ သူသည် တီကျွယ်တျန်းကို အပိုင်းပိုင်း ဆွဲဖြဲသတ်ပစ်ချင်စိတ် ပြင်းပြနေခဲ့ပြီ ဖြစ်သည်။ မိမိကိုယ်မိမိ ဘာဖြစ်လို့ ဤမျှလောက်အထိ အမုန်းပွားနေမိသလဲဆိုသည်ကိုမူ သူ မသိချေ။
'ဆရာ... နတ်ဘုရားစွမ်းရည်က အခုထိ သုံးလို့မရသေးဘူးလား'
"နီးစပ်နေပါပြီ... နောက်ထပ် အချိန်အနည်းငယ်တော့ လိုသေးတာပေါ့"
"အကယ်၍ စောနလူပြောတဲ့ စကားတွေသာ အမှန်တရား ဖြစ်နေခဲ့ရင်... အဲ့ လူငယ်ကို လုံးဝ သွားပြီး မဆွဆွမိစေနဲ့ဦး ငါတို့ လုံးဝ သွားရောက်စော်ကားလို့ရတဲ့သူ မဟုတ်ဘူး..."
'ဆရာ... ဆရာကိုယ်တိုင်လည်း အရင်က အထက်ကမ္ဘာမှာ အနှိုင်းမဲ့ အစွမ်းထက်လှတဲ့ အရှင်သခင်ကြီးတစ်ပါး ဖြစ်ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား...'
ထိုစကားကို ကြားရသောအခါ အဘိုးအိုသည် ခပ်ပြင်းပြင်း တစ်ချက် ချောင်းဆိုးလိုက်မိရင်း လုံးဝ ပါးစပ်ပိတ်သွားခဲ့ရတော့သည်။ ရှောင်ယွီလည်း မသ်ိမသာနှာခေါင်းရှုံ့လိုက်မိ၏။
"မြန်မြန် ကြည့်ကြစမ်း... ဟိုမှာ ဘယ်သူလဲဟင်..." ကွက်တိ ဤအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်မိသည်။
လူတိုင်း ထိုဘက်သို့ လှမ်းကြည့်လိုက်ကြ၏။ သူတို့သည် ပုံရိပ်တစ်ခုမှာ သူတို့ရှိရာဆီသို့ ယိုင်တိုင်တိုင်ဖြင့် လှမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူမ၏ မျက်နှာလေးမှာ အခါအားလျော်စွာ ပေါ်ထွက်လာခဲ့သဖြင့် လူတိုင်း သူမ၏ ရုပ်သွင်ကို သေသေချာချာ မြင်တွေ့လိုက်ကြရတော့၏။
"ဟာ... အဲ့... ဒါ ဆန်ကွမ်းဝမ်အာ မဟုတ်ဘူးလား… သူမ တကယ်ပဲ ဤမျှလောက်အထိ သနားစရာကောင်းတဲ့ အခြေအနေမျိုး ရောက်သွားလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး"
"ဟုတ်တယ်... ကံတရားဆိုတာ ရေစီးကြောင်းလိုပဲ ပြောင်းလဲနေတတ်တာမျိုးပါပဲ”
အခြားတစ်စုံတစ်ယောက်က သက်ပြင်းချလိုက်မိသည်။
'တောက်...'
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ၏ မျက်နှာအမူအရာ လုံးဝ မည်းမှောင်သွားခဲ့ရတော့သည်။
သို့သော်လည်း ယခုအချိန်မှာ မိမိ၏ ကိုယ်ပိုင်ပုံရိပ်ကို ထုတ်ဖော်ပြသရမည့် အချိန် မဟုတ်သေးချေ။ ၎င်းကို တွေးမိရင်း ရှောင်ယွီသည် ဆန်ကွမ်းဝမ်အာရှိရာနေရာဆီသို့ တိတ်တဆိတ် တိုးကပ်သွားခဲ့သည်။
သို့သော်လည်း ကွက်တိ ဤအချိန်တွင်... မှိန်ဖျော့လှသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ရတော့၏။