အခန်း ၃၂ - သခင်လေး ရောက်ရှိလာပြီပဲ ဘာလို့ထွက်မတွေ့တာလဲ
ထို့နောက် ကျင့်ကြံသူ၏ ပုံရိပ်မှာ အဝေးဆီသို့ တိုက်ရိုက် လွင့်ပျံသွားခဲ့ရတော့သည်။
တီကျွယ်တျန်းသည် လေဟာနယ်အတွင်း၌ ရှိနေရင်း သူ၏ နဖူးကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်မိ၏။ မူလက သူသည် ဤ အချစ်ဇတ်လမ်းတစ်ပုဒ်ကို အေးဆေးထိုင်ကြည့်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သော်လည်း အနှောင့်အယှက်ပေးခံရလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ အခု သူတို့ ပိုချစ်လေ နောင်တွင် ပို၍အကျပ်ကိုင်၍ကောင်းမည် မဟုတ်ပါလား…(ယုတ်မာတဲ့ အပြုံးတစ်ခု ဆင်မြန်းရင်း )
"အစ်ကို ရှောင်ယွီ... ကျွန်မကို တစ်စုံတစ်ခု ပြောစရာ ရှိလို့လားဟင်..."
"ရှိတယ်... ဒါပေမဲ့ နောက်မှပေါ့"
"အခုက အချိန်မကျသေးဘူး..."
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ၏ မျက်နှာလေးတစ်ခုလုံး ရဲခနဲ ဖြစ်သွားခဲ့ရသည်။
"တကယ်လား... နည်းနည်း မသင့်တော်ဘူး မဟုတ်လားဟင်..."
"မသင့်တော်စရာ ဘာမှမရှိပါဘူး... ဒါနဲ့ မင်းရဲ့ မျက်နှာက ဘာဖြစ်လို့ ဤမျှလောက်အထိ ရဲနေရတာလဲ"
ရှောင်ယွီ၏ အမူအရာကို မြင်တွေ့လိုက်ရမှသာ ဆန်ကွမ်းဝမ်အာ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး မိမိကိုယ်မိမိ လျှောက်တွေးမိနေခဲ့ကြောင်း သတိပြုမိလိုက်တော့သည်။
"ဘာမှမဟုတ်ပါဘူး... ဒါနဲ့ အရင်က ချင်းအာပြောခဲ့တဲ့ စကားတွေက တကယ်ပဲ ဟုတ်လို့လားဟင်..." ဆန်ကွမ်းဝမ်အာသည် ရှောင်ယွီက ဤကဲ့သို့သော လူမျိုး ဖြစ်လိမ့်မည်ဟု အခုအချိန်အထိ မယုံကြည်နိုင်သေးချေ။
"ဝမ်အာ... မင်း သတိမထားမိဘူးလား… မင်း ပြန်လာကတည်းက... အဲ့ဒီလျှို့ဝှက်ဆန်းပြားတဲ့ သခင်လေးနဲ့ ချင်းအာနဲ့ ပေါင်းစပ်လိုက်ပြီးနောက် ငါတို့နှစ်ယောက်စလုံး စက်ကွင်းထဲ အသွင်းခံလိုက်ရသလိုမျိုးပဲ …အကယ်၍ မင်းရဲ့ ညီမက တကယ်ပဲ အဲ့ဒီလိုမျိုး လုပ်ဆောင်ခဲ့တယ်ဆိုရင် ငါ ဘာဖြစ်လို့ သတိမထားမိဘဲ နေမလဲ"
"ဒီအပြင်... ငါက အရင်းအမြစ်တွေကို ယူသုံးခဲ့တယ်ဆိုတာကို လုံးဝ မသိရှိခဲ့သလို... ငါ အခု သုံးစွဲနေတဲ့ အရင်းအမြစ်တွေ အားလုံးကလည်း ငါကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ရှာဖွေထားခဲ့တဲ့ အရာတွေချည်းပဲ…နောက်ပြီး ငါက ဆေးဖော်စပ်သူ တစ်ယောက် ပဲ"
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
သုံးနှစ်တာ ခွဲခွာပြီးနောက်တွင်... ရှောင်ယွီတစ်ယောက် ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာခဲ့လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ကြည့်ရသည်မှာ သူမ၏ ရွေးချယ်မှုက မမှားခဲ့ချေ။ သူမသည် ဤအရာအားလုံးကို ချင်းအာ၏ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
နောင်တစ်ချိန် ချင်းအာနှင့် ပြန်လည်တွေ့ဆုံရသည့်အခါ ယခုလက်ရှိ ရှောင်ယွီမှာ အတိတ်က ရှောင်ယွီ မဟုတ်တော့ကြောင်း သူမ သေသေချာချာ ပြောပြရပေလိမ့်မည်။
"ဒါနဲ့... အစ်ကို ရှောင်ယွီ... နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲဟင်..."
"အကြီးမားဆုံး အစစ်အမှန် အခွင့်အရေးကြီးက ထွက်ပေါ်လာခြင်း မရှိသေးဘူး"
"ဒါပေမဲ့ ဝမ်အာ... လျှို့ဝှက်နယ်မြေကိစ္စပြီးသွားတဲ့အခါ မင်းအတွက် ငါ့မှာ လက်ဆောင်တစ်ခု ရှိတယ်"
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ၏ မျက်ဝန်းထဲတွင် ထူးဆန်းလှသော အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့၏။
"အစ်ကို ရှောင်ယွီ... ကျွန်မကို ဘာပစ္စည်း ပေးမလို့လဲဟင်... ကြိုပြီး ပြောပြလို့ ရမလား"
“ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ငါပြောနိုင်တာကတော့... တီကျွယ်တျန်းကိုယ်တိုင်တောင်မှ ဒီအရာကို ပိုင်ဆိုင်ထားနိုင်မှာ မဟုတ်ဘူး"
"၎င်းက ကောင်းကင်နဲ့ မြေကမ္ဘာကြား ပေါက်ဖွားလာတဲ့ အရာမျိုးပဲ..." ဤအချိန်တွင် ရှောင်ယွီသည် မိမိကိုယ်မိမိ ကြွားဝါခြင်း မပြုဘဲ မနေနိုင်တော့ချေ။
"ကောင်းကင်နဲ့ မြေကမ္ဘာ တံဆိပ်ခတ်နှိပ်ခြင်း..."တဲ့
"နတ်ဘုရားစွမ်းရည်လားဟင်..."
ရှောင်ယွီ စကားထပ်မပြောတော့ဘဲ ခပ်ဖွဖွလေးသာ ပြုံးပြလိုက်မိသည်။
"အစ်ကို ရှောင်ယွီ... အစ်ကိုက တကယ့်ကို ကံကောင်းလွန်းတာပဲ… တီကျွယ်တျန်းအနေနဲ့ ဒီလို စွမ်းရည်ကို တကယ်ပဲ ပိုင်ဆိုင်ထားနိုင်မှာ မဟုတ်ဘူး" ဆန်ကွမ်းဝမ်အာသည်လည်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိတော့၏။
လေဟာနယ်အတွင်း၌ ပုန်းကွယ်နေသော တီကျွယ်တျန်းကတော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။
ဖားသူငယ်က ဖားသူငယ် အသွင်အတိုင်းပါပဲ... ငါ့မှာ မရှိပေမယ့် ငါ့ရဲ့ မိသားစုမှာ ရှိနေတာကို မသိဘူးလား။ တီမိသားစု တည်ရှိလာခဲ့သည့် သမိုင်းကြောင်းမှာ အလွန်တရာ ရှည်လျားလှရာ ဤကဲ့သို့သော အရာမျိုးကို ဝင်ရောက်လုယူရန်အတွက်မူ အလွန်တရာ လွယ်ကူလှပေသည်။
တီကျွယ်တျန်းအနေဖြင့် စနစ်မှ ပေးအပ်ထားသော အလွန်တရာ အစွမ်းထက်လှသည့် နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မိသားစု၏ နတ်ဘုရားစွမ်းရည်များကို သီးသန့် ကျင့်ကြံခြင်း မပြုခဲ့ခြင်း ဖြစ်ပေသည်။
"သို့သော်လည်း... ၎င်းက အရေးမကြီးပါဘူး"
"နောက်ထပ်... ငါ့ရဲ့ ကိုယ်ပိုင် အစီအစဉ်တွေကို စတင်ရတော့မယ်" တီကျွယ်တျန်း၏ မျက်ဝန်းထဲတွင် ကောက်ကျစ်ချင်သလို ယုတ်မာချင်သလို တောက်ပသလို အကြည့်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
ထိုသို့ တွေးတောပြီးနောက်တွင် ပုံရိပ်တစ်ခုမှာ တီကျွယ်တျန်း၏ အနားသို့ တိတ်တဆိတ် ထွက်ပေါ်လာခဲ့၏။ အနီးကပ် ကြည့်လိုက်ရချိန်တွင်မူ ၎င်းမှာ တုဇီထန် ဖြစ်နေခဲ့သည်။
"သွားတော့... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့" တီကျွယ်တျန်းက အမိန့်ပေးလိုက်၏။
ထိုစကားကို ကြားရသောအခါ တုဇီထိန် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။
"ဟုတ်ကဲ့... အရှင်သခင်..."
ယခုအချိန်တွင် ထိုလူနှစ်ဦးစလုံးသည် ဂူဝင်ပေါက်ကို ထပ်မံ၍ ပိတ်ရန်အတွက် နည်းလမ်း ရှာဖွေနေကြဆဲ ဖြစ်သည်။ အဆုံး၌မူ သူတို့သည် လမ်းတောက်လျှောက် အသည်းအသန် အမဲလိုက်ခြင်း ခံခဲ့ရသဖြင့် ဒဏ်ရာများမှာ လုံးဝ ပြန်လည်သက်သာခြင်း မရှိသေးချေ။
ကွက်တိ ဤအချိန်တွင် ပုံရိပ်တစ်ခုမှာ သူတို့နှစ်ဦး၏ ရှေ့မှောက်သို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦးစလုံး ခန္ဓာကိုယ်များ တင်းမာသွားခဲ့ရသော်လည်း ဝင်ရောက်လာသူမှာ တုဇီထန် ဖြစ်နေသည်ကို မြင်ရမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့၏။
သူတို့နှစ်ဦးစလုံး သူ့ကို ဂရုမစိုက်ကြချေ။
သူက အောက်ကမ္ဘာမှ ပါရမီရှင်တစ်ဦးမျှသာ ဖြစ်ပြီး မိသားစု၏ အလိုလိုက်ခြင်းကို ခံထားရသောသူ ဖြစ်ပေသည်။
"ငါ မင်းတို့ကို ရှာတွေ့သွားပြီ..." တုဇီထန်က သဘောကျစွာ ရယ်မောလိုက်ရင်း သူ၏ မျက်ဝန်းထဲတွင် ဆန်းကြယ်လှသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့၏။
သူတို့နှစ်ဦးစလုံး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိကြရင်း တုဇီထန်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသော်လည်း အတိအကျကိုမူ သူတို့ မပြောနိုင်ကြချေ။
"ဆန်ကွမ်းဝမ်အာ... မင်းက ဆန်ကွမ်းချင်းအာကို စိတ်ဆင်းရဲအောင် လုပ်ခဲ့တာလေ…အကယ်၍ ငါက မင်းရဲ့ ဘေးနားက ယောက်ျားကို သတ်ပစ်လိုက်ရင် မင်းကော စိတ်ဆင်းရဲသွားမလားဆိုတာ တကယ်ပဲ သိချင်မိတယ်"
"ရိုင်းစိုင်းလှချည်လား... အကယ်၍ မင်းသာ အစ်ကို ရှောင်ယွီရဲ့ ဆံပင်တစ်ပင်ကိုတောင် တို့ဝံ့ရင်... ကောင်းကင်နဲ့ မြေကြီးကြား ဘယ်နေရာပဲ ဖြစ်ဖြစ် ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်"
ဆန်ကွမ်းဝမ်အာ၏ ပြင်းထန်လှသော စကားကို ကြားရသောအခါ တုဇီထန်က ခပ်ဖွဖွလေး ရယ်မောလိုက်မိသည်။
"ဝမ်အာ... ဤကိစ္စကို ငါ့လက်ထဲပဲ အပ်ထားလိုက်ပါ…အခုကစပြီး ငါ မင်းကို ကာကွယ်ပေးမယ်... ယခုလက်ရှိ မင်းရဲ့ အင်အားက ငါ့ထက် ပိုပြီး အစွမ်းထက်နေဦးမှာ ဖြစ်ပေမယ့်... ငါက ယောက်ျားတစ်ယောက်လေ။ ဤသည်မှာ ယောက်ျားချင်းကြားက တိုက်ပွဲပဲ ဖြစ်ရမယ်။ သူက မိသားစုရဲ့ အရိပ်အောက်မှာပဲ နေထိုင်တတ်တဲ့ အလိုလိုက်ခံထားရတဲ့ သခင် လေးသက်သက်မျှသာ ဖြစ်တယ်"
ရှောင်ယွီ၏ မာန်ဝင့်လှသော စကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ စကားထပ်မပြောတော့ဘဲ မျက်မှောင်အနည်းငယ်သာ ကြုတ်လိုက်မိပြီးနောက် စိတ် ပြန်လည်လျှော့ချလိုက်တော့သည်။
သူမ၏ ညီမဖြစ်သူ အနိုင်ရရှိခဲ့ခြင်းမှာ တီကျွယ်တျန်း၏ ကူညီမှုကြောင့် ဖြစ်ရမည်။ သာမန် တုဇီထန်တစ်ယောက်တည်းကတော့ အစ်ကို ရှောင်ယွီကို မည်သို့မျှ အနိုင်ယူနိုင်စရာ အကြောင်းမရှိချေ။ ထို့အပြင် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့လျှင်ပင် သူမကိုယ်တိုင် ဤနေရာမှာ ရှိမနေဘူးလား။
ရှောင်ယွီ ရှေ့သို့ လှမ်းထွက်လာခဲ့ရင်း လက်နှစ်ဖက်ဖြင့် တံဆိပ်အမှတ်အသားတစ်ခုကို အသည်းအသန် ဖွဲ့စည်းလိုက်သည်။ ထို့နောက် ကြာပန်းမီးလျှံတံဆိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
"မင်းကို တစ်ချက်တည်းနဲ့တင် အဆုံးသတ်ပေးမယ်..." ရှောင်ယွီတစ်ယောက် ယုံကြည်ချက်များ အပြည့်အဝ ရှိနေခဲ့သည်။
သူသည် မကြာသေးမီက ဆန်ကွမ်းချင်းအာ၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ပြီး ဤတုဇီထန်မှာ ဆန်ကွမ်းချင်းအာ၏ နောက်လိုက်တစ်ဦးမျှသာ မဟုတ်ပါလား။ ၎င်းကို တွေးမိရင်း ရှောင်ယွီ၏ စိတ်ထဲတွင် ပြင်းထန်လှသော ဒေါသလှိုင်းလုံးကြီးမှာ ဟုန်းခနဲ ထွက်ပေါ်လာခဲ့ရတော့သည်။
သူသည် ကြာပန်းမီးလျှံတံဆိပ်ကို အသည်းအသန် နှိုးဆွလိုက်၏။
ဆန်ကွမ်းဝမ်အာ၏ မျက်ဝန်းထဲတွင်လည်း လေးစားမှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရသည်။ ရှောင်ယွီတွင် ဤမျှလောက်အထိ အစွမ်းထက်လှသော တိုက်ကွက်မျိုး ရှိနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိချေ။
သို့သော်လည်း... ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးစလုံး၏ မျက်လုံးသူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ရတော့သည်။ သူတို့၏ မျက်ဝန်းထဲတွင် အလွန်တရာ ထိတ်လန့်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားခဲ့ရ၏။
တုဇီထန်သည် ထိုပြင်းထန်လှသော ကြာပန်းမီးလျှံတံဆိပ်ကို ကြည့်ရင်း... လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို သာမန်ကာလျှံကာ ဆန့်ထုတ်လိုက်ပြီးနောက် ထိုမီးလျှံတံဆိပ်ကြီးကို တိုက်ရိုက်ပင် အပိုင်းပိုင်း ခြေမွပစ်လိုက်တော့သည်။
"မင်းက ငါ့ကို အထင်အမြင်သေးလွန်းတာပဲ..." တုဇီထန်သည် သူတို့နှစ်ဦးရှိရာဆီသို့ အေးဆေးတည်ငြိမ်စွာဖြင့် လှမ်းလျှောက်လာခဲ့၏။
"ဟင့်အင်း... မဖြစ်နိုင်တာ... မင်းက တုဇီထန် မဟုတ်ဘူး" ရှောင်ယွီက တိကျသေချာစွာ ပြောဆိုလိုက်သည်။
"ငါက တုဇီထန် မဟုတ်ရင်... ဘယ်သူ ဖြစ်ရမှာလဲ..."
ဆန်ကွမ်းဝမ်အာသည် တုဇီထန်ကို စိုက်ကြည့်လိုက်ရင်း... ထို့နောက် ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်နယ်ပယ်ကြီးကိုပါ အကဲခတ်လိုက်တော့သည်။
"သခင်လေး... သခင်လေး ရောက်နေပြီပဲ ဘာဖြစ်လို့ ကိုယ်ပိုင်ပုံရိပ်ကို ထွက်မပြသရတာလဲဟင်..." ဆန်ကွမ်းဝမ်အာသည် စကားလုံးတိုင်းကို တိတိကျကျ ပြောဆိုလိုက်၏။
တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာအမူအရာမှာလည်း လုံးဝ တည်တံ့သွားခဲ့ရတော့သည်။
"တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလိုက်တာ... မင်းက 'နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာ’ ကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့အတိုင်း အာရုံခံနိုင်စွမ်းက တကယ့်ကို မဆိုးဘူးပဲ..."
တီကျွယ်တျန်းက လူယုတ်မာအပြုံး ပြုံးလိုက်မိသည်။
အကယ်၍ သူက သူ၏ အရှိန်အဝါကို တိတ်တဆိတ် ထုတ်ဖော်ပြသခဲ့ခြင်း မရှိပါက ဤမိန်းကလေးအနေဖြင့် သူ့ကို မည်သို့မျှ အာရုံခံမိနိုင်စရာ အကြောင်းမရှိချေ။
ဒါလည်း သူရဲ့ အစီအစဉ်တွေထဲက တစ်ခုပဲလေ…
လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသော တီကျွယ်တျန်းကို မြင်တွေ့လိုက်ရချိန်တွင် သူတို့နှစ်ဦးစလုံး၏ မျက်လုံးသူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ရတော့၏။
"သခင်လေး...ဒါက ဘာအဓိပ္ပာယ်လဲဟင်..."
"အဓိပ္ပာယ် ဟုတ်လား..."
"ငါ အမှတ်မမှားဘူးဆိုရင်တော့... မင်းက ငါ့ရဲ့ အစေခံမိန်းကလေး ပဲ…ဒါပေမဲ့ အခုတော့ အခြားယောက်ျားတစ်ယောက်နဲ့ အတူတူ ပတ်သက်နေတယ်ပေါ့..."
"မင်း ငါ့ရဲ့ အစေခံမိန်းကလေး ဖြစ်လာကတည်းက... မင်းရဲ့ အသက်နဲ့ ခန္ဓာကိုယ်က ငါ့ရဲ့ လက်ထဲမှာပဲ ရှိတာမဟုတ်လား..."
တီကျွယ်တျန်း ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် တုဇီထန်သည် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်တော့သည်။ ရှောင်ယွီ၏ မျက်မှောင်များမှာလည်း မရည်ရွယ်ဘဲ ပြင်းထန်စွာ ကြုတ်သွားခဲ့ရ၏။
"ထွက်လာခဲ့တော့..." တီကျွယ်တျန်းက စကားပြောဆိုလိုက်သည်။
ထိုစကားကို ကြားရသောအခါ သူတို့နှစ်ဦးစလုံး ဘေးဘက်သို့ လှမ်းကြည့်လိုက်ကြရာ... အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ အခြားသူမဟုတ်ဘဲ ဆန်ကွမ်းချင်းအာပင် ဖြစ်ရမည်။
"အစ်မကြီး... ငါတို့ မတွေ့ရတာ ရက်အနည်းငယ် ရှိသွားပြီပဲ။ နေကောင်းကျန်းမာလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
ဤအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် ဆန်ကွမ်းဝမ်အာ၏ စိတ်ထဲ၌ ရုတ်တရက် မကောင်းသော အတိတ်နိမိတ်တစ်ခု ဝင်ရောက်လာခဲ့ရသည်။ မိမိကိုယ်မိမိ ဘာဖြစ်လို့ ဤကဲ့သို့ ခံစားနေရသလဲဆိုသည်ကိုမူ သူမ မသိသော်လည်း... သူမသည် အလွန်တရာ ကြီးမားလှသော ဘေးအန္တရာယ်ကြီးတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရခြင်း ဖြစ်၏။
"ချင်းအာ... မင်းလည်း လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
"ဟုတ်ပါတယ်... ငါလည်း လာခဲ့တာပေါ့"
"အစ်ကို ရှောင်ယွီ... ခေတ္တမျှ ကြာရင် အစ်ကို အရင်ဆုံး ထွက်ခွာသွားပါ..." ဆန်ကွမ်းဝမ်အာက လှမ်းပြောလိုက်သည်။ ထိုစကားကို ကြားရသောအခါ ရှောင်ယွီ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရ၏။ အဆုံး၌မူ သူက ယောက်ျားတစ်ယောက် မဟုတ်ပါလား။ ပြင်းထန်လှသော ရန်သူကို ရင်ဆိုင်ရသည့်အခါ မိမိနှစ်သက်ရသော အမျိုးသမီးကို မိမိ၏ ရှေ့မှောက်တွင် မားမားမတ်မတ် မရပ်တည်စေလိုချေ။
"ငါတို့ ထွက်ခွာရင် အတူတူပဲ ထွက်ခွာကြရမယ်..."
"ဒါက 'တယ်လီပို့ခြင်း အစီအရင် အဆောင်' ပဲ... အစ်ကို ရှောင်ယွီ ကျွန်မအတွက် စိတ်မပူပါနဲ့။ သူတို့ ကျွန်မကို ဘာမှလုပ်မှာ မဟုတ်ဘူး... ထို့အပြင် ဤသခင်လေးကိုယ်တိုင် တိုက်ရိုက် လှုပ်ရှားမှာ မဟုတ်ဘူးလေ။ အကယ်၍ သခင်လေးသာ လှုပ်ရှားခြင်း မရှိရင်... အဲ့ဒီလူနှစ်ယောက်စလုံးက ကျွန်မရဲ့ ပြိုင်ဘက်တွေ မဟုတ်ကြပါဘူး..."