အခန်း ၃၁ - အနှောင့်အယှက်ပေးခံလိုက်ရသော လူနှစ်ဦး နှင့် ပြင်းထန်လာသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ
ရှောင်ယွီသည် ကောင်းကင်နှင့် မြေကမ္ဘာကြီးတစ်ခုလုံးက သူ့အပေါ် မျက်နှာသာပေးနေသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်တွင် တီကျွယ်တျန်း၏ မြင့်မြတ်လှသော ပုံစံဖြင့် မာန်ဝင့်နေသည့် ရုပ်သွင်က သူ၏ စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
'မင်း ဒါကို ထင်မထားမိဘူးမလား... မင်းရဲ့ အဆင့်အတန်းက ဘယ်လောက်ပဲ မြင့်မားနေပါစေဦးတော့ ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးကို မင်း ရရှိခဲ့တာ မဟုတ်ဘူး'
'ကြည့်ရတာ ကောင်းကင်ကြီးက ငါ့ဘက်မှာ ရှိနေပုံပဲ...'
မိမိကိုယ်မိမိ ဘာဖြစ်လို့ ဤကဲ့သို့သော အတွေးမျိုး ဝင်ရောက်နေမိသလဲဆိုသည်ကိုမူ ရှောင်ယွီ မသိချေ။ ၎င်းမှာ တီကျွယ်တျန်း ဝင်ရောက်စွက်ဖက်ပြီး ဆန်ကွမ်းချင်းအာကို ကူညီပေးခဲ့သဖြင့် သူ ရှုံးနိမ့်ခဲ့ရခြင်းနှင့် ဆရာဖြစ်သူနှင့် တစ်စုံတစ်ခုကို လျှို့ဝှက်ဆွေးနွေးခဲ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပေသည်။
"ဆရာ... ဒါကို အခုချက်ချင်းပဲ ဖော်ထုတ်လို့ ရနိုင်မလားဟင်..."
အခြားလူများ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားကြသည်ကို စောင့်ကြည့်ရင်း ရှောင်ယွီ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။ သူသည် ဤအရာကို ရရှိထားပြီး ဖြစ်ခြင်းကြောင့် အတွင်း၌ ရှိနေသော အခြားအခွင့်အရေးကြီးများက အရေးမကြီးတော့ဟု သူ ခံစားလိုက်ရသော်လည်း အတွင်းထဲတွင် အရေးကြီးသော အရာတစ်ခုခု ကျန်ရှိနေသေးသည်ဟုတော့ သူ ခံစားနေရဆဲ ဖြစ်၏။
သို့သော်လည်း ရှောင်ယွီသည် မိမိရရှိထားသော အခွင့်အရေးကြီးကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး ဆုပ်ကိုင်ထားတာက ပို၍ ကောင်းမွန်လိမ့်မည်ဟု ခံစားလိုက်ရသည်။ အကယ်၍ အတိတ်ကသာ ဆိုပါက သူ ဤမျှလောက်အထိ စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ချေ။ သို့သော် တီကျွယ်တျန်းက သူ၏ ဆရာကို ခေါ်ဆောင်သွားခဲ့ပြီးနောက်ပိုင်းတွင်မူ ရှောင်ယွီ၏ စိတ်နေစိတ်ထားမှာ လုံးဝ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။
"ဖော်ထုတ်လို့ မရသေးဘူး... ဤကဲ့သို့သော အရာမျိုးကို ဆရာကိုယ်တိုင်လည်း အရင်က ကြားဖူးရုံသက်သက်ပဲ ရှိတာကွ"
"မင်းလို ကောင်လေးက ဤမျှလောက်အထိ ကံကောင်းပြီး လမ်းလျှောက်ရင်းနဲ့တင် ဤအရာနဲ့ တိုးလိမ့်မယ်လို့ ဆရာ လုံးဝ ထင်မထားခဲ့မိဘူး"
ရှောင်ယွီသည်လည်း သွားများ အားလုံး ပေါ်သည်အထိ သဘောကျစွာ ပြုံးလိုက်မိတော့သည်။ ၎င်းမှာ ပါးစပ်ကြီး အကျယ်ကြီး ဖွင့်ထားသော ရေမြင်းတစ်ကောင်နှင့်ပင် သဏ္ဌာန်တူနေခဲ့၏။
အဘိုးအိုကတော့ ၎င်းကို စိတ်ထဲမထားခဲ့ချေ။ အဆုံး၌မူ သူကိုယ်တိုင်ပင်လျှင် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့ရသည် မဟုတ်ပါလား။ သူသည် ရှောင်ယွီအတွက် အမှန်တကယ် ပျော်ရွှင်ပေးနေခဲ့ခြင်း ဖြစ်သည်။
"ဟုတ်ပြီ... ဤအရာကို ငါတို့ နောက်မှပဲ အေးဆေး သုတေသနပြုကြတာပေါ့။ အခုလောလောဆယ်တော့ အတွင်းထဲမှာ အခြား အခွင့်အရေးကြီးတွေ ရှိနေဦးမှာပဲ။ အကယ်၍ မရှိရင်တောင်မှ ဒီကျောက်စာတိုင် တစ်ခုတည်းနဲ့တင် လုံလောက်နေပါပြီ။ သို့သော်လည်း အရင်းအမြစ်တွေ ပိုပြီး ရရှိလေလေ ပိုကောင်းလေလေပါပဲ"
ဆရာဖြစ်သူ၏ စကားကို ကြားရသောအခါ ရှောင်ယွီ ခေါင်းညိတ်လိုက်မိ၏။
'ဟုတ်ပြီ... တစ်စုံတစ်ခု ဖြစ်လာခဲ့ရင် ဆရာ့ကို လှမ်းခေါ်လိုက်မယ်။ နည်းလမ်း ရှိမရှိ ဆရာ ကြည့်ပေးမယ်'
“ဒီကျောက်စာတိုင်ကို အမြန်ဆုံး လှုံ့ဆော်နှိုးဆွနိုင်ဖို့... ကောင်းကင်နဲ့ မြေကမ္ဘာ နတ်ဘုရားစွမ်းရည်က ဘယ်လိုမျိုးလဲဆိုတာကို ဆရာလည်း တကယ့်ကို မြင်တွေ့ချင်မိတယ်"
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းလှသော အကြည့်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထို့နောက် သူသည် လျှို့ဝှက်နယ်မြေရှိရာဆီသို့ လှမ်းလျှောက်သွားခဲ့တော့သည်။
"အစ်ကို ရှောင်ယွီ..." အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
ရှောင်ယွီ ဦးခေါင်းလှည့်ကြည့်လိုက်ရာ ဆန်ကွမ်းဝမ်အာကို မြင်တွေ့လိုက်ရသည်။
"ဝမ်အာ... မင်း တကယ်ပဲ ရှိနေတာပဲ..."
"ဟုတ်ပါတယ်... အစ်ကို ရှောင်ယွီလည်း ဤနေရာကို ရောက်နေတာပဲကိုး။ အစ်ကို လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ မူလက ဤနေရာမှာ အခွင့်အရေးကြီးတစ်ခု ရှိနေတယ်ဆိုတာ အစ်ကို့ကို လှမ်းပြီး အကြောင်းကြားမလို့ပဲ... ဒါပေမဲ့ အစ်ကိုက ပျောက်ကွယ်သွားခဲ့တာလေ။ ဘယ်ကို သွားခဲ့မှန်းလည်း ကျွန်မ မသိဘူး။ ကံကောင်းထောက်မစွာနဲ့ အစ်ကို ရှောင်ယွီ ဤအခွင့်အရေးကြီးကို လွဲချော်မသွားခဲ့တာ တကယ်ပဲ ဝမ်းသာစရာပါပဲ..." ဆန်ကွမ်းဝမ်အာသည် ရှောင်ယွီကို ကြည့်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိရင်း နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ရှိလှသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။
ဆန်ကွမ်းဝမ်အာ၏ နူးညံ့လှသော အပြုံးကို မြင်တွေ့လိုက်ရချိန်တွင် ရှောင်ယွီသည် သူ၏ စိတ်နှလုံးသားလေးကို တစ်စုံတစ်ခုက လာရောက်ကုတ်ခြစ်လိုက်သည့်အလား ယားကျိကျိ ခံစားချက်မျိုး ခံစားလိုက်ရတော့သည်။
"သူမက တကယ့်ကို လှပလွန်းတာပဲ..." ရှောင်ယွီ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ စိတ်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့ရပြီး ရှက်သွေးဖြာလျက် ဦးခေါင်းကို အသာအယာ ငုံ့ချလိုက်မိတော့သည်။
"ဒါနဲ့... အဲ့ဒီသခင်လေးက မင်းနဲ့အတူ လိုက်မလာခဲ့ဘူးလားဟင်..."
"မလိုက်လာခဲ့ပါဘူး... သူက လွန်ခဲ့တဲ့ သုံးရက်ကတည်းက ထွက်ခွာသွားခဲ့တာလေ။ ဘယ်ကို သွားခဲ့မှန်းလည်း ကျွန်မ မသိဘူး"
"သူ့ရဲ့ အစစ်အမှန် အဆင့်အတန်းက ဘာလဲဟင်..."
"မသေမျိုးနယ်မြေ တီမိသားစု နတ်ဘုရားသားတော် ပါ.."
"နတ်ဘုရားသားတော် ဟုတ်လား... ကြည့်ရတာ တကယ့်ကို ထူးခြားဆန်းပြားမယ့် ပုံပဲနော်..."
"သေချာတာပေါ့... မသေမျိုးကမ္ဘာထဲက သူ၏ အဆင့်အတန်းနဲ့ဆိုရင်... မတူညီတဲ့ အင်အားစုတွေက မိသားစုခေါင်းဆောင်ကြီးတွေတောင်မှ သူ့ကို မြင်ရင် ဦးညွှတ်ပြီး အရိုအသေပေးကြရတာမျိုးကွ။ သို့သော်လည်း သူ၏ အဆင့်အတန်းက မြင့်မားလွန်းလှတာကြောင့် ငါတို့နဲ့တော့ ဘာမှမပတ်သက်ပါဘူး"
"ဒါဆို မင်းက သူ့ကို ဘယ်လိုမျိုး သိရှိခဲ့တာလဲဟင်..."
"အရင်တုန်းက...သူက သန့်စင်သောမြေ တစ်ခုနဲ့ အင်အားကြီး မိသားစုတစ်ခုလုံးကို လုံးဝ အမြစ်ပြတ် သုတ်သင်ပစ်ခဲ့တာလေ။
ထို့နောက်မှာတော့... ကျွန်မရဲ့ နောက်ကွယ်က အင်အားစုက ၎င်းနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တောင်းဖို့ သွားခဲ့ကြတာ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ရှင်းလင်းချက်တောင်းတာ မအောင်မြင်ခဲ့တဲ့အပြင်... သူတို့ဘက်ကို ရိုရိုသေသေနဲ့ ပြန်ပြီးတောင်းပန်ခဲ့ကြရတာမျိုး..."
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ လုံးဝ ကြောင်အသွားခဲ့ရတော့သည်။
"ဒါဆို မင်းရဲ့ နောက်ကွယ်က အင်အားစုက ဘာလဲဟင်..."
"အလွန်တရာ အစွမ်းထက်လှပြီး မသေမျိုးနယ် မြေထဲမှာ ကျော်ကြားလှတဲ့ 'မသေမျိုး နယ်မြေ ကာကွယ်ရေး ၀မ်ဖာ ဂိုဏ်း ပဲ"
"ဒီလောက်အထိ အစွမ်းထက်လှတဲ့ အင်အားစု ဖြစ်ပါလျက်နဲ့... ဘာဖြစ်လို့ ဒီ အခြေအနေမျိုး ဖြစ်ပျက်ခဲ့ရတာလဲဟင်..."
"ကျွန်မလည်း သေချာမသိဘူး... ဖြစ်နိုင်တာကတော့ သူတို့ကြားထဲမှာ တစ်စုံတစ်ခု သဘောတူညီချက် ရရှိသွားခဲ့လို့ နေမှာပါ.. ထို့နောက်မှာတော့..."
"ထို့နောက်မှာ ဘာဖြစ်လဲဟင်..."
"ထို့နောက်မှာတော့ ထိုနတ်ဘုရားသားတော်က ကျွန်မကို သူ၏ အနားမှာ အစေခံမိန်းကလေးအဖြစ် ခေါ်ထားခဲ့တာပဲ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်ယွီ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။
"ဒါဆို သူက မင်းကို..."
"အစ်ကို ရှောင်ယွီ... လျှောက်ပြီး မတွေးပါနဲ့။ ကျွန်မက သူ့ရဲ့ အနားမှာ နေထိုင်ခွင့်ရဖို့တောင် မထိုက်တန်ပါဘူး။ ထို့အပြင်... ထိုလူက တကယ့်ကို သွေးဆာနေတဲ့ လူသတ်သမားကြီးတစ်ယောက်ပဲ ဖြစ်ရမယ်။ အဲ့ဒီသန့်စင်သောမြေအကြောင်းကို အစ်ကို သိလား... လူပေါင်း တစ်သိန်းကျော်ကို သွေးအေးအေးနဲ့ တိုက်ရိုက် သုတ်သင်ပစ်ခဲ့တာမျိုး..."
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ အသက်ရှူပင် မှားမတတ် ဖြစ်သွားခဲ့ရတော့သည်။ ထိုနေ့က သူမြင်တွေ့ခဲ့ရသော မာန်ဝင့်နေသည့် သခင်လေးမှာ ဤမျှလောက်အထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။ ဤကဲ့သို့သော လူမျိုးကို အမြစ်ပြတ် မသတ်ပစ်နိုင်ပါက နောင်အနာဂတ်တွင် ပိုမိုကြီးမားသော ဘေးအန္တရာယ်များကိုသာ သေချာပေါက် သယ်ဆောင်လာပေလိမ့်မည်။
သို့သော်လည်း ၎င်းကို တွေးမိရင်း ရှောင်ယွီ၏ မျက်နှာအမူအရာ ထပ်မံ၍ ပျက်ယွင်းသွားခဲ့ရပြန်သည်။ ဤကောင်က ဤမျှလောက်အထိ ရက်စက်ကြမ်းကြုတ်လှပြီး သူ၏ ဆရာကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးသည် မဟုတ်ပါလား။ ရှောင်ယွီအနေဖြင့် အစောပိုင်းက ကြားဖူးထားသည်မှာ အချို့သော အစွမ်းထက်လှသည့် ဝိညာဉ်ခန္ဓာကိုယ်များ သည် လူသားများကို ကျင့်ကြံခြင်းအဆင့် တိုးတက်အောင် ကူညီပေးနိုင်စွမ်း ရှိကြပေသည်။ သူ၏ ဆရာကိုယ်တိုင်လည်း သူ့ကို ပြောပြခဲ့ဖူးသည် မဟုတ်ပါလား။ အထက်ကမ္ဘာမှ ပညာရှင်များပင်လျှင် ဆရာဖြစ်သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို မြင်တွေ့ပါက သေချာပေါက် အလိုရှိမည် ဖြစ်ကြောင်း။
အကယ်၍ ထိုသို့သာ ဆိုပါက... ထိုသခင်လေးအနေဖြင့် လုံးဝ စိတ်မလှုပ်ရှားဘဲ နေနိုင်စရာ အကြောင်းမရှိချေ။ သို့သော် ဘာဖြစ်လို့ သူ၏ ဆရာက ဘာဒဏ်ရာမှမရဘဲ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာခဲ့ရတာလဲ။
ရှောင်ယွီ၏ မျက်နှာအမူအရာ တုန်လှုပ်ချောက်ချားသွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် ဆန်ကွမ်းဝမ်အာ စိုးရိမ်ပူပန်သွားခဲ့ရ၏။
"အစ်ကို ရှောင်ယွီ... စိတ်မပူပါနဲ့ ကျွန်မ လမ်းလွဲတဲ့ လုပ်ရပ်မျိုး ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး..."
"ငါ သိပါတယ်..." ရှောင်ယွီ အတင်းအကျပ် ပြုံးပြလိုက်မိသည်။
တီကျွယ်တျန်းသည် လေဟာနယ်အတွင်းမှနေ၍ ဆန်ကွမ်းဝမ်အာနှင့် ရှောင်ယွီတို့၏ စကားပြောဆိုမှုကို စောင့်ကြည့်ရင်း သဘောကျစွာ ရယ်မောလိုက်မိတော့သည်။
တကယ့်ကို ကောင်းမွန်လှတဲ့ အသင်းဖော်ကောင်းလေးပါပဲ... ငါ့ကို တကယ့်ကို အများကြီး ကူညီပေးနေခဲ့တာပဲ မဟုတ်လား။
【တုန်... ကံကြမ္မာသားတော်သည် သူ၏ ဆရာအပေါ် သံသယများ ဝင်ရောက်သွားခဲ့သဖြင့် ကံကြမ္မာသားတော်၏ ကံကြမ္မာတန်ဖိုး ၂၀၀ လျော့နည်းသွားခဲ့ပြီး အရှင်သခင်သည် ဗီလိန်အမှတ် ၂၀၀ ရရှိပါသည်】
'သူက တကယ့်ကို အမှတ်တွေ သယ်ဆောင်လာပေးတဲ့ ကလေးလေးပဲ...' တီကျွယ်တျန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဧကန်စင်စစ် ကံကြမ္မာသားတော်နှင့် ကံကြမ္မာဇာတ်လိုက်မတို့ ပေါင်းစပ်လိုက် မိသောအခါ ရလဒ်က တကယ့်ကို ထူးခြားဆန်းပြားလှပေသည်။
ထို့နောက်တွင်မူ သူတို့နှစ်ဦးစလုံးသည် လျှို့ဝှက်နယ်မြေအတွင်းရှိ အခြားသော ကျင့်ကြံသူများ၏ အသည်းအသန် လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရတော့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးသည် အလွန်တရာ ကြီးမားလှသော အခွင့်အရေးကြီးများကို ရရှိထားခဲ့ကြကြောင်း လူတိုင်းက သိရှိသွားခဲ့ကြခြင်းကြောင့်ပင်။ ၎င်းတို့မှာ ကျင့်စဉ်ကျမ်းစာများနှင့် ဆေးလုံးများ ဖြစ်ကြ၏။
ယခုအချိန်တွင် သူတို့နှစ်ဦးစလုံးသည် ဂူတစ်ခုအတွင်း၌ တိတ်တဆိတ် ပုန်းကွယ်နေခဲ့ကြရသည်။ အတွင်းဘက် ဧရိယာမှာ အလွန်တရာ ကျဉ်းမြောင်းလှပြီး ဂူဝင်ပေါက်ကိုလည်း အစီအရင်ဖြင့် သေချာစွာ ပိတ်ဆို့တံဆိပ်ခတ်ထားခဲ့ရ၏။
တီကျွယ်တျန်းအနေဖြင့် ကံကြမ္မာသားတော်၏ ဂူများကို ရှာဖွေနိုင်စွမ်းရှိသော စွမ်းရည်ကို တကယ့်ကို အံ့ဩမိတော့သည်။ သူက အမြဲတမ်း ဤကဲ့သို့သော လျှို့ဝှက်ဆန်းပြားလှသည့် နေရာများကို ရှာဖွေတွေ့ရှိတတ်သည် မဟုတ်ပါလား။
ဂူဝင်ပေါက်ကို ပိတ်ဆို့ထားသဖြင့် အတွင်းဘက်တွင် လုံးဝ မှောင်မည်းနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံသူများအတွက်မူ ဤမှောင်မည်းမှုမှာ မည်သည့်ထိခိုက်မှုမျှ ရှိမနေခဲ့ချေ။ ယခုအချိန်တွင် သူတို့နှစ်ဦးစလုံးမှာ အဝတ်အစားများပင် စုတ်ပြဲလျက် ဖရိုဖရဲ ဖြစ်နေခဲ့ကြရပြီ ဖြစ်သည်။ ဆန်ကွမ်းဝမ်အာပင်လျှင် ဒဏ်ရာအချို့ ရရှိထားခဲ့၏။ သူတို့နှစ်ဦးစလုံး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြရင်း အသက်ကို ပြင်းထန်စွာ ရှူသွင်းနေခဲ့ကြရတော့သည်။
"အစ်ကို ရှောင်ယွီ...ဒီကိစ္စတွေက ဘယ်တော့မှ အဆုံးသတ်မှာလဲဟင်..."
"စောင့်ကြည့်ရမှာပေါ့... လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အခွင့်အရေး တော် တော်များများ အားလုံးက လုံးဝ ရှင်းလင်းခံလိုက်ရပြီ ဖြစ်တယ်။ ဒီ အခွင့်အရေးလေးတွေနဲ့တင် ဤမျှလောက်အထိ ကြီးမားလှတဲ့ လျှို့ဝှက်နယ်မြေကြီးကို ဘယ်လိုမှ မထောက်ပံ့နိုင်ဘူးလေ။ ကြည့်ရတာ... အကြီးမားဆုံး အစစ်အမှန် အခွင့်အရေးကြီးက ထွက်ပေါ်လာခြင်း မရှိသေးတာ ဖြစ်ရမယ်"
"ဝမ်အာ... ငါ့အတွက် အခြေအနေကို သေသေချာချာ စောင့်ကြည့်ပေးထားပါဦး။ ငါ အခု ကျင့်ကြံခြင်းအဆင့်ကို ဖောက်ထွက်တော့မယ် "
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် ပြည့်နှက်သွားခဲ့ရသည်။
ဤအချိန်တွင် ဆန်ကွမ်းဝမ်အာသည် ရုတ်တရက် ပြန်လည်တွေးမိလိုက်သည်။
အစောပိုင်းက သူမသည် မိမိကိုယ်မိမိ အမှားတစ်ခုခု ကျူးလွန်ခဲ့မိခြင်း ရှိမရှိကို တီကျွယ်တျန်းအား မေးမြန်းခဲ့စဉ်တုန်းက... တီကျွယ်တျန်းက သူမ မမှားကြောင်းသာ ပြောဆိုခဲ့ဖူးသည် မဟုတ်ပါလား။
ထိုစဉ်ကတည်းက တီကျွယ်တျန်းအနေဖြင့် အစ်ကို ရှောင်ယွီတွင် ဤကဲ့သို့သော ထူးခြားဆန်းပြားလှသည့် စွမ်းရည်များ ရှိနေကြောင်းကို ကြိုတင်မြင်တွေ့ခဲ့ခြင်းကြောင့်များ ဖြစ်နိုင်မလား။
ယခုအချိန်တွင် ဆန်ကွမ်းဝမ်အာသည် ရှောင်ယွီကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲ၌ အလွန်တရာ အထင်ကြီးလေးစားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ရတော့သည်။
တစ်ချိန်တည်းမှာပင် သူမသည် မိမိ၏ ညီမဖြစ်သူက ရှောင်ယွီနှင့် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သည့်အတွက် စိတ်ထဲမှနေ၍ တိတ်တဆိတ် ပျော်ရွှင်မိနေခဲ့၏။
တီကျွယ်တျန်းကတော့ လေဟာနယ်အတွင်း၌ ပုန်းကွယ်နေဆဲ ဖြစ်သည်။ ကံကြမ္မာသားတော်၏ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်မှုကိုမူ သူ အနည်းငယ်မျှ ဂရုမစိုက်ချေ။
သို့သော်လည်း တီကျွယ်တျန်း၏ မျက်ဝန်းထဲတွင် ကောက်ကျစ်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့၏။
ရှောင်ယွီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ယင်သွားခဲ့ရတော့သည်။ ထို့နောက်တွင်မူ သူသည် သွေးပူတစ်လုတ်ကို ပြင်းထန်စွာ အော့အန်လိုက်ရ၏။
ဆန်ကွမ်းဝမ်အာ၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရသည်။
"အစ်ကို ရှောင်ယွီ... ဘာဖြစ်တာလဲဟင်။ အစ်ကို ကျင့်ကြံခြင်းနယ်ပယ်ကို ဖောက်ထွက်နေတာ မဟုတ်ဘူးလား... ဘာဖြစ်လို့ သွေးတွေ အန်ရတာလဲ..."
ရှောင်ယွီ၏ မျက်နှာတစ်ခုလုံး လုံးဝ ညှိုးငယ်သွားခဲ့ရသည်။ မူလက သူသည် အဆင့်၄ ကျင့်ကြံသူ အဆင့်သို့ တိုက်ရိုက် ဖောက်ထွက်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သော်လည်း... ရုတ်တရက် သူ၏ စိတ်နှလုံးထဲတွင် ပြင်းထန်လှသော ထိတ်လန့်တုန်လှုပ်မှု ဝေဒနာကို ခံစားလိုက်ရခြင်း ဖြစ်၏။
လူတစ်ယောက်၏ မျက်နှာက သူ၏ စိတ်ကူးထဲတွင် အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ... တီကျွယ်တျန်း၏ မျက်နှာပင် ဖြစ်ရမည်။ ထိုမျက်နှာကို သူ သေသေချာချာ မမြင်ရသော်ငြား.. သူ၏ စိတ်နှလုံးထဲတွင် "အတွင်းစိတ်မိစ္ဆာ" တစ်ခုအဖြစ် လုံးဝ အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။
တီကျွယ်တျန်းသည် ရှောင်ယွီ၏ ပုံစံကို ကြည့်ကာ အေးဆေးစွာဖြင့်သာ ပြုံးလိုက်မိ၏။
အဆုံး၌မူ သူသည် "ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်" နှင့် "ရှေဟောင်းနတ်ဆိုးကျင့်စဉ်" တို့ကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ... အခြားလူ၏ စိတ်ထဲတွင် အတွင်းစိတ်မိစ္ဆာထင်ယောင်ထင်မှားမှု တစ်ခု ဖန်တီးပေးရန်အတွက်မူ အသေးအဖွဲ ကိစ္စရပ်မျှသာ မဟုတ်ပါလား။
"အစ်ကို ရှောင်ယွီ...ဒါက 'နဂါးစွမ်းအား ဆေးလုံး' ပါ..."
"ဒါကတော့ 'သုံးမျိုးစပ် ဆေးလုံး' ပဲ."
"ဒါကတော့ 'ခြေဆန့်မျက်လုံးပြူး ဆေးလုံး"
((ခြေဆန့်မျက်လုံးပြူးဆေးတဲ့ ဇာတ်လိုက်မလောလောနဲ့ ပြောလို့ နာမည်မှားတဲ့သဘောထင်တယ်))
"ဒါတွေအားလုံးက ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ ဆေးလုံးတွေချည်းပါပဲ... ဘယ်အရာက အစ်ကိုနဲ့ ကိုက်ညီမလဲဆိုတာ သေသေချာချာ ကြည့်ပါဦး"
ဆန်ကွမ်းဝမ်အာသည် ပုလင်းများနှင့် ဘူးများကို အသည်းအသန် ထုတ်ဖော်ပြသလိုက်ရင်း... ပြာပြာသလဲနှင့် စိုးရိမ်တကြီး ပြောဆိုလိုက်မိတော့သည်။
ပျာယာခတ်နေသော ဆန်ကွမ်းဝမ်အာကို ကြည့်ရင်း ရှောင်ယွီ နူးညံ့စွာ ပြုံးလိုက်မိသည်။ သူသည် ဆန်ကွမ်းဝမ်အာ၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်၏။
"ဝမ်အာ... ငါ ဘာမှမဖြစ်ပါဘူး…၎င်းက ကျင့်ကြံခြင်းနယ်ပယ် ဖောက်ထွက်ချိန်မှာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို အန်ထုတ်ပစ်လိုက်တာ သက်သက်မျှသာ ဖြစ်တယ်။ အကယ်၍ မင်း မယုံဘူးဆိုရင်... ငါ့ရဲ့ အစစ်အမှန် အင်အားကို ကြည့်လိုက်လေ..." ရှောင်ယွီသည် သူ၏ "အရှိန်အဝါကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်တော့သည်။
၎င်းကို မြင်တွေ့လိုက်ရမှသာ ဆန်ကွမ်းဝမ်အာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်တော့၏။
"အစ်ကို ရှောင်ယွီ... အစ်ကိုက ကျွန်မကို တကယ်ပဲ လန့်သေအောင် လုပ်တော့တာပဲ..."
မျက်ရည်စများဖြင့် လှပလွန်းလှသော ဆန်ကွမ်းဝမ်အာ၏ မျက်နှာလေးကို စိုက်ကြည့်ရင်း... လူငယ်တစ်ဦး ဖြစ်သော ရှောင်ယွီသည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တော့ဘဲ သူ၏ ဦးခေါင်းကို သူမ၏ အနားဆီသို့ အသာအယာ တိုးကပ်လိုက်မိတော့သည်။ ဆန်ကွမ်းဝမ်အာ၏ မျက်နှာလေးတစ်ခုလုံး ရဲခနဲ ဖြစ်သွားခဲ့ရပြီး ဦးခေါင်းကို အသာအယာ ငုံ့ချလိုက်မိကာ ခေတ္တမျှ ကြာပြီးနောက်တွင်မူ ဦးခေါင်းကို အနည်းငယ် ပြန်လည်မော့လျက် မျက်လုံးများကို အသာအယာ မှိတ်ချလိုက်မိတော့၏။
(နမ်းတော့မလို့ )
ဒုန်း...
ကွက်တိ ဤအချိန်တွင်... ဂူဝင်ပေါက် တံခါးကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲပျက်စီးသွားခဲ့ရတော့သည်။
"ငါတို့ မင်းတို့ကို ရှာတွေ့သွားပြီ..."
ထိုအသံကို ကြားလိုက်ရချိန်တွင်... သူတို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာ လုံးဝ ပျက်ယွင်းသွားခဲ့ရသလို တစ်ချိန်တည်းမှာပင် သူတို့၏ အလွန်တရာ ပြင်းထန်လှသော ဒေါသလှိုင်းလုံးကြီးမှာလည်း ဟုန်းခနဲ ထွက်ပေါ်လာခဲ့ရတော့သည်။
ဝင်ရောက်လာပြီး စကားပြောဆိုလိုက်သော ကျင့်ကြံသူသည် ရုတ်တရက် မိမိကိုယ်မိမိ အလွန်တရာ အေးစက်လှသော ရေခဲတိုက်ကြီးတစ်ခုအတွင်းသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရပြီး... ခန္ဓာကိုယ်တစ်ခုလုံး မရည်ရွယ်ဘဲ တုန်ရီသွားခဲ့ရတော့၏။
ရောက်လာသူ၏ မျက်ဝန်းထဲတွင် ထိုနေရာရှိ လူနှစ်ဦးစလုံးမှာ လူသားများကို အရှင်လတ်လတ် ဝါးမြိုပစ်မည့် မိစ္ဆာဘီလူးကြီးများအလား ပြောင်းလဲသွားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း တဖြည်းဖြည်း ကြီးထွားလာလျက် သူ့ကို မီးဝါးမတတ် စိုက်ကြည့်နေကြသည့်အလား ထင်မှတ်လိုက်ရတော့သည်။