အခန်း ၂၈ - သူက အဲဒီမိသားစုကပဲ... မဟာဧကရာဇ်ရဲ့ 'တီ' ဆိုတဲ့ မိသားစု
ယခုအချိန်တွင် ဆန်ကွမ်းချင်းအာ၏ မျက်ဝန်းများထဲ၌ ဝေခွဲမရဖြစ်ခြင်းနှင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဆန်ကွမ်းကျန့်သည် ၎င်းကို မြင်တွေ့လိုက်ရသောအခါ သူ၏ စိတ်နှလုံးထဲတွင် အလိုလို နာကျင်ကြေကွဲမှုကို ခံစားလိုက်ရ၏။
"ဖခင်... ချင်းအာ..."
ဆန်ကွမ်းဝမ်အာ အခန်းထဲသို့ လှမ်းဝင်လာခဲ့သည်။ ဆန်ကွမ်းဝမ်အာ၏ အသံကို ကြားလိုက်ရချိန်တွင် ဆန်ကွမ်းချင်းအာသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး မျက်နှာကို အခြားတစ်ဖက်သို့ လွှဲပြောင်းပစ်လိုက်၏။
ဆန်ကွမ်းကျန့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"အပြင်ကို ထွက်ရအောင်... ချင်းအာကို ကောင်းကောင်းမွန်မွန် အနားယူခွင့်ပေးလိုက်ပါ။ သူမဟာ လွန်ခဲ့တဲ့ နှစ်တွေအားလုံးမှာ တစ်ခါမှ ကောင်းကောင်းမွန်မွန် အနားမယူခဲ့ရရှာဘူး... ကျင့်ကြံလိုက်တိုင်းလည်း ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေပဲ ပြည့်နေခဲ့တာ။ အခုတော့... စိုးရိမ်စရာ ကိစ္စတစ်ခုက ပြေလည်သွားခဲ့ပြီပဲ" ဆန်ကွမ်းကျန့်သည် ပြောဆိုပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့တော့သည်။
ဆန်ကွမ်းဝမ်အာသည် နှုတ်ခမ်းများ လှုပ်ခတ်လျက် တစ်စုံတစ်ခုကို ပြောဆိုရန် ကြံစည်နေမိသော်လည်း ဆန်ကွမ်းချင်းအာ၏ ကျောပြင်ကိုသာ မြင်တွေ့နေရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိကာ မျက်ဝန်းထဲတွင် နောင်တရမှုများဖြင့် ပြည့်နှက်လျက် အခန်းပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့ရတော့၏။
ဤအချိန်တွင် တီကျွယ်တျန်းသည် မဏ္ဍပ်တစ်ခုအတွင်း၌ ထိုင်နေခဲ့သည်။ ကောင်းကင်ယံထက်ရှိ လမင်းကြီးကို ငေးမောကြည့်ရှုနေရင်း သူ၏ ပုံရိပ်မှာ ညအမှောင်ထုနှင့် လုံးဝ တစ်သားတည်း ကျနေသည့်အလား ထင်မှတ်ရပေသည်။
"ရောက်နေပြီဆိုမှတော့... ဒီဘက်ကို လာခဲ့လေ" တီကျွယ်တျန်းသည် ဦးခေါင်းလှည့်မကြည့်ဘဲ အေးဆေးစွာ ပြောဆိုလိုက်၏။
ဆန်ကွမ်းဝမ်အာသည် တီကျွယ်တျန်းကို လှမ်းကြည့်လိုက်သည်။
"သခင်လေး... ကျွန်မ တကယ်ပဲ အမှားတစ်ခုခု လုပ်ခဲ့မိတာလားဟင်..."
တီကျွယ်တျန်း စိတ်ထဲမှနေ၍ လှောင်ပြုံး ပြုံးလိုက်မိသည်။
'မှားသလား…မှန်သလားဆိုတာ မင်းရဲ့ စိတ်ထဲမှာ ကိုယ်ပိုင်အသိစိတ် မရှိဘူးလား.. အကယ်၍ မင်းသာ ကိုယ့်ကိုယ်ကိုယ် တကယ်မှားတယ်လို့ တွေးမိနေရင်... ငါ့ဆီကို လာပြီး ဤကဲ့သို့ လာမေးနေမှာ မဟုတ်ဘူး'
သို့သော်လည်း ယနေ့ကိစ္စမှာ သူနှင့်လည်း ပတ်သက်မှု ရှိနေသည် မဟုတ်ပါလား။
"မင်း မမှားပါဘူး..."
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ အနည်းငယ် ကြောင်အသွားခဲ့ရ၏။
ထို့နောက် တီကျွယ်တျန်း ဆက်လက်၍ စကားမပြောတော့သည်ကို မြင်သောအခါ ဆန်ကွမ်းဝမ်အာ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်တကြီး ဖြစ်လာခဲ့ရသည်။
စကားကို တစ်ဝက်တစ်ပျက်တည်း ပြောလိုက်ခြင်းက ဘာကို ဆိုလိုတာပါနည်း။ သို့သော်လည်း တီကျွယ်တျန်း စကားမပြောချင်တော့သည်ကို မြင်ရသဖြင့် ဆန်ကွမ်းဝမ်အာအနေဖြင့် ဆက်လက်၍ မေးမြန်းရန် အရှက်ရနေခဲ့မိသည်။
"သခင်လေး... သခင်လေးက ချင်းအာကို ကူညီပေးခဲ့တာ... ကျွန်မ တစ်ယောက်တည်းအတွက်ကြောင့်တင် မဟုတ်ဘူးမလားဟင်..."
ထိုစကားကို ကြားလိုက်ရချိန်တွင်... အကယ်၍ ဆန်ကွမ်းဝမ်အာသည် သူ့အတွက် အသုံးဝင်မည့် အပိုင်း ရှိမနေသေးဘဲ သူ၏ အစီအစဉ်ကို အကောင်အထည် မဖော်ရသေးပါက တီကျွယ်တျန်းအနေဖြင့် သူမကို ပါးရိုက်သတ်ပစ်မိသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
"ငါ ဘာလုပ်လုပ်... မင်းအနေနဲ့ ဝင်ရောက်စွက်ဖက်ပြီး စိုးရိမ်နေဖို့ မလိုပါဘူး။ မင်းရဲ့ အဆင့်အတန်းက ဘာလဲဆိုတာကို မမေ့နဲ့ဦး..." တီကျွယ်တျန်းသည် ဤကံကြမ္မာဇာတ်လိုက်မနှင့် ဆက်လက်၍ စကားမပြောချင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ဆန်ကွမ်းချင်းအာ ဤဘက်သို့ လာနေပြီ ဖြစ်ခြင်းကြောင့်ပင်။
"မင်း ပြန်လိုက်တော့... ငါ မနက်ဖြန် ထွက်ခွာတော့မယ်" တီကျွယ်တျန်း ထိုသို့ပြောဆိုပြီးနောက် ဆန်ကွမ်းဝမ်အာကို ထပ်မံ၍ လှည့်မကြည့်တော့ချေ။
ဆန်ကွမ်းဝမ်အာ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရ၏။ "ဟုတ်ကဲ့ပါ... သခင်လေး..."
ဆန်ကွမ်းဝမ်အာ ထွက်ခွာသွားပြီးနောက်... ဆန်ကွမ်းချင်းအာ လှမ်းလျှောက်လာခဲ့သည်။ တီကျွယ်တျန်းကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်ရှိမှုများနှင့်အတူ ဖော်ပြရခက်လှသော ခံစားချက်အချို့ ပြည့်နှက်နေခဲ့ရ၏။
"သခင်လေးကို ကျေးဇူးတင်ပါတယ်ရှင်..."
တီကျွယ်တျန်း ခေါင်းခါပြလိုက်သည်။ ဆန်ကွမ်းချင်းအာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရ၏။
"ဒီနေ့ရလဒ်က မင်းရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့် ရရှိလာတာပဲ ဖြစ်တယ်…ငါ မင်းကို မကူညီခဲ့ရင်တောင်မှ... မင်း သေချာပေါက် အနိုင်ရရှိမှာပါပဲ" တီကျွယ်တျန်း၏ စကားကို ကြားရသောအခါ ဆန်ကွမ်းချင်းအာ၏ မျက်နှာထက်၌ ပျော်ရွှင်မှု အပြုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ရတော့သည်။
"သခင်လေးရဲ့ နောက်ထပ် အစီအစဉ်ကို... အခုကတည်းက စတင်ပြီး အကောင်အထည် ဖော်လို့ရပြီလားလို့ သိချင်မိပါတယ်ရှင်..."
"အချိန် လိုသေးတယ်" တီကျွယ်တျန်း၏ စကားအဆုံးတွင် သူ၏ ပုံရိပ်မှာ ထိုနေရာမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဆန်ကွမ်းချင်းအာ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးမှုများနှင့်အတူ စိတ်ပျက်အားငယ်မှု အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့ရ၏။
သူမသည် တီကျွယ်တျန်းအပေါ် မျှော်လင့်ချက်အချို့ ရှိနေခဲ့သော်လည်း တီကျွယ်တျန်းကတော့ သူမအပေါ် မည်သည့်စိတ်ဝင်စားမှုမျှ ရှိမနေခဲ့ပေ။
သို့သော်လည်း မကြာမီ စတင်တော့မည့် အစီအစဉ်ကို တွေးမိပြန်သောအခါ ဆန်ကွမ်းချင်းအာ၏ စိတ်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များနှင့်အတူ ပျော်ရွှင်မှုများကိုပါ တပြိုင်နက်တည်း ခံစားလိုက်ရတော့သည်။
ဆန်ကွမ်းမိသားစုနှင့် မိုင်တစ်ရာခန့် ဝေးကွာသော မြို့ငယ်လေးတစ်မြို့၌... ဤမြို့ငယ်လေးမှာ အလွန်တရာ ကဗျာဆန်ပြီး ဆွဲဆောင်မှုရှိလှသော အလှတရားများဖြင့် ပြည့်နှက်နေခဲ့သည်။ ဆည်းဆာချိန် တိမ်တိုက်များနှင့်အတူ လွတ်လပ်စွာ ပျံသန်းနေသော တောဘဲရိုင်းလေးတစ်ကောင်ကို မြင်တွေ့နိုင်သလို ဆောင်းဦးရာသီ၏ ကြည်လင်လှသော ရေပြင်ကြီးမှာလည်း ကျယ်ပြောလှသော ကောင်းကင်ယံကြီးနှင့် တစ်သားတည်း ကျနေသည့်အလား ခံစားရပေသည်။
စားသောက်ဆိုင်တစ်ဆိုင်၏ အခန်းအတွင်း၌... လူငယ်တစ်ဦး၏ မျက်ဝန်းထဲတွင် ဝေခွဲမရဖြစ်ခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ရသည်။ သေသေချာချာ အကဲခတ်ကြည့်လျှင် သူ၏ ခန္ဓာကိုယ်ထက်မှနေ၍ မိစ္ဆာစွမ်းအင် အချို့မှာ အခါအားလျော်စွာ ထွက်ပေါ်နေခဲ့၏။
"နိုးထစမ်း..." အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဆရာ..." ရှောင်ယွီသည် အတွင်းစိတ်မိစ္ဆာစွဲလမ်းမှု အခြေအနေ အတွင်းမှနေ၍ ရုတ်တရက် သတိပြန်လည်နိုးထလာခဲ့ရသည်။ သူသည် အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အိပ်မက်ဆိုးကြီးတစ်ခုကို ဖြတ်သန်းခဲ့ရသည့်အလား ရှိနေခဲ့၏။
"ဟူး..." အဘိုးအိုတစ်ဦး၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ရှောင်ယွီကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဒီတစ်ကြိမ် ရှုံးနိမ့်သွားတာက မင်းအတွက် အကောင်းဆုံးအရာပဲ ဖြစ်လိမ့်မယ်။ မင်းရဲ့ ဘဝခရီးလမ်းက အရင်က အရမ်းကို ချောမွေ့လွန်းနေခဲ့တာ။ မင်း ကျင့်ကြံခြင်းအင်အားကို ပြန်လည်ရရှိလာကတည်းက... အရင်က အသုံးမကျတဲ့ လူဖျင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ အချိန်တွေကို မင်း မေ့လျော့နေခဲ့ပြီ။
အခြားလူတွေ မင်းကို နှိမ်ချနေကြတုန်းက မင်း ဘယ်လောက်တောင် အသည်းအသန် ကြိုးစားခဲ့ရလဲဆိုတာကို ပြန်တွေးကြည့်စမ်း။ အခု မင်းကိုယ်မင်း ပြန်ကြည့်စမ်း... အရင်တုန်းက ရှိခဲ့တဲ့ ခန့်ညားတည်ကြည်တဲ့ စရိုက်တွေက ဘယ်ရောက်ကုန်ပြီလဲ"
"မင်း အရင်က ပြောခဲ့တဲ့ စကားတွေကို မေ့သွားပြီလား... ဒီကမ္ဘာကြီးရဲ့ အမြင့်ဆုံးထိပ်ဆုံးနေရာမှာ မားမားမတ်မတ် ရပ်တည်ချင်တယ်ဆိုတာကော... ဆရာ့အတွက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အစစ်အမှန်တစ်ခု ကို ပြန်လည်သန့်စင်ပေးချင်တယ်ဆိုတာတွေကော မေ့သွားပြီလား"
"ဆရာ... တပည့် မှားခဲ့ပါတယ်" ရှောင်ယွီ သတိပြန်ဝင်လာခဲ့ပြီးနောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ၏ မျက်နှာအမူအရာ ပြန်လည်တည်ငြိမ်သွားခဲ့ရတော့သည်။
"ဒါနဲ့ ဆရာ... အဲ့ဒီသခင်လေးက ဘာဖြစ်လို့ ကျွန်တော်တို့ကို ဤကဲ့သို့ လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ရတာလဲဆိုတာ ဆရာ သိလား။ သူက ကျွန်တော့်ဆီမှာ ရှိနေတဲ့ အဖိုးတန်ရတနာတစ်ခုခုကို သဘောကျသွားလို့များ ဖြစ်နိုင်မလားဟင်..."
ထိုစကားကို ကြားရသောအခါ အဘိုးအို၏ မျက်ဝန်းထဲတွင် အထင်သေးလှသော အကြည့်များဖြင့် ပြည့်နှက်သွားခဲ့ရ၏။
"ကောင်လေး... မင်းက အထက်ကမ္ဘာရဲ့ အခြေအနေကို မသိသေးလို့ပါ။ ဒါပေမဲ့ နောင်ကျရင်တော့ မင်း သေချာပေါက် သိလာလိမ့်မယ်။ ဆရာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ရင်းနှီးနေတဲ့ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရတယ်။ ဆရာ့ရဲ့ ခန့်မှန်းချက်မမှားဘူးဆိုရင်... သူက အဲဒီအင်အားကြီး မိသားစုက ဖြစ်ရမယ်"
"ဘယ်မိသားစုလဲဟင်..."
"တီ... "
"တီ ဟုတ်လား..."
"ဟုတ်တယ်... မဟာဧကရာဇ် ရဲ့ 'တီ' ဆိုတဲ့ မိသားစုပဲ..."
အဘိုးအိုသည် ဤစကားလုံးကို ပြောဆိုလိုက်ချိန်တွင် သူ၏ ဝိညာဉ်ခန္ဓာကိုယ်တစ်ခုလုံးကို အရှိန်အဝါများဖြင့် သေချာစွာ ဖုံးကွယ်ထားခဲ့ရ၏။
"ဆရာကလည်း... ဤမျှလောက်အထိ သတိကြီးကြီးထားနေဖို့ မလိုပါဘူး..."
"မင်း ဘာမှမသိပါဘူး ကောင်လေးရယ်... ဤကဲ့သို့သော မိသားစုမျိုးမှာ အလွန်တရာ အစွမ်းထက်လှတဲ့ ကျင့်ကြံသူကြီးတွေ ရှိကြတယ်။ မင်းအနေနဲ့ ကွယ်ရာမှာပဲဖြစ်ဖြစ် သူတို့ရဲ့ မိသားစုနာမည်ကို ထုတ်ဖော်ပြောဆိုလိုက်တာနဲ့တင် သူတို့ဘက်က ချက်ချင်း ရိပ်မိအာရုံခံနိုင်ကြတာမျိုးကွ..."
ထိုစကားကို ကြားရသောအခါ ရှောင်ယွီ အသက်ရှူပင် မှားမတတ် ဖြစ်သွားခဲ့ရတော့သည်။
"ဒါနဲ့ ဆရာ... အဲ့ဒီလူငယ်ရဲ့ အစစ်အမှန် အင်အားကို ဆရာ သိလားဟင်..."
"မင်းကိုယ်တိုင် မခံစားမိဘူးလား..."
"ကျွန်တော်လား... ကျွန်တော် ဘယ်တုန်းက ခံစားမိလို့လဲဟင်..."
"မင်း ဆရာ့ဆီကနေ အင်အားတွေကို ငှားရမ်းသုံးစွဲလိုက်တဲ့ အချိန်တုန်းက... ဆန်ကွမ်းချင်းအာကလည်း အဲ့ဒီလူငယ်ရဲ့ အစွမ်းတွေကို ငှားရမ်းပြီး အသုံးပြုခဲ့တာ။ ဒါကြောင့်မို့လို့... မင်းက အဲဒီ တီမိသားစုက လူရဲ့ လက်ချက်ကြောင့် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်တယ်"
"ဆန်ကွမ်းချင်းအာကြောင့် ရှုံးခဲ့တာ မဟုတ်ဘူးပေါ့..."
"မင်း ဆရာ့ရဲ့ အင်အားကို ငှားသုံးခဲ့တုန်းက... မင်း ရင်ဆိုင်ခဲ့ရတာက ဆန်ကွမ်းချင်းအာသက်သက် မဟုတ်တော့ဘူးလေ..." အဘိုးအိုသည် ရှောင်ယွီကို ကြည့်ကာ သူ၏ မျက်နှာထက်၌ စိတ်သက်သာရာရခြင်း အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ သူ ဘာဖြစ်လို့ စိတ်ဆိုးဒေါသထွက်နေမိသလဲဆိုသည်ကို သူ မသိသော်ငြား... ၎င်းမှာ ရှောင်ယွီ စိတ်ဓာတ်မကျဆင်းစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ပေသည်။
အဘိုးအို၏ စကားကို ကြားရသောအခါ ရှောင်ယွီ နှုတ်ဆိတ်သွားခဲ့ရ၏။
"ကိုယ့်ကိုယ်ကိုယ် အထင်မသေးစမ်းပါနဲ့။ မင်းမှာ 'မီးနတ်ဘုရား ခန္ဓာကိုယ်' ရှိနေသလို ဆရာ့ရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ဆိုရင်... နောင်အနာဂတ်မှာ အဲ့ဒီလူငယ်ထက် နိမ့်ကျသွားစရာ အကြောင်းမရှိပါဘူး"
ရှောင်ယွီ ဆက်လက်၍ တိတ်ဆိတ်နေခဲ့မိသည်။ ထိုလူငယ်ထက် နိမ့်ကျမသွားဘူးဆိုသည်မှာ ဆရာဖြစ်သူက နှစ်သိမ့်ရုံသက်သက် ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သူ သိရှိထားခဲ့၏။ သူသည် ဆရာဖြစ်သူ၏ စိတ်စေတနာကို နားလည်ပေးနိုင်ပေသည်။
"ဒါနဲ့ ဆရာ... ဆရာပြောခဲ့တဲ့ အဲ့ဒီ အခွင့်အရေးကြီးကော ရှိနေသေးရဲ့လားဟင်..." အကြောင်းပြချက်မရှိဘဲ ရှောင်ယွီ ရုတ်တရက် စိုးရိမ်ပူပန်သွားခဲ့ရသည်။ ထိုသခင်လေးက သူ၏ ဆရာနှင့် တစ်စုံတစ်ခု ပူးပေါင်းကြံစည်ထားခြင်း ရှိမရှိကို မည်သူမျှ မသိနိုင်ပါလား။
"ရှိနေသေးတာပေါ့... စိတ်မပူပါနဲ့….ဆရာ အဲ့ဒီနေရာရဲ့ အကြောင်းကို ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ဖူးပါဘူး… သို့သော်လည်း... မင်းအနေနဲ့ သေသေချာချာ တွေးတောထားဖို့တော့ လိုလိမ့်မယ်"
"အဲ့ဒီနေရာက... မိစ္ဆာ တွေနဲ့ ပတ်သက်မှု ရှိနေလို့ပဲ ဖြစ်တယ်..."
"ဆရာ... ၎င်းက မိစ္ဆာပဲဖြစ်ဖြစ်၊ လူသားပဲဖြစ်ဖြစ်... စိတ်နှလုံးထဲမှာ တရားမျှတမှု ရှိနေသရွေ့ ၎င်းက ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ် ပါပဲ..." ရှောင်ယွီ ဤသို့ပြောဆိုလိုက်ချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ ပြတ်သားလှသော ယုံကြည်ချက်များဖြင့် ပြည့်နှက်နေခဲ့ရတော့သည်။