အခန်း ၂၇ - ဒေါသထွက်ပြီး သတိလစ်သွားသော ကံကြမ္မာသားတော် နှင့် လူတွေက ဘာဖြစ်လို့ ကြီးပြင်းလာရတာလဲ
အကယ်၍ ဆန်ကွမ်းချင်းအာသာ ဤမျှလောက်အထိ အများကြီး လုပ်ဆောင်ခဲ့သည်ဆိုပါက သူမအနေဖြင့် မသိဘဲ နေနိုင်စရာ အကြောင်းမရှိချေ။
၎င်းမှာ ဆန်ကွမ်းချင်းအာက အရာအားလုံးကို လျှို့ဝှက်လွန်းလှသဖြင့် ဖြစ်နိုင်သလို သို့မဟုတ် သူမတွင် အခြားသော ရည်ရွယ်ချက်များ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
"သူက တိုက်ပွဲမပြီးသေးဘူး ပြောနေပြီ အမကြီးက ငါ့ကို တားဦးမလို့လား..." ဆန်ကွမ်းချင်းအာက ဆန်ကွမ်းဝမ်အာကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ဝမ်အာ... အရင် ဖယ်ပေးလိုက်ပါဦး စိတ်ချပါ... ငါ သူမကို နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး" ရှောင်ယွီက ပြောဆိုလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ရှောင်ယွီအနေဖြင့် ဤတိုက်ပွဲကို သေချာပေါက် အနိုင်ရရှိရမည် ဖြစ်၏။ မဟုတ်ပါက သူ၏ မိသားစု ခံစားခဲ့ရသော အရှက်ရမှုများမှာ ဘယ်လိုမှ ပြန်လည်ကုစားနိုင်တော့မည် မဟုတ်ပေ။
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာသည် ရှောင်ယွီကို ထူးဆန်းလှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်မိသည်။
ထို့နောက် ရှောင်ယွီ၏ မျက်ဝန်းထဲရှိ ပြတ်သားမှုကို မြင်တွေ့လိုက်ရချိန်တွင် သူမ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အကြောင်းပြချက်မရှိဘဲ ဆန်ကွမ်းဝမ်အာ စိတ်ထဲတွင် အနည်းငယ် ဟာတာတာ ဖြစ်သွားခဲ့ရသည်။
ဆန်ကွမ်းဝမ်အာ နောက်ဆုတ်ပေးလိုက်ပြီးနောက် ရှောင်ယွီသည် ဆန်ကွမ်းချင်းအာကို စိုက်ကြည့်လိုက်ရင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ ယခုတစ်ကြိမ်တွင် သူ၏ ကျင့်ကြံခြင်းအရှိန်အဝါမှာ ထပ်မံ၍ မြင့်တက်လာခဲ့ပြန်၏။
"မီးနတ်ဘုရားလက်ဝါး..."
ယခုတစ်ကြိမ်တွင်မူ ရှောင်ယွီသည် စတင်ကတည်းက သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
မီးလျှံပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှောင်ယွီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကို ဝန်းရံထားခဲ့၏။
ထို့အပြင် ရှောင်ယွီ၏ မျက်ဝန်းများမှာလည်း ပြောင်းလဲသွားခဲ့သည်။ သူသည် အလွန်တရာ ငယ်ရွယ်သော အသက်အရွယ် ရှိသေးသော်ငြား သူ၏ မျက်ဝန်းထဲတွင် ဘဝအတွေ့အကြုံ အပြောင်းအလဲများစွာကို ဖြတ်သန်းခဲ့ဖူးသည့် သဏ္ဌာန်မျိုး ဖြစ်ပေါ်နေခဲ့၏။
တီကျွယ်တျန်းကတော့ ထိုအရာကို မရည်ရွယ်ဘဲ တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ထို့နောက်... အိုဟို့... ၎င်းမှာ အစွမ်းထက် ဝိညာဉ်တစ်ခု က ကပ်ညှိပူးကပ်ပေးထားခြင်း ဖြစ်နေသည် မဟုတ်ပါလား။
'တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ...' ၎င်းကို တွေးမိရင်း တီကျွယ်တျန်း၏ မျက်ဝန်းထဲတွင် မှေးမှိန်လှသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဆန်ကွမ်းချင်းအာ၏ ခန္ဓာကိုယ်မှာလည်း မရည်ရွယ်ဘဲ အနည်းငယ် တုန်ယင်သွားခဲ့ရ၏။
ဟုတ်ပါတယ် နတ်ဆိုးမျိုးစေ့ပါ…
ယခုအချိန်တွင် ရှောင်ယွီ၏ မီးနတ်ဘုရားလက်ဝါးချက်မှာ အရှိန်အဟုန်အပြည့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အလျား ပေအမြောက်အမြား ရှိသော ကြီးမားလှသည့် မီးလျှံအရိပ်ကြီးတစ်ခု ကောင်းကင်ယံထက်၌ ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ ကြီးမားလှသော လက်ဝါးကြီးဖြင့် ဆန်ကွမ်းချင်းအာရှိရာဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။
ဆန်ကွမ်းချင်းအာ၏ မျက်ဝန်းထဲတွင်တော့ မည်သည့်တုန်လှုပ်မှုမျှ ရှိမနေခဲ့ပေ။
"ခုတ်ပိုင်းစမ်း..."
အားကောင်းလှသော ဓားဆန္ဒ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသော မီးလျှံအရိပ်ကြီးကို တိုက်ရိုက်ပင် ပိုင်းဖြတ်ခြေမွပစ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ဓားစွမ်းအင် များမှာ အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ လွင့်ပျံသွားခဲ့ပြီး မီးလျှံပင်လယ်ကြီးမှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ရတော့၏။
လူအများအပြား၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့ဝင်သွားခဲ့ကြရသည်။ ယခုအခါ ရှောင်ယွီသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ထားခဲ့ရပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့ကာ မျက်ဝန်းထဲတွင်မူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့ရ၏။
တီကျွယ်တျန်း ဤမြင်ကွင်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်မိသည်…ဤသည်မှာ ကံကြမ္မာသားတော် ဖြစ်ပေသည်…တကယ့်ကို ရယ်စရာကောင်းလှသည်။
ဆန်ကွမ်းချင်းအာသည် သူမ၏ ဓားကို ဓားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်သည်။
သူမသည် ရှောင်ယွီကို စိုက်ကြည့်လိုက်ရင်း ကျနေသော ရှောင်ယွီ၏ လက်နက်ကို ဆွဲယူကာ မိမိကိုယ်မိမိ ပြန်လည်ထိုးစိုက်ပစ်လိုက်တော့၏။
သူမသည် သွေးတစ်လုတ် ပြင်းထန်စွာ အော့အန်လိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရကာ ခန္ဓာကိုယ်မှာလည်း လဲပြိုလုနီးပါး ယိုင်နဲ့သွားခဲ့ရသည်။
ထို့နောက်တွင် သူမသည်
ရှောင်ယွီကို ကြည့်ကာ “ရှင် နိုင်သွားပြီ” ဟုဆိုကာ လှည့်ထွက်သွားခဲ့တော့၏။
ရှောင်ယွီ၏ မျက်နှာအမူအရာ လုံးဝ ပျက်ယွင်းသွားခဲ့ရသလို တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရှောင်ယွီတစ်ယောက် လုံးဝ ကြောင်အသွားခဲ့ရ၏ 'ငါ့ရဲ့ ဆရာက ငါ့ခန္ဓာကိုယ်ကို ပူးကပ်ပြီး ကူညီပေးတာတောင်မှ မင်းက ငါ့ကို အနိုင်ယူနိုင်ခဲ့တာလား'
ဤအဘိုးကြီးက သူ၏ အင်အားအပြည့်ကို ထုတ်မသုံးခဲ့တာ ဖြစ်နိုင်သည်ဟု သူ သံသယဝင်မိသော်လည်း သူ့တွင် မည်သည့်သက်သေမျှ မရှိချေ။
ထို့အပြင် သူ၏ ကိုယ်ပိုင်သွေးကြောများမှာလည်း စူးစူးရှရှ နာကျင်နေခဲ့ပြီ ဖြစ်သည်။
ဆန်ကွမ်းချင်းအာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှောင်ယွီသည် မိမိကိုယ်မိမိ အလွန်တရာ အစော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
'မင်းက ငါ့ကို အနိုင်ယူပြီးတာနဲ့ ငါ့ရဲ့ လက်နက်ကို သုံးပြီး မိမိကိုယ်မိမိ ပြန်ထိုးစိုက်ပြီး မင်း ရှုံးပါတယ်လို့ ၀န်ခံသွားတယ်ပေါ့... တကယ့်ကို ဒေါသထွက်စရာကောင်းလိုက်တာ'
ကွင်းပြင်ကျယ်ကြီးထက်တွင် ဒေါသအရှိန်ကြောင့် သွေးအန်ကာ သတိလစ်လဲကျသွားသော ရှောင်ယွီကို ကြည့်ရင်း လူအများအပြားက ခပ်လွယ်လွယ်ပင် လှောင်ပြောင်လိုက်ကြတော့သည်။
ဆန်ကွမ်းဝမ်အာ၏ မျက်ဝန်းထဲတွင်လည်း ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့ရ၏။ ဆန်ကွမ်းချင်းအာကို ကြည့်ရင်း သူမသည် လှမ်း၍ တွဲပေးရန် ပြင်ဆင်လိုက်သည်။
"ကျွန်မကို လာမထိနဲ့... အစ်မကြီးရဲ့ လက်တွေကို မညစ်ပတ်စေနဲ့... ကျွန်မက အဲ့ဒီလို အထိတွေ့ခံရဖို့ မထိုက်တန်ပါဘူး"
ဆန်ကွမ်းချင်းအာသည် ပြင်းထန်လှသော နာကျင်မှုများကို အောင့်အည်းသည်းခံရင်း ထွက်ခွာသွားခဲ့တော့၏။
ဆန်ကွမ်းကျန့်သည် ဆန်ကွမ်းဝမ်အာကို စိုက်ကြည့်လိုက်သည်။ "မင်းကို အထက်ကမ္ဘာသို့ သွားခွင့်ပြုခဲ့မိတာကို ငါ တကယ်ပဲ နောင်တရမိတယ်..." ဆန်ကွမ်းကျန့်က ထိုသို့ပြောဆိုလိုက်ပြီးနောက် ဆန်ကွမ်းချင်းအာ၏ နောက်သို့ ချက်ချင်းပင် လိုက်ပါသွားခဲ့တော့သည်။
ဆန်ကွမ်းဝမ်အာ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရ၏။ သူမ တကယ်ပဲ အမှားတစ်ခုခု ကျူးလွန်ခဲ့မိခြင်း ဖြစ်ပါသလား။
ဆန်ကွမ်းဝမ်အာသည် အခြားလူများအနေဖြင့် သူမကို အကောင်းမြင်ပေးကြရန် မျှော်လင့်နေခဲ့မိသည်။
သို့သော်လည်း မြင့်မားလှသော စင်မြင့်ထက်ရှိ လူများသည် သူမကို သတိကြီးစွာထားလှသော အကြည့်များနှင့် ရွံရှာစက်ဆုပ်ဖွယ် အကြည့်များဖြင့်သာ စိုက်ကြည့်နေကြမိ၏။
ထို့နောက် သူတို့သည် ရှောင်ယွီကို လှမ်းကြည့်လိုက်ကြရာ ရှောင်ယွီမှာ သွေးများအန်ကာ သတိမေ့မြောနေခဲ့ပြီ ဖြစ်သည်။
သူမသည် တီကျွယ်တျန်းရှိရာဆီသို့ ဦးခေါင်းလှည့်၍ ကြည့်လိုက်မိသော်လည်း သူ၏ ရုပ်သွင်အစစ်အမှန်ကို အသေအချာ မမြင်ရချေ။
ဆန်ကွမ်းဝမ်အာ စိတ်ထဲတွင် တကယ့်ကို ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရသော်လည်း တီကျွယ်တျန်းကတော့ ၎င်းကို လုံးဝ ဂရုမစိုက်ပေ။
【တုန်... ကံကြမ္မာသားတော်၏ တာအိုစိတ်နှလုံးမှာ စော်ကားခြင်း ခံလိုက်ရသဖြင့် ကံကြမ္မာတန်ဖိုး ၂၀၀ လျော့နည်းသွားခဲ့ပြီး အရှင်သခင်သည် ဗီလိန်အမှတ် ၂၀၀ ရရှိပါသည်】
【တုန်... ကံကြမ္မာသားတော်သည် ပြင်းထန်လှသော ရိုက်ခတ်မှုကို ခံလိုက်ရပြီး ဒဏ်ရာရကာ သတိလစ်သွားခဲ့သဖြင့် ကံကြမ္မာတန်ဖိုး ၃၀၀ လျော့နည်းသွားခဲ့ပြီး အရှင်သခင်သည် ဗီလိန်အမှတ် ၃၀၀ ရရှိပါသည်】
တီကျွယ်တျန်းအနေဖြင့် ဤမျှလောက် အကွက်ချ ရုံ နှင့်တင် ဗီလိန်အမှတ် ၅၀၀ အထိ ရရှိလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
သို့သော်လည်း လောစရာမလိုသေးပေ။ စိတ်ပျက်အားငယ်နေသော ဆန်ကွမ်းဝမ်အာကို ကြည့်ရင်း တီကျွယ်တျန်းသည် မည်သို့မျှ စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေခဲ့၏။
နှလုံးအာရုံခုနှစ်ပါးထူးကဲခန္ဓာ ဆိုသော်ငြား... ၎င်းက ညစ်ပတ်ပေရေနေခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်မှာ သူမကို အခြားသော အရှင်သခင်အသစ်တစ်ဦးထံသို့ ပြောင်းလဲပေးအပ်ရမည့် အချိန်ရောက်ရှိလာခဲ့ပုံရပေသည်။
သို့သော်လည်း အခြားသော ကိစ္စရပ်တစ်ခု ရှိနေသေးရာ ၎င်းမှာ ကံကြမ္မာသားတော်ပင် ဖြစ်၏။
ကွင်းပြင်ကျယ်ကြီးထဲတွင် သတိမေ့မြောနေဆဲဖြစ်သော ကံကြမ္မာသားတော်ကို ကြည့်ရင်း တီကျွယ်တျန်းသည် အမိန့်တစ်ခု ပေးလိုက်သည်။
ရှောင်ယွီ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသော်လည်း မည်သူမျှ ဘာမှမပြောဝံ့ကြချေ။
ပေါ်ထွက်လာပြီး ရှောင်ယွီကို သယ်ဆောင်သွားသောသူမှာ သေချာပေါက် တီကျွယ်တျန်း ပေးလိုက်သော အမိန့်ကြောင့် ဖြစ်ကြောင်း သူတို့ သိရှိထားခြင်းကြောင့်ပင်။
"သခင်လေး... သခင်လေးက..."
"စိတ်ချပါ... သူ သေမှာ မဟုတ်ပါဘူး" ထိုစကားကို ကြားရမှသာ ဆန်ကွမ်းဝမ်အာ ခေါင်းညိတ်လိုက်နိုင်သည်။ တီကျွယ်တျန်းအနေဖြင့် သူမကို လိမ်ညာပြောဆိုလိမ့်မည် မဟုတ်ချေ။
သို့သော် မိမိ၏ ညီမဖြစ်သူကို တွေးမိပြန်သောအခါ သူမ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထို့နောက် ဖခင်ဖြစ်သူ ဆန်ကွမ်းကျန့်၏ စကားများကို တွေးမိပြန်ရာ သူမ၏ စိတ်နှလုံးမှာ ပိုမို၍ နာကျင်ရပြန်သည်။ ကြည့်ရသည်မှာ ဤကိစ္စ၏ အမှန်တရားကို သူမကိုယ်တိုင် သေချာပေါက် စုံစမ်းစစ်ဆေးရတော့မည် ဖြစ်ပေသည်။
၎င်းကို တွေးမိရင်း ဆန်ကွမ်းဝမ်အာသည် မိမိကိုယ်မိမိ ခက်ခဲသော အခြေအနေတစ်ခုသို့ ရောက်ရှိနေကြောင်း သတိပြုမိလိုက်၏။ အဆုံး၌မူ မိသားစုဝင်များအားလုံးက သူမကို ရွံရှာစက်ဆုပ်ဖွယ် အကြည့်များဖြင့် စိုက်ကြည့်နေကြပြီး ဝေးဝေးကွာကွာပင် နေထိုင်လိုကြသည် မဟုတ်ပါလား။ ဆန်ကွမ်းဝမ်အာ စိတ်ထဲတွင် ထပ်မံ၍ နာကျင်ရပြန်သည်။ "ငါ့ဘာသာငါပဲ သေချာပေါက် စုံစမ်းရတော့မယ်..."
တိုက်ပွဲ အဆုံးသတ်သွားသည်ကို မြင်တွေ့ရပြီးနောက် တီကျွယ်တျန်းသည်လည်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့တော့သည်။ လာရောက်လည်ပတ်ကြသော အခြားလူများသည်လည်း ယနေ့ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ထုတ်ဖော်မပြောကြတော့ဘဲ ဆန်ကွမ်းမိသားစု၏ တည်ခင်းဧည့်ခံပွဲတွင် စိတ်ကြိုက် စားသောက်ကြတော့၏။ အချို့လူများဆိုလျှင် စားကြွင်းစားကျန်များကိုပါ ထုပ်ပိုး၍ ယူဆောင်သွားကြသေးသည်။
သေချာမသိသောလူများသာ ဆိုပါက သူတို့အားလုံးကို ငတ်မွတ်နေသော သရဲတစ္ဆေများ ပြန်လည်ဝင်စားလာကြခြင်းဟု ထင်မှတ်မိကြပေလိမ့်မည်။
သို့သော်လည်း ၎င်းမှာ နားလည်ပေးနိုင်စရာ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် တီကျွယ်တျန်းကြောင့် ဤတည်ခင်းဧည့်ခံပွဲတွင် အလွန်တရာ အဖိုးတန်လှသော ဝိညာဉ် စွမ်းအင် ပစ္စည်းအမြောက်အမြားကို ထုတ်ဖော်အသုံးပြုထားခဲ့ခြင်းကြောင့်ပင်။
မိသားစုအသေးစားလေးများမှ လူများမှာမူ အရှက်ရခြင်း မရှိကြချေ။ အဆုံး၌မူ မိမိတို့၏ ကျင့်ကြံခြင်းအင်အားကို မြှင့်တင်နိုင်ရန်အတွက်က ပို၍ အရေးကြီးသည် မဟုတ်ပါလား။
သို့သော်လည်း အချို့လူများမှာ ပို၍ မြန်မြန်ဆန်ဆန် စားသောက်နေကြပြီး အချို့ဆိုလျှင် အော့အန်သည်အထိ ဖြစ်သွားသော်လည်း ဆက်လက်၍ စားသောက်နေကြဆဲ ဖြစ်သည်။
မကြာမီ အချိန်အတွင်းမှာပင် ဆန်ကွမ်းမိသားစုတစ်ခုလုံး လုံးဝ ဖရိုဖရဲ ဖြစ်သွားခဲ့ရတော့၏။
ဆန်ကွမ်းကျန့် ထွက်ပေါ်လာခြင်းမရှိသည်ကို မြင်သောအခါ ထိုလူများအားလုံး စိတ်ကျေနပ်စွာဖြင့် ပြန်လည်ထွက်ခွာသွားကြတော့သည်။ ဤကဲ့သို့ စားသောက်ရခြင်းက တကယ့်ကို စိတ်ကျေနပ်စရာကောင်းလှပေသည်။
ဆန်ကွမ်းချင်းအာ သူမ၏ နေအိမ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင်တော့ သူမ၏ မျက်ဝန်းထဲ၌ အောင်နိုင်သူတစ်ဦးကဲ့သို့ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။
သူမ၏ အကွက်မှာ အောင်မြင်သွားခဲ့ပြီ မဟုတ်ပါလား။ 'ငါ့ရဲ့ ချစ်လှစွာသော အစ်မကြီး... မိသားစုဝင်တွေအားလုံး မင်းကို မုန်းတီးစက်ဆုပ်သွားအောင် လုပ်တာက ပထမဆုံး ခြေလှမ်းသက်သက်ပဲ ရှိသေးတာပါ'
တံခါးဝတွင် ဆန်ကွမ်းကျန့် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင်မူ ဆန်ကွမ်းချင်းအာသည် သူမ၏ မျက်နှာအမူအရာကို ချက်ချင်းပင် လဲလှယ်လိုက်တော့၏။
သူမသည် နက်နက်ရှိုင်းရှိုင်း တရားထိုင်ကျင့်ကြံနေသည့် သဏ္ဌာန်မျိုး ဖန်တီးလိုက်ပြီးနောက် သူမ၏ နဖူးထက်တွင် ချွေးစေးများ ထွက်ပေါ်လာခဲ့ကာ ခန္ဓာကိုယ်ထက်မှနေ၍ သွေးစအချို့ တရွှဲရွှဲ စီးကျလာခဲ့သည်။
ဖူး...
သူမသည် သွေးပူတစ်လုတ်ကို ပြင်းထန်စွာ အော့အန်လိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ကာ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားခဲ့ပြီးနောက် မျက်လုံးများ ပိတ်လျက် သတိလစ်သွားခဲ့တော့၏။
"ချင်းအာ..." ဆန်ကွမ်းကျန့်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
ဆန်ကွမ်းချင်းအာ၏ အလွန်တရာ အားနည်းနေသော ကျင့်ကြံခြင်းအရှိန်အဝါကို ခံစားလိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာမှာ လုံးဝ ပျက်ယွင်းသွားခဲ့ရတော့၏။
ထို့နောက်တွင် သူသည် မိမိ၏ ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ ဆန်ကွမ်းချင်းအာကို ချက်ချင်းပင် ကုသပေးလိုက်တော့သည်။
မကြာမီ အချိန်အတွင်းမှာပင် ဆန်ကွမ်းချင်းအာ၏ အခြေအနေ ပြန်လည်တည်ငြိမ်သွားသည်ကို ခံစားလိုက်ရမှသာ ဆန်ကွမ်းကျန့် သက်ပြင်းတစ်ချက် ချနိုင်တော့၏။ သူသည် မိမိ၏ နဖူးထက်ရှိ ချွေးစများကို သုတ်လိုက်သည်။
ဆန်ကွမ်းချင်းအာ မှေးမှိန်စွာဖြင့် ပြန်လည်နိုးထလာခဲ့သည်။ မိမိ၏ ဖခင်ကို မြင်တွေ့လိုက်ရချိန်တွင် သူမသည် နူးညံ့လှသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။ ဖြူလျော်လွန်းလှသော သူမ၏ မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ ဆန်ကွမ်းကျန့်၏ စိတ်ထဲတွင် အလွန်တရာ နာကျင်ကြေကွဲမှုကို ခံစားလိုက်ရတော့သည်။
"ချင်းအာ... မင်း ဘယ်နေရာက နေမကောင်းဖြစ်နေသေးလဲ...အဖေ့ကို သေသေချာချာ ပြောပြစမ်းပါဦး"
"အဖေ... သမီး အဖေ့ကို စိတ်ပျက်အောင် လုပ်မိပြန်ပါပြီ မူလက သမီး အဲ့လိုမျိုး မလုပ်ချင်ခဲ့ပါဘူး..."
"မိုက်မဲတဲ့ ကလေးလေးရယ်... အဖေကသာ မင်းအပေါ်ကို မှားခဲ့တာပါ... မင်းကို ဤမျှလောက်အထိ နာကျင်စရာ ခံစားချက်တွေ ခံစားရအောင် လုပ်ခဲ့မိတာ။ မိသားစုရဲ့ အကျိုးအတွက်နဲ့ မင်းကို ဤမျှလောက်အထိ ခက်ခဲတဲ့ အခြေအနေမျိုးထဲ ရောက်ရှိသွားအောင် လုပ်မိလိမ့်မယ်လို့ ဖခင် မထင်ထားခဲ့မိဘူး"
"အဖေ မှားခဲ့တာပါ... အဖေ မင်းကို တောင်းပန်ပါတယ်"
"အဖေ.. အဖေအနေနဲ့ ချင်းအာကို အပြစ်မတင်ဘူးဆိုရင်ပဲ... ၎င်းက လုံလောက်ပါပြီ"
"ခုနတုန်းက... ချင်းအာ အိမ်မက်တစ်ခု မက်ခဲ့တယ်..."
"ချင်းအာ... မင်း အိမ်မက်မက်ခဲ့တယ် ဟုတ်လား..."
"ဟုတ်ပါတယ်... သမီး အိမ်မက်မက်ခဲ့တာ။ သမီး ငယ်ငယ်တုန်းက အကြောင်းတွေကို အိမ်မက်မက်ခဲ့တာပါ။ အဲ့ဒီတုန်းက အမေက သမီးကို ပွေ့ဖက်ထားပြီး... အဖေကတော့ သမီးကို လာပြီး ကျီစယ်နေခဲ့တာလေ..."
"အဖေ... လူတွေက ဘာဖြစ်လို့ ကြီးပြင်းလာရတာလဲဆိုတာ သမီးကို ပြောပြပါလားဟင်..."