အခန်း ၂၃ - လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ငါ ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာ မင်း သိရဲ့လား
တီကျွယ်တျန်းက ထိုနှစ်ယောက်ကို စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။
ဤသည်မှာ ဒဏ္ဍာရီလာ ‘ပါးစပ်ရွဲ့ နဂါးမင်း’ ရဲ့ ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိလှတဲ့ အပြုံးမျိုးလား။
မည်မျှပင် မြင့်မြတ်လှသော နတ်ဘုရားမ သို့မဟုတ် နတ်သမီးလေး ဖြစ်ပါစေ... အထက်ပလ္လင်ထက်မှ ဆွဲချနိုင်လောက်သော ၎င်းအပြုံးကို မည်သူမျှ မလွန်ဆန်နိုင်ကြချေ။
သူ၏ ယခင်ဘဝတုန်းက တီကျွယ်တျန်းသည် ဟာသတစ်ခုကို မြင်တွေ့ခဲ့ဖူး၏။ ‘သူ့ကို သေချာကြည့်ထားကြ... သူ့ပါးစပ်ကို ရွဲ့မသွားစေနဲ့... မဟုတ်ရင် အသက်ရှင်မလား၊ သေမလားဆိုတာ ခန့်မှန်းရခက်လိမ့်မယ်’ ဟူ၍ ဖြစ်သည်။ ၎င်းကို ယခုမျက်မှောက်ဘဝတွင် အမှန်တကယ် မြင်တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
သို့သော်လည်း တီကျွယ်တျန်းသည် ဤကံကြမ္မာသားတော်၏ အင်အားကို ခန့်မှန်းထားပြီး ဖြစ်သည်။
အကယ်၍ ယခင်အတိုင်းသာ ဆိုပါက ဆန်ကွမ်းချင်းအာ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူကိုယ်တိုင် ကြားဝင်စွက်ဖက်ထားခဲ့ပြီ ဖြစ်ရာ ကံကြမ္မာသားတော်အနေဖြင့် အလွယ်တကူ အနိုင်ရရှိနိုင်ဖို့ မဖြစ်နိုင်ချေ။
ထို့အပြင် တီကျွယ်တျန်းအနေဖြင့် အကွက်စတင်ရွေ့လိုက်ပြီ ဖြစ်ရာ ကံကြမ္မာသားတော်ကို အောင်မြင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ရှောင်ယွီ၏ အပြုံးကို ကြည့်ရင်း ဆန်ကွမ်းဝမ်အာ၏ စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူမ၏ နှလုံးခုန်သံများမှာလည်း မထိန်းချုပ်နိုင်လောက်အောင် မြန်ဆန်လာခဲ့၏။ အကယ်၍ အခြားအမျိုးသားတစ်ဦးဦးသာ သူမကို ဤကဲ့သို့ လာရောက်ပြုံးပြဝံ့ပါက သူမအနေဖြင့် ထိုသူကို ရိုက်သတ်ပစ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော်လည်း ဤလူမှာ ရှောင်ယွီ ဖြစ်နေသဖြင့် သူမအနေဖြင့် မည်သို့မျှ စိတ်မဆိုးနိုင်ဘဲ ရှိနေခြင်း ဖြစ်၏။
"သတိထားနော်... ချင်းအာရဲ့ အင်အားက မရိုးရှင်းဘူး"
ရှောင်ယွီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီးနောက် ချက်ချင်းပင် ဝမ်းမြောက်သွားခဲ့ရသည်။
သူမထံမှ စိတ်စွမ်းအားဖြင့် သတင်းစကားကို ရရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ခြင်းကြောင့်ပင်။
ဤသုံးနှစ်အတွင်း ဆန်ကွမ်းဝမ်အာ၏ အင်အားမှာ အလွန်တရာ လျင်မြန်စွာ တိုးတက်လာခဲ့ပုံရပေသည်။
တီကျွယ်တျန်းသည် ကံကြမ္မာသားတော်နှင့် ကံကြမ္မာဇာတ်လိုက်မတို့ အကြည့်ချင်း ဆုံနေကြသည်ကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
'မင်းတို့ ငိုရမယ့်အချိန်က မကြာခင် ရောက်လာတော့မှာပါ။ အခုလောလောဆယ်တော့ စိတ်ကြိုက်သာ ရယ်မောထားလိုက်ကြဦးပေါ့... မဟုတ်ရင် နောက်ပိုင်းကျရင် ရယ်နိုင်တော့မှာ မဟုတ်ဘူး'
တီကျွယ်တျန်း ရှောင်ယွီကို စိုက်ကြည့်လိုက်၏။
ဤကံကြမ္မာသားတော်၏ ရတနာ ရွေလက်ချောင်း က အတိအကျဆိုလျှင် ဘာဖြစ်မနည်း။ အဘိုးအိုဝိညာဉ်လား… စနစ် လား သို့မဟုတ် ပြန်လည်မွေးဖွားခြင်း လား… သို့မဟုတ် ထို့ထက်မကသော အခြားအရာတစ်ခုခုလား။
နာမည် - ရှောင်ယွီ
အဆင့်အတန်း - အဇူရာ လျှို့ဝှက်ဆန်းကြယ် နယ် မြေရှိ ရှောင်မိသားစု၏ သခင်လေး၊ ကံကြမ္မာ၏ သားတော်
ကံကြမ္မာတန်ဖိုး - ၅,၀၀၀
အင်အား - အဆင့်၃ စတုတ္ထအလွှာ
ခန္ဓာကိုယ်ဖွဲ့စည်းပုံ - မီးနတ်ဘုရား ခန္ဓာကိုယ်
ကျင့်စဉ် - မီးနတ်ဘုရားအတတ်၊ ကြာပန်းမီးလျှံကွင်း၊ မီးနတ်ဘုရားလက်ဝါး၊ အကြွင်းမဲ့ယန်ခြေကန်ချက်၊ စိုးရိမ်ကြောင့်ကြမဲ့လက်ဝါး...
ဤကံကြမ္မာသားတော်မှာ မဆိုးလှပေ။ မီးနတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူ၏ ကံကြမ္မာတန်ဖိုးမှာလည်း ယဲ့ချန်ထက်စာလျှင် သိသိသာသာ ပိုမိုမြင့်မားနေဆဲ ဖြစ်၏။ ဤကဲ့သို့သော ကံကြမ္မာသားတော်ကို သတ်ဖြတ်ခြင်းက တကယ့်ကို အကျိုးအမြတ် အများကြီး ရရှိစေမည် ဖြစ်သည်။
တီကျွယ်တျန်း၏ ပေါ့ပေါ့ပါးပါး စိုက်ကြည့်မှုကို ခံလိုက်ရချိန်တွင် ရှောင်ယွီ၏ ကျောပြင်တစ်ခုလုံး အေးစက်သွားခဲ့ရသည်။
ဤလူ (သူက အမျိုးသားတစ်ယောက် ဟုတ်ရဲ့လား...) ဘာဖြစ်လို့ သူ့ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေရတာလဲ။
ရှောင်ယွီသည် ဆန်ကွမ်းဝမ်အာရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။
"ဝမ်အာ... ဒီကိုလာခဲ့စမ်း"
ကွက်တိ ဤအခိုက်အတန့်တွင် တီကျွယ်တျန်းက ရုတ်တရက် လှမ်း၍ ပြောဆိုလိုက်သည်။
ဆန်ကွမ်းမိသားစုတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရ၏။
ဤအသံတွင် မည်သည့်ကျင့်ကြံခြင်း အရှိန်အဝါမှ ပါဝင်ခြင်းမရှိသော်လည်း လူတိုင်းမှာ အလွန်တရာ ကြီးမားလှသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
၎င်းသည် တောင်တန်းကြီး ပြိုကျပျက်စီးပြီး ပင်လယ်သမုဒ္ဒရာကြီး ကမောက်ကမ ဖြစ်သွားသည့်အလား ခံစားချက်မျိုး ဖြစ်ပေသည်။
ရှောင်ယွီ၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရသလို ဆန်ကွမ်းဝမ်အာ၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားခဲ့ရသည်။
သူမသည် ရှောင်ယွီကို အထင်လွဲမခံချင်သော်လည်း တီကျွယ်တျန်း၏ အမိန့်ကို မလွန်ဆန်ဝံ့ပေ။
ဆန်ကွမ်းဝမ်အာသည် တီကျွယ်တျန်းက သူမကို စိုက်ကြည့်နေခြင်း မဟုတ်သည်ကို သိရှိသော်လည်း ၎င်းကြောင့်ပင် ပို၍ ကြီးမားသော ဖိအားကို ခံစားလိုက်ရခြင်း ဖြစ်၏။
အဆုံး၌မူ ဆန်ကွမ်းဝမ်အာ အလျှော့ပေးလိုက်ရတော့သည်။
တီကျွယ်တျန်း၏ အဆင့်အတန်းက မြင့်မားလွန်းလှပြီး သူမ၏ မိသားစုမှာလည်း ဤနေရာတွင် ရှိနေသည် မဟုတ်ပါလား။
ထို့ပြင် တီကျွယ်တျန်း အရင်တုန်းက လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်များကိုလည်း သူမ သိရှိထားခဲ့သည်။
သူမသည် အတိတ်က မှတ်တမ်းများကို မြင်တွေ့ခဲ့ဖူးသဖြင့် တီကျွယ်တျန်းသည် သူမကိုပါ ဖိအားပေးကာ ရှောင်ယွီကို ယဲ့ချန်ရဲ့ ခြေရာအတိုင်း လိုက်ပါစေတော့မည်ဟု ထင်မှတ်လိုက်မိခြင်း ဖြစ်၏။
(မိန်းမတွေ ရဲ့ ဆဠမအာရုံ တကယ်မှန်တယ်)
"မင်း သခင်လေးအတွက် လက်ဖက်ရည်တစ်ခွက် မငှဲ့ပေးတော့ဘူးလား" တီကျွယ်တျန်းက ထပ်မံ၍ ပြောဆိုလိုက်သည်။
တီကျွယ်တျန်း၏ ရှေ့မှောက်ရှိ ဗလာဖြစ်နေသော စားပွဲခုံကို ကြည့်ရင်း ဆန်ကွမ်းဝမ်အာ သတိပြန်ဝင်လာခဲ့သည်။
ထို့နောက်တွင် သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၏။ သူမအနေဖြင့် လူကြီးလူကောင်းတစ်ယောက်ရဲ့ စိတ်နှလုံးကို မိမိ၏ စိတ်ပုတ်စိတ်ယုတ်များဖြင့် လျှောက်၍ တွေးတောမိခဲ့ခြင်း ဖြစ်ကြောင်း နားလည်လိုက်ရတော့သည်။
ဆန်ကွမ်းမိသားစုဝင်များအားလုံး သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြသလို အခြားလူများလည်း စိတ်သက်သာရာ ရသွားခဲ့ကြသည်။ မိမိတို့ကိုယ်တိုင် ဘာဖြစ်လို့ ဤမျှလောက်အထိ တုန်လှုပ်ချောက်ချားသွားခဲ့ရသလဲဆိုသည်ကို သူတို့ မသိကြချေ။
မိမိ၏ ရှေ့မှောက်ရှိ လက်ဖက်ရည်ခွက်ကို ကြည့်ရင်း တီကျွယ်တျန်း ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
သူ၏ ရုပ်သွင်အစစ်အမှန်ကို အသေအချာ မမြင်ရသော်ငြား ဤသခင်လေး ပြုံးလိုက်သည်ကို လူတိုင်း သိရှိလိုက်ကြ၏။
"သခင်လေးကို ပခုံး လာနှိပ်ပေးဦး... ငါ ဒီတစ်ကြိမ် အောက်ကမ္ဘာကို ဆင်းလာတုန်းက အစေခံမိန်းကလေး ခေါ်လာဖို့ မေ့သွားခဲ့လို့" တီကျွယ်တျန်းက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
အဆုံး၌မူ ယခင်က တီကျွယ်တျန်းသည် သူမကို သူ၏ အစေခံမိန်းကလေးအဖြစ် ကြေညာထားခဲ့ဖူးခြင်းကြောင့် ဖြစ်၏။
ယခုအခါ တီကျွယ်တျန်းက သူမကို ဤမျှလောက်အထိ မျက်နှာပန်းလှအောင် ပြုလုပ်ပေးထားခဲ့ပြီ ဖြစ်ရာ ဆန်ကွမ်းဝမ်အာသည်လည်း ကျေးဇူးကန်းတတ်သူတစ်ဦး မဟုတ်ပေ။
သူမသည် ရှောင်ယွီကို လှမ်းကြည့်လိုက်ရာ မျက်ဝန်းများထဲ၌ အကူအညီမဲ့မှုများနှင့်အတူ ရှင်းပြလိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်ယွီ၏ စိတ်ထဲတွင် ဒေါသလှိုင်းလုံးကြီးများ ထွက်ပေါ်လာခဲ့ရသည်။
သို့သော်လည်း ဆန်ကွမ်းဝမ်အာ ထွက်ခွာသွားစဉ်က သူမ၏ ဆရာမှာ အလွန်တရာ အစွမ်းထက်ခဲ့သော်လည်း ယခုအခါတွင်မူ သူမသည် အကူအညီမဲ့မှုများဖြင့် ပြည့်နှက်နေရသည်ကို ပြန်လည်တွေးတောမိလိုက်၏။
ဤသခင်လေး၏ အင်အားနှင့် အဆင့်အတန်းမှာ ဆန်ကွမ်းဝမ်အာထက် သိသိသာသာ ပိုမိုမြင့်မားနေမည်မှာ သေချာပေသည်။
ရှောင်ယွီသည် တင်းတင်းဆုပ်ထားသော လက်သီးများကို ဖြေလျှော့လိုက်ပြီး ဆန်ကွမ်းဝမ်အာကို နားလည်မှုရှိသော အကြည့်တစ်ခု ပြန်လည်ပေးလိုက်၏။
ဘေးတစ်ဖက်တွင် ရပ်နေသော ဆန်ကွမ်းချင်းအာကမူ ဤမြင်ကွင်းကို ဘာမှမပြောဘဲ စောင့်ကြည့်နေခဲ့သည်။
သူမ၏ မျက်ဝန်းများထဲတွင် အေးစက်လှသော လှောင်ပြုံးတစ်ခုသာ ရှိနေ၏။ အခြားလူများလည်း ဆန်ကွမ်းမိသားစု၏ ဂုဏ်ယူစရာ ကံကြမ္မာသမီးတော်ကြီးနှင့် ထိုလူဖျင်း ရှောင်ယွီတို့အကြားရှိ ပတ်သက်မှုမှာ မရိုးရှင်းကြောင်း ရိပ်မိလိုက်ကြပြီး သူတို့အကြားတွင် အတင်းအဖျင်း ပြောစရာ ဇာတ်လမ်းတစ်ခုခု ရှိနေမလားဟု စိတ်ဝင်စားသွားကြတော့သည်။
"ဆန်ကွမ်းချင်းအာ... ဆင်းလာခဲ့စမ်း" ရှောင်ယွီ သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။
ဆန်ကွမ်းဝမ်အာ၏ စိတ်နှလုံးထဲတွင် သူ့အတွက် နေရာတစ်ခု ရှိနေဆဲဖြစ်ကြောင်း သူ ယုံကြည်ထားခဲ့၏။ မဟုတ်ပါက သူမအနေဖြင့် သူ့ထံ စိတ်စွမ်းအားဖြင့် သတင်းစကားပါးလိမ့်မည် မဟုတ်ပေ။ ထို့နောက်တွင် သူသည် အကြည့်ကို ရုပ်သိမ်းကာ ဆန်ကွမ်းချင်းအာကို စိုက်ကြည့်လိုက်သည်။
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းချင်းအာ၏ ပုံရိပ်မှာ ရုတ်တရက် လှုပ်ရှားသွားခဲ့ပြီး ကွင်းပြင်ကျယ်ကြီး၏ အလယ်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
လူအများအပြား၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရ၏။
ဆန်ကွမ်းချင်းအာကို ကြည့်ရင်း ဆန်ကွမ်းဝမ်အာ၏ မျက်နှာထက်၌ မယုံကြည်နိုင်လောက်သော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် တီကျွယ်တျန်း၏ ပခုံးကို နှိပ်ပေးနေသော သူမ၏ လက်များမှာ ရုတ်တရက် ချော်ထွက်သွားခဲ့ရ၏။
"မင်းရဲ့ ခန္ဓာကိုယ်အလှအပတွေကို သုံးပြီး ငါ့ကို ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်နေတာလားလို့ ငါ သံသယဝင်မိတယ် ပြီးတော့ မင်းရဲ့ အဆင့်အတန်းကိုလည်း သတိရဦး... ငါ မင်းအပေါ် ဘာစိတ်မှ မရှိဘူး" တီကျွယ်တျန်းသည် ဆန်ကွမ်းဝမ်အာ အသိပြန်မဝင်သေးသည်ကို သတိပြုမိသဖြင့် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားရမှသာ ဆန်ကွမ်းဝမ်အာ အသိပြန်ဝင်လာခဲ့ပြီး သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရတော့၏။
'သခင်လေး... သခင်လေးက ညီမလေးချင်းအာကို အခွင့်အရေး ပေးလိုက်တာလား...'
'ဟုတ်တယ်... သူမက မင်းရဲ့ ညီမအရင်း မဟုတ်ဘူးလား… မင်းကော သူမကို အနိုင်မရစေချင်ဘူးလား...'
'သူမက အနိုင်ရနိုင်စွမ်း ရှိပေမယ့်... သူမကို ကူညီပေးလိုက်တာက ပိုပြီး လွယ်ကူသွားစေတာပေါ့...'
"ကျေးဇူးတင်နေဖို့ မလိုပါဘူး..." တီကျွယ်တျန်းက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်ပြီးနောက် ထပ်မံ၍ နှုတ်ဆိတ်သွားခဲ့သည်။
ဆန်ကွမ်းဝမ်အာ တီကျွယ်တျန်းကို စိုက်ကြည့်လိုက်မိသည်။ 'တီကျွယ်တျန်းမှာ အနည်းငယ်တော့ ကိုယ်ချင်းစာတရား ရှိသားပဲ... ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး... သူက ကောက်ကျစ်စဉ်းလဲတဲ့ လှည့်ကွက်သမားတစ်ယောက်ပဲ'
ဆန်ကွမ်းမိသားစုအတွင်း၌ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို တီကျွယ်တျန်း ကြိုတင်သိရှိထားပုံရပေသည်။
ဆန်ကွမ်းဝမ်အာ သက်ပြင်းချလိုက်မိ၏။ ရှောင်ယွီကတော့ ယခုတစ်ကြိမ်တွင် အနည်းငယ် ဒုက္ခရောက်ရတော့မည် ဖြစ်သည်။
အချိန်ကျလာပါက သူမအနေဖြင့် သူ့ကို လျော်ကြေးအချို့ ပြန်လည်ပေးအပ်ရုံသာ ရှိတော့သည်။
၎င်းကို တွေးမိရင်း ဆန်ကွမ်းဝမ်အာသည် ရှောင်ယွီကို ငေးမောကြည့်နေမိတော့၏။
တီကျွယ်တျန်းကတော့ အေးစက်လှသော လှောင်ပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။ တကယ့်ကို သနားစရာကောင်းလှသော အမျိုးသမီး ပါတကား။ သို့သော်လည်း ၎င်းက ငါ တီကျွယ်တျန်းနှင့် ဘာဆိုင်ပါသနည်း။ ထို့အပြင် တီကျွယ်တျန်းတွင် မိမိ၏ ကိုယ်ပိုင်အစီအစဉ် ရှိပြီးသား ဖြစ်သည်။
တီကျွယ်တျန်းအနေဖြင့် ဆန်ကွမ်းချင်းအာကို ကျင့်ကြံခြင်းနယ်ပယ် ချိုးဖျက်စေခဲ့ခြင်းမှာ အနိုင်ရရှိရန်သက်သက်အတွက်ဟု တကယ်ပဲ ထင်မှတ်နေကြပါသလား။
နိုင်ခြင်း.. ရှုံးခြင်းဟူသည်မှာ သူနှင့်မဆိုင်ပေ။ သူက ကံကြမ္မာသားတော်တွင် မည်သည့်နည်းလမ်းများ ရှိနေသလဲဆိုသည်ကိုသာ စမ်းသပ်ကြည့်ချင်ခြင်း ဖြစ်၏။
ကံကြမ္မာသားတော်သည် အလွန်တရာ ဂုဏ်မာနထောင်လွှားလှပြီး အတိတ်တုန်းက သုံးနှစ်ပြည့် ကတိကဝတ်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ကြီးမားလှသော ပေးဆပ်မှုကို ပြုလုပ်ရပါစေဦးတော့... သူ သေချာပေါက် အနိုင်ရရှိချင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အကယ်၍ ယခင်အတိုင်း အင်အားနည်းလှသော ဆန်ကွမ်းချင်းအာသာ ဆိုပါက ကံကြမ္မာသားတော်အနေဖြင့် သူ၏ အင်အားအပြည့်ကို ထုတ်သုံးရန်ပင် လိုအပ်လိမ့်မည် မဟုတ်ချေ။
၎င်းက သူ၏ အစီအစဉ်များကို ပျက်စီးသွားစေလိမ့်မည် ဖြစ်သည်။
"ဆန်ကွမ်းချင်းအာ... လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မင်းက ငါ့ရဲ့ ရှောင်မိသားစုဆီကို ဂုဏ်မာနထောင်လွှားတဲ့ ပုံစံနဲ့ ရောက်လာခဲ့ပြီး စေ့စပ်ပွဲကို တိုက်ရိုက် ဖျက်သိမ်းပစ်ခဲ့တယ်... ငါ့ရဲ့ ရှောင်မိသားစုတစ်ခုလုံးကို မျက်နှာပျက်စေခဲ့တယ်"
"ငါ အဲ့ဒီတုန်းက ပြောခဲ့ဖူးတယ်... 'လူငယ်တစ်ယောက် ဆင်းရဲနွမ်းပါးနေရုံနဲ့ လာပြီး အနိုင်မကျင့်ပါနဲ့... မြစ်တစ်စင်းရဲ့ အရှေ့ဘက်မှာ နှစ်သုံးဆယ်... မြစ်တစ်စင်းရဲ့ အနောက်ဘက်မှာ နှစ်သုံးဆယ်' ဆိုပြီးတော့လေ"
"ဆန်ကွမ်းချင်းအာ... အခု သုံးနှစ်တောင် ရှိသွားခဲ့ပြီ… ဒီနေ့မှာတော့... လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ငါ ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာ မင်းကို ငါ သိစေရမယ်"