အခန်း ၂၁ - သူမက အထက်ကမ္ဘာကို သွားပြီး ငါကတော့ ယဇ်ပူဇော်တာ ခံလိုက်ရတယ်
ဖခင်ဖြစ်သူ၏ စကားကြောင့် ဆန်ကွမ်းဝမ်အာ၏ မျက်နှာအမူအရာပင် ချက်ချင်း ပျက်ယွင်းသွားခဲ့ရသည်။
"သခင်လေး... ကျွန်မအဖေကို ခွင့်လွှတ်ပေးပါရှင် သူက အထက်ကမ္ဘာရဲ့ အကြောင်းတွေကို သေချာမသိလို့ပါ... ကျေးဇူးပြုပြီး နားလည်ပေးပါ"
"ရပါတယ်..." တီကျွယ်တျန်းက အေးဆေးတည်ငြိမ်စွာဖြင့် ခပ်ပြုံးပြုံးသာ တုံ့ပြန်လိုက်၏။
ဆန်ကွမ်းမိသားစုမှ အမျိုးသမီးများမှာ တီကျွယ်တျန်းကို ကြည့်ရင်း မိန်းမောတွေဝေကုန်ကြသည်။ လောကတွင် ဤမျှလောက်အထိ နှိုင်းယှဉ်ဖွယ်ရာမရှိအောင် ခန့်ညားထည်ဝါလှသော သခင်လေးတစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိချေ။
"သခင်လေး... ကျေးဇူးပြုပြီး ကြွပါ" ဆန်ကွမ်းဝမ်အာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"သမီး... ငါ တစ်ခုခု မှားပြောမိလို့လား"
"အဖေ... ဒီသခင်လေးက လုံးဝ သွားရောက်စော်ကားလို့ရတဲ့သူ မဟုတ်ဘူး။ အထက်ကမ္ဘာမှာရှိတဲ့ ကျွန်မရဲ့ နောက်ကွယ်က အင်အားစုတောင် သူ့ကို မပြစ်မှားဝံ့ကြဘူး။ အထက်ကမ္ဘာတစ်ခုလုံးမှာ သူ့ထက် အဆင့်အတန်း မြင့်မားတဲ့သူဆိုတာ တကယ့်ကို ရှားပါတယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် ဆန်ကွမ်းကျန့်၏ မျက်နှာပျက်သွားခဲ့ရသည်။
"သမီး... ဒါဆို မင်း သူ့ကို ဆွဲဆောင်ကြည့်ပါလား အဲ့ဒါဆိုရင် ငါတို့မိသားစု ကြီးပွားပြီပေါ့"
"အဖေ... မဖြစ်နိုင်တာတွေကို လျှောက်မတွေးပါနဲ့ သူက စကားတစ်ခွန်း ပြောလိုက်ရုံနဲ့တင် ဒီအဇူရာ လျှို့ဝှက်ဆန်းကြယ် နယ် မြေကို လက်ဖျောက်တစ်ချက်တီးပြီး အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ အထက်ကမ္ဘာက အင်အားကြီးမိသားစုတွေရဲ့ ပါရမီရှင်သမီးတော် အမြောက်အမြားက သူ့ရဲ့ အစေခံမိန်းကလေး ဖြစ်ခွင့်ရဖို့ ကြိုးစားနေကြပေမယ့် အခွင့်အရေး မရကြဘူး။ ဒါ့အပြင် သမီးကလည်း သခင်လေးအပေါ် အဲ့လိုစိတ်မျိုး မရှိပါဘူး"
ဆန်ကွမ်းကျန့်၏ မျက်နှာထက်၌ နှမြောတသမှု အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ရသည်။ သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် သူ၏ သမီးဖြစ်သူက ထိုမျှလောက် မြင့်မားလှသော အဆင့်အတန်းနှင့် အမှန်တကယ်ပင် မထိုက်တန်သည်ကို သူ နားလည်လိုက်၏။
ဆန်ကွမ်းချင်းအာကမူ ထိုစကားများကို ကြားပြီးနောက် မျက်ဝန်းများထဲတွင် နက်ရှိုင်းပြီး ထူးဆန်းလှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ကာ တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေခဲ့သည်။
ဧည့်ခန်းမဆောင်ကြီးအတွင်းသို့ ရောက်ရှိလာခဲ့ချိန်တွင် တီကျွယ်တျန်းက အဓိက ပလ္လင်ထက်၌ ထိုင်လိုက်သည်။
မည်သူမျှ စကားမပြောဝံ့ကြချေ။
အဆုံး၌မူ တီကျွယ်တျန်း၏ နောက်ကွယ်တွင် ဦးခေါင်းထက်၌ ဦးချိုနှစ်ခုရှိသော လူငယ်တစ်ဦး (နဂါးပျံ) ရှိနေခြင်းကြောင့် ဖြစ်သည်။
သူသည် ကျင့်ကြံခြင်းအရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ထားသော်လည်း စူးရှသော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်နေခဲ့၏။
ထို့ပြင် ထိုနေရာတွင် သက်ကြီးရွယ်အိုတစ်ဦးလည်း ရှိနေသေးသည်။
ထိုသူမှာ ရွမ်ရန်ဘိုးဘေးအိုကြီး ဖြစ်ပြီး ဆန်ကွမ်းကျန့်က သူ့ကို မှတ်မိသဖြင့် ပို၍ပင် တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။
ရွမ်ရန်ဘိုးဘေးအိုကြီးထံမှ ထွက်ပေါ်နေသော အားကောင်းလှသည့် အရှိန်အဝါကြောင့် သူ အသက်ရှူပင် မှားမတတ် ဖြစ်သွားခဲ့ရ၏။
တီကျွယ်တျန်း စကားမပြောသည်ကို မြင်သောအခါ ဆန်ကွမ်းမိသားစုဝင်များအားလုံး လေသံပင်ကျယ်ကျယ် မထွက်ဝံ့ကြချေ။
"မင်းတို့ ငါ့ကို ဂရုစိုက်နေဖို့ မလိုပါဘူး… ငါက ဒီတစ်ကြိမ် အောက်ကမ္ဘာကို စိတ်အပန်းဖြေဖို့ သက်သက်ပဲ လာခဲ့တာ…ငါ့ကို မရှိဘူးလို့ပဲ သဘောထားလိုက်ကြပါ"
တီကျွယ်တျန်း စကားပြောလိုက်တော့မှသာ ထိုလူများအားလုံး သက်ပြင်းချနိုင်သွားကြတော့သည်။
သို့သော်လည်း သူတို့ စိတ်ထဲတွင်တော့ စကားမဲ့သွားခဲ့ရ၏။
'မင်းရဲ့ အဆင့်အတန်းမျိုးနဲ့... ဘယ်သူကကော ရိုင်းစိုင်းဝံ့မှာလဲ...'
"ချင်းအာ... မင်းနဲ့ ယွီ... ရှောင်ယွီတို့ရဲ့ ပြိုင်ပွဲက..." ဆန်ကွမ်းဝမ်အာက မေးမြန်းလိုက်သည်။
"မနက်ဖြန်ပဲ..." ဆန်ကွမ်းချင်းအာက တိုက်ရိုက်ပင် ပြန်လည်ဖြေကြားလိုက်၏။ သူမသည် သူမ၏ အစ်မကြီး ဘာပြောချင်သလဲဆိုသည်ကို သိရှိထားသည်။
ဤအခိုက်အတန့်တွင် ဆန်ကွမ်းချင်းအာ၏ မျက်ဝန်းများထဲ၌ မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။ အတိတ်တုန်းက သူတို့သုံးယောက်စလုံးမှာ အလွန်ရင်းနှီးသော ပတ်သက်မှု ရှိခဲ့ကြခြင်း ဖြစ်သည်။ မူလက ရှောင်ယွီနှင့် စုလျားရစ်ပတ်ရမည့်သူမှာ ဆန်ကွမ်းဝမ်အာ ဖြစ်ပြီး ၎င်းကိစ္စကို လူကြီးအချင်းချင်း သဘောတူ သတ်မှတ်ထားခဲ့ကြပြီး ဖြစ်၏။
သို့သော်လည်း မမျှော်လင့်ဘဲ အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ကာ ဆန်ကွမ်းဝမ်အာသည် အထက်ကမ္ဘာမှ လူတစ်ဦး၏ ရွေးချယ်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်တွင် မိသားစုနှစ်ခုကြားရှိ ပတ်သက်မှုကို မထိခိုက်စေရန်အတွက် ဆန်ကွမ်းချင်းအာကို သူမ၏ အစ်မကြီးနေရာတွင် အစားထိုးကာ စေ့စပ်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို တွေးမိတိုင်း ဆန်ကွမ်းချင်းအာ၏ စိတ်ထဲတွင် နာကျင်ခံခက်ရပေသည်။
"အစ်မကြီး... အတိတ်တုန်းက ရှောင်ယွီနဲ့ အဆင်ပြေဆုံးဖြစ်ခဲ့တာ အစ်မကြီးပဲ မဟုတ်လား"
သူမ ထိုသို့ ပြောလိုက်ချိန်တွင် ဆန်ကွမ်းကျန့်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သော်လည်း ဘာမှမပြောတော့ဘဲ စိတ်ထဲတွင်သာ နောင်တရနေမိတော့သည်။
တီကျွယ်တျန်းကတော့ ဤမြင်ကွင်းကို ဘာမှမပြောဘဲ စောင့်ကြည့်နေခဲ့၏။ ဆန်ကွမ်းချင်းအာသည် ထိုသို့ပြောရင်း တီကျွယ်တျန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းငုံ့သွားခဲ့သည်။
တီကျွယ်တျန်းကတော့ ခပ်ပြုံးပြုံးသာ ရှိနေ၏။ ဆန်ကွမ်းချင်းအာ၏ နှလုံးခုန်သံများမှာ မထိန်းချုပ်နိုင်လောက်အောင် မြန်ဆန်လာခဲ့ရပြီး သူမ၏ ပါးပြင်ထက်၌ အနီရောင် အရိပ်အယောင်များ ပြည့်နှက်သွားခဲ့ရသည်။
ဆန်ကွမ်းချင်းအာ၏ ပုံစံကို ကြည့်ပြီး ဆန်ကွမ်းဝမ်အာ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားခဲ့သည်။ သို့သော်လည်း သူမ အတိတ်က ထွက်ခွာသွားစဉ်က အောက်ကမ္ဘာသို့ ဘယ်တော့မှ ပြန်မလာတော့ဟု ထင်မှတ်ထားခဲ့မိခြင်း ဖြစ်သည်။
ဆန်ကွမ်းချင်းအာကို ရှောင်ယွီနှင့် လက်ထပ်စေခြင်းမှာလည်း ရှောင်ယွီအတွက် လျော်ကြေးတစ်ခုအဖြစ် သူမကိုယ်တိုင် စီစဉ်ခဲ့ခြင်း ဖြစ်၏။ အတိတ်တုန်းက ရှောင်ယွီသည် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျင့်ကြံခြင်းအဆင့်များ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ဆန်ကွမ်းချင်းအာတွင်မူ အမြဲတမ်း ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ထိုအရာကတော့ ရှောင်ယွီသည် ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး တစ်နေ့နေ့တွင် ပြန်လည်ထက်မြက်လာလိမ့်မည်ဟူ၍ ဖြစ်၏။
ဆန်ကွမ်းဝမ်အာသည် ဆန်ကွမ်းချင်းအာ၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့် ၃ကျင့်ကြံသူ စတုတ္ထအလွာ သာရှိနေသည်ကို မြင်တွေ့ရသောအခါ စိုးရိမ်ပူပန်သွားခဲ့ရသည်။
အဆင့်၃ ကျင့်ကြံသူ အင်အားက အစွမ်းထက်ပါသလား။ မသေမျိုးနယ်ေမြ တွင်မူ ၎င်းသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလှပေသည်။
သို့သော် ဤနေရာမှာ အောက်ကမ္ဘာဖြစ်ပြီး ကမ္ဘာငယ်လေးတစ်ခု ဖြစ်သဖြင့် အဆင့်ရှိ၅ သူများမှာပင် ထူးခြားထက်မြက်လှပြီ ဖြစ်၏။
သူမ၏ ဖခင်ဖြစ်သူသည်ပင် တာအိုနန်းတော် အဆင့် ၌သာ ရှိနေသေးပြီး အဇူရာ နယ်ပယ်တွင် အားကောင်းလှသော မိသားစုတစ်ခုကို ဦးဆောင်နေရခြင်း မဟုတ်ပါလား။
"ချင်းအာ... ငါတို့ ညီအစ်မနှစ်ယောက် စကားမပြောဖြစ်တာ ကြာပြီပဲ"
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းချင်းအာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး တစ်စုံတစ်ခုကို တွေးတောမိကာ ငြင်းဆန်လိုက်သည်။
"မလိုပါဘူး... ဒီည ကျွန်မ အားအင်တွေ ပြည့်ဝနေအောင် ကြိုးစားကျင့်ကြံရမယ်။ မနက်ဖြန် တိုက်ပွဲရှိသေးတယ်လေ"
၎င်းကို ကြားရသောအခါ ဆန်ကွမ်းဝမ်အာ အနည်းငယ် စိတ်ဆိုးသွားခဲ့ရသည်။ သူမ ပြန်ရောက်လာကတည်းက ဆန်ကွမ်းချင်းအာသည် သူမအပေါ် အလွန်တရာ အေးစက်စက် ဆက်ဆံနေခဲ့ခြင်းကြောင့် ဖြစ်၏။
တီကျွယ်တျန်းကတော့ ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
သို့သော်လည်း တီကျွယ်တျန်းတွင် ပိုမိုကောင်းမွန်သော အစီအစဉ်တစ်ခု ရှိနေခဲ့ပြီ ဖြစ်၏။
ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာခဲ့ချိန်တွင် တီကျွယ်တျန်းသည် အခန်းတံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"မင်း ရောက်လာပြီပဲ... ဝင်ခဲ့လေ"
တီကျွယ်တျန်း၏ စကားကို ကြားရသောအခါ အမျိုးသမီးတစ်ဦး အခန်းအတွင်းသို့ လှမ်းဝင်လာခဲ့သည်။ သူမသည် ပါးလွှာလှသော ပိတ်စဝတ်စုံကို ဆင်မြန်းထားခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်အလှအပမှာ အထင်းသား ပေါ်လွင်နေပြီး စိတ်ကူးယဉ်စရာ ကောင်းလှပေသည်။ တီကျွယ်တျန်းက သူမကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီးနောက် ထပ်မံ၍ ဂရုမစိုက်တော့ချေ။
ဆန်ကွမ်းချင်းအာ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ရသည်။ ဤသည်မှာ သူမအနေဖြင့် ဤကဲ့သို့သော ဝတ်စုံမျိုးကို ပထမဆုံးအကြိမ် ဝတ်ဆင်ဖူးခြင်း ဖြစ်ပေသည်။ သူမသည် ဤဝတ်စုံကို ဝတ်ဆင်စဉ်က တီကျွယ်တျန်းအနေဖြင့် သူမကို မြင်တွေ့ပါက အံ့အားသင့်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ခုကို ပြုလုပ်လိမ့်မည်ဟု အလွန်အမင်း စိတ်ကူးယဉ်ခဲ့မိခြင်း ဖြစ်၏။ သို့သော် ယခုအခါတွင်မူ သူမကိုယ်တိုင် လျှောက်တွေးနေခဲ့မိခြင်းသာ ဖြစ်ကြောင်း နားလည်လိုက်ရတော့သည်။
"ပြောပါဦး... ဘာကိစ္စရှိလို့လဲ" တီကျွယ်တျန်း၏ လေသံမှာ အေးစက်ခြင်းလည်းမရှိ၊ နွေးထွေးခြင်းလည်း မရှိချေ။
ဆန်ကွမ်းချင်းအာသည် အလွန်တရာ ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။
"ကျွန်မ... သခင်လေးကို အလုပ်အကျွေးပြုချင်ပါတယ်... ကျွန်မ အထက်ကမ္ဘာကို သွားချင်လို့ပါ"
တီကျွယ်တျန်း ခပ်တိုးတိုး ရယ်မောလိုက်မိသည် ဤသည်မှာ ပိုမိုမြင့်မားသော နေရာသို့ တက်လှမ်းရန် ကြိုးစားနေသည့် ရည်မှန်းချက်ကြီးမားသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
"မင်းက အခုထိ အရည်အချင်း မပြည့်မီသေးဘူး"
"အထက်ကမ္ဘာကို သွားနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ် အဇူရာ လျှို့ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ အထက်ကမ္ဘာက ဆင်းသက်လာတဲ့ ပါရမီရှင်တွေ အများကြီး ရှိနေတာပဲ။ မင်းရဲ့ ရုပ်ရည်နဲ့ နည်းလမ်းတွေအရဆိုရင်... အထက်ကမ္ဘာကို သွားနိုင်ဖို့က မခက်ခဲပါဘူး" တီကျွယ်တျန်းက အမှန်တရားကို တိုက်ရိုက်ပင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"သူတို့က... ကျွန်မနဲ့ မထိုက်တန်ပါဘူး"
ထိုစကားကို ကြားရသောအခါ တီကျွယ်တျန်း ထပ်မံ၍ ရယ်မောလိုက်မိသည်။ မိမိကိုယ်မိမိ အထင်ကြီးလွန်းလှသော အမျိုးသမီးတစ်ဦး ပါတကား။
"မင်းက... မင်းရဲ့ အစ်မဖြစ်သူရဲ့ နေရာကို အစားထိုးချင်တာလား" တီကျွယ်တျန်းက ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်၏။
ဆန်ကွမ်းချင်းအာ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။ မိမိ၏ စိတ်ကူးကို ဤလူက ထိုးဖောက်မြင်နေခဲ့ခြင်း မဟုတ်ပါလား။
"ဟုတ်ပါတယ်... ဒါပေမဲ့ မဟုတ်ပြန်ဘူး"
တီကျွယ်တျန်းကတော့ စကားမပြောဘဲ နားထောင်နေခဲ့သည်။
"ဟုတ်တယ်ဆိုတာက... သူမမှာ အစွမ်းထက်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိပြီး ကျွန်မမှာ မရှိတာကို သိလို့ပါ။
မဟုတ်ဘူးဆိုတာကတော့... ကျွန်မ သူမလို လူမျိုးတစ်ယောက် မဖြစ်ချင်လို့ပါ။ သူမက အပြင်ပန်းမှာ ဖြူစင်သန့်ရှင်းတယ်လို့ ထင်ရပေမယ့် စိတ်နှလုံးကတော့ မည်းမှောင်ပြီး အတ္တဆန်လွန်းပါတယ်" ဆန်ကွမ်းချင်းအာက အမှန်အတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်၏။
တီကျွယ်တျန်းလည်း ဘာမှမပြောတော့ချေ။ အဆုံး၌မူ ဤကဲ့သို့သော ကိစ္စရပ်များမှာ အထူးအဆန်း မဟုတ်ပါလား။
ညီအစ်ကို မောင်နှမအရင်းအချာများပင် စာရင်းအင်း ရှင်းလင်းစွာ တွက်ချက်တတ်ကြသေးသည်ဖြစ်ရာ ဂုဏ်မာနထောင်လွှားလှသော ပါရမီရှင်အမျိုးသမီးနှစ်ဦးအကြား ဤသို့ ဖြစ်ပျက်ခြင်းမှာ သဘာဝကျလှပေသည်။
"မနက်ဖြန် မင်း ယှဉ်ပြိုင်ရမယ့်လူနဲ့ မင်းရဲ့ အစ်မကြားမှာ ဘယ်လို ပတ်သက်မှုမျိုး ရှိခဲ့တာလဲ"
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်းချင်းအာ၏ မျက်နှာအမူအရာ ချက်ချင်း ဖြူဖျော့သွားခဲ့ရပြီး ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်သွားခဲ့၏။ ဤသခင်လေးသည် သူမ၏ အစ်မဖြစ်သူကြောင့်သာ အောက်ကမ္ဘာသို့ ဆင်းသက်လာခဲ့ခြင်းလားဟု သူမ တွေးတောမိလိုက်ခြင်းကြောင့် ဖြစ်ပေသည်။
"သူတို့က ငယ်သူငယ်ချင်းတွေ ပါ။ ကျွန်မကတော့ ကြားထဲက ယဇ်ပူဇော်ခံလိုက်ရတဲ့သူ သက်သက်ပါပဲ။ သူမက အထက်ကမ္ဘာကို သွားခဲ့ပြီး ကျွန်မကတော့ အစားထိုးခံ အနေနဲ့ လျော်ကြေးတစ်ခု ဖြစ်လာခဲ့ရတယ်။ သူမ အထက်ကမ္ဘာကို သွားခါနီးမှာ ရှောင်ယွီ ဝမ်းနည်းနေတာကို မကြည့်ရက်လို့... ကျွန်မကို သူ့နဲ့ လက်ထပ်ဖို့ အတင်းအကျပ် စီစဉ်ခဲ့တာ... ဒါက ကျွန်မရဲ့ အကျိုးအတွက်လို့ အကြောင်းပြပြီးတော့ပေါ့"