အခန်း ၂၀ - ငါ တစ်ခုခု မှားပြောမိလို့လား
"မင်း အဲ့ဒီလူငယ်ကို သိတာလား" တီကျွယ်တျန်းက မေးမြန်းလိုက်သည်။
"ကျွန်မတို့ ဆန်ကွမ်းမိသားစုနဲ့ ရှောင်မိသားစုက အရင်တုန်းက ရင်းနှီးတဲ့ ပတ်သက်မှု ရှိခဲ့ဖူးပြီး နှစ်ဖက်စလုံးရဲ့ အင်အားကလည်း အလားတူပဲ ရှိခဲ့ကြတာပါ။
ကျွန်မရဲ့ ဆရာက ကျွန်မကို အထက်ကမ္ဘာဆီ ခေါ်သွားခဲ့တုန်းက မိသားစုအတွက် ကံကောင်းမှု အခွင့်အရေး အများအပြား ချန်ထားခဲ့ပေးတယ်။ အဲ့ဒီနောက်ပိုင်း သူတို့ရဲ့ အင်အားက အရမ်းမြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့ပြီး မိသားစုတစ်ခုလုံးကလည်း အနည်းငယ် မာနထောင်လွှားလာခဲ့ပုံရပါတယ်"
တီကျွယ်တျန်းကတော့ မည်သည့်စကားမျှ မပြောပေ။ ဆန်ကွမ်းဝမ်အာ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးလှသော အရိပ်အယောင်အချို့ကို သူ မြင်တွေ့လိုက်ရသည်။ ဤသည်မှာ အတ္တဆန်ပြီး အငြင်းပွားဖွယ်ရာကောင်းလှသော ဇာတ်လမ်းတစ်ပုဒ် ပါဝင်ပတ်သက်နေသည့်အလား ရှိနေ၏။
"ဒါဆိုရင်လည်း... ငါ မင်းနဲ့အတူ သွားရောက်ကြည့်ရှုပေးရတာပေါ့ ဘာပဲဖြစ်ဖြစ် ငါလည်း လုပ်စရာ ဘာမှမရှိဘူး မဟုတ်လား"
"သခင်လေး... သခင်လေးကိုယ်တိုင် လိုက်ခဲ့မလို့လား" ဆန်ကွမ်းဝမ်အာသည် ၎င်းကို ငြင်းဆန်ချင်သော်လည်း တီကျွယ်တျန်း၏ အမိန့်ကို သူမ မလွန်ဆန်ဝံ့ပေ။
"သွားကြစို့..."
"သခင်လေး... ဒီအစေခံအိုကြီးလည်း လိုက်ပါခွင့်ပြုပါ… ကျွန်တော်မျိုးရဲ့ အင်အားက မကြီးမားလှပေမဲ့ အဇူရာ လျှို့ဝှက်ဆန်းကြယ် နယ်မြေထဲမှာတော့ သတင်းစကားပါးတာမျိုးနဲ့ အလုပ်အကြွေးပြုဖို့အတွက် အသုံးဝင်နိုင်ပါတယ်"
တီကျွယ်တျန်းက ခေါင်းညိတ်ပြလိုက်၏။ တီကျွယ်တျန်း သဘောတူသည်ကို မြင်တွေ့လိုက်ရသဖြင့် အသက်ရာချီရှိနေပြီဖြစ်သော ရွမ်ရန်ဘိုးဘေးအိုကြီးသည် ကလေးငယ်တစ်ဦးကဲ့သို့ ပျော်ရွှင်သွားခဲ့ရတော့သည်။
ဤအချိန်တွင် ဆန်ကွမ်းမိသားစုအတွင်း၌ ဖြစ်သည်။ ဆန်ကွမ်းကျန့်သည် သူနဲ့မလှမ်းမကမ်းတွင် ရှိနေသော အမျိုးသမီးငယ်လေးကို ကြည့်ကာ မျက်ဝန်းများထဲ၌ ကြင်နာယုယမှုများနှင့်အတူ စိုးရိမ်ပူပန်မှု အနည်းငယ်လည်း ဖြစ်ပေါ်နေခဲ့၏။
"ချင်းအာ... မင်း တကယ်ပဲ ယုံကြည်ချက် ရှိရဲ့လား"
သူသည် သမီးဖြစ်သူ စေ့စပ်ပွဲ သွားရောက်ဖျက်သိမ်းခဲ့စဉ်ကတည်းက သိရှိထားခဲ့သော်လည်း သူမကို မတားဆီးခဲ့ပေ။ လူသည် မြင့်မားရာသို့ တက်လှမ်းရန် ကြိုးစားကြစမြဲဖြစ်ပြီး ရေသည် နိမ့်ရာသို့ စီးဆင်းစမြဲ မဟုတ်ပါလား။
ထို့ပြင် ဤသည်မှာ ကျင့်ကြံခြင်းလောက ဖြစ်ပေသည်။ ရှောင်ယွီသည် အတိတ်တုန်းက အသုံးမကျသော လူဖျင်းတစ်ဦး ဖြစ်ခဲ့သော်လည်း မမျှော်လင့်ဘဲ စေ့စပ်ပွဲ ပယ်ဖျက်ခြင်း ခံလိုက်ရပြီးနောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် ထက်မြက်လာခဲ့သည်။
ယခုအခါ သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူ၏ အင်အားက မည်သည့်အဆင့်အထိ ရောက်ရှိနေပြီလဲဆိုသည်ကို သူ စိုးရိမ်မိခြင်း ဖြစ်၏။
"အဖေ... စိုးရိမ်မနေပါနဲ့… ကျွန်မ အတိတ်တုန်းက လုပ်ခဲ့တဲ့ ကိစ္စအတွက် နောင်တမရခဲ့သလို အခုလည်း သေချာပေါက် နောင်တရမှာ မဟုတ်ဘူး.. သူက မဆိုးဘူးဆိုရင်တောင် အဖေ့ရဲ့ သမီးကလည်း အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ပါဘူး။ ဒါ့အပြင် အစ်မကြီး ထွက်ခွာသွားတုန်းက သူမရဲ့ ဆရာက ကျင့်ကြံခြင်း အရင်းအမြစ် အမြောက်အမြား ချန်ထားခဲ့ပေးတယ်... ၎င်းအရင်းအမြစ်တွေက အောက်ကမ္ဘာမှာ တကယ့်ကို တွေ့ရခဲတဲ့ အရာတွေပါ။ ဒီသုံးနှစ်အတွင်းမှာ ကျွန်မ အပြင်းအထန် ကြိုးစားကျင့်ကြံခဲ့တာ... အစ်မကြီးရဲ့ ခြေရာကို အမှီလိုက်နိုင်ဖို့အတွက်ပဲ"
ဆန်ကွမ်းချင်းအာ၏ စကားကို ကြားရသောအခါ ဆန်ကွမ်းကျန့် သက်ပြင်းချလိုက်မိသည်။ မိမိသမီး၏ စိတ်ကူးကို သူ ဘာဖြစ်လို့ မသိဘဲ နေပါမည်နည်း။
၎င်းကို အရှုံးမပေးလိုစိတ်ဟု ဖော်ပြနိုင်ပေသည်။
သမီးနှစ်ယောက်စလုံးမှာ ငယ်စဉ်ကတည်းကပင် အမြဲတမ်း ပြိုင်ဆိုင်လာခဲ့ကြခြင်း ဖြစ်ပြီး ဤကဲ့သို့သော ပြိုင်ဆိုင်မှုမျိုးကလည်း ကောင်းမွန်လှပေသည်။
သို့သော် အထက်ကမ္ဘာမှ လူများ ပေါ်ထွက်လာပြီး ဆန်ကွမ်းဝမ်အာကို ခေါ်ဆောင်သွားခဲ့သည့် အချိန်မှစ၍ ဆန်ကွမ်းချင်းအာ ပြောင်းလဲသွားခဲ့သည်။
ထို့ပြင် အပြင်ဘက်မှ အတင်းအဖျင်း စကားများကလည်း ထွက်ပေါ်လာခဲ့သေး၏။ သူမသည် သူမ၏ အစ်မကြီးလောက် မထက်မြက်ကြောင်း၊ နောင်တစ်ချိန်တွင် သူမ၏ အစ်မကြီးသည် အထက်ကမ္ဘာမှ ကောင်းကင်ဘုံက ရွေးချယ်ထားသော ပါရမီရှင်အမျိုးသားတစ်ဦးကို ရှာဖွေနိုင်လိမ့်မည် ဖြစ်ကြောင်း စသည်ဖြင့်ပေါ့။
သူမက ဘာဖြစ်လို့ အောက်ကမ္ဘာမှာပဲ ကျန်ရစ်နေခဲ့ရပြီး သူမ၏ စေ့စပ်ထားသူကလည်း အသုံးမကျသော လူဖျင်းတစ်ဦး ဖြစ်နေရသနည်း။ ဆန်ကွမ်းချင်းအာ၏ စိတ်ထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။
ယခင်က အခြားလူများက ရှောင်ယွီကို လူဖျင်းဟု ပြောဆိုကြစဉ်က ဆန်ကွမ်းချင်းအာအနေဖြင့် ပြန်လည်ချေပပေးခဲ့သေးသည်။
သို့သော်လည်း ရှောင်ယွီကို လူဖျင်းဟု ပြောဆိုသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့၏။ ဆန်ကွမ်းချင်းအာသည် မည်သည့်မျှော်လင့်ချက်မျှ မမြင်တော့သဖြင့် စိတ်ကုန်လာခဲ့ကာ စေ့စပ်ပွဲကို တိုက်ရိုက် သွားရောက်ဖျက်သိမ်းပစ်ခဲ့တော့သည်။
သူမသည် ထိုအချိန်က လျော်ကြေးများကိုပင် ပေးအပ်ခဲ့သေး၏။ အဲ့ဒီနောက်မှာတော့ သုံးနှစ်ပြည့် ကတိကဝတ် သတ်မှတ်ချက် ရှိလာခဲ့ခြင်း ဖြစ်သည်။
ဒီသုံးနှစ်အတွင်းမှာ ဆန်ကွမ်းချင်းအာဟာ ရူးသွပ်မတတ် အပြင်းအထန် ကြိုးစားကျင့်ကြံခဲ့သဖြင့် သူမ၏ ဖခင်ပင် သူမကို တစ်နှစ်လျှင် တစ်ကြိမ်ခန့်သာ တွေ့ရတတ်တော့သည်။ ယခုတစ်ကြိမ်တွင် သုံးနှစ်ပြည့် ကာလသာ ရောက်မလာခဲ့ပါက ဆန်ကွမ်းချင်းအာအနေဖြင့် အပြင်သို့ ထွက်လာလိမ့်မည် မဟုတ်ချေ။
ဖခင်နှင့် သမီးဖြစ်သူတို့ သီးသန့်စကားပြောဆိုနေကြစဉ်မှာပင် ဆန်ကွမ်းကျန့်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။ ဆန်ကွမ်းချင်းအာက သူမ၏ ဖခင်ကို လှမ်းကြည့်လိုက်၏။
'အဖေ... တစ်ခုခု ဖြစ်လို့လား...'
ဆန်ကွမ်းကျန့်က စကားမပြောဘဲ သူ၏ လက်ထဲ၌ ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုကျောက်စိမ်းပြားကို မြင်တွေ့လိုက်ရချိန်တွင် ဆန်ကွမ်းကျန့်သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်မိ၏။ ဆန်ကွမ်းချင်းအာလည်း တစ်စုံတစ်ခုကို ရိပ်မိသွားခဲ့သည်။
'အဖေ... အစ်မကြီး ပြန်လာတာလား...'
"ဟုတ်တယ်... ဝမ်အာ ပြန်လာပြီ… ဝမ်အာလည်း အခုလို ပြန်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ဆန်ကွမ်းကျန့် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
ဆန်ကွမ်းချင်းအာလည်း စိတ်လှုပ်ရှားသွားခဲ့ရသော်လည်း ထို့နောက်တွင် သူမသည် တစ်စုံတစ်ခုကို တွေးတောမိသွားကာ မျက်ဝန်းများထဲ၌ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့ရ၏။
ဒုန်း...
ဤအခိုက်အတန့်တွင် ဆန်ကွမ်းမိသားစု၏ အထက်ကောင်းကင်ယံကြီးတစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားခဲ့ရသည်။
၎င်းကို မြင်တွေ့လိုက်ရသဖြင့် ဆန်ကွမ်းကျန့်သည် အပြင်သို့ ပျံသန်းထွက်ခွာသွားခဲ့ပြီး ဆန်ကွမ်းချင်းအာကလည်း နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့၏။
လေဟာနယ်ကြီး ပွင့်ဟသွားခဲ့ပြီ ဖြစ်သည်။ ရွှေရောင်အလင်းတန်းများနှင့်အတူ ရွှေရောင်လမ်းမကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဖျက်ဆီးခြင်းချီစွမ်းအင်များကို ထုတ်လွှတ်နေသော နဂါးပျံကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
၎င်းရုတ်တရက် ပြောင်းလဲမှုကို မြင်တွေ့လိုက်ရသဖြင့် ဆန်ကွမ်းမိသားစုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။
"မကြောက်ကြပါနဲ့... ဒါက ဝမ်အာ ပြန်လာတာပါ" ဆန်ကွမ်းကျန့်သည် ဆန်ကွမ်းမိသားစုဝင်များ၏ မျက်ဝန်းထဲရှိ ကြောက်ရွံ့မှုများကို ကြည့်ကာ နှစ်သိမ့် စကားပြောဆိုလိုက်သည်။
ထိုစကားကို ကြားရမှသာ ဆန်ကွမ်းမိသားစုဝင်များ သတိပြန်လည်လာခဲ့ကြပြီး ထို့နောက်တွင် အလွန်အမင်း စိတ်လှုပ်ရှားသွားကြရတော့၏။
ဆန်ကွမ်းဝမ်အာဟူသည် ဆန်ကွမ်းမိသားစု၏ ဂုဏ်ယူစရာ ကံကြမ္မာသမီးတော် ဖြစ်ပေသည်။ သုံးနှစ်အကြာတွင် သူမ ဤသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိချေ။
"အဖေ..."
ဤအခိုက်အတန့်တွင် နဂါးပျံကြီး၏ အပေါ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဖြူစင်သော ဝတ်စုံကို ဆင်မြန်းထားပြီး မျက်နှာတွင် ပိတ်စတစ်ခု အုပ်ဆိုင်းထားသဖြင့် ရုပ်သွင်အစစ်အမှန်ကို အသေအချာ မမြင်ရချေ။
သို့သော်လည်း ဆန်ကွမ်းကျန့်သည် သူမကို တစ်ချက်တည်းနှင့် မှတ်မိလိုက်သည်။
အဆုံး၌မူ သူမသည် သူ၏ သွေးသားရင်းချာ သမီးဖြစ်ပြီး သွေးချင်းဆက်နွှယ်မှု ရှိနေသည် မဟုတ်ပါလား။
သုံးနှစ်အကြာတွင် မိမိ၏ သမီးဖြစ်သူ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ပင်ကိုယ်ဟန်ပန်မှာ ပိုမိုမြင့်မြတ်လာခဲ့ပြီး သူမ၏ အင်အားကလည်း ကြီးမားလာခဲ့ကာ သူကိုယ်တိုင်ပင် သူမကို ထိုးဖောက်မမြင်နိုင်တော့ချေ။
ဆန်ကွမ်းချင်းအာသည် ဝမ်းမြောက်နေမိသော်လည်း တစ်ဖက်တွင်မူ မနာလိုဝန်တိုမှုကိုလည်း ခံစားလိုက်ရသည်။
ဘာဖြစ်လို့ ဤကဲ့သို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေရသလဲဆိုသည်ကို သူမ မသိချေ။ ၎င်းသည် သူမ၏ အတိတ်က အတွေ့အကြုံများနှင့် သက်ဆိုင်နေခြင်း ဖြစ်နိုင်ပေသည်။
နဂါးပျံကြီးကို စီးနင်းကာ မြင့်မြတ်လှသော ပုံစံဖြင့် ပေါ်ထွက်လာသည့် ဆန်ကွမ်းဝမ်အာကို ကြည့်ရင်း ဆန်ကွမ်းချင်းအာသည် သူမ၏ နေရာတွင် မိမိကိုယ်တိုင် ဖြစ်နေစေချင်မိသည်။
သို့သော် သူမအနေဖြင့် စိတ်ကူးယဉ်ရုံသာ တတ်နိုင်ပေသည်။ သူမသည် သုံးနှစ်တိုင်တိုင် အပြင်းအထန် ကြိုးစားခဲ့သော်လည်း ဘာဖြစ်လို့ အခုထိ မလုံလောက်သေးရသနည်း။
သူမသည် သူမ၏ အစ်မကြီးထက် တကယ်ပဲ နိမ့်ကျနေရသလော။
ဆန်ကွမ်းဝမ်အာသည် သူမ၏ ဖခင်ကို ဖက်လိုက်ပြီး ထို့နောက်တွင် ဆန်ကွမ်းချင်းအာကို လှမ်းကြည့်လိုက်၏။
'ချင်းအာ... မတွေ့ရတာ ကြာပြီနော်...'
"အစ်မကြီး... ပြန်လာတာကို ဂုဏ်ယူပါတယ်။ ဒီတစ်ကြိမ် ပြန်လာတာ... ဘယ်တော့လောက် ပြန်ထွက်သွားမှာလဲ"
"ချင်းအာ... ပါးစပ်ပိတ်ထားစမ်း, မင်း ဘာတွေ ပြောနေတာလဲ"
'ဒါက မင်းရဲ့ အစ်မကြီးပဲ… ပြီးတော့ ဒါက မင်းအစ်မရဲ့ အိမ်ပဲလေ… မင်းအစ်မက သူမ ပြန်လာချင်တဲ့အချိန် ပြန်လာပြီး ထွက်သွားချင်တဲ့အချိန် ထွက်သွားပိုင်ခွင့် ရှိတယ်'
သူမ၏ ဖခင်ဖြစ်သူထံမှ စကားကို ကြားလိုက်ရသောအခါ ဆန်ကွမ်းချင်းအာ ကြောင်အသွားခဲ့ရသည်။ ဘာဖြစ်လို့ သူမ၏ ဖခင်က သူမကို အော်ဟစ်ငေါက်ငမ်းနေရသနည်း။ သူမက မေးရုံတင် မေးလိုက်တာလေ။
"အဖေ... ကိစ္စမရှိပါဘူး"
ဆန်ကွမ်းဝမ်အာသည် တီကျွယ်တျန်း ဤနေရာတွင် ရှိနေဆဲဖြစ်ကြောင်း ရုတ်တရက် သတိရသွားခဲ့ရသည်။
တီကျွယ်တျန်းဘက်သို့ လှည့်ကာ
"သခင်လေး... ဒါက ဆန်ကွမ်းမိသားစုပါပဲ"
မိမိတို့ကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားနေကြသော ဆန်ကွမ်းမိသားစုဝင်များအားလုံး ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။
မိမိတို့၏ သမီးကြီးသည် အထက်ကမ္ဘာသို့ သွားရောက်ခဲ့ခြင်း မဟုတ်ပါလား။ ယခုအခါတွင်တော့ သူမသည် အခြားတစ်စုံတစ်ယောက်ကို 'သခင်လေး' ဟု ခေါ်ဆိုနေသည် မဟုတ်ပါလား။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် ဖြစ်စဉ်များမှာ သမီးကြီး ဖော်ပြလိုက်သော ဤသခင်လေးကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်မလား။
တီကျွယ်တျန်း ရှေ့သို့ လှမ်းထွက်လာခဲ့သည်။ ဆန်ကွမ်းမိသားစုကို ကြည့်ကာ သူ၏ မျက်နှာထက်၌ မည်သည့်ခံစားချက်မျှ ထုတ်ဖော်ပြသခြင်း မရှိပေ။
တီကျွယ်တျန်း ဆင်းသက်လာပြီးနောက်တွင် ဆန်ကွမ်းချင်းအာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
သူမသည် တီကျွယ်တျန်းကို မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် စိုက်ကြည့်နေမိ၏။
ဤလူက သူမအစ်မကြီး၏ အမျိုးသားလော။
'ဘာဖြစ်လို့ သူ ဖြစ်နေရတာလဲ...'
ဤအခိုက်အတန့်တွင် ဆန်ကွမ်းချင်းအာ၏ စိတ်ထဲ၌ ဒေါသလှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားခဲ့ရသည်။ သူမသည် တီကျွယ်တျန်းကို နားမလည်နိုင်လှသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေမိ၏။
"ဒါက... ငါ့ရဲ့ တန်ဖိုးရှိလှတဲ့ သမက်တော်လား..." ဆန်ကွမ်းကျန့်သည် မိမိ၏ သမီးဖြစ်သူနှင့်အတူ ဤကဲ့သို့ ထူးခြားထက်မြက်လှသော သခင်လေးတစ်ဦး ပေါ်ထွက်လာသည်ကို မြင်တွေ့ရသောအခါ ဖခင်တစ်ဦးအနေဖြင့် အထက်ကမ္ဘာ၏ ကိစ္စရပ်များကို မသိရှိသဖြင့် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ရိုင်းစိုင်းလှချည်လား..."
ဤအချိန်တွင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နဂါးပျံကြီးသည် လူငယ်တစ်ဦးအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး သူသည် ဆန်ကွမ်းကျန့်ကို သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
ဆန်ကွမ်းမိသားစုဝင်များအားလုံး ဆွံ့အသွားခဲ့ကြရသလို ဆန်ကွမ်းကျန့်လည်း ကြောင်အသွားခဲ့ရသည်။ သူ တစ်ခုခု မှားပြောမိလို့လား။