အခန်း ၁၉ - နဂါးပျံကို စီးနင်းလာတဲ့ ဤလူက ဘယ်သူနည်း
"အို... မင်းက ဒီနေရာကို သိတာလား"
ဆန်ကွမ်းဝမ်အာ၏ စကားကို ကြားရသောအခါ တီကျွယ်တျန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"သိပါတယ်... ဘာလို့လဲဆိုတော့ ကျွန်မက ဒီကမ္ဘာက လာခဲ့တာမို့လို့ပါ..ကျွန်မရဲ့ ဆရာကြောင့်သာ အောက်ကမ္ဘာကနေ အထက်ကမ္ဘာကို တက်လှမ်းခွင့် ရခဲ့တာပါ"
ထိုစကားကို ကြားလိုက်ရသဖြင့် တီကျွယ်တျန်း ပြုံးလိုက်မိသည်။
"ဒါဆိုရင်လည်း... မင်း ငါနဲ့အတူ အောက်ကမ္ဘာကို လိုက်ခဲ့ပေါ့"
ထိုစကားကို ကြားရသောအခါ ဆန်ကွမ်ဝမ်အာ အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့ရသည်။ အဆုံး၌မူ အထက်ကမ္ဘာသို့ တက်လှမ်းရန် လွယ်ကူသော်လည်း အောက်ကမ္ဘာသို့ ပြန်လည်ဆင်းသက်ရန်မှာမူ အလွန်ခက်ခဲလှပေသည်။
(သူတို့ ကျမှပဲ တက်တာလွယ်)
အားကောင်းလှသော နောက်ခံအင်အားစုတစ်ခု၏ ပံ့ပိုးကူညီမှု မရှိပါက အောက်ကမ္ဘာသို့ ဆင်းသက်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ဆန်ကွမ်းဝမ်အာသည် အထက်ကမ္ဘာသို့ ရောက်ရှိနေခဲ့သည်မှာ သုံးနှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်… သူမသည် မိမိ၏ မိသားစုကိုလည်း အလွန်အမင်း လွမ်းဆွတ်နေခဲ့မိ၏။
တီကျွယ်တျန်း အောက်ကမ္ဘာသို့ ဆင်းသက်လာခဲ့သည့် အချိန်တွင်...
ယခုအချိန်၌မူ အဇူရာ လျှို့ဝှက်ဆန်းကြယ် နယ်မြေ အတွင်းရှိ ရွမ်းရန်ဂိုဏ်း ၌ ဖြစ်သည်။ ဂိုဏ်းချုပ်နှင့် အမှောင်ထုထဲတွင် ပုန်းကွယ်နေသော ဘိုးဘေးအိုကြီးတို့သည် အပြင်သို့ ထွက်ပေါ်လာကြပြီး သူတို့၏ မျက်ဝန်းများမှာ ကောင်းကင်ယံထက်ဆီသို့သာ စိုက်ကြည့်နေကြ၏။
အဆုံး၌မူ အထက်ကမ္ဘာမှ လူများ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း တစ်စုံတစ်ယောက်က သူတို့ကို ကြိုတင်အကြောင်းကြားထားခဲ့ခြင်းကြောင့် ဖြစ်သည်။
"ဒီတစ်ကြိမ်မှာ ဘယ်သူ ဆင်းသက်လာတာလို့ မင်းထင်လဲ"
"ငါလည်း မသိဘူး... အမွေဆက်ခံသူ အဆင့်ဆင့် ထဲက တစ်ယောက်ယောက် ဖြစ်ရမယ်"
ဤအခိုက်အတန့်တွင် ရွမ်းရန်ဂိုဏ်း၏ တပည့်များကလည်း စူးစမ်းလိုစိတ်ဖြင့် ထင်ကြေးပေးကာ ဆွေးနွေးနေကြသည်။
အဇူရာ လျှို့ဝှက်ဆန်းကြယ် နယ်မြေသည် သေးငယ်လှသည်မဟုတ်သော်လည်း မသေမျိုးနယ်မြေနှင့် နှိုင်းယှဉ်လိုက်ပါက နေရာကွက်ကွက်လေးတစ်ခုမျှသာ ဖြစ်ပေသည်။
ဝူး...
ဤအချိန်တွင် အဇူရာ လျှို့ဝှက်ဆန်းကြယ် နယ်ပယ်တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်ချောက်ချားလာခဲ့သည်။ ထိုနယ်ပယ်အတွင်းရှိ လူအားလုံး ကောင်းကင်ယံထက်မှ မြင်ကွင်းကို ကြည့်ကာ မျက်ဝန်းများထဲ၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေကြတော့၏။
"ဘာတွေ ဖြစ်ပျက်နေတာလဲ"
"ငါလည်း မသိဘူး... တစ်စုံတစ်ယောက်က အထက်ကမ္ဘာကို တက်လှမ်းတော့မှာမို့လို့လား"
"မဖြစ်နိုင်တာ... အထက်ကမ္ဘာကို တက်လှမ်းတာက ဤမျှလောက်အထိ ကြီးမားတဲ့ လှုပ်ခတ်မှုကို ဖြစ်ပေါ်မလာစေနိုင်ဘူး"
"ဒါက အထက်ကမ္ဘာက လူတစ်ယောက် အောက်ကမ္ဘာကို ဆင်းသက်လာတာနဲ့ ပိုတူတယ်"
"အဇူရာ လျှို့ဝှက်ဆန်းကြယ် နယ်မြေမှာ ကြီးမားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်တော့မယ့်ပုံပဲ"
"လတ်တလောမှာ အဇူရာ နယ်ပယ်က ခဏခဏ တုန်လှုပ်နေတတ်ပေမယ့် ဒီတစ်ကြိမ်လောက် ပြင်းထန်တာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"
ကောင်းကင်ယံထက်၌ အနက်ရောင် အစက်အပြောက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ အဲ့ဒီနောက်မှာတော့ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးလိုက်သည့်အလား ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
အဇူရာ နယ်မြေရှိ လူများမှာ မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်လှသော ရွှေရောင်အလင်းတန်းကြီးကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
ဂါး...
နတ်သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံက ကောင်းကင်ယံတစ်ခုလုံးကို ဟည်းသွားစေခဲ့သည်။ ကောင်းကင်ယံထက်တွင် နေမင်းကိုပင် ဖုံးလွှမ်းနိုင်လောက်အောင် ပေါ်ထွက်လာသော နဂါးပျံကြီး ကို ကြည့်ပြီး အဇူရာ နယ်မြေရှိ လူများအားလုံး ဆွံ့အသွားခဲ့ရ၏။
"နဂါးမျိုးနွယ်စု က လူတစ်ယောက် ဆင်းသက်လာတာလား"
"မဟုတ်ဘူး... နဂါးပျံ တစ်ကောင်ပဲ ဖြစ်ရမယ်"
"ဟုတ်တယ်... ဒါပေမဲ့ ဒီနဂါးပျံရဲ့ အင်အားက အလွန်တရာ အစွမ်းထက်လှတယ်၊ အဇူရာ နယ်မြေရဲ့ အမြင့်ဆုံး အကန့်အသတ်ကိုတောင် ရောက်နေပြီ ထင်တယ်"
"ဖြစ်နိုင်တယ်... မင်း မမြင်ဘူးလား၊ ဒီနဂါးပျံရဲ့ ခြေဖဝါးအောက်မှာ လေဟာနယ်ကြီးတစ်ခုလုံး တုန်ခါနေတာကို"
"သေချာကြည့်စမ်း... အဲ့ဒီနဂါးပျံရဲ့ အပေါ်မှာ လူတစ်ယောက် ရှိနေတာ မဟုတ်လား"
ထိုစကားကို ကြားရသောအခါ လူအများအပြား သတိပြုမိသွားကြပြီး ကောင်းကင်ယံထက်ဆီသို့ မော့ကြည့်လိုက်ကြသည်။
သေချာပေါက်ပင်... သူတို့သည် ပုံရိပ်နှစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရ၏။
သို့သော်လည်း ထိုသူတို့၏ မျက်နှာပြင်များကို ဖုံးကွယ်ထားခဲ့ခြင်းကြောင့် ရုပ်သွင်အစစ်အမှန်ကိုမူ မမြင်တွေ့ကြရချေ။
"ဘယ်လိုမျိုး အင်အားစုက ဆင်းသက်လာတာလဲ... တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းတယ်"
"ဘယ်အင်အားစုပဲဖြစ်ဖြစ်... ငါတို့နဲ့ ဘာမှမသက်ဆိုင်ပါဘူး"
"ဒါလည်း ဟုတ်တာပဲ..."
ရွမ်းရန်ဂိုဏ်းသားများသည် ကောင်းကင်ယံထက်ရှိ လူများကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်နေကြသည်။
ရွမ်းရန်ဘိုးဘေးအိုကြီး (ယသည် ထိုနဂါးပျံကြီးကို ကြည့်ကာ စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
"ဘိုးဘေးကြီး... ဒီတစ်ကြိမ်မှာ ဘယ်သူ ဆင်းသက်လာတာလို့ ထင်လဲ"
"ငါလည်း မသိဘူး... ဒါပေမဲ့ အဲ့ဒီနဂါးပျံက ငါ့ကို သတ်ချင်တယ်ဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းအရှိန်အဝါနဲ့တင် ငါ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
"ဘိုးဘေးကြီး... ကျွန်တော့်ကို မလိမ်ပါနဲ့။ ဘိုးဘေးက အဇူရာ နယ်မြေရဲ့ အစွမ်းထက်ဆုံး ပညာရှင်တွေထဲက တစ်ယောက်ပဲလေ"
"ဒီနဂါးပျံက ငါနဲ့ ကျင့်ကြံခြင်းနယ်ပယ် တူညီပေမယ့် သူ့ရဲ့ သွေးမျိုးဆက်က မြင့်မားလွန်းသလို ခန္ဓာကိုယ်ကလည်း အလွန်တရာ အားကောင်းလှတယ်။ သူက ငါ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်လို့ ပြောရင်တောင် ငါ့ကိုယ်ငါ အထင်ကြီးလွန်းရာ ရောက်နေဦးမယ်"
"ဤမျှလောက် အစွမ်းထက်တဲ့ နဂါးပျံကြီးက စီးတော်ယာဉ် တစ်ခုမျှသာ ဖြစ်လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့မိဘူး"
"တကယ့်ကိုပဲ... လူအချင်းချင်း နှိုင်းယှဉ်ကြည့်လိုက်ရင် ဒေါသထွက်စရာကောင်းလှတယ်" ရွမ်းရန်ဘိုးဘေးကြီးက သက်ပြင်းချလိုက်သည်။
"ဒီနေရာက ရွမ်းရန်ဂိုဏ်းလား..." တီကျွယ်တျန်း၏ အသံက ပျံ့လွင့်လာခဲ့သည်။
ထိုအသံကို ကြားလိုက်ရသည်နှင့် ရွမ်းရန်ဂိုဏ်း၏ လူအားလုံး ဒူးထောက်လိုက်ကြပြီး ရွမ်းရန်ဘိုးဘေးကြီးကိုယ်တိုင်ပင် ဒူးထောက် ဂါရဝပြုလိုက်ရ၏။
"သခင်လေးကို နှုတ်ခွန်းဆက်သပါတယ်..."
"မလိုပါဘူး... ထကြပါ"
တီကျွယ်တျန်းထံမှ ကျင့်ကြံခြင်းအရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရွမ်းရန်ဂိုဏ်း၏ လူအားလုံးကို ထိုစွမ်းအားဖြင့် မတ်တပ်ရပ်စေခဲ့သည်။ ရွမ်းရန်ဂိုဏ်း၏ လူအားလုံး မျက်ဝန်းများထဲ၌ တုန်လှုပ်အံ့အားသင့်ဖွယ် အမူအရာများ ပြည့်နှက်သွားခဲ့ရ၏။
"သခင်လေး... ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ" ဘိုးဘေးကြီးသည် မိမိ၏ စိတ်ထဲရှိ တုန်လှုပ်မှုကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရသည်။
ယခင်က အထက်ကမ္ဘာမှ လူများ ဆင်းသက်လာဖူးပြီး ရွမ်းရန်ဘိုးဘေးကြီးအနေဖြင့် ၎င်းတို့ထဲမှ အများအပြားကို မြင်တွေ့ဖူးခဲ့သည်။
သို့သော်လည်း မည်သည့်ကျင့်ကြံခြင်းအရှိန်အဝါမျှ ထုတ်မပြဘဲ ဤမျှလောက်အထိ ကြီးမားလှသော ဖိအားကို ပေးစွမ်းနိုင်သည့် လူမျိုးကိုမူ သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ဤလူငယ်လေး၏ အဆင့်အတန်းမှာ အလွန်တရာ မြင့်မားလှပေသည်။
"ကျွန်တော်မျိုး မေးမြန်းပါရစေ... သခင်လေးက တီမိသားစုမှာ ဘယ်လိုရာထူးမျိုး ရှိပါသလဲခင်ဗျာ..." ရွမ်းရန်ဘိုးဘေးကြီးက စိုးရိမ်ထိတ်လန့်စွာဖြင့် အသံများ တုန်ယင်လျက် မေးမြန်းလိုက်သည်။
"ငါက... တီမိသားစုရဲ့ နတ်ဘုရားသားတော် ပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ တန်ခိုးအာဏာကြီးမားလှသည့် 'တံဆိပ်ခတ်ဘုရင် အဆင့် ဖြစ်သော ရွမ်းရန်ဘိုးဘေးကြီးသည် ကြောက်လန့်တုန်လှုပ်လွန်းသဖြင့် ဒူးထောက်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
တီကျွယ်တျန်း၏ အဆင့်အတန်း မြင့်မားမည်ကို သူ သိရှိထားသော်လည်း ဤမျှလောက်အထိ အထွတ်အမြတ်ဖြစ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိချေ။
"နတ်ဘုရားသားတော်ကို အရိုအသေပေးပါတယ်..." ဤတစ်ကြိမ်တွင်တော့ ဘိုးဘေးကြီးသည် ဒူးနှစ်ဖက်လုံး ထောက်ကာ ဝတ်ပြုလိုက်တော့သည်။
"ထပါ... လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း မင်းတို့ကို အနှောင့်အယှက် ပေးမိပြီ"
"ဒီနှစ်တွေအတွင်းမှာ မင်းတို့ တီမိသားစုကို သစ္စာရှိရှိ သစ္စာခံခဲ့တာ တကယ့်ကို ပင်ပန်းခဲ့ပါပြီ"
"မင်းရဲ့ ကျင့်ကြံခြင်းနယ်ပယ်က တံဆိပ်ခတ်ဘုရင်ရဲ့ အထွတ်အထိပ် ကို ရောက်နေတာကို ငါ မြင်ရတယ်။ ဒီတစ်ကြိမ်မှာတော့... ငါ မင်းကို ကူညီပေးရတာပေါ့"
ဤသို့ ပြောဆိုပြီးနောက် တီကျွယ်တျန်းသည် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။
"ဧကရာဇ်အဆင့် ချိုးဖျက်ခြင်းဆေးလုံး ပဲ..." ရွမ်းရန်ဘိုးဘေးအိုကြီး အော်ဟစ်လိုက်မိသည်။
"သောက်သုံးလိုက်ပါ..."
"ဟုတ်ကဲ့ပါ... နတ်ဘုရားသားတော်"
နှစ်ပေါင်းရာချီ အသက်ရှင်သန်ခဲ့ရသော ရွမ်းရန်ဘိုးဘေးအိုကြီးသည် ငိုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ နတ်ဘုရားသားတော် ဤတစ်ကြိမ် အောက်ကမ္ဘာသို့ ဆင်းသက်လာခြင်းက သူ့ကို ဤမျှလောက်အထိ ကြီးမားလှသော ကံကောင်းမှု အခွင့်အရေးကို ပေးအပ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိချေ။
တံဆိပ်ခတ်ဘုရင် အဆင့်ဟူသည် အဇူရာ လျှို့ဝှက်ဆန်းကြယ် နယ်မြေတွင် အရှင်သခင်တစ်ဦး ဖြစ်ပေသည်။
ဤကမ္ဘာအတွင်း၌မူ 'တံဆိပ်ခတ်ဘုရင် အဆင့် ဖြင့်ပင် မိမိကိုယ်မိမိ ဘိုးဘေးအဖြစ် သတ်မှတ်နိုင်ကြသည် မဟုတ်ပါလား။
ထို့နောက်တွင်မူ …
ဆေးသောက်ပြီး…
ရွမ်းရန်ဘိုးဘေးကြီး ကျင့်ကြံခြင်းအဆင့် တက်လှမ်းသွားသည်ကို ကြည့်ပြီး ဂိုဏ်း၏ လူအားလုံး အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားခဲ့ကြရသည်။
အဇူရာ နယ်ပယ်ရှိ အစွမ်းထက်ဆုံး အင်အားစုများထဲမှ တစ်ခုအနေဖြင့်... အခြားသော အင်အားစုအနည်းငယ်တွင်လည်း တံဆိပ်ခတ်ဧကရာဇ် အဆင့်များ ရှိကြသော်လည်း ၎င်းတို့မှာ တစ်ဝက်သေ အခြေအနေမျိုး (တစ်ခုခု ဖြစ်ပျက်လာမှသာ အတင်းအကျပ် ထွက်လာရမည့် အခြေအနေ) ဖြင့်သာ ပုန်းကွယ်နေကြခြင်း ဖြစ်သည်။
ရွမ်းရန်ဂိုဏ်းတွင်သာ ထိုကဲ့သို့သော ပညာရှင် မရှိခဲ့ခြင်း ဖြစ်ပြီး ရွမ်းရန်ဘိုးဘေးကြီးအနေဖြင့် ကျင့်ကြံခြင်းအဆင့်ကို မတက်လှမ်းဝံ့ခဲ့ခြင်းကြောင့် ဖြစ်၏။
ရွမ်းရန်ဘိုးဘေးအိုကြီးသည် ကျင့်ကြံခြင်းအဆင့်ကို ဆက်တိုက် တက်လှမ်းခဲ့ရာ တံဆိပ်ခတ်ဧကရာဇ် အဆင့် ၄ သို့ ရောက်ရှိမှသာ ရပ်တန့်သွားခဲ့တော့သည်။
(အခုအဆင့်နာမည်တွေပါလာပြီ ဆိုတော့ စတုတ္ထအလွှာ လို့ မရေးတော့ဘူး အဆင့်၄ လို့ပဲရေးတော့မယ် )
တီကျွယ်တျန်းကတော့ မည်သည့်စကားမျှ မပြောပေ။ အကယ်၍ သူတို့သာ အထက်ကမ္ဘာတွင် ရှိနေပါက ဆေးလုံးတစ်လုံးတည်းဖြင့် တံဆိပ်ခတ်ဧကရာဇ် နယ်ပယ်သို့ အပြည့်အဝ တက်လှမ်းနိုင်ရန်မှာ မလွယ်ကူလှချေ။
အဇူရာ နယ်ပယ်သည် အထက်ကမ္ဘာနှင့် နှိုင်းယှဉ်လိုက်ပါက ကွာဟချက် အတော်လေး ကြီးမားလှပေသည်။
"သခင်လေး... ကျွန်မ ရဲ့ မိသားစုဆီ အရင်ဆုံး ပြန်သွားလို့ ရမလား"
ဤအချိန်တွင် ဆန်ကွမ်းဝမ်အာက တီကျွယ်တျန်းကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။
သူမသည် အစေခံမိန်းကလေးတစ်ဦး ဖြစ်လာခဲ့သော်လည်း သူမ၏ လေသံမှာ တီကျွယ်တျန်းနှင့် အဆင့်အတန်း တူညီနေဆဲ ဖြစ်သည့်အလား ရှိနေ၏။
တီကျွယ်တျန်းကတော့ ဂရုမစိုက်ပေ။
ကံကြမ္မာသားတော်တစ်ယောက်နှင့် မတွေ့ဆုံရသေးသရွေ့ သူမအနေဖြင့် လွန်လွန်ကျွံကျွံ မလုပ်ဆောင်ပါက စိတ်ကြိုက် လုပ်ဆောင်နိုင်ခွင့် ပေးထားသည်။
ရွမ်းရန်ဘိုးဘေးကြီးသည် ထိုအမျိုးသမီးကို ကြည့်ကာ ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"မင်းက... ဆန်ကွမ်းမိသားစုရဲ့ ဂုဏ်ယူစရာ ပါရမီရှင်မလား"
"ဆန်ကွမ်းဝမ်အာ..."
"ဘိုးဘေးက သူမကို သိတာလား"
"လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဆန်ကွမ်မိသားစုမှာ ကောင်းကင်ဘုံက ချီးမြှောက်ထားတဲ့ ပါရမီရှင်သမီးတော်တစ်ဦး ပေါ်ထွက်ခဲ့ပြီး အထက်ကမ္ဘာကို ခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း ဆန်ကွမ်မိသားစုဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး သူတို့ရဲ့ အင်အားကလည်း အလွန်တရာ ကြီးမားလာခဲ့တယ်။ အဇူရာ နယ်ပယ်မှာရှိတဲ့ အင်အားစု အများစုက ဆန်ကွမ်မိသားစုကို မျက်နှာသာ ပေးကြရပါတယ်။ အကယ်၍ သခင်လေးသာ ဆင်းသက်မလာခဲ့ဘူးဆိုရင် ကျွန်တော်တို့တွေလည်း မနက်ဖြန်ကျရင် ဆန်ကွမ်းမိသားစုဆီ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာပါ"
ထိုစကားကို ကြားရသောအခါ တီကျွယ်တျန်း ပိုမို၍ စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားခဲ့သည်။ ဆန်ကွမ်းဝမ်အာ၏ စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
"စီနီယာ... ဆန်ကွမ်မိသားစုမှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲဆိုတာ ကျွန်မ သိပါရစေ"
"မင်း အထက်ကမ္ဘာကို သွားပြီးတဲ့နောက်မှာ ဆန်ကွမ်မိသားစုက အလွန်အမင်း မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ အဲ့ဒီနောက် မင်းရဲ့ ညီမဖြစ်သူက သူမနဲ့ အရင်က စုလျားရစ်ပတ်ထားခဲ့တဲ့ သူနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပစ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် စိန်ခေါ်ပွဲတစ်ခုကို သတ်မှတ်ခဲ့ကြတယ်။ မနက်ဖြန်ကတော့ အဲ့ဒီပြိုင်ပွဲ ကျင်းပမယ့် အချိန်ပဲပေါ့"
ထိုစကားကို ကြားလိုက်ရပြီးနောက် တီကျွယ်တျန်း စိတ်ထဲတွင် (လာပြီ… လာပြီ).. ဤသည်မှာ 'စေ့စပ်ပွဲ ဖျက်သိမ်းခြင်း' ဆိုင်ရာ ဇာတ်ကွက် တစ်ခု မဟုတ်ပါလား။ သူ သိချင်သည်မှာ ဤကံကြမ္မာသားတော်သည် ဆန်ကွမ်းဝမ်အာနှင့် မည်သို့သော ပတ်သက်မှုမျိုး ရှိနေသလဲဆိုသည်ကိုပင် ဖြစ်၏။
"ဘိုးဘေး ပြောချင်တာက... ချင်းအာနဲ့ အစ်ကို ရှောင်ယွီ တို့ စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ကြတာလား"
"ဟုတ်တယ်... အဲ့ဒီလူက ရှောင်ယွီပဲ"