အခန်း ၁၇ - အရိုးကို နှစ်ကြိမ်တိုင်တိုင် ထုတ်ယူခြင်း၊ ပေါင်းစပ်ခြင်းနှင့် အင်အားအဆင့် အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း
"ဘိုးဘေးအိုကြီး... တကယ်ကြီး ပြောနေတာလား"
"မိုက်မဲတဲ့ကလေး... ဘိုးဘေးအိုကြီးက မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ…ဒီပစ္စည်းကို ဘိုးဘေးအိုကြီးက ချီစွမ်းအင်တွေနဲ့ မွေးမြူပေးခဲ့တာ... အခုဆိုရင် ဒီအရိုးက အသွင်ပြောင်းလဲခြင်းကိုပါ ပြီးမြောက်သွားခဲ့ပြီ"
"ဘိုးဘေးအိုကြီး... ဒီအရိုးအကြောင်းကို ခေတ္တခဏ ဘေးဖယ်ထားလိုက်ပါဦး"
ကူးပြောင်းလာသူ တစ်ယောက်အနေ ဖြင့် ဒီဇာတ်ကွက်ကို ရင်းနှီးနေပြီမဟုတ်ပါလား…
"ကျွန်တော် သိချင်တာက... အတိတ်တုန်းက အဲ့ဒီကလေးကို အသေအချာ သတ်ပစ်ခဲ့တယ်ဆိုတာ သေချာလို့လား"
"ထျန်းအာ... မင်း တစ်ခုခု သိထားတာ ရှိလို့လား"
ဒသမမြောက် ဘိုးဘေးအိုကြီးက တီကျွယ်တျန်းကို ကြည့်ကာ မျက်နှာထက်၌ လေးနက်တည်ကြည်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။
"အတိတ်တုန်းက အဲ့ဒီကလေးက သေမသွားခဲ့ဘူးလို့ ကျွန်တော် သံသယဝင်နေလို့ပါ" တီကျွယ်တျန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဟုတ်တယ်... မင်းပြောတာ မှန်တယ် သူ မသေခဲ့ဘူး"
ထိုစကားကို ကြားလိုက်ရသဖြင့် တီကျွယ်တျန်း ကြောင်အသွားခဲ့ရသည်။
"အတိတ်တုန်းက အဲ့ဒီကလေး ဘယ်လိုဖြစ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့လဲဆိုတာ ငါလည်း မသိဘူး အဲ့ဒီတုန်းက ငါကိုယ်တိုင် လှုပ်ရှားခဲ့တာ... မိုင်ပေါင်းသောင်းချီ နယ်ပယ်အတွင်းမှာ ဘယ်သက်ရှိရဲ့ အသက်ရှူသံ အစအနမျှတောင် မကျန်ရစ်ခဲ့ဘူး"
၎င်းသည် အဆုံးအစမရှိသော ချောက်နက်ကြီးတစ်ခု ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။
"ဒါပေမဲ့ တစ်ခါတုန်းက ငါ့ရဲ့ ဝိညာဉ်အာရုံနဲ့ လှည့်လည်ကြည့်ရှုနေရင်း ရုတ်တရက် ရင်းနှီးလှတဲ့ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရတယ်။ အစတုန်းကတော့ ငါ မမှတ်မိခဲ့ဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်း အဲ့ဒီအရိုးကို အာရုံခံမိလိုက်တဲ့ အချိန်ကျမှပဲ ငါ သတိရသွားတော့တယ်... ဒါ ငါ အရင်က တာအိုအရိုး ကို ထုတ်ယူခဲ့ဖူးတဲ့ ကလေးငယ်လေး မဟုတ်လားလို့လေ"
"ဒါဆိုရင် ဘိုးဘေးအိုကြီးက သူ့ကို လွှတ်ပေးလိုက်တာလား" တီကျွယ်တျန်း အတော်လေး စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားခဲ့သည်။
"အရင်ကိစ္စက ဘိုးဘေးအိုကြီးရဲ့ အမှားပေါ့ ဒါပေမဲ့ ဒီတစ်ခါ သူ့ကို ထပ်တွေ့ရတဲ့ အချိန်မှာတော့ ငါ့စိတ်ထဲမှာ အကြံတစ်ခု ရလာခဲ့တယ်"
ထိုစကားကို ကြားရသောအခါ တီကျွယ်တျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
"အဆုံး၌မူ ကံကြမ္မာသားတော်ဆိုတာ ကံကြမ္မာအလင်းရောင်ဝန်း ရှိနေတာပဲလေ... ကန့်လန့်ကာနောက်ကွယ်မှာ ဘိုးဘေးအိုကြီးကိုယ်တိုင်လည်း လွှမ်းမိုးခြင်း ခံလိုက်ရတာ ဖြစ်နိုင်မလား"
"ငါက ငါ့ရဲ့ ရုပ်သွင်ကို ပြောင်းလဲလိုက်တယ်..."
"ပြီးတော့... သူ့ရဲ့ ဆရာ ဖြစ်လာခဲ့တာပေါ့"
တီကျွယ်တျန်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရကာစိတ်ထဲတွင်…
'ဒီဘိုးဘေးအိုကြီးက ငါ့ကို ထောင်ချောက်ဆင်နေတာပဲ မဟုတ်လား… တီမိသားစုက အသက်ရှင်ရတာ သက်တမ်းရှည်လွန်းနေပြီလို့ သူ ထင်နေတာလား...'
သို့ပေသိ သူအပြစ်တင် စောသွားခဲ့သည် ဆက်ပြောသော စကားများကြောင့် သူပင်ဆွံ့အ သွားခဲ့ရသည်…
"အဲ့ဒီနောက် သူ ကျင့်ကြံနေတဲ့ အချိန်မှာ သူ့ကို သတိလစ်အောင် ငါ ရိုက်လိုက်ပြီး သူ အသစ်ပြန်လည် မွေးမြူထားတဲ့ တာအိုအရိုးကို ဒုတိယအကြိမ်မြောက် ထပ်ပြီး ထုတ်ယူလိုက်တယ်"
"ပြီးတဲ့နောက်မှာတော့... သူ့ဆီမှာ ဘာအစအနမျှ မကျန်တော့ဘူးပေါ့"
ဒသမမြောက် ဘိုးဘေးအိုကြီး၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာအမူအရာကို ကြည့်ပြီး... တီကျွယ်တျန်းသည် သူ အဘယ်ကြောင့် ဤကဲ့သို့သော နတ်ဆိုးခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးကို ပိုင်ဆိုင်ထားရသနည်းဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့တော့သည်။
'ဘိုးဘေးတွေရဲ့ ယုတ်မာကောက်ကျစ်မှုကတော့... ကောင်းကင်ကြီးတောင် ဆက်ပြီး ကြည့်မနေနိုင်လောက်ဘူး ထင်တယ်...' တီကျွယ်တျန်း ဤသို့သာ တွေးတောနိုင်တော့သည်။
"ဒသမမြောက် ဘိုးဘေး... ဘိုးဘေးမှာ ဒီလိုမျိုး ဆန်းပြားတဲ့ ဝါသနာ ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"
"ဘိုးဘေးအိုကြီး... ဘိုးဘေး သူ့ကို ဖျက်ဆီးပစ်လိုက်တဲ့ အချိန်တုန်းက ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ဘာတွေ ပေါ်လာသေးလဲ" တီကျွယ်တျန်း၏ စကားကို ကြားရသောအခါ ဒသမမြောက် ဘိုးဘေးအိုကြီးက ခဏမျှ စဉ်းစားလိုက်သည်။
"မိုးရွာတာပဲ ရှိတယ်... အခြား ဘာဖြစ်စဉ်မှ မရှိပါဘူး… ငါ အဲ့ဒီနေရာမှာ သုံးရက်တောင် စောင့်ကြည့်နေခဲ့သေးတာ။ လေဟာနယ်အပြင်ဘက်က ဥက္ကာခဲတွေကိုတောင် ငါ မှုန့်မှုန့်ညက်ညက် ကြိတ်ပစ်ခဲ့သေးတယ်။ ပြီးတော့ လေဟာနယ်အပြင်ဘက်က ကမ္ဘာငယ်လေး အချို့ကိုပါ ငါ သွားရောက်ဖျက်ဆီးပစ်ခဲ့တယ်... အဲ့ဒီကောင် ပြန်လည်အသက်ရှင်မလာနိုင်အောင်လို့လေ။ အဲ့ဒီနောက် ဘာထူးဆန်းတဲ့ ဖြစ်စဉ်မှ ထွက်ပေါ်မလာတာကို တွေ့တော့မှ ငါ ပြန်လာခဲ့တာ"
"ငါ အခုပဲ ထုတ်ယူလာခဲ့တဲ့ အရိုးကို အရင်က ငါ မွေးမြူထားတဲ့ အရိုးနဲ့ ပေါင်းစပ်ပေးထားပြီးပြီ…ယခုအချိန်မှာ ဒီတာအိုအရိုးက တာအိုအရိုး နှစ်ခု ပေါင်းစပ်ထားတဲ့ အရာ ဖြစ်သွားပြီပေါ့။ သေချာပေါက် မင်းရဲ့ အင်အားကို အရှိန်အဟုန်နဲ့ တိုးတက်စေလိမ့်မယ်"
ဤသို့ ပြောဆိုပြီးနောက် ဒသမမြောက် ဘိုးဘေးအိုကြီးသည် ထိုတာအိုအရိုးကို တီကျွယ်တျန်း၏ လက်ဖဝါးထက်သို့ တင်ပေးလိုက်သည်။ တီကျွယ်တျန်း၏ အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် ထိုတာအိုအရိုးထံမှ တုန်လှုပ်ချောက်ချားဖွယ် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
"ကြောက်ရွံ့နေတဲ့အလားပဲ..." ထိုမြင်ကွင်းကို ကြည့်ကာ တီကျွယ်တျန်းလည်း အံ့အားသင့်သွားခဲ့ရသည်။
"ဒီတာအိုအရိုးက ဘိုးဘေးအိုကြီးရဲ့ မွေးမြူမှုကြောင့် ကိုယ်ပိုင်အသိဉာဏ်တောင် ရလုနီးပါး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ဘိုးဘေးအိုကြီးကလည်း တီကျွယ်တျန်းကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဘိုးဘေးအိုကြီး..." တီကျွယ်တျန်းက ဘိုးဘေးအိုကြီးကို ရိုသေစွာ ဦးညွှတ် ဂါရဝပြုလိုက်သည်။
တီကျွယ်တျန်း သိသည်မှာ သူ မိသားစုနယ်မြေအတွင်း၌ ရှိနေစဉ်တွင် ကိစ္စမရှိပေ။ ဘိုးဘေးအိုကြီးသည် မိသားစုအတွင်းရှိ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သို့သော် အပြင်ဘက်သို့ ရောက်ရှိသွားချိန်တွင် ဘိုးဘေးအိုကြီးအနေဖြင့် စိုးရိမ်ပူပန်မှု မရှိဘူးဟု ပြောလျှင် ညာရာရောက်ပေလိမ့်မည်။
'ဒါ ငါ့ရဲ့ မိသားစု... တီမိသားစုပဲ'
'ဒီကံကြမ္မာသားတော်ဆိုတဲ့ ကောင်တွေ... မင်းတို့က ကိုယ်ကျင့်တရားအရ မြင့်မြတ်တဲ့နေရာမှာပဲ ရပ်တည်နေပါစေဦး၊ ငါ့ရဲ့ မိသားစုကို ဖျက်ဆီးပစ်ချင်တဲ့ ဆန္ဒ ရှိလာတာနဲ့တင် မင်းတို့အားလုံး သေကို သေရမယ်'
'ငါ့မိသားစုအတွက်တော့... မင်းတို့ ကံကြမ္မာသားတော်တွေအားလုံးဟာ ငါ့ရဲ့ ခြေနင်းကျောက်တုံးတွေပဲ ဖြစ်လာရမယ်'
"ပေါင်းစပ်ကြစမ်း..."
ထိုသို့ တွေးတောပြီးနောက် တီကျွယ်တျန်း အားနာမနေတော့ပေ။ တီကျွယ်တျန်း၏ အရှိန်အဝါက တာအိုအရိုးပေါ်သို့ ဖိနှိပ်လိုက်ချိန်တွင်တော့ တာအိုအရိုးမှာ ချက်ချင်းပင် ငြိမ်သက်သွားခဲ့ရတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘိုးဘေးအိုကြီးအချို့ အချင်းချင်း လှည့်ကြည့်လိုက်ကြသည်။
'တာအိုအရိုး' ဟု ခေါ်သော ဤအရာသည် ကောင်းကင်နှင့် မြေကြီးက မွေးဖွားပေးလိုက်သော ရတနာတစ်ခုနှင့် ဆင်တူသည်ဟု ပြောနိုင်သည်။
သူတို့အနေဖြင့် ၎င်းကို လွယ်လွယ်ကူကူ ဖိနှိပ်နိုင်ခြင်းမှာ သူတို့၌ လုံလောက်သော ကျင့်ကြံခြင်းအင်အား ရှိသောကြောင့် ဖြစ်သော်လည်း တီကျွယ်တျန်းတွင် မည်သည့်အင်အားမျိုး ရှိနေသနည်း။
တီကျွယ်တျန်းက ၎င်းကို အလွန်လွယ်ကူစွာ လုပ်ဆောင်သွားနိုင်လိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့မိချေ။
တီကျွယ်တျန်း တာအိုအရိုးနှင့် လွယ်လွယ်ကူကူ ပေါင်းစပ်သွားသည်ကို စောင့်ကြည့်ရင်း... ဘိုးဘေးအိုကြီးအချို့လည်း စိတ်သက်သာရာ ရသွားခဲ့ကြသည်။
တစ်စုံတစ်ခု ပြဿနာတက်လာပါက သူတို့သည် ဤတာအိုအရိုးကို မှုန့်မှုန့်ညက်ညက် ကြိတ်ပစ်ကြပေလိမ့်မည်။ ဤသည်မှာ သူတို့ တီမိသားစု၏ အတ္တဆန်လှသော လွှမ်းမိုးချုပ်ကိုင်မှုပင်။
ဒုန်း...
ဤအချိန်တွင် အားကောင်းလှသော ကျင့်ကြံခြင်းအရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။
တီကျွယ်တျန်း၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကြီးတစ်ခုလုံး စတင်ပြိုကွဲပျက်စီးလာပြီး မြူခိုးအချို့ ထွက်ပေါ်လာကာ တီကျွယ်တျန်း၏ ခန္ဓာကိုယ်ပတ်လည်၌ ဝေ့ဝဲနေကြတော့သည်။
တီကျွယ်တျန်းလည်း မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် လုံးဝ အေးစက်စက်နိုင်လှပြီး နွေးထွေးမှု အရိပ်အယောင်မျှ မရှိပေ။ သူ၏ မျက်ဝန်းနှစ်ဖက်မှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်ကြီးကို တိုက်ရိုက် ဖောက်ထွင်းဖျက်ဆီးပစ်ကာ နယ်ပယ်အပြင်ဘက်ရှိ မြင်ကွင်းများကိုပင် ထင်ထင်ရှားရှား မြင်တွေ့နေရသည်။
ဘိုးဘေးအိုကြီးအချို့ အကြီးအကျယ် တုန်လှုပ်အံ့အားသင့်သွားကြရတော့၏။
"ဒီကလေးငယ်က ဘယ်တုန်းက အဆင့်၆ကျင့်ကြံသူ အဆင့်ကို အဆင့်တက်သွားတာလဲ... ဒါတင်မကဘူး သတ္တမအလွာ တောင် ရောက်နေပြီလား"
"မင်းက ငါ့ကိုမေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ။ ဒီကလေးငယ်မှာ အတော်လေး ဆန်းပြားတဲ့ ကံကောင်းမှု အခွင့်အရေးတွေ ရှိနေပုံရတယ်"
"ဒါပေမဲ့ ဘယ်လိုမျိုး ကံကောင်းတဲ့ အခွင့်အရေးကများ နတ်ဆိုးခန္ဓာကိုပါ ထိန်းချုပ်နိုင်စေတာလဲ"
"ပြောရခက်တယ်... မသေမျိုးနယ်ပယ်က နှစ်ပေါင်းများစွာ တည်တံ့လာခဲ့တာဆိုတော့ တောက်ပတဲ့ ပါရမီရှင်တွေ အများကြီး ပေါ်ထွက်ခဲ့ဖူးတာပဲလေ။ ဒီကလေးငယ်က ငယ်ငယ်ကတည်းက အခြားလူတွေထက် ပိုပြီး ဇွဲလုံ့လကြီးမားခဲ့တာ။ နတ်ဆိုးခန္ဓာကို ထိန်းချုပ်နိုင်တာကလည်း သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကြောင့်ပဲ ဖြစ်ရမယ်"
ဘိုးဘေးအိုကြီးများသည် တီကျွယ်တျန်းကို ကြည့်ကာ မျက်ဝန်းများထဲ၌ ကျေနပ်ဝမ်းမြောက်မှု အရိပ်အယောင်များ ပြည့်နှက်နေကြသည်။ အဆုံး၌မူ ထိန်းချုပ်နိုင်စွမ်းရှိသော ရှေးဟောင်းနတ်ဆိုးခန္ဓာ နှင့် အားကောင်းလှသော မိသားစုနောက်ခံအင်အားတို့ ပေါင်းစပ်လိုက်ပါက သူ အရွယ်ရောက်လာသည့်အခါ မသေမျိုးနယ်ပယ်တစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်နိုင်မည့် အင်အားကို သေချာပေါက် ပိုင်ဆိုင်လာပေလိမ့်မည်။
"တာအိုနန်းတော်... ပွင့်စမ်း..."
ဤအချိန်တွင် တီကျွယ်တျန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
ချီစွမ်းအင်များ ထွက်ပေါ်လာပြီး တီမိသားစုနယ်မြေ၏ မိုင်ပေါင်းသောင်းချီ နယ်ပယ်အတွင်းရှိ စွမ်းအင်အားလုံးကို တိုက်ရိုက် စုပ်ယူဖျက်ဆီးပစ်တော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘိုးဘေးအိုကြီးပင် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့ရ၏။
"တာအိုနန်းတော် အဆင့် ကို အဆင့်တက်လှမ်းတာတောင် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေတာလား"
"မဟုတ်ဘူး... မင်း သတိမထားမိဘူးလား၊ စွမ်းအင်တွေက အခုထိ မလုံလောက်သေးဘူး"
"ဒီကလေးစုတ်က မွေးကတည်းက ငါတို့လို အဖိုးကြီးတွေကို နှိပ်စက်ခဲ့တာ... အခု ကျင့်ကြံခြင်းအဆင့် တက်လှမ်းတာတောင် အေးအေးဆေးဆေး မရှိလှပါလား"
အဋ္ဌမမြောက် ဘိုးဘေးက ဤသို့ ပြောဆိုလိုက်ရာ သက်ပြင်းချနေသကဲ့သို့ ရှိသော်လည်း သူ၏ တွန့်ကွေးနေသော နှုတ်ခမ်းထောင့်များကတော့ ဘိုးဘေးအိုကြီးအနေဖြင့် အလွန်တရာ ကျေနပ်ဝမ်းမြောက်နေကြောင်း ထင်ရှားလှပေသည်။
"အရင်တုန်းက မင်း တာအိုနန်းတော် နယ်ပယ်ကို အဆင့်တက်လှမ်းတုန်းက စွမ်းအင် ဘယ်လောက်အထိ စုပ်ယူခဲ့ရလဲ"
"ငါမှတ်မိသလောက်တော့... ငါ့တုန်းက မိုင်ပေါင်းတစ်သန်း နယ်ပယ်အထိ ရှိခဲ့တယ်" ဒသမမြောက် ဘိုးဘေးက ပြောလိုက်သည်။
"ငါ့တုန်းကတော့ မိုင်ပေါင်းကိုးသိန်းရှစ်သောင်း..."
"ငါ့တုန်းကလည်း ကိုးသိန်းရှစ်သောင်းပဲ..."
တစ်ဆယ့်သုံးယောက်မြောက် ဘိုးဘေးနှင့် တစ်ဆယ့်ခြောက်ယောက်မြောက် ဘိုးဘေးတို့ကလည်း ထပ်ဆင့်ပြောဆိုလိုက်ကြသည်။
"ဒီကလေးငယ်က ဒီနယ်ပယ်ထဲကို ခြေမလှမ်းရသေးခင်မှာတင် မိုင်ပေါင်းတစ်သိန်း... မဟုတ်ဘူး၊ အခု မိုင်ပေါင်းသုံးသိန်း နယ်ပယ်အထိ ရောက်ရှိသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး"
နယ်ပယ်အကျယ်အဝန်းက ရုတ်တရက် မိုင်ပေါင်းနှစ်သိန်းမျှ ထပ်မံတိုးတက်လာသည်ကို စောင့်ကြည့်ရင်း ဘိုးဘေးအိုကြီးများကတော့ ပြုံးရွှင်နေကြဆဲဖြစ်ပြီး စိုးရိမ်ပူပန်ခြင်း လုံးဝမရှိကြပေ။ အဆုံး၌မူ သူတို့ တီမိသားစုဟူသည် လွယ်ကူ သော တည်ရှိမှုမျိုး မဟုတ်ပါလား။ တီမိသားစုသည် မသေမျိုးနယ်ပယ် တစ်ခုလုံးကို သီးသန့်သိမ်းပိုက်ထားခြင်း ဖြစ်သည်။
ဘိုးဘေးအိုကြီးများ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေစဉ်မှာပင် ၎င်းသည် မိုင်ပေါင်းတစ်သန်း နယ်ပယ်အထိ ချက်ချင်း ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မိုင်ပေါင်းတစ်သန်း နယ်ပယ်အတွင်းရှိ စွမ်းအင်အားလုံးကို တီကျွယ်တျန်းက အလုံးစုံစုပ်ယူပစ်ခဲ့သော်လည်း သူသည် တာအိုနန်းတော် အဆင့်ထဲသို့ အပြည့်အဝ ခြေမလှမ်းနိုင်သေးပေ။