အခန်း ၁၅ - သူမကို ထားခဲ့မလား၊ ဒါမှမဟုတ် ငါတို့ တီမိသားစုက ဝမ်ဖာနတ်ဘုရားဂိုဏ်းဆီ တစ်ခေါက်လောက် လာခဲ့ရမလား
တီကျွယ်တျန်းသည် သူ၏ မျက်နှာချင်းဆိုင်ရှိ လူငါးယောက်ကို ကြည့်လိုက်သည်။ ၎င်းတို့ကို ဦးဆောင်လာသော အကြီးအကဲသည် ကျယ်ပြန့်ပြည့်စုံသော နဖူးပြင် ရှိပြီး သူ၏ပတ်ဝန်းကျင်တွင် မည်သည့်ကျင့်ကြံခြင်း အရှိန်အဝါမျှ ထွက်ပေါ်မနေပေ။ သာမန်လူတစ်ဦးကဲ့သို့ပင် ရှိနေ၏။
'နတ်ဘုရားသားတော်... သားတော် စိတ်မဝင်စားဘူးဆိုရင် သူတို့ကို အမြစ်ပြတ်ချေမှုန်းပစ်လိုက်လို့ရတယ် ငါ့ကို တစ်ချက်ပဲ လှမ်းအော်လိုက်စမ်းပါ... ငါကတော့ အရင်သွားပြီ… သူတို့ကို ကြည့်ရတာနဲ့တင် ဓားနဲ့ ပိုင်းပစ်ချင်စိတ် ပေါက်လာလို့'
တီကျွယ်တျန်း ရောက်ရှိလာသည်ကို မြင်ပြီးနောက် ဆဋ္ဌမမြောက် အကြီးအကဲသည် ဤအသံလွှင့်သတင်းစကားကို ပေးပို့ကာ ထွက်ခွာသွားတော့သည်။
"ဝမ်ဖာနတ်ဘုရားဂိုဏ်းက မွန်မြတ်တဲ့ ဧည့်သည်တော်တွေ ငါတို့ တီမိသားစုဆီ ဘာကိစ္စများ ရှိလို့ ရောက်လာကြတာလဲ"
တီကျွယ်တျန်းသည် ဤစကားကို ပြောပြီးနောက် ဗဟိုချက်မရှိ ပလ္လင်ထက်တွင် ဝင်ထိုင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ဖာနတ်ဘုရားဂိုဏ်းမှ ရောက်ရှိလာကြသူများ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုပလ္လင်ထက်တွင် တီမိသားစု၏ မိသားစုခေါင်းဆောင်တစ်ဦးတည်းသာ ထိုင်ခွင့်ရှိခြင်းကြောင့် ဖြစ်သည်။
ယခုအခါ တီကျွယ်တျန်းက ထိုနေရာတွင် ဝင်ထိုင်လိုက်ခြင်းသည် သူသည် တီမိသားစု၏ နောက်ထပ် အာဏာပိုင်စိုးမည့်သူ ဖြစ်လာပြီဟု အဓိပ္ပာယ်ရနေသည် မဟုတ်ပါလား။
ဝမ်ဖာနတ်ဘုရားဂိုဏ်းမှ လူများ၏ အံ့အားသင့် ထိတ်လန့်နေသော မျက်နှာများကို တီမိသားစုဝင်များသာ မြင်တွေ့ပါက သေချာပေါက် မဲ့ပြုံး ပြုံးကြပေလိမ့်မည်။
တီဝူရှန်းသာ ထိုနေရာတွင် မရှိဘဲ တီကျွယ်တျန်းကပါ ထိုနေရာ၌ မထိုင်ပါက သူတို့ကိုယ်တိုင်ပင် သဘောတူကြမည် မဟုတ်ချေ။
တီကျွယ်တျန်းသည် ဝမ်ဖာနတ်ဘုရားဂိုဏ်းမှ လူများ၏ အကြည့်များကို မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။
၀မ်ဖာဂိုဏ်းမှ အကြီးအကဲ ကစကားစလိုက်သည်…
"ငါတို့ ဒီနေ့ လာရတာက... နတ်ဘုရားသားတော်က ဘာဖြစ်လို့ ထျန်းယန်နယ်မြေကို အမြစ်ပြတ်ချေမှုန်းခဲ့တာလဲဆိုတာကို လာရောက်မေးမြန်းဖို့ပါ"
"ငါ လုပ်ချင်လို့ လုပ်လိုက်တာလေ"
တီကျွယ်တျန်းသည် ၎င်းတို့နှင့် စကားလုံးများ အချိန်ကုန်ခံ ပြောဆိုလိုစိတ် လုံးဝမရှိပေ။ သို့သော် တီကျွယ်တျန်းကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်မှာ အခြားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
အမည်: ဆန်ကွမ်းဝမ်အာ
အထောက်အထား: ဝမ်ဖာနတ်ဘုရားဂိုဏ်း၏ သူတော်စင်မများထဲမှ တစ်ဦး၊ ကံကြမ္မာသမီးတော်
ကံကြမ္မာတန်ဖိုး: ၂၀၀၀
အင်အားအဆင့်: တာအိုနန်းတော် အဆင့် ၉
ခန္ဓာကိုယ်ဖွဲ့စည်းပုံ: နှလုံးအာရုံခုနစ်ပါး ထူးကဲခန္ဓာ
ကျင့်စဉ်: ထူးကဲသန့်စင်ကျင့်စဉ်၊ ထူးကဲဓားသိုင်း၊ လင်းရှီးလက်ညှိုး...
ဝမ်ဖာနတ်ဘုရားဂိုဏ်းက ဤကဲ့သို့သော အမျိုးသမီးမျိုးကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ကောလာဟလများအရ 'နှလုံးအာရုံခုနစ်ပါး ထူးကဲခန္ဓာ' သည် နှလုံးအာရုံ ခုနစ်မျိုး ရှိပြီး ၎င်း၏ နှလုံးသားသဘာဝမှာ သဘာဝတရားနှင့် တသားတည်း ကျနေတတ်သည်။
တစ်ချိန်တည်းမှာပင် အလွန်အားကောင်းလှသော အာရုံခံစားမှု ရှိပြီး ကမ္ဘာမြေကြီးအပေါ် နားလည်သဘောပေါက်နိုင်စွမ်းက အခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများထက် များစွာ ပိုမိုသာလွန် အားကောင်းလှပေသည်။
သူ၏ ယခင်ဘဝတုန်းက အမျိုးသမီးတစ်ဦးတွင် နှလုံးအာရုံ ၈၀၀ မျှ ရှိနိုင်သည်ဟု တီကျွယ်တျန်း ကြားဖူးခဲ့သော်လည်း ဤအမျိုးသမီးကတော့ ထိုအရာကို ခုနစ်ဆဖြင့် မြှောက်ရမည်ဖြစ်ရာ သူမ၌ နှလုံးအာရုံ ၅,၆၀၀ မျှ ရှိနေခြင်း ဖြစ်နိုင်မလား။
သို့သော် တီကျွယ်တျန်းကို အကြိုက်ဆုံး ဖြစ်စေသည်မှာ ဤအမျိုးသမီး၌ ကံကြမ္မာတန်ဖိုး ၂,၀၀၀ မျှ ရှိနေခြင်းပင်။
တီကျွယ်တျန်း ပထမဆုံး သတ်ခဲ့သော ကံကြမ္မာသားတော် ယဲ့ချန်တွင်ပင် ဤမျှလောက်သာ ကံကြမ္မာတန်ဖိုး ရှိခဲ့သည် မဟုတ်ပါလား။
နောက်ထပ် ပေါ်ထွက်လာမည့် ကံကြမ္မာသားတော်သည် သာမန်လူ မဟုတ်နိုင်ကြောင်း ထင်ရှားလှပေသည်။
တီကျွယ်တျန်း စိတ်ဝင်စားသွားခဲ့ရသည်။ ဤကံကြမ္မာအရှိန်အဝါပိုင်ရှင်မသည် ထိုကံကြမ္မာသားတော်နှင့် တွေ့ဆုံပြီးပြီလားဆိုတာကို သူ မသိသေးပေ။
ဝမ်ဖာနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲသည် တီကျွယ်တျန်း၏ မျက်နှာအမူအရာကို ကြည့်ကာ စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်လာခဲ့သည်။
သို့သော် ဤသည်မှာ တီမိသားစုနယ်မြေ ဖြစ်သည်ကို တွေးတောမိသဖြင့် ထိုဒေါသကို အတင်းအကျပ် ပြန်လည်ဖိနှိပ်ထားလိုက်ရ၏။
"နတ်ဘုရားသားတော်... သားတော်က မသေမျိုးနယ်ပယ်တစ်ခုလုံးကို ပရမ်းပတာ ဖြစ်အောင် လုပ်ချင်နေတာလား"
ဤသည်မှာ ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်ခြင်းပင်။
"မဟာအကြီးအကဲ... အဲ့ဒီစကားက ဘယ်ကနေ ထွက်လာတာလဲ" တီကျွယ်တျန်းက မဲ့ပြုံး ပြုံးကာ မေးလိုက်သည်။
"နတ်ဘုရားသားတော် ကောင်းကောင်းသိပါတယ် လက်ရှိ မသေမျိုးနယ်ပယ်မှာ အကြီးအကျယ် စစ်ပွဲတွေ မရှိသလောက်ပါပဲ။ ဒါပေမဲ့ နတ်ဘုရားသားတော်ကတော့ အဆင်မပြေတာနဲ့ သန့်စင်မြေတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းပစ်ခဲ့တယ်… အခု မသေမျိုးနယ်ပယ်က လူတွေအားလုံး ထိတ်လန့်တုန်လှုပ်နေကြရပြီ... နတ်ဘုရားသားတော်အနေနဲ့ မသေမျိုးနယ်ပယ်က သက်ရှိတွေအားလုံးအတွက် ရှင်းလင်းချက်တစ်ခု ပေးဖို့ မျှော်လင့်ပါတယ်"
"ရှင်းလင်းချက် ဟုတ်လား... အင်း ကောင်းပြီလေ"
အနည်းငယ် စဉ်းစားဟန်ပြုကာ…
"ဒီနတ်ဘုရားသားတော်က ထျန်းယန်နယ်မြေကို အမြစ်ပြတ်ချေမှုန်းခဲ့တာက... ဝမ်ဖာနတ်ဘုရားဂိုဏ်းက ငါတို့ တီ မိသားစုဆီ ပြဿနာလာရှာဖို့အတွက်ပဲ…ဒါမှ ငါတို့က စစ်ပွဲစတင်ပြီး ဝမ်ဖာနတ်ဘုရားဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းပစ်လို့ ရမှာလေ"
"ဒီနှစ်တွေအတွင်းမှာ ဒီနတ်ဘုရားသားတော်က ဝမ်ဖာနတ်ဘုရားဂိုဏ်းကို ကြည့်ရတာ အနည်းငယ် မျက်စိနောက်နေလို့ပါ... ဝမ်ဖာနတ်ဘုရားဂိုဏ်းအနေနဲ့ ဒီရှင်းလင်းချက်ကို သဘောကျ ကျေနပ်ရဲ့လား မသိဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ဖာနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
"မင်း... မင်း..." မဟာအကြီးအကဲသည် တီကျွယ်တျန်းကို ကြည့်ကာ မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။
"တကယ့်ကို မာနကြီးလွန်းတယ်"
"ရိုင်းစိုင်းလှချည်လား"
မဟာအကြီးအကဲ ဤစကားကို ပြောပြီးပြီးချင်းမှာပင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော ပြင်းထန်လှသည့် ကျင့်ကြံခြင်းအရှိန်အဝါတစ်ခု ကျရောက်လာခဲ့သည်။
မဟာအကြီးအကဲ မတုံ့ပြန်နိုင်မီမှာပင် သူသည် မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား တိုက်ရိုက်လဲပြိုကျသွားတော့၏။
"ငါတို့ တီမိသားစုရဲ့ နတ်ဘုရားသားတော်ကို မင်းတို့ ဝမ်ဖာနတ်ဘုရားဂိုဏ်းက ဝေဖန်ရလောက်အောင် အရည်အချင်း ရှိလို့လား"
"မကျေနပ်ဘူးဆိုရင်လည်း တိုက်ရိုက်ပဲ စစ်ကြေညာလိုက်စမ်း… မင်းတို့ ဝမ်ဖာနတ်ဘုရားဂိုဏ်းမှာ ငါတို့ တီမိသားစုကို ဒူးထောက်ခိုင်းနိုင်တဲ့ အရည်အချင်း ရှိမရှိ ကြည့်ရသေးတာပေါ့"
မြေပြင်ပေါ်တွင် ဒူးထောက်နေရသော မဟာအကြီးအကဲ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ရသည်။
ထိုစကားကြောင့် မဟုတ်ဘဲ အားကောင်းလှသော ကျင့်ကြံခြင်းအရှိန်အဝါကြောင့် ဖြစ်၏။ သူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး သွေးတစ်လုပ် အန်ထုတ်ကာ သတိလစ်မေ့မြောသွားခဲ့ရတော့သည်။
"ဝမ်ဖာနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်... မင်း အခုထိ ထွက်မလာသေးဘူးလား"
"တီဝူရှန်း... မတွေ့ရတာ ကြာပြီနော်"
"မင်းက ငါတို့ တီမိသားစုကို စစ်ကြေညာဖို့ ဒီကို ရောက်လာတာလား" တီဝူရှန်း၏ အသံ ထွက်ပေါ်လာခဲ့သည်။
တီမိသားစုဝင်များသည် ထိုအသံကို ကြားလိုက်ရချိန်တွင် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ကြပြီးနောက် ချက်ချင်းပင် အလွန်တရာ ဝမ်းမြောက်သွားကြတော့၏။
"စစ်ပွဲဖြစ်တော့မှာလား... ဘယ်မှာလဲ... ဝမ်ဖာနတ်ဘုရားဂိုဏ်းနဲ့လား"
"မိသားစုခေါင်းဆောင်... စစ်တိုက်ကြရအောင်… ဒီအဖိုးကြီးရဲ့ ဓားက ဆာလောင်မွတ်သိပ်နေပြီး မစောင့်ဆိုင်းနိုင်တော့ဘူး"
"ဟုတ်တယ် မိသားစု... ကျွန်တော် သွေးမမြင်ရတာ နှစ်ပေါင်းရာချီနေပြီ"
ဝမ်ဖာနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိုစကားများကို ကြားလိုက်ရသဖြင့် မျက်နှာအမူအရာ ပျက်ယွင်းသွားခဲ့ရသည်။
တီမိသားစုဝင်များ၏ သတ်ဖြတ်လိုစိတ်ပြင်းထန်နေသော ပုံစံကို ကြည့်ပြီးနောက် ဝမ်ဖာနတ်ဘုရားဂိုဏ်းချုပ်သည် မဟာအကြီးအကဲကို ခေါ်ဆောင်ကာ လေဟာနယ်ကို ခွဲဖျက်၍ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
တီဝူရှန်း၏ အင်အားက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
သူသည် နှစ်ပေါင်းထောင်ချီကြာအောင် လက်မလှုပ်ခဲ့သော်လည်း ယခုအခါ သူကိုယ်တိုင်ပင် တီဝူရှန်း၏ ကျင့်ကြံခြင်းအဆင့်ကို အကဲမဖြတ်နိုင်လောက်အောင် အစွမ်းထက်လွန်းနေခဲ့ပြီ မဟုတ်ပါလား။
"နေဦး..."
ဤအချိန်တွင် တီကျွယ်တျန်း၏ တည်ငြိမ်လှသောအသံ ထွက်ပေါ်လာခဲ့သည်။ လေဟာနယ်ကြီးတစ်ခုလုံး ချိတ်ပိတ်ခြင်း ခံလိုက်ရသဖြင့် ဝမ်ဖာနတ်ဘုရားဂိုဏ်းချုပ်၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားတော့၏။
'တီမိသားစုက ဘာလုပ်ချင်နေတာလဲ...'
"မင်းတို့ရဲ့ ဒီသူတော်စင်မက မဆိုးဘူးပဲ... ငါ့ဆီမှာ ရက်အနည်းငယ်လောက် ကစားဖို့အတွက် သူမကို ခဏလောက် ငှားခဲ့စမ်းပါ"
ထိုစကားကို ကြားလိုက်ရသောအခါ တီမိသားစုဝင်များအားလုံး ကြောင်အသွားခဲ့ကြရသည်။
တီကျွယ်တျန်း၏ ဖခင်ဖြစ်သော တီဝူရှန်း၏ မျက်နှာထက်တွင်ပင် ထူးဆန်းသော အဓိပ္ပာယ်များ ပြည့်နှက်သွားခဲ့၏။
သို့သော် ထိုမျှတင် မကသေးပေ။
တီမိသားစု၏ နောက်ဘက်တောင်တန်းကြီး ဆူပွက်လှုပ်ရှားလာပြီး လူရိပ်အချို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ဤအချိန်တွင် ဝမ်ဖာနတ်ဘုရားဂိုဏ်းချုပ်၏ မျက်နှာအမူအရာမှာ လုံးဝ ပျက်ယွင်းသွားခဲ့ရပြီ ဖြစ်သည်။
"မြေးကောင်းလေး... မင်းက ငါတို့ တီမိသားစုရဲ့ သွေးမျိုးဆက် အတွက် ကြိုးစားနေတာလား"
"ကောင်းလိုက်တာ... ကောင်းကင်ကြီးက မျက်စိပွင့်လာပြီပဲ"
"မဆိုးဘူး... မဆိုးဘူး…ငါတို့ တီမိသားစုရဲ့ နတ်ဘုရားသားတော် ပီသပါပေတယ်... သူ နောက်ဆုံးတော့ အရွယ်ရောက်လာပြီပဲ"
တီကျွယ်တျန်းသည် ပေါ်လာသော မျိုးနွယ်စုဘိုးဘေးအိုကြီး အချို့ကို ကြည့်ကာ မျက်နှာတစ်ခုလုံး အကြည့်ရဆိုးလောက်အောင် ပျက်ယွင်းသွားခဲ့ရသည်။
သူသည် ဤဘိုးဘေးအိုကြီးများအကြောင်းကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်၏။ တီကျွယ်တျန်း၏ စိတ်ထဲတွင် မလိုလားအပ်သော အတိတ်မှတ်ဉာဏ်ဟောင်းများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအကြောင်းအရာက တီကျွယ်တျန်း အသက်ငါးနှစ်အရွယ်တုန်းက ဖြစ်သည်။ ဘိုးဘေးအိုကြီးများသည် တီကျွယ်တျန်း နေ့တိုင်း ကျင့်ကြံနေသည်ကို စောင့်ကြည့်ရင်း သူတို့ စိုးရိမ်ပူပန်လာခဲ့ကြသည်။
ထို့ကြောင့် သူတို့သည် တီကျွယ်တျန်းကို မြူဆွယ်ဖြားယောင်းရန်အတွက် အမျိုးသမီးအချို့ကို ရှာဖွေပေးခဲ့ကြပြီး တီကျွယ်တျန်းအနေဖြင့် မိသားစုမျိုးဆက်ကို ရအောင်စွမ်းဆောင်သင့်သည်ဟု ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
ထိုအကျင့်ပျက် ဘိုးဘေးအိုကြီးများက အပြင်ဘက်တွင် မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာများဖြင့် စောင့်ဆိုင်းနေကြသည်ကို တွေးမိသောအခါ တီကျွယ်တျန်းအနေဖြင့် ၎င်းတို့ကိုသာ အနိုင်တိုက်နိုင်ပါက ထိုဘိုးဘေးအိုကြီးများကို လက်သီးဖြင့် သေချာပေါက် ထိုးပစ်ချင်မိတော့သည်။
"ဝမ်ဖာဂိုဏ်းက ကောင်လေး... ငါတို့ နတ်ဘုရားသားတော်က ဒီကောင်မလေးကို သဘောကျနေတယ်"
"သူမကို ထားခဲ့မလား..."
"ဒါမှမဟုတ် ငါတို့ တီမိသားစုက မင်းတို့ ဝမ်ဖာနတ်ဘုရားဂိုဏ်းဆီ တစ်ခေါက်လောက် လာခဲ့ရမလား"
"မင်း ဘာလုပ်မလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်လိုက်စမ်း"
"ငါတို့က မင်းကို အနိုင်ကျင့်နေတာလည်း မဟုတ်ပါဘူး... မင်းအတွက် ရွေးချယ်စရာ လမ်းနှစ်လမ်း ပေးထားတာပဲလေ။ နောင်တစ်ချိန်ကျရင် မင်း အပြင်ထွက်တဲ့အခါ အခြားလူတွေကို ဒါကို ကြွားလုံးထုတ်လို့ ရတာပေါ့"
တစ်ဆယ့်ခြောက်ယောက်မြောက် ဘိုးဘေးအိုကြီးက ဝမ်ဖာနတ်ဘုရားဂိုဏ်းချုပ်ကို ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားရသောအခါ တီဝူရှန်းလည်း အတိတ်က အကြောင်းအရာတစ်ခုကို ပြန်လည်သတိရမိသွားပြီး သူ၏ သားဖြစ်သူကို ကရုဏာသက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်မိသည်။ သူကိုယ်တိုင်လည်း မိသားစုခေါင်းဆောင် မဖြစ်လာသေးမီ အချိန်တုန်းက ဖြစ်သည်။
သူသည် နတ်ဘုရားသားတော် ဖြစ်နေဆဲအချိန်တုန်းက တီကျွယ်တျန်း၏ မိခင်ဖြစ်သော ကုန်းရှင်းယွဲ့နှင့် အပြန်အလှန် ချစ်ကျွမ်းဝင်နေခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ် ဘိုးဘေးအိုကြီးသည် သူတို့နှစ်ဦး သတိမထားမိသော အခွင့်အရေးကို အသုံးချကာ စိတ်ကြွဆေး တစ်မျိုးကို အသုံးပြုခဲ့ကြသည်။ ထို့နောက်တွင်တော့ တီကျွယ်တျန်းကို သန္ဓေတည် စေခဲ့ခြင်း ဖြစ်၏။
မူလက တီဝူရှန်းသည် ကုန်းရှင်းယွဲ့အနေဖြင့် ဒေါသများဖြင့် ပြည့်နှက်နေလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း သူမက ဘိုးဘေးအိုကြီးကို မြင်တွေ့လိုက်ရချိန်တွင် စကားတစ်ခွန်းသာ ပြောခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
"တကယ်ကို ကောင်းကောင်းလုပ်ခဲ့တာပဲ"
"ကျွန်မကတော့ အရမ်းသဘောကျ ကျေနပ်မိပါတယ်"
"ဒီတုံးအတဲ့ကောင်… အရင်တုန်းက ကျွန်မ သူ့ကို အခွင့်အရေးတွေ အများကြီး ပေးခဲ့တာတောင် သူက ဘယ်လိုဦးဆောင်ရမလဲဆိုတာ မသိခဲ့ဘူး"
"ဒါနဲ့... မနက်ဖြန်ကျရင် ကျွန်မတို့ မိသားစုဆီ လာပြီးတော့ တင်တောင်းဖို့ မမေ့နဲ့ဦးနော်…လက်ဖွဲ့ပစ္စည်းတွေကို နည်းနည်း ပိုယူခဲ့ဦး... ပြီးတော့ ကျွန်မက ရှင်တို့မိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ အိပ်ခဲ့ပြီးပြီလို့သာ တိုက်ရိုက်ပြောလိုက်"
ထိုစဉ် ဘိုးဘေးအိုကြီးများ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသလို တီဝူရှန်းကိုယ်တိုင်လည်း လုံးဝ ဆွံ့အမှင်တက်သွားခဲ့ရဖူးလေသည်။