အခန်း ၁၄ - ကံကြမ္မာသားတော်ကို ပထမဆုံး သတ်ဖြတ်ခြင်း၊ မိသားစုဆီသို့ ပြန်လည်ရောက်ရှိခြင်း
【 ကံကြမ္မာသားတော်ကို သတ်ဖြတ်ခြင်း အောင်မြင်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ယူဝမ်းမြောက်ပါသော်လည်း။ ဗီလိန်ရမှတ် ၁၀၀ ရရှိသည်။ 】
【 အိမ်ရှင်သည် ကံကြမ္မာသားတော်ကို ပထမဆုံးအကြိမ် ချေမှုန်းခြင်း ပြီးမြောက်ခဲ့သည်။ ကံကြမ္မာဗီလိန် ရတနာသေတ္တာ တစ်လုံး ရရှိသည်။ 】
【 အိမ်ရှင်သည် ကံကြမ္မာသားတော်ကို ပထမဆုံးအကြိမ် ချေးမှုန်းခြင်း ပြီးမြောက်ခဲ့သည့်အတွက် ဗီလိန်ရမှတ် ၁၀,၀၀၀ ထပ်မံရရှိသည်။ 】
စနစ် ၏ အကြောင်းကြားချက်ကို ကြားလိုက်ရသော်လည်း တီကျွယ်တျန်း၏ စိတ်ထဲတွင် မည်သည့် လှိုင်းဂယက်မျှ ထွက်ပေါ်မလာခဲ့ပေ။
"သူတော်စင်မ... နန်းတော်သခင်... အခုပဲ ထွက်သွားလို့ရပြီ ပြဇာတ်ပြီးသွားပြီ “
ထိုစကားကို ကြားလိုက်ရသဖြင့် လဲ့ချင်း ကြောင်အသွားခဲ့ရသည်။ ထို့နောက် သူမသည် တီကျွယ်တျန်းကို လှည့်ကြည့်လိုက်ပြီး မိမိဖခင်ဖြစ်သူ၏ အားပေးလှုံ့ဆော်သော အကြည့်ကိုလည်း တွေ့လိုက်ရ၏။
နှုတ်ခမ်းကိုက်ကာ…
"နတ်ဘုရားသားတော်... ကျွန်မ နတ်ဘုရားသားတော်ရဲ့ အနားမှာပဲ ခစားချင်ပါတယ်"
"စိတ်ကူးယဉ်မနေနဲ့... မင်းမှာ အဲ့ဒီလို အရည်အချင်းမျိုး မရှိဘူး"
တီကျွယ်တျန်း၏ ပုံရိပ်သည် နန်းတော်အတွင်းသို့ လှည့်လည်ဝင်ရောက်သွားတော့သည်။
တီကျွယ်တျန်း ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လဲ့ချင်း၏ မျက်နှာလေး ဖြူလျော်သွားခဲ့ရသည်။
သူမ ဤကဲ့သို့ တိုက်ရိုက်အငြင်းခံလိုက်ရပါသလား။
ပြန်လည်တွေးတောကြည့်လျှင်လည်း သဘာဝကျပေသည်။
ယနေ့မှသာ သူတို့ကြားက ကွာဟချက်က ဘယ်လောက်အထိ ကြီးမားကြောင်း သူမ အမှန်တကယ် သဘောပေါက်သွားခဲ့ရခြင်း ဖြစ်၏။
လဲ့ယန် သက်ပြင်းချလိုက်မိသည်။ သူသည် လဲ့ချင်းကို ခေါ်ဆောင်ကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာခဲ့တော့၏။
အဆုံး၌မူ စောစောက ပေါ်လာခဲ့သော အဘွားအိုကြီးမှာ လူကို အစိမ်းလိုက် ဝါးမြိုမည့်အလား ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူတို့သာ မြန်မြန်မထွက်သွားပါက အလောင်းအဖြစ်သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။
ဤအချိန်တွင် တီကျွယ်တျန်းသည် ထိုနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
လဲ့ချင်းနှင့်ပတ်သက်၍ တီကျွယ်တျန်းသည် သူမ၏ ခန္ဓာကိုယ်ထဲ၌ နတ်ဆိုးမျိုးစေ့ တစ်ခုကို စိုက်ပျိုးထားခဲ့ပြီး ဖြစ်သည်။ အဆုံး၌မူ သူမသည် ကံကြမ္မာသမီးတော် တစ်ဦးဖြစ်သဖြင့် နောင်တစ်ချိန်တွင် တစ်စုံတစ်ခုအတွက် အသုံးဝင်လာနိုင်ပေသည်။
ထိုကံကြမ္မာသားတော်ဆိုသည့် ကောင်တွေက မိန်းမဆိုလျှင် သဘောကျတတ်ကြသည် မဟုတ်ပါလား။ တစ်ခါတရံတွင် ကြိုးဆွဲရုပ်သေးရုပ် တစ်ရုပ်ကလည်း အတော်လေး အသုံးတည့်တတ်ပေသည်။
နဂါးကိုးကောင်ဆွဲသော ရထားလုံးသည် လေဟာနယ်ကို ခွဲဖျက်ကာ ထွက်ခွာသွားသည်ကို ကြည့်ရင်း... လဲ့ယန် သက်ပြင်းချလိုက်မိသည်။
လဲ့ချင်း၏ မျက်ဝန်းများတွင်မူ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၏။
သူမ၏ စိတ်ထဲတွင် ဘာကြောင့် ဤကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေရသည်ကို သူမကိုယ်တိုင်ပင် မသိပေ။
တီကျွယ်တျန်းသည် လှုပ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း...
"စနစ်... ကိုယ်ရေးအချက်အလက် မျက်နှာပြင်ကို ဖွင့်လိုက်စမ်း"
အိမ်ရှင် : တီကျွယ်တျန်း
အထောက်အထား: တီမိသားစု၏ နတ်ဘုရားသားတော်
အင်အားအဆင့်: အဆင့်၆ကျင့်ကြံသူ ပဉ္စမမြောက်အလွှာ
ဗီလိန်ရမှတ်: ၂၂,၈၀၀
ပစ္စည်းသိုလှောင်ခန်း: ဝိညာဉ်ဝါးမြိုခြင်း နတ်ဘုရားကွင်း ၊ကံကြမ္မာဗီလိန် လက်ဆောင်ထုပ် တစ်ထုတ်
မျက်နှာပြင်သည် တစ်ချက်ကြည့်ရုံနှင့် အကုန်လုံး ရှင်းလင်းလှပေသည်။
"စနစ်... ကံကြမ္မာဗီလိန် ရတနာသေတ္တာကို ဖွင့်လိုက်"
【 ဂုဏ်ယူဝမ်းမြောက်ပါသည် ထူးခြားသောတန်ခိုး: လေဟာနယ် ဖြတ်တောက်ခြင်းကို ရရှိသည်။ 】
တီကျွယ်တျန်း အံ့အားသင့်သွားခဲ့ရသည်။ လက်ဆောင်ထုပ်မှ ရရှိသောအရာက ဤမျှအထိ ဆန်းကြယ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"စနစ်... မင်း ပြောတော့ ကံကြမ္မာသားတော်တစ်ယောက်ကို သတ်လိုက်တာနဲ့ စနစ်အရောင်းဆိုင် ပွင့်လာမယ်ဆို"
【 အိမ်ရှင်အတွက် စနစ်အရောင်းဆိုင်ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ 】
【 အိမ်ရှင်အနေဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 】
ပေါ်ထွက်လာသော အခြားမျက်နှာပြင်တစ်ခုကို သူ ကြည့်လိုက်သည်။ တီကျွယ်တျန်း စူးစမ်းလိုစိတ် ဖြစ်ပေါ်သွား၏။ စနစ်အရောင်းဆိုင်အတွင်း၌ မည်သည့် ရတနာကောင်းများ ရှိနေမည်ကို သူ မသိပေ။
မူလခန္ဓာ : ဗီလိန်ရမှတ် ၁၀ ဘီလီယံ
မူလတာအိုကျမ်းစာ : ဗီလိန်ရမှတ် ၁၀ ဘီလီယံ
ရှေးဟောင်းသန့်စင်ခန္ဓာ : ဗီလိန်ရမှတ် ၁၀ ဘီလီယံ
ရှေးဟောင်းသန့်စင်ကျမ်းစာ : ဗီလိန်ရမှတ် ၁၀ ဘီလီယံ
အချိန်ကာလ နတ်ဘုရားမျက်ဝန်း: ဗီလိန်ရမှတ် ၉ ဘီလီယံ
လေဟာနယ် နတ်ဘုရားမျက်ဝန်း : ဗီလိန်ရမှတ် ၉ ဘီလီယံ
မျက်နှာပြင်၏ အစပိုင်းတွင် ရှိနေသော ပစ္စည်းများကို ကြည့်ပြီးနောက် တီကျွယ်တျန်း စိတ်ဓာတ်ကျသွားခဲ့ရသည်။
ထို့ပြင် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း ဤခန္ဓာကိုယ်များထက် အောက်ကျနောက်ကျ မရှိပေ။
ယခင်က သူ ရရှိထားခဲ့သော လေဟာနယ် နတ်ဘုရားမျက်ဝန်းက ဤမျှအထိ များပြားလှသော ဗီလိန်ရမှတ်များ တန်ကြေးရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
တီကျွယ်တျန်းသည် ဤအရာများကို စိတ်မဝင်စားတော့ပေ။
စိတ်မဝင်စားခြင်းထက် သူ၌ ရင်းနှီးမတည်ငွေ မလုံလောက်ခြင်းကြောင့် ဖြစ်သည်။
သူ၌ ဗီလိန်ရမှတ် ၂၀,၀၀၀ ကျော်သာ ရှိနေသည် မဟုတ်ပါလား။
တီကျွယ်တျန်းသည် အောက်ခြေဘက်သို့ ဆက်လက်ကြည့်ရှုလိုက်သည်။
လေဟာနယ် ဖြတ်တောက်ခြင်း : ဗီလိန်ရမှတ် သန်း ၁၀၀
မဟာလေဟာနယ် ဖြတ်တောက်ခြင်းအတတ် : ဗီလိန်ရမှတ် ၁ ဘီလီယံ
တီကျွယ်တျန်းသည် ဤထူးခြားသော တန်ခိုးများကို ကြည့်လိုက်ရာ တစ်ခုထက်တစ်ခု ပိုမိုဈေးကြီးနေသည်ကို တွေ့ရသည်။ သူ လုံးဝ စိတ်ပျက်သွားခဲ့ရပြီး သူ၏ မစ်ရှင်များကိုသာ ဆက်လက်လုပ်ဆောင်ရပေဦးမည်။
အောက်တွင်
အဆင့်သေးတစ်ဆင့် တက်ကတ် တစ်ခု: ဗီလိန်ရမှတ် ၁၀၀၀၀
တီကျွယ်တျန်းသည် အဆင့်၆ ကျင့်ကြံသူ သတ္တမအလွှာ သို့ တက်လှမ်းနိုင်မည့် ကတ်ကို ချက်ချင်း ဝယ်ယူလိုက်သည်။ အင်အားတိုးတက်လာရသည့် ခံစားချက်က တကယ့်ကို ကောင်းမွန်လှပေသည်မဟုတ်ပါလား။
"စနစ်... ဒီလိုနည်းနဲ့ အဆင့်တက်တာက ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူးမလား"
【 အိမ်ရှင်အနေဖြင့် စိတ်ချနိုင်ပါသည်။ စနစ်၏ ရည်ရွယ်ချက်မှာ အိမ်ရှင်အား ကောင်းကင်ဘုံနှင့် မရေမတွက်နိုင်သော လောကဓာတ်အပေါင်းကို ဖိနှိပ်ချုပ်ချယ်နိုင်မည့် အထွတ်အထိပ် ဗီလိန်တစ်ဦးအဖြစ် သွန်းထုပေးရန် ဖြစ်သည်။ အဆင့်တက်လှမ်းလိုက်သည်နှင့် အိမ်ရှင်သည် အပြတ်အသတ် အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။ ကံကြမ္မာသားတော်သည်ပင် အိမ်ရှင်၏ ပြိုင်ဘက် မဟုတ်ပေ။ 】
【 မိမိထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများကို ကျော်လွန်တိုက်ခိုက်ခြင်းဟူသည် ကံကြမ္မာသားတော်များသာ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပါ။ 】
ထိုစကားကို ကြားရသောအခါ တီကျွယ်တျန်း စိတ်ကျေနပ်သွားခဲ့ရသည်။ တီကျွယ်တျန်း ဆက်လက်ကြည့်ရှုလိုစဉ်မှာပင် လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
"နတ်ဘုရားသားတော်... မိသားစုခေါင်းဆောင်က သားတော်ကို မိသားစုဆီ ခဏပြန်လာဖို့ မိန့်ကြားထားပါတယ်"
"ဘာကိစ္စရှိလို့လဲ"
၀မ်ဖာနတ်ဘုရားဂိုဏ်းကလူတွေ ရောက်နေလို့ပါ ။
ထိုစကားကို ကြားလိုက်ရရုံနှင့် တီကျွယ်တျန်း ဘာဖြစ်ပျက်ခဲ့သည်ကို ကောင်းကောင်း ရိပ်မိသွားခဲ့သည်။ ပြောနေစရာပင် မလိုတော့ပေ။ သူသည် ထျန်းယန်သန့်စင်မြေနှင့် လီမိသားစုကို အမြစ်ပြတ်ချေမှုန်းခဲ့သည် မဟုတ်ပါလား။ ၀မ်ဖာ နတ်ဘုရားဂိုဏ်းက ပြဿနာလာရှာခြင်း ဖြစ်ပေလိမ့်မည်။
မသေမျိုးနယ်ပယ်တွင် တီမိသားစုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အင်အားစုအချို့ ရှိနေသေးသည်။ ထိုအရာက အပေါ်ယံအခြေအနေသာ ဖြစ်ပြီး ကန့်လန့်ကာနောက်ကွယ်တွင်တော့ မည်သူမျှ အတိအကျ မခန့်မှန်းနိုင်ချေ။ တီမိသားစုက အမှန်တကယ် မည်မျှအထိ အင်အားတောင့်တင်းသလဲဆိုသည်ကိုတော့ တီကျွယ်တျန်းကိုယ်တိုင်ပင် အသေအချာ မသိသေးပေ။
၀မ်ဖာ နတ်ဘုရားဂိုဏ်း... ဤဂိုဏ်းနှင့်ပတ်သက်၍ တီကျွယ်တျန်း သိရှိထားပေသည်။
၎င်းသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အခြေခံအုတ်မြစ် အလွန်နက်ရှိုင်းလှ၏။ မသေမျိုးနယ်ပယ်တွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တည်တံ့လာခဲ့ခြင်း ဖြစ်သည်။ မျိုးဆက်တိုင်းတွင် ထိုဂိုဏ်းနှင့်ပတ်သက်သော ကောလာဟလများ ရှိနေတတ်ပြီး ဂိုဏ်းအတွင်းရှိ ' ကျင့်စဉ်များ' က လူအများကို မနာလိုဖြစ်စေသော်လည်း အမှန်တရားလား၊ အတုအယောင်လားဆိုသည်ကိုတော့ မသိရပေ။ ထိုဂိုဏ်းကို မုန်းတီးသော လူများလည်း ရှိကြသည်။ တီမိသားစုသည်လည်း ထိုအထဲမှ တစ်ခုဖြစ်ပြီး တီမိသားစု၏ အမြင်တွင်တော့ ဤဂိုဏ်းသည် အပေါ်ယံသူတော်ကောင်းယောင်ဆောင်ထားသော ဂိုဏ်းတစ်ခုသာ ဖြစ်သည်။ အဆုံး၌မူ သူတို့သည် မသေမျိုးနယ်ပယ်၏ တရားဥပဒေကို စိုးမိုးစောင့်ရှောက်သည့် 'တာအိုဂိုဏ်း' ဟူသော နာမည်ဂုဏ်ပုဒ်အောက်တွင် လှုပ်ရှားနေကြသည် မဟုတ်ပါလား။
"ပြန်ပြီးတော့ သွားကြည့်တာလည်း မဆိုးပါဘူး... စိတ်ဝင်စားစရာ တစ်ခုခု ရှိမလား ကြည့်ရတာပေါ့"
ကံကြမ္မာသားတော်တစ်ယောက်ကို သတ်ဖြတ်ပြီးခါစဖြစ်သဖြင့် တီကျွယ်တျန်းသည် စွဲလမ်းမှုတစ်ခု ဖြစ်ပေါ်နေသည်။ ပြဿနာလာရှာမည့်အထဲတွင် အခြားသော ကံကြမ္မာသားတော်တစ်ယောက် ထပ်မံပေါ်ထွက်လာမလားဟု သူ မျှော်လင့်နေမိ၏။ ပေါ်လာမည်ဆိုပါက တကယ့်ကို အဆင်ပြေလှပေလိမ့်မည်။
တီကျွယ်တျန်း၏ အမိန့်ကို ကြားလိုက်ရသောအခါ နဂါး ကိုးကောင်သည် ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ကြတော့သည်။ လေဟာနယ်ကြီး တစ်ခုလုံး ပြိုကွဲသွားပြီး နန်းတော်ကြီးကို ဆွဲခေါ်ကာ သူတို့ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
မကြာမီ အချိန်အတွင်းမှာပင် တီကျွယ်တျန်းသည် သူ၏ရှေ့မှောက်ရှိ တီမိသားစုနယ်မြေကို လှမ်းမြင်လိုက်ရသည်။
လေဟာနယ်ထဲ၌ ခမ်းနားထည်ဝါသော တန်ဆောင်များ ရွေ့လျားမျောလွင့်နေကြပြီး မြင်ကွင်းထဲသို့ ဝင်ထွက်နေကြ၏။ နန်းတော်များ၏ အနီးနားတွင် ချီစွမ်းအင်များ ဝေ့ဝဲနေကြပြီး မသေမျိုးဝိညာဉ်ချီစွမ်းအင်များမှာ အဆုံးအစမရှိသော မြစ်ကြီးများကဲ့သို့ စီးဆင်းနေသည်။ ထိုမြစ်ကြီးများအတွင်း၌ နတ်ဘုရားသားရဲများ၏ ပုံရိပ်ယောင်များ ခုန်ပေါက်ကစားနေကြ၏။ ဤသည်မှာ တီမိသားစု ဖြစ်သည်။
မသေမျိုးနယ်ပယ်တွင် သူတို့သည် အခြားသော မည်သည့်အင်အားစုမျှ မရှိသည့် သီးသန့်နယ်ပယ်တစ်ခုလုံးကို သိမ်းပိုက်ထားကြခြင်း ဖြစ်သည်။
တီမိသားစုက ထိုနယ်ပယ်ကို 'နတ်ဘုရားလောက' ဟု အမည်ပေးထားခဲ့ကြသည်။
တီမိသားစု၏ နန်းတော်ကြီးအတွင်း။
"အကြီးအကဲ... နတ်ဘုရားသားတော် ပြန်လည်ရောက်ရှိလာပါပြီ"
"အင်း... ငါ သိတယ်"
ဆဋ္ဌမမြောက် အကြီးအကဲက ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူငါးယောက်ကို ကြည့်ရင်း သူ၏မျက်ဝန်းများထဲ၌ အေးစက်စက် အပြုံးတစ်ခု ပေါ်ထွက်လာ၏။ ခမ်းနားလှသော အဆောင်ကြီးအတွင်း၌ တီမိသားစုဘက်မှ ဆဋ္ဌမမြောက် အကြီးအကဲ တစ်ဦးတည်းသာ ရှိနေသည်ကို တွေ့မြင်နိုင်သည်။
မျက်နှာချင်းဆိုင်ရှိ လူများသည် ဆဋ္ဌမမြောက် အကြီးအကဲကို ကြည့်ကာ စိတ်ထဲတွင် သတိကြီးစွာ ထားနေကြရသည်။ ဤလူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ဓားတစ်လက်တည်းဖြင့် သူတို့၏ ၀မ်ဖာ နတ်ဘုရားဂိုဏ်းသားများကို တစ်ဦးတည်း သတ်ဖြတ်ချေမှုန်းခဲ့ဖူးသူ ဖြစ်သည်။
သို့သော် ထိုကိစ္စရပ်က နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ယခုအခါ တီမိသားစုသည် ဤအကြီးအကဲ တစ်ဦးတည်းကိုသာ စေလွှတ်၍ ကြိုဆိုခိုင်းထားခြင်း ဖြစ်သည်။
သူသည် စနစ်တကျနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေသော်လည်း တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။
ရှပ်.. ရှပ်..
ခြေသံအချို့ ထွက်ပေါ်လာသဖြင့် ခန်းမဆောင်ကြီးအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။
ဆဋ္ဌမမြောက် အကြီးအကဲက ရယ်မောလိုက်၏။ မျက်နှာချင်းဆိုင်ရှိ လူများလည်း သက်ပြင်းချလိုက်နိုင်ကြတော့သည်။
အထူးသဖြင့် ဦးဆောင်လာသော အဘိုးအိုကြီး ဖြစ်သည်။ သေချာကြည့်လျှင် သူလည်း အနည်းငယ် စိုးရိမ်ပူပန်နေပုံရ၏။ အဆုံး၌မူ ဤသည်မှာ တီမိသားစု နယ်မြေဖြစ်ပြီး သူသည် ၀မ်ဖာ နတ်ဘုရားဂိုဏ်းကို ကိုယ်စားပြုကာ ပြစ်မှုအတွက် ရှင်းပြချက် တောင်းဆိုရန် ရောက်ရှိလာခြင်း ဖြစ်သည် မဟုတ်ပါလား။
တီကျွယ်တျန်း ရောက်ရှိလာပြီးနောက် ဆဋ္ဌမမြောက် အကြီးအကဲက မတ်တပ်ရပ်လိုက်သည်။
"နတ်ဘုရားသားတော်ကို အရိုအသေပေးပါတယ်"
"ဆဋ္ဌမမြောက် ဦးလေး... ဦးလေးက ကျွန်တော့်ကို အကျပ်ရိုက်အောင် လုပ်နေပြန်ပြီ"
တီကျွယ်တျန်းက ထိုသို့ စနောက်ပြောဆိုလိုက်သော်လည်း ၀မ်ဖာ နတ်ဘုရားဂိုဏ်းမှ လူများ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
တီမိသားစု၏ နတ်ဘုရားသားတော်ဟူသော အဆင့်အတန်းက ဆဋ္ဌမမြောက် အကြီးအကဲထက်ပင် များစွာ ပိုမိုမြင့်မားနေပုံရသည် မဟုတ်ပါလား။