အခန်း ၁၃ - ထိုရင်းနှီးလှသော အပြုံးနှင့် ရင်နင့်ဖွယ် စကားလုံးများ
ယခင်က သူမသည် ယဲ့ချန် မလာပါစေနှင့်ဟု ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ယဲ့ချန် ကို ပစ်မှတ်ထားသည့် ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။
သို့သော် တစ်ဖက်တွင်မူ သူမ စိတ်ကူးယဉ်ခဲ့ဖူးသော ချစ်သူက သူမကို လာရောက်ခေါ်ဆောင်သွားလိမ့်မည်ဟူသော မျှော်လင့်ချက်အလင်းတန်းလေးတစ်ခုကိုလည်း နှလုံးသားထဲတွင် ဆုပ်ကိုင်ထားခဲ့မိသည်။
လဲ့ချင်း၏ စိတ်အစဉ်သည် တစ်ရက်လုံး ပြင်းထန်စွာ လွန်ဆွဲနေခဲ့ခြင်း ဖြစ်၏။
သို့သော် ယဲ့ချန်သည် လူအုပ်ထဲတွင် ပုန်းအောင်းကာ တီကျွယ်တျန်း၏ ရှေ့မှောက်၌ သူမ တစ်ရက်လုံး ဒူးထောက်နေရသည်ကို ရပ်ကြည့်နေခဲ့ကြောင်း မြင်လိုက်ရချိန်တွင်မူ... လဲ့ချင်းသည် သူမ၏ နှလုံးသားတစ်ခုလုံး ခြောက်သွေ့ဆိတ်သုဉ်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
'ဒါ ငါချစ်ရတဲ့ ယောက်ျားလား...'
'ဒီလိုလူစားမျိုးက ငါ့ရဲ့ အသက်ကို ပုံအပ်ကိုးကွယ်ဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား...'
ဤအချိန်တွင် လဲ့ချင်းသည် စိတ်ရှုပ်ထွေးမှုများစွာဖြင့် လုံးဝ ဆွံ့အသွားခဲ့ရသည်။
လဲ့ယန်သည် ယဲ့ချန် လူအုပ်ထဲမှ ထွက်ပေါ်လာသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်ခြင်းအရှိန်အဝါများ ယှက်သန်းသွားခဲ့သည်။
သို့သော် ယဲ့ချန်က ရှေ့သို့ တက်လှမ်းလာခဲ့ပြီဖြစ်သဖြင့် ထိုသတ်ဖြတ်လိုစိတ်ကို ပြန်လည်သိမ်းဆည်းလိုက်၏။
"တီကျွယ်တျန်း... ငါ လာခဲ့ပြီ"
ယဲ့ချန်က စကားတစ်ခွန်းချင်းစီကို ပြတ်ပြတ်သားသား ပြောလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက သူ၏အင်အားသည် အဆင့်၅ အလွှာ၈သို့ လုံးဝ အခြေခိုင်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူကိုယ်တိုင်လည်း တစ်ကျော့ပြန် စွမ်းဆောင်နိုင်ပြီဟု ခံစားနေရခြင်း ဖြစ်၏။
ကျွိ... တံခါးပွင့်သွားပြီး ခြေသံများ ထွက်ပေါ်လာသည်။
တုတ်... တုတ်...
ထိုခြေသံများမှာ မမြန်လွန်း… မနှေးလွန်းဘဲ တည်ငြိမ်အေးဆေးလှပေသည်။
ကောင်းကင်ဘုံနှင့် မရေမတွက်နိုင်သော လောကဓာတ်အပေါင်း ကို ဤပုဂ္ဂိုလ်ကပင် ထိန်းချုပ်မောင်းနှင်နေသကဲ့သို့ ရှိ၏။
လဲ့ချင်းနှင့် လဲ့ယန်တို့ မော့ကြည့်လိုက်ကြသည်။ ဆင်းသက်လာသော ပုံရိပ်ကို မြင်လိုက်ရချိန်တွင် သူတို့နှစ်ဦးစလုံး စက္ကန့်ပိုင်းမျှ မိန်းမောသွားကြရတော့၏။
ချီလင်ပုံပါရှိသော အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး သူ၏ ရုပ်သွင်မှာ အလွန်တရာ ခန့်ညားထည်ဝါလှပေသည်။ သူ၏ နက်ရှိုင်းသော အနက်ရောင်မျက်ဝန်းတစ်စုံတွင်တော့ ခန့်မှန်းရခက်သော နတ်ဘုရားအလင်းတန်းများ လှည့်ပတ်နေပြီး မြင့်မြတ်လှသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
လက်ရှိတွင် မျက်နှာဖြူလျော်ကာ၊ မျက်လုံးများ သွေးဆုတ်နေပြီး ယခင်က ယုံကြည်ချက်များ ပျောက်ဆုံးနေသော ယဲ့ချန်၏ အခြေအနေနှင့် နှိုင်းယှဉ်လျှင်တော့ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
"ယဲ့ချန် မင်းရောက်နေတာကြာပြီ ဘာလို့အခုမှ ထွက်လာတာလည်း ထွက်မလာတော့ဘူးလို့ ငါထင်နေတာ"
တီကျွယ်တျန်းက အေးဆေးစွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
တီကျွယ်တျန်းသည် သူ၏ခြေရာကို စောစောကတည်းက ခြေရာခံမိထားခြင်း ဖြစ်ရမည်။
သူ ဘာကြောင့် အောက်ခြေလွတ်သွားရသနည်း။ လီမိသားစုထံမှ ထွက်ခွာလာစဉ်က မည်သူမျှ နောက်ယောင်ခံမလိုက်လာကြောင်း ယဲ့ချန် အသေအချာ ယုံကြည်ခဲ့သည်။ သို့သော် သူ၏ ခြေရာက ပေါ်သွားခဲ့ပြီ ဖြစ်သည်။
တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် ယဲ့ချန်သည် လဲ့ချင်းကို မသိမသာ လှည့်ကြည့်လိုက်မိသည်။
ယဲ့ချန်၏ အကြည့်ကို မြင်လိုက်ရရုံနှင့် လဲ့ချင်းသည် သူ ဘာတွေးနေသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့၏။
လဲ့ချင်း၏ မျက်နှာလေး ဖြူလျော်သွားပြီး အသက်ရှူရခက်လောက်အောင် နှလုံးသားထဲက အုန်းအုန်းထကာ နာကျင်သွားရတော့သည်။
"မင်းက နှလုံးသားမဲ့နန်းတော်ရဲ့ သူတော်စင်မ ဖြစ်ရမယ်… ငါ့ကို မေးခွန်းထုတ်ချင်နေတာ မဟုတ်လား... မေးလေ" တီကျွယ်တျန်းက ညင်သာစွာ ပြုံးပြလိုက်သည်။
လဲ့ချင်း ရောက်ရှိလာစဉ်က ဒေါသများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။ သူမသည် တီမိသားစု၏ နတ်ဘုရားသားတော်ကို ယဲ့ချန်အား အဘယ်ကြောင့် ထောင်ချောက်ဆင်ရသနည်းဟု မေးခွန်းထုတ်ချင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ယဲ့ချန်၏ အပြုအမူကို မြင်တွေ့လိုက်ရပြီးနောက် သူမ နှုတ်ဆိတ်သွားခဲ့ရပြီ ဖြစ်သည်။
"ဒူးထောက်စမ်း" တီကျွယ်တျန်းက ရိုးရှင်းစွာ ပြောလိုက်သည်။
ထိုစကားလုံးများ ကျရောက်လာသည်နှင့်တစ်ပြိုင်နက် ယဲ့ချန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ သူ၏ အားကောင်းလှသော ကျင့်ကြံခြင်းစွမ်းအားများမှာ လုံးဝ ပိတ်ဆို့ခြင်း ခံလိုက်ရသကဲ့သို့ ရှိပြီး မည်သည့်အသုံးမျှမဝင်တော့ချေ။
ဒုန်း...
ယဲ့ချန်က မိမိကိုယ်ကိုယ် ဒူးမထောက်ရု အကြိမ်ကြိမ် သတိပေးနေသော်လည်း သူ၏ ဒူးနှစ်ဖက်မှာ မြေပြင်ပေါ်သို့ အလိုအလျောက် ကျိုးကျသွားခဲ့ရတော့သည်။
လဲ့ယန်၏ မျက်နှာအမူအရာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သို့သော် သူက ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းလိုက်၏။
'ကောလာဟလတွေကို ယုံလို့မရဘူးပဲ...'
ဤတီမိသားစု နတ်ဘုရားသားတော်၏ ကျင့်ကြံခြင်းအဆင့်က အမှန်တကယ် ဘယ်အထိ ရောက်နေပြီလဲဆိုတာကိုသာ သူ အကဲမဖြတ်နိုင်ခြင်း ဖြစ်သည်။
【ကံကြမ္မာသားတော်၏ တာအိုနှလုံးသား စော်ကားခံရသဖြင့် စိတ်မိစ္ဆာ ပိုမိုပြင်းထန်လာသည်…ကံကြမ္မာတန်ဖိုး ၂၀၀ လျော့နည်းသွားသည်】
【ကံကြမ္မာသမီးတော်က က ကံကြမ္မာသားတော်အပေါ် စိတ်ပျက်သွားသည်၊ ကံကြမ္မာသားတော်၏ ကံကြမ္မာတန်ဖိုး ၂၀၀ ထပ်မံလျော့နည်းသွားသည်။】
တီကျွယ်တျန်းသည် စနစ်၏ အသံကို ဂရုမစိုက်ပေ။ နောက်ဆုံး ကျန်ရှိနေသော ကံကြမ္မာတန်ဖိုး ရာဂဏန်းအချို့သည် အမြဲတမ်း ဆွဲထုတ်ရ အခက်ခဲဆုံး ဖြစ်တတ်သည်။ ထိုအရာက ကံကြမ္မာသားတော်၏ အသက်ကယ် ဖဲချပ် ဖြစ်နေရမည် မဟုတ်ပါလား။
"မင်းမှာ ကျောက်စိမ်းဆွဲပြားတစ်ခု ရှိတယ်လို့ ငါကြားမိတယ်…အဲ့ဒါလေးကို လေ့လာဖို့ ခဏလောက် ငှားချင်လို့ပါ"
"ဒါပေါ့... မင်းက ကိုယ့်သဘောနဲ့ကိုယ် လိုလိုလားလား ပေးမယ်ဆိုရင်တော့ ငါလည်း ငြင်းမှာမဟုတ်ပါဘူး"
"တီကျွယ်တျန်း... မင်းလို မြင့်မြတ်လှတဲ့ တီမိသားစုရဲ့ နတ်ဘုရားသားတော်က ငါလို ဆင်းရဲတဲ့ကောင်ရဲ့ ပစ္စည်းကိုတောင် လောဘတက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ မင်း တကယ်ကို သိက္ခာကျလိုက်တာ"
"ဟုတ်တယ်... ဒီနတ်ဘုရားသားတော်ကလည်း လောကီအာရုံတွေ ရှိနေသေးတဲ့ သာမန်လူတစ်ယောက်ပဲလေ"
"မင်း အဲ့ဒီပစ္စည်းကို ပေးမယ်ဆိုရင် နှလုံးသားမဲ့နန်းတော်ရဲ့ သူတော်စင်မကို ငါလွှတ်ပေးမယ်... ဘယ်လိုလဲ"
ယဲ့ချန် နှုတ်ဆိတ်သွားခဲ့သည်။
သူ ဘယ်လိုဖြစ်ပြီး ခြေရာခံမိသွားသလဲဆိုတာ သူ မသိပေ။ သူ၏ ကျောက်စိမ်းဆွဲပြားသည် သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်ပြီး အခြားသူများ သိရှိရန် လုံးဝမဖြစ်နိုင်ပေ။ ယခင်က သူ၏နေရာ ပေါ်ခဲ့ပြီး ယခုအခါတွင်မူ သူ၏ လျှို့ဝှက်ချက်ပါ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။
လတ်တလောတွင် သူနှင့် အနီးကပ်ဆုံး ထိတွေ့ခဲ့သူဟူ၍ တစ်ဦးတည်းသာ ရှိသည်။
ထိုသူမှာ လဲ့ချင်း ပင် ဖြစ်၏။
တီကျွယ်တျန်းကသာ ထို ကျောက်စိမ်း အကြောင်းကို စောစောကတည်းက သိရှိခဲ့လျှင်... သူ လီမိသားစုထံမှ အသက်ရှင်လျက် ထွက်လာနိုင်စရာ အကြောင်းမရှိပေ။
သို့သော် သူ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။
ယခုအခါ လဲ့ချင်းက သူ့ကို ကြည့်နေသော အကြည့်များတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုစဉ် ဖခင်ဖြစ်သူ ချန်ထားခဲ့သော စကားကို သူ ပြန်လည်ကြားယောင်မိသွား၏။
'သား…မင်းမှာ လျှို့ဝှက်ချက်တွေ ရှိနေတာ အဖေသိတယ်…ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ပါနဲ့...'
ဤအချိန်တွင် ယဲ့ချန် အနည်းငယ် နောင်တရမိသွားသည်။
သူ ထွက်မလာခဲ့သင့်ပေ။
ဤသည်မှာ လဲ့ချင်းနှင့် တီကျွယ်တျန်းတို့ ပူးပေါင်းပြီး သရုပ်ဆောင်ထားသော ပြဇာတ်တစ်ခု ဖြစ်နေပုံရသည်။
"လဲ့ချင်း... မင်း ငါတို့ ယဲ့မိသားစုအပေါ် ဒီလိုနည်းနဲ့ ကျေးဇူးဆပ်တာပေါ့ ဟုတ်လား" ထိုသို့တွေးတောရင်း ယဲ့ချန်က အံကြိတ်ကာ အော်ဟစ်လိုက်သည်။
လဲ့ချင်း ခဏမျှ ကြောင်အသွားခဲ့ရသည်။
ကံကြမ္မာသမီးတော် တစ်ဦးအနေဖြင့် သူမသည် လူအတစ်ယောက် မဟုတ်ပေ။ သူမသည် အဖြစ်အပျက်အားလုံး၏ အချိတ်အဆက်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ဒါ ရန်တိုက်ပေးတာပဲ နတ်ဘုရားသားတော်က အရမ်းဉာဏ်များတာပဲ အကုန်လုံးက သူစီစဉ်ထားတာတွေပဲ… သွားပြီပဲ…
လဲ့ယန်၏ မျက်ဝန်းများထဲတွင်လည်း သံသယအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
ယဲ့ချန် ပြောသကဲ့သို့ ဤသည်မှာ သမီးဖြစ်သူနှင့် နတ်ဘုရားသားတော်တို့ ပူးပေါင်းဖန်တီးထားသော ပြဇာတ်တစ်ခု ဖြစ်နေမလား။
လဲ့ယန်လည်း ရုတ်တရက် စိတ်ရှုပ်ထွေးသွားရတော့သည်။
"ဟားဟား... ဟားဟား…တကယ်ကို ရယ်စရာကောင်းလိုက်တာ... တကယ်ကို ရယ်စရာကောင်းလိုက်တာပဲ” လဲ့ချင်း မတ်တပ်ရပ်ပြီး ယဲ့ချန်ကို စိုက်ကြည့်လိုက်သည်။
"ရှင် ဘာလို့ ကျရှုံးခဲ့လဲ သိလား... ဘာလို့လဲဆိုတော့ ရှင်က လူမိုက်တစ်ယောက် ဖြစ်နေလို့ပဲ… ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်ပြီး အတ္တကြီးကာ ကိုယ်ကျိုးပဲကြည့်တဲ့ကောင်"
"ရှင့် ရဲ့ မာန်မာနကြောင့် ရှင့်ရဲ့ မိသားစုကို ဒုက္ခပေးခဲ့တယ်။ ရှင့်ရဲ့ မိသားစုလည်း ပျက်စီးသွားခဲ့ပြီ... ရှင့်ရဲ့ ဆရာလည်း သေဆုံးခဲ့ရပြီး ထျန်းယန်သန့်စင်မြေက လူပေါင်းတစ်သိန်းကျော်လည်း သေဆုံးခဲ့ရပြီ”
"ရှင့်ရဲ့ အတ္တကြီးမှုကြောင့် ရှင်ချစ်ရတဲ့ အမျိုးသမီး သေဆုံးခဲ့ရတဲ့အပြင် ရှင်က သူမရဲ့ မိသားစုဝင်အားလုံးကိုပါ သတ်ပစ်ခဲ့သေးတယ်… လီရှီးသာ ဒါကိုသိရင် သရဲတစ္ဆေဖြစ်သွားရင်တောင် ရှင့်ကို လွှတ်မှာမဟုတ်ဘူး"
"ရှင့်ရဲ့ ရမ္မက်ဆန္ဒကြောင့် မပြစ်မှားသင့်တဲ့လူကို သွားပြစ်မှားပြီး မင်းရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကို ဆွဲသွင်းခဲ့တယ်… ဒါတောင် ရှင်က အသက်ရှင်နေတုန်းပဲ... ရှင် ဘာတွေ အနစ်နာခံခဲ့ဖူးလဲ"
"အရာအားလုံးက ဘာလို့ ဒီလိုဖြစ်နေရတာလဲ... ဘာလို့လဲဆိုတော့ ရှင်က မာနကြီးလို့ပဲ… ရှင့်ရဲ့ ကျောရိုးက မာလွန်းလို့ပဲ"
"ရှင် က ကိုယ်တိုင် ဘာမှမမှားဘူးလို့ ထင်နေတာ…အောက်က လူတွေကို ငုံ့ကြည့်လိုက်စမ်း... သူတို့က ရှင့်ကို သတ်ပစ်ချင်နေကြတာ"
"ရှင်က ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် အပြစ်မရှာဘူး… အဆင်ပြေနေရင်တော့ ကောင်းပြီး ပြဿနာတစ်ခုခု တက်လာရင်တော့ အဲ့ဒါ အခြားလူရဲ့ အပြစ်ဖြစ်သွားရော"
"သာမန် ပါရမီရှင်တစ်ယောက် ဖြစ်နေပြီးတော့ ကောင်းကင်ကြီးကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ အဟုတ်ကြီး ထင်နေတာလား"
"ရှင်က ရေတွင်းထဲက ဖားတစ်ကောင်လိုပဲ... ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ကောင်းကင်ကြီးကို လှမ်းကြည့်နေတာ"
"မသေမျိုးနယ်ပယ်မှာ ဘယ်လောက်တောင် တောက်ပတဲ့ ပါရမီရှင်တွေ ပေါ်ထွက်ခဲ့ဖူးလဲ... ဒီကမ္ဘာကြီးက ရှင်ထင်ထားတာထက် အများကြီး ပိုကျယ်ဝန်းတယ်"
"ကျွန်မ အမုန်းဆုံးလူစားက ရှင့်လို လူစားမျိုးပဲ"
"ဟုတ်တယ်... ရှင်ထင်ထားတဲ့အတိုင်းပဲပူး ပေါင်းထားတာဆိုရင်"
"အဲ့တော့ ဘာဖြစ်လဲ... ရှင် ဘာလုပ်နိုင်မှာလဲ"
"ရှင် ကျွန်မ ကို သတ်ရဲလို့လား"
"ရှင် လက်လှုပ်ဝံ့လို့လား"
"ရှင်က သိပ်တော်လှချည်ရဲ့ဆို... အရင်တုန်းက ရှင် ကျွန်မကို ပြောခဲ့ဖူးတယ် မဟုတ်လား၊ တစ်နေ့ကျရင် မသေမျိုးနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ မတ်တပ်ရပ်ပြမယ်ဆိုတာလေ"
"အခု ဒူးထောက်နေတာက ရှင်ရဲ့ အရည်အချင်းလား... ဒါက ရှင့်ရဲ့ ယုံကြည်ချက်လား"
"ပါရမီရှင်ကြီး ယဲ့... ဘာလို့ ဒူးထောက်နေသေးတာဲလ…ရှင် မတ်တပ်ရပ်နိုင်ရင် ရပ်ပြလိုက်စမ်းပါဦး”
လဲ့ချင်း၏ စကားလုံးများကို ကြားလိုက်ရချိန်တွင် ယဲ့ချန်၏ မျက်ဝန်းများ၌ ရူးသွပ်မှုများနှင့် အရှက်ရမှုများဖြင့် ပြည့်နှက်သွားတော့သည်။
လဲ့ချင်းက ဤကဲ့သို့ ပြောလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
ဘေးတွင် ရှိနေသော လဲ့ယန်လည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။ 'ဒါ ငါ့သမီး ဟုတ်ရဲ့လား...'
တီကျွယ်တျန်းသည်လည်း ဤအမျိုးသမီးကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
သူ၏ ယခင်ဘဝတုန်းက လူတွေ အမြဲပြောလေ့ရှိကြသည်မှာ မိန်းမဟူသည်...အစားစားရတာ ကြိုက်တတ်ကြသည်…လမ်း မမှတ်မိတတ်ကြဘဲ မှတ်ဉာဏ်လည်း မကောင်းကြဘူးဟူ၍ ဖြစ်သည်။
သို့သော် အတိတ်က အကြောင်းအရာဟောင်းတွေကို ပြန်ဖော်ရမည်ဆိုပါက တစ်ခုမှ မလွတ်တမ်း မှတ်မိနေတတ်ကြပေသည်။
ယနေ့တွင် သူ အမှန်တကယ် ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်၏။
ဤသည်မှာ ကံကြမ္မာသားတော်၏ နှလုံးသားကို ဓားဖြင့် အစိမ်းလိုက် ထိုးစိုက်လိုက်ခြင်းပင်။
လက်ရှိတွင် ကံကြမ္မာသားတော်၏ ဆံပင်များပင် ထောင်ထလာတော့မည့် အခြေအနေ ဖြစ်နေသည် မဟုတ်ပါလား။ ထိုသို့တွေးတောရင်း တီကျွယ်တျန်းက ယဲ့ချန်ကို လှည့်ကြည့်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။
တီကျွယ်တျန်း၏ အပြုံးကို မြင်လိုက်ရသောအခါ ယဲ့ချန်၏ ဒေါသမီးများမှာ ရေအေးဖြင့် အပက်ခံလိုက်ရသကဲ့သို့ ချက်ချင်း ငြိမ်းသတ်သွားခဲ့ရတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် နောက်သို့ ဆုတ်သွားပြီး သတိကြီးစွာ ထားလိုက်မိ၏။
"ယဲ့ချန်... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်…လဲ့ချင်းကို သတ်လိုက်... ဒါဆိုရင် ငါ မင်းကို ထပ်လွှတ်ပေးမယ်… ဘယ်လိုလဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ချန်သည် တီကျွယ်တျန်းကို မိစ္ဆာတစ်ကောင်ကဲ့သို့ စိုက်ကြည့်လိုက်မိသည်။
ဤသည်မှာ ယခင်ကအတိုင်း ရင်းနှီးလှသော အကွက်ဟောင်းနှင့် ရင်နင့်ဖွယ် စကားလုံးများပင် ဖြစ်သည်။
"တီကျွယ်တျန်း... မင်းလို မြင့်မြတ်လှတဲ့ တီမိသားစုရဲ့ နတ်ဘုရားသားတော်က ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကိုပဲ သုံးတတ်တာလား"
"ဒီနတ်ဘုရားသားတော်က သာမန်လူတစ်ယောက်ပဲလေ... မင်းတို့လို မြင့်မြတ်တဲ့ စိတ်မျိုး ငါ့မှာ မရှိဘူး"
"ဒါနဲ့... ဒါက ချင်းအာနဲ့ငါ ပူးပေါင်းပြီး မင်းကို ကစားဖို့အတွက် သရုပ်ဆောင်ထားတဲ့ ပြဇာတ်တစ်ခုပဲလေ…မင်း ပျော်ရဲ့လား"
"ကျောက်စိမ်းဆွဲပြားကို ပေး... မပေးရင် မင်း သေရမယ်"
ယဲ့ချန်သည် သူ ခံစားခဲ့ရသော နာကျင်မှုများနှင့် သူ့အတွက် နောက်ဆံတင်းစရာ မရှိစေရန် အသက်ပေးသွားခဲ့သော ဖခင်ဖြစ်သူကို ပြန်လည်တွေးတောမိသွားသည်။
သို့သော် လဲ့ချင်းကပင် သူ့ကို စွန့်ပစ်သွားခဲ့ပြီ ဖြစ်သည်။
လီရှီးသည်လည်း သူ့ကြောင့် သေဆုံးခဲ့ရပြီ ဖြစ်၏။
ထိုသို့ တွေးတောမိရင်း ယဲ့ချန်၏ မျက်နှာမှာ နီမြန်းလာပြီး သွေးတစ်လုပ် ထပ်မံအန်ထုတ်လိုက်ရသည်။
ထို့နောက် သူ၏ ကျောက်စိမ်းဆွဲပြားကို ထုတ်ယူလိုက်တော့သည်။
"တီကျွယ်တျန်း... မင်း ဒီကျောက်စိမ်းဆွဲပြားကို လိုချင်တာလား၊ မဖြစ်နိုင်ဘူး... မင်း ဒီဘဝမှာ ဘယ်တော့မှ မရစေရဘူး"
သူသည် ဆွဲပြားကို မြေပြင်ပေါ်သို့ အားနှင့် ပစ်ချလိုက်သည်။ သို့သော် ကျောက်စိမ်းဆွဲပြားက ကွဲအက်မသွားပေ။ ယဲ့ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ မတုံ့ပြန်နိုင်မီမှာပင် ကျောက်စိမ်းဆွဲပြားသည် တီကျွယ်တျန်း၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
【ကံကြမ္မာသားတော်သည် သူ၏ အသက်ကယ်ဖဲချပ်ဖြစ်သော ဝိညာဉ်ဝါးမြိုခြင်း နတ်ဘုရားကွင်းကို ဆုံးရှုံးသွားခဲ့ပြီ။ ကံကြမ္မာသားတော်၏ အဆင့်အတန်း ၁၀၀ လျော့နည်းသွားပြီး ကံကြမ္မာတန်ဖိုး လုံးဝ သုည (၀) ဖြစ်သွားခဲ့ပြီ။】
【ပိုင်ရှင် အနေဖြင့် သူ့ကို ယခု သတ်ဖြတ်နိုင်ပါပြီ။】
"မင်း လဲ့ချင်းကို သတ်မယ်ဆိုရင် ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်… ဒီကျောက်စိမ်းဆွဲပြားကို မင်းဆီ ပြန်ပေးပြီး သုံးနှစ်အချိန် ပေးမယ်... ဘယ်လိုလဲ"
"မင်း စကားတည်ရဲ့လား" ယဲ့ချန်က မျက်နှာပျက်ယွင်းလျက် ပြန်လည်မေးမြန်းလိုက်သည်။
"ငါ စကားတည်သလား.. မတည်ဘူးလားဆိုတာ ပထမတစ်ခါ မင်းကိုယ်တိုင် မြင်တွေ့ခဲ့ပြီးပြီ မဟုတ်လား"
ထိုစဉ်မှာပင် ယဲ့ချန်ကို ဖိနှိပ်ထားသော အရှိန်အဝါများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချန်က သူမကို သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ လဲ့ချင်းက မဲ့ပြုံး ပြုံးလိုက်ပြီး သူမ၏ လေသံမှာ အေးစက်စက်နှင့် တည်ငြိမ်လှပေသည်။
လုံးဝ ရင်နင့်ဖွယ် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေ၏။
"ယဲ့ချန်... ရှင်က တကယ့် လူပြက်တစ်ယောက်ပဲ… အရင်တုန်းက ယဲ့ချန်က အခုလို လူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး"
လဲ့ချင်းက အေးစက်စွာ ရယ်မောလိုက်သည်။
ထို့နောက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
၎င်းသည် ဓားအလင်းတန်းတစ်ခုကဲ့သို့ပင် ယဲ့ချန်၏ ခန္ဓာကိုယ်ကို တည့်တည့် ချင်းနင်းဖြတ်သန်းသွားခဲ့တော့၏။
သူမသည် ယဲ့ချန်၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်ကို စိုက်ကြည့်ရင်း...
"ရှင့် လို အရှက်မရှိတဲ့ လူယုတ်မာတစ်ယောက်က ငါနဲ့ တိုက်ခိုက်ဖို့တောင် အရည်အချင်း မရှိဘူး" လဲ့ချင်းက လုံးဝ ဂရုမစိုက်သည့် လေသံဖြင့် အေးစက်စွာ ပြောလိုက်တော့သည်။