အခန်း ၁၂ - သွားပြီ... ဒါက ဗြောင်ကျကျ ပူးပေါင်းကြံစည်မှုပဲ၊ ငါ ဒါကို ရိပ်မိတောင် မရိပ်မိခဲ့ဘူး
ယဲ့ချန်သည် ထိုစကားများကို ကြားလိုက်ရချိန်တွင် နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင် ယိုစီးလာသကဲ့သို့ ခံစားလိုက်ရသည်။
ထိုစဉ်မှာပင် ယဲ့ချန်နှင့် လူအုပ်ကြီးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားကြ၏။ နဂါးရထားလုံးကြီးသည် ခရီးစဉ်ကို ရပ်တန့်လိုက်ပြီး ရထားလုံးအတွင်းမှ လူရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။ သူ၏မျက်နှာအစစ်အမှန်ကိုမူ သေချာမမြင်ရပေ။
"နတ်ဘုရားသားတော်က အမိန့်ရှိထားတယ်..."
"ဒီနေ့ကစပြီး တစ်ရက်အတွင်း ယဲ့ချန်သာ ထွက်လာပြီး နတ်ဘုရားသားတော်ရဲ့ ရှေ့မှောက်မှာ ဒူးမထောက်ဘူးဆိုရင်..."
"နှလုံးသားမဲ့နန်းတော်ရဲ့ သန့်စင်သမီးတော် လဲ့ချင်းကို လူတိုင်း ရှေ့မှာ ကွပ်မျက်ပစ်မယ် စီရင်မယ့် နည်းလမ်းကတော့ ဟဲဟဲ လူတိုင်းကို စိတ်ဝင်စားစေမှာ သေချာတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ လူအများအပြားမှာ စိတ်လှုပ်ရှားသွားကြသည်။
ယခင်က နှလုံးသားမဲ့နန်းတော်ဟူသည် သူတို့ လက်လှမ်းမမီနိုင်သော အဆင့်မြင့်မားသည့် တည်ရှိမှုကြီး ဖြစ်ခဲ့သည်။ နတ်ဘုရားသားတော်က လဲ့
ချင်းကို ဤမျှ ရက်ရက်စက်စက် အရေးယူလိမ့်မည်ဟု သူတို့ လုံးဝမထင်မှတ်ထားခဲ့ကြပေ။
လဲ့ချင်းသည်လည်း ထိုစကားများကို ကြားလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး အကြည့်ရဆိုးလောက်အောင် ပျက်ယွင်းသွားတော့သည်။
သူမတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် စွမ်းအားပင် မရှိတော့ပေ။ သူမ၏ ခန္ဓာကိုယ်အတွင်း၌ ကျင့်ကြံခြင်းစွမ်းအား အစအနမျှမရှိဘဲ လုံးဝ ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။
အောက်ခြေရှိ လူအုပ်ထဲတွင်မူ ယဲ့ချန်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေတော့၏။
'ငါ သွားသင့်လား... မသွားသင့်ဘူးလား...'
လူအများ ပြောနေကြသကဲ့သို့ လဲ့ချင်းသည် သူ၏အရေးကြောင့် ဤအခြေအနေသို့ ရောက်ရှိနေရခြင်း ဖြစ်သည်။
သို့သော် ဖခင်ဖြစ်သူ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်မီက ချန်ထားခဲ့သော စာသားကိုလည်း သူ ပြန်လည်သတိရမိနေသည်။
'ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ပါနဲ့...'
ယဲ့ချန်၏ စိတ်ထဲတွင် ပြင်းထန်စွာ လွန်ဆွဲနေမိတော့သည်။
စောစောက စကားပြောခဲ့သော အမျိုးသားသည် ယဲ့ချန်ရှိရာ ဘက်သို့ ဝေ့ဝဲကြည့်ကာ ပြုံးလိုက်ပြီးနောက် လေထုထဲ၌ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လဲ့ချင်းသည်လည်း ယခုအချိန်တွင် အနည်းငယ် နောင်တရမိလာသည်။
သူမ စိတ်လိုက်မာန်ပါ လုပ်မိသွားခဲ့ခြင်း ဖြစ်၏။ တီမိသားစု၏ နတ်ဘုရားသားတော် တီကျွယ်တျန်းက မည်သည့်ဆုတ်ခွာရာ လမ်းစမျှမချန်ဘဲ ဤမျှအထိ ပြတ်ပြတ်သားသားနှင့် ရက်ရက်စက်စက် လုပ်ဆောင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။
ယခုအချိန်တွင် လဲ့ချင်းသည် နှလုံးသားမဲ့နန်းတော်မှ လူများ သူမကို လာရောက်ကယ်တင်ပေးရန်သာ မျှော်လင့်နေမိတော့သည်။
ယဲ့ချန်ကိုမူ မလာစေချင်တော့ပေ။ တီကျွယ်တျန်းသည် ယဲ့ချန်ကို ဒုက္ခပေးရန်အတွက် သူမကို အသုံးချကာ ထောင်ချောက်ဆင်နေခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
နှလုံးသားမဲ့နယ်မြေအတွင်း။
လေဟာနယ်ထဲ၌ ခမ်းနားထည်ဝါသော တန်ဆောင်းများ မျောလွင့်နေကြသည်။
ကျွန်းတစ်ကျွန်းပြီးတစ်ကျွန်းမှ အားကောင်းလှသော အရှိန်အဝါများ ပေါ်ထွက်လာပြီး ထိုအရှိန်အဝါပိုင်ရှင်များအားလုံးသည် ဗဟိုချက်ရှိ နှလုံးသားမဲ့နန်းတော်ဆီသို့ ဦးတည်ပျံသန်းနေကြ၏။
ဤအချိန်တွင် နန်းတော်အမတ်ဆောင်ကြီးအတွင်းရှိ လေထုမှာလည်း အလွန်ပင် လေးလံထိုင်းမှိုင်းနေသည်။
အဘွားအိုတစ်ဦးသည် မျက်နှာပျက်ယွင်းလျက် ရှိနေ၏။
သေချာကြည့်လျှင် သူမ၏ ခြေထောက်များနှင့် လက်မောင်းများမှာ ပြတ်တောက်နေပြီ ဖြစ်သည်။
အဆောင်အတွင်းသို့ ရောက်ရှိလာကြသော လူများအားလုံးသည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားကြရတော့သည်။
ဤအဘွားအိုသည် သာမန်လူမဟုတ်ပေ။ သူမ၏ အင်အားသည် နှလုံးသားမဲ့နန်းတော်တွင် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင် တစ်ဦး ဖြစ်သည်။
သူမကို ဤကဲ့သို့ မည်သူက လုပ်ရက်ရသနည်း။
"ချင်းအာ... အဲ့ဒီကလေးမလေးက တီမိသားစုရဲ့ နတ်ဘုရားသားတော်ကို စော်ကားမိသွားပြီ"
လဲ့ယန်သည် ခန်းမဆောင်အသီးသီးမှ ရောက်ရှိလာကြသော ခန်းမသခင်များကို ကြည့်ကာ စကားတစ်ခွန်း ပြောလိုက်သည်။ ခန်းမဆောင်ကြီးအတွင်းရှိ လူအားလုံး တိတ်ဆိတ်သွားကြတော့၏။
သူတို့ ဘာပြောနိုင်ဦးမည်နည်း။ အပြင်လူများက နှလုံးသားမဲ့နန်းတော်သည် တီမိသားစုနှင့် အားပြိုင်နိုင်သည်ဟု ပြောဆိုနေကြသော်လည်း ထိုအရာက မိမိကိုယ်ကိုယ် ဂုဏ်တင်ပြောဆိုနေခြင်းသာ ဖြစ်သည်။
တီမိသားစုကသာ အမှန်တကယ် တိုက်မည်ဆိုပါက တစ်နာရီအတွင်း နှလုံးသားမဲ့နန်းတော်ဟူသည် ကမ္ဘာမြေပေါ်မှ အစအနဖျောက် ပျက်စီးသွားပေလိမ့်မည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့မှာ သဘောထားအမြင် ဒါမှမဟုတ် အကြံဉာဏ်ရှိလဲ"
"နန်းတော်သခင်... ဒါက ကျွန်တော်တို့ကို အကျပ်ရိုက်စေတာပဲ။ ကျွန်တော်တို့ရဲ့ ဉာဏ်ပညာနဲ့တော့ ဒီလိုပြဿနာမျိုးကို မဖြေရှင်းနိုင်ဘူး။ ဒါနဲ့... လဲ့ချင်း က နတ်ဘုရားသားတော်ကို ဘယ်လိုဖြစ်ပြီး စော်ကားမိတာလဲ"
"ယဲ့ချန်ဆိုတဲ့ လူတစ်ယောက်ကြောင့်ပဲ"
"သူတော်စင်မ (သန့်စင်သမီးတော်)ကို အရင်က ကူညီစောင့်ရှောက်ပေးခဲ့ဖူးတဲ့ မိသားစုကလား"
"ဟုတ်တယ်…အဲ့ဒီတုန်းက ငါတို့ နှလုံးသားမဲ့နန်းတော်မှာ ဖုန်မှုန့်ခန်းဆောင် ဆိုတာ ရှိခဲ့ဖူးတယ်... ဒါပေမဲ့ အဲ့ဒီဆောင်ကို မဖွင့်လှစ်ခဲ့တာ နှစ်ပေါင်းသောင်းချီနေပြီ။ ယဲ့မိသားစုက အဲ့ဒီမျိုးနွယ်ရဲ့ မျိုးဆက်တွေပဲ"
"ယဲ့မိသားစုက ဒီအကြောင်းကို သိလား"
"သူတို့ မသိဘူး"
"မသိရင်တော့ ကိုင်တွယ်ရ ပိုလွယ်တာပေါ့။ နတ်ဘုရားသားတော်က သူတော်စင်မကို အခုထိ မသတ်သေးတာက ယဲ့ချန်ကို မျှော်လင့်နေလို့ပဲ ဖြစ်ရမယ်"
"ဒီကိစ္စအတွက် ငါတို့ ကြားဝင်စေ့စပ်ပေးလို့ပဲ ရလိမ့်မယ်... ဒါပေမဲ့ အရေးကြီးဆုံးက သူတော်စင်မအပေါ်မှာပဲ မူတည်တယ်"
ထိုခန်းမသခင်က စကားပြောလိုက်သောအခါ အခြားသော ခန်းမသခင်များက သူ့ကို လှည့်ကြည့်လိုက်ကြသည်။ လူတိုင်းသည် နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ကြသော မြေခွေးအိုကြီးများ ဖြစ်ကြသဖြင့် စကားတစ်ခွန်း ကြားလိုက်ရုံနှင့် မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို ချက်ချင်း သဘောပေါက်ကြပေသည်။
ထိုစကား၏ အဓိပ္ပာယ်မှာ လဲ့ချင်းအား နတ်ဘုရားသားတော်ကို မြူဆွယ်ဖြားယောင်းခိုင်းရန်ပင် ဖြစ်သည်။
လဲ့ယန်လည်း သက်ပြင်းချလိုက်မိသည်။ ယခုအချိန်တွင် သူကိုယ်တိုင်ပင်လျှင် အလွန်အကျပ်ရိုက်နေရပြီ မဟုတ်ပါလား။
"ငါကိုယ်တိုင်ပဲ သွားလိုက်ပါ့မယ်"
အဆုံး၌မူ ဤသည်မှာ သူ၏သမီးဖြစ်သူ ဖန်တီးခဲ့သော ဘေးဒုက္ခတစ်ခု ဖြစ်နေသည်လေ။
ထိုစကားကို ကြားရသောအခါ အခြားသော ခန်းမသခင်များက ဘာမျှထပ်မပြောကြတော့ပေ။
သူတို့တွင် လိုက်ပါသွားရန် အရည်အချင်းလည်း မရှိကြချေ။
လရောင်ကမ္ဘာမြေပေါ်သို့ ကျရောက်လုနီးအချိန်တွင် လဲ့ယန်သည် သက်ပြင်း ထပ်မံချလိုက်မိသည်။
သမီးဖြစ်သူ ဒုက္ခရောက်နေသည်ကို သိသော်လည်း သူ ဘာမျှမတတ်နိုင်ပေ။ သူသည် သင့်တော်သော အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခဲ့သည်။
ထိုအခွင့်အရေးမှာ ယဲ့ချန် မရောက်လာမီ အချိန်ပင် ဖြစ်သည်။
ဤနည်းဖြင့်သာ တီကျွယ်တျန်း၏ အစီအစဉ်ကို ကျေနပ်စေနိုင်မည် ဖြစ်သည်။ ယဲ့ချန် ရောက်ရှိပြီးမှ သွားမည်ဆိုပါက ရလဒ်က ဆိုးကျိုးကိုသာ ဖြစ်ထွန်းစေလိမ့်မည်။
မူလက လဲ့ယန်တွင် ကိုယ်ပိုင်အစီအစဉ်များ ရှိခဲ့သော်လည်း ယဲ့ချန်က ယခုအချိန်အထိ ထွက်မလာသေးကြောင်း ကြားသိရသောအခါ သူ သက်ပြင်းချလိုက်မိတော့သည်။
သူ၏အစီအစဉ် ပျက်ပြယ်သွားခဲ့ပြီ ဖြစ်၏။ သူ၏ပုံရိပ်သည် လှုပ်ရှားသွားပြီး ကောင်းကင်ယံထက်၌ ပျောက်ကွယ်သွားတော့သည်။
"နတ်ဘုရားသားတော် တီ... ကျေးဇူးပြုပြီး ထွက်တွေ့ဆုံပေးပါ"
တီကျွယ်တျန်းသည် ထိုအသံကို ကြားလိုက်ရသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ မျက်လုံးများကို မှိတ်ကာ အတွေးနက်နေဆဲ ဖြစ်သည်။
"နတ်ဘုရားသားတော်... နှလုံးသားမဲ့နန်းတော်ရဲ့ နန်းတော်သခင် လဲ့ယန် ရောက်ရှိနေပါတယ်"
"သူ့ကို ခဏလောက် စောင့်ခိုင်းထားလိုက် ဒီမြေခွေးအိုကြီးကလည်း လူကောင်းတစ်ယောက်ပုံစံ မဟုတ်ဘူး"
ပိတ်ထားသော နန်းတော်တံခါးကြီးကို ကြည့်ရင်း မည်သည့်အသံမျှ ထွက်ပေါ်မလာပေ…လဲ့ယန် သက်ပြင်းချလိုက်မိသည်။
'တီမိသားစုရဲ့ နတ်ဘုရားသားတော် ဆိုတဲ့အတိုင်းပဲ...'
သူမ၏ ဖခင်ဖြစ်သူက တံခါးအပြင်ဘက်တွင် ရိုသေစွာ ဦးညွှတ်လျက် မတ်မတ်ပင် မတ်တပ်မရပ်ဝံ့ဘဲ ရှိနေသည်ကို ကြည့်ပြီး လဲ့ချင်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူမ မှတ်မိသရွေ့ သူမ၏ ဖခင်သည် အမြဲတမ်း အရာရာကို ထိန်းချုပ်နိုင်စွမ်းရှိပြီး တည်ငြိမ်အေးဆေးကာ မည်သည့်အရာကိုမဆို စီမံနိုင်သူ ဖြစ်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ ဖခင်ဖြစ်သူ၏ မျက်ဝန်းများထဲ၌ အားကိုးရာမဲ့မှုနှင့် တတ်နိုင်စွမ်းမရှိမှုတို့ကို သူမ အထင်အရှား မြင်တွေ့နေရပြီ ဖြစ်သည်။
အောက်ခြေရှိ လူအုပ်ကြီးသည်လည်း လဲ့ယန် ပေါ်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသည်။
အမှန်စင်စစ် နှလုံးသားမဲ့နန်းတော်သည် ထျန်းယန်သန့်စင်မြေထက် များစွာ ပိုမိုအင်အားတောင့်တင်းသည်။ သို့သော် ယခုအခါ တီမိသားစု၏ နတ်ဘုရားသားတော်ရှေ့မှောက်တွင်မူ အသက်ပင် ကျယ်ကျယ်မရှူဝံ့ဘဲ ရိုသေစွာ ဦးညွှတ်ခါ အလေးပြုနေရရုံသာ ရှိတော့သည်။ ထို့ကြောင့် အောက်ခြေရှိ လူများလည်း မည်သည့်အသံမျှ မပြုဝံ့ကြတော့ပေ။
ထိုစဉ် လူအုပ်ထဲရှိ ယဲ့ချန်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။
"ပူးပေါင်းကြံစည်မှုပဲ... ဒါက ဗြောင်ကျကျ ထောင်ချောက်ဆင်ထားတာပဲ… ငါ ဒါကို ရိပ်မိတောင် မရိပ်မိခဲ့ဘူး"
ဤအချိန်တွင် ယဲ့ချန် အနည်းငယ် နောင်တရမိသွားသည်။
သူ စောစောကတည်းက ထွက်လာခဲ့သင့်သည် မဟုတ်ပါလား။
ဤသို့တွေးတောရင်း ယဲ့ချန်၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး ကောင်းကင်ယံရှိ နန်းတော်ဆီသို့ ပျံသန်းတက်လှမ်းသွားတော့သည်။
သို့သော် ယဲ့ချန် လေထုထဲသို့ ပျံတက်ပြီး နန်းတော်နားသို့ ချဉ်းကပ်လုနီးအချိန်မှာပင်... ပြင်းထန်လှသော ဖိနှိပ်မှုစွမ်းအားတစ်ခု ကျရောက်လာခဲ့သည်။
ယဲ့ချန်၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ အောက်ခြေမြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပေရာချီကျယ်ဝန်းသော အက်ကွဲပျက်စီးမှု နယ်မြေကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ယဲ့ချန်သည် ထိုအက်ကွဲကြောင်းထဲမှ ရုန်းထွက်လာပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
ယဲ့ချန်၏ မျက်နှာကို မြင်လိုက်ရချိန်တွင်မှ လူအုပ်ကြီးသည် ရုတ်တရက် သတိဝင်လာကြတော့၏။
"မင်းက ယဲ့ချန် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"
"ကောင်းတယ်... စောစောကတည်းက မင်းပုံစံကို ကြည့်ရတာ တစ်ခုခုမှားနေတယ်လို့ ငါထင်နေတာ"
"ဒါဆို... မင်းက ဒီနေရာမှာ တစ်ရက်လုံး ပုန်းနေခဲ့တာပေါ့"
"ဒီလို အသည်းနှလုံးမရှိတဲ့ကောင်ကို ရိုက်သတ်ကြစမ်း”
လူအုပ်ကြီးသည် ယဲ့ချန်၏ အထောက်အထားကို သေချာမြင်လိုက်ရချိန်တွင် သူတို့၏ မျက်ဝန်းများ၌ ဒေါသမီးများ တောက်လောင်လာကြသည်။
ယနေ့ နတ်ဘုရားသားတော် ပြောခဲ့သော စကားများကို တွေးတောမိပြီး လဲ့ချင်း တစ်ရက်လုံး ဒူးထောက်နေရသည်ကို ယဲ့ချန်က ဤနေရာတွင် ရပ်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
သူသည် တစ်ဖက်လူ၏ ဖခင်ဖြစ်သူ ပေါ်လာချိန်မှသာ ထွက်လာခဲ့ခြင်း မဟုတ်ပါလား။
ယဲ့ချန်သည် ဒေါသထွက်ချင်သော်လည်း သူတို့၏မျက်ဝန်းထဲရှိ သတ်ဖြတ်ခြင်းအရှိန်အဝါများကို မြင်လိုက်ရသောအခါ သူ၏ အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းများကိုသာ လက်ဖြင့် ကာကွယ်ထားလိုက်ရတော့သည်။
ခဏအကြာတွင်... အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"တော်လောက်ပြီ... ယဲ့ချန်…ဒီဘက်ကိုလာပြီး နတ်ဘုရားသားတော်ကို တောင်းပန်လိုက်စမ်း"
လေဟာနယ်ထဲမှ ထွက်ပေါ်လာသော ထိုအသံကို ကြားလိုက်ရသဖြင့် လူအုပ်ကြီးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
သူတို့ထဲမှ အမျိုးသမီးအချို့သည် ယဲ့ချန်၏ လက်မောင်းကို ကန်ချိုးပစ်ခဲ့သော်လည်း စိတ်ထဲတွင် အားမလိုအားမရ ဖြစ်နေကြ သေးသည်။
ဤအသည်းနှလုံးမရှိသော ယောက်ျားယုတ်သည် နောင်တစ်ချိန်တွင် အခြားသူများကို ထပ်မံဒုက္ခပေးဦးမည် ဖြစ်ရာ နတ်ဘုရားသားတော် တီကပင် ဤကောင်ကို သတ်ပစ်လိုက်ရန် သူတို့ ဆုတောင်းနေကြတော့သည်။
ယဲ့ချန်၏ အထောက်အထား ပေါ်ပေါက်သွားချိန်တွင် လဲ့ချင်းလည်း ဆွံ့အမှင်တက်သွားခဲ့ရသည်။
သူမ၏ နှလုံးသားထဲတွင် ပြင်းထန်စွာ နာကျင်သွားရပြီး မျက်နှာလေး ဖြူလျော်သွားကာ စိတ်ရှုပ်ထွေးမှုများစွာဖြင့် ပြည့်နှက်သွားတော့သည်။