အပိုင်း ( ၄၆ ) - တိုက်ပွဲ
လင်ဖန့်သည် မိမိကို ဝိုင်းရံထားသည့် မိစ္ဆာများကို ဝေ့ဝဲကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် အထင်အမြင်သေးဟန်ဖြင့် ဆိုလိုက်သည်။
“မြတ်စွာဘုရားရဲ့ သာသနာတော်မှာ သက်ကပ်စတေးခွင့်ရတာဟာ သူတို့အတွက် အမြင့်ဆုံးသော ဂုဏ်ဒြပ်ပဲ ဒကာကြီး။ အဲဒီလောက်အထိ အမြင်ကျဉ်းမြောင်းပြီး လမ်းမှားမလိုက်ပါနဲ့တော့”
“လမ်းမှားလိုက်နေတာ ခင်ဗျားတို့ပဲ။ ကရုဏာတရားကို အခြေခံပါတယ်ဆိုတဲ့ ဗုဒ္ဓဂိုဏ်းက ယခုလို စက်ဆုပ်ဖွယ်နည်းလမ်းတွေကို သုံးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” လင်ဖန့်က ရင်ထဲ၌ စိတ်မကောင်းဖြစ်စွာဖြင့် ပြန်လည်ချေပလိုက်သည်။
“လောကက လူသားအများစုဟာ အမှောင်ဖုံးနေကြပြီး ဆန်းကြယ်လှတဲ့ ဗုဒ္ဓတရားတော်တွေကို နားမလည်ကြဘူး။ သံသရာဆင်းရဲဒုက္ခပင်လယ်ကြီးဟာ အဆုံးအစမရှိသလို သတ္တဝါအားလုံးဟာလည်း ပူဆွေးသောက ရောက်နေကြရတယ်။ ဒီလမ်းစဉ်တစ်ခုတည်းကပဲ သူတို့ကို စစ်မှန်စွာ ကယ်တင်နိုင်မှာ ဖြစ်ပြီး ဘုရားရှင်ဟာ အလွန်အမင်း ကရုဏာကြီးမားလှတယ်”
ကာကွယ်စောင့်ရှောက်သူ ဂါလန်၏ တည်ကြည်ပြတ်သားလှသော စကားလုံးများကို ကြည့်ရှုရင်း လင်ဖန့်၏ ရင်ထဲ၌ စိမ့်ခနဲ အေးစက်သွားခဲ့ရသည်။ ထိုသူသည် မိမိပြောသော စကားလုံးများကို နှလုံးသားထဲက စစ်မှန်စွာ ယုံကြည်နေခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ဤသူကား တကယ့်ကို အစွန်းရောက်လှသော ကိုးကွယ်ယုံကြည်သူတစ်ဦး ဖြစ်ပြီး ဗုဒ္ဓတရားတော်များကို ပြန့်ပွားစေရန် လုပ်ဆောင်ခြင်းသည် သူ၏ ဘဝအတွက် ထာဝရရည်မှန်းချက် ဖြစ်နေခဲ့ရာ သေခြင်းတရားက သူ့ကို ကြောက်ရွံ့အောင် လုပ်နိုင်စွမ်း မရှိပါ။ သူသည် ဤတစ်ယောက်တည်းသာ ယခုကဲ့သို့ စိတ်ဓာတ်မျိုး ရှိနေခြင်းလား သို့မဟုတ် ဗုဒ္ဓဘာသာဝင်အများစုမှာ ယခုကဲ့သို့ အစွန်းရောက် ကိုးကွယ်ယုံကြည်သူများ ဖြစ်နေကြပြီလားဟု တွေးတောမိလိုက်သည်။ အကယ်၍ ထိုသို့သာ ဖြစ်နေခဲ့မည်ဆိုပါက တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။
“လမ်းစဉ်မတူတဲ့သူတွေနဲ့ ငါတို့ ဆွေးနွေးစရာ မလိုဘူး” လင်ဖန့်က အေးစက်စွာ ဆိုလိုက်သည်။ သူသည်လည်း အခြားအရာများကို မသိဘဲ ကိုးကွယ်ယုံကြည်မှုတစ်ခုတည်းကိုသာ သိရှိသော လူရူးတစ်ယောက်အဖြစ် ပြောင်းလဲမသွားလိုပါ။
ကာကွယ်စောင့်ရှောက်သူ ဂါလန်သည် ဦးခေါင်းကို အသာအယာ ခါယမ်းမိရင်း လောကရှိ သတ္တဝါအားလုံးတို့၏ မိုက်မဲမှုကို သနားကရုဏာသက်နေသည့်အလား ရှိနေခဲ့သော်လည်း သူ၏ မျက်ဝန်းများတွင် အေးစက်မှုများ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
“အမိတာဗုဒ္ဓေါ... သံသရာဝဲဩဃ ဆင်းရဲဒုက္ခပင်လယ်ကြီးဟာ အတိုင်းအဆမဲ့ ကျယ်ပြောလှပေမယ့် နောက်သို့ ပြန်လှည့်လာခဲ့ရင်တော့ စစ်မှန်တဲ့ သောင်ကမ်းခြေကို မြင်တွေ့ရမှာ ဖြစ်တယ်”
အဆုံးအစမဲ့လှသော ဘုရားစာရွတ်ဆိုသံများသည် ယာလုံဂူအတွင်းမှနေ၍ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး လင်ဖန့်၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် နှောင့်ယှက်ဖျက်ဆီးတော့သည်။ ထိုမန္တန်စာသားများသည် ဆန်းကြယ်လှသော သင်္ကေတများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီး စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းရှိသော စွမ်းအားများကို သယ်ဆောင်လာခဲ့ကြသည်။ ၎င်းတို့သည် ရုပ်ခန္ဓာ၏ အတားအဆီးများကို အလွယ်တကူ ဖြတ်သန်းလျက် သူ၏ စိတ်ဝိညာဉ်အတွင်းသို့ တိုက်ရိုက်စီးဝင်သွားခဲ့ကြရာ ထိုအခိုက်အတန့်တွင် လင်ဖန့်သည် မိမိ၏ ရင်ထဲ၌ ပြင်းထန်လှသော စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ဂါလန်၏ ခြေဖဝါးအောက်၌ ဒူးထောက်ဝပ်စင်းလျက် တရားဒေသနာများကို ကျယ်လောင်စွာ ရွတ်ဆိုလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုထူးဆန်းလှသော မန္တန်အလင်းတန်းများသည် လင်ဖန့်၏ ခန္ဓာကိုယ်ထက်ဆီသို့ အဆိပ်ရှိသော မြွေဆိုးတစ်ကောင်အလား ဝန်းရံလာခဲ့ကြရာ အကယ်၍ ၎င်းတို့သည် မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့မည်ဆိုပါက မိမိ၏ စိတ်ဓာတ်နှင့် ဝိညာဉ်အားလုံး ထိန်းချုပ်ခြင်း ခံရမည် ဖြစ်ပြီး ဘုရားရှင်၏ သစ္စာရှိလှသော အစွန်းရောက် အစေခံတစ်ဦးအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း သူ အသေအချာ သိရှိလိုက်သည်။
“ငါ့အနားကနေ ဖယ်ရှားလိုက်စမ်း” လင်ဖန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဂါလန်က အသက်လု ရုန်းကန်နေရသော လင်ဖန့်ကို ကရုဏာတရားများ ပြည့်နှက်နေသည့် မျက်နှာပြင်ဖြင့်သာ စိုက်ကြည့်နေခဲ့ပြီး မိမိ၏ လမ်းစဉ်တူ ညီနောင်အသစ်တစ်ဦး ပေါ်ပေါက်လာမည့် အချိန်ကို စောင့်မျှော်နေသည့်အလား ရှိနေခဲ့သည်။
ထိုအခိုက်အတန့်တွင် လင်ဖန့်၏ စိတ်ဝိညာဉ်အတွင်းမှနေ၍ ဆန်းကြယ်လှသော အလင်းတန်းတစ်ခုသည် ရုတ်တရက် တောက်ပလာခဲ့ပြီး သန့်စင်လှသော အလင်းလှိုင်းများနှင့်အတူ လောကရှိ တောင်တန်းများနှင့် မြစ်ချောင်းများအားလုံးကို လင်းထိန်သွားစေခဲ့သည်။ ၎င်းကား လောက၌ အသန့်စင်ဆုံးသော စွမ်းအားတစ်ခု ဖြစ်သည့် စစ်မှန်သော စိတ်ဝိညာဉ် စွမ်းအားပင် ဖြစ်ပေသည်။ ထိုအလင်းတန်းများ၏ ရိုက်ခတ်မှုအောက်တွင် ဆန်းကြယ်လှသော မန္တန်သင်္ကေတများသည် ချက်ချင်း မီးလောင်ကျွမ်းသွားခဲ့ရပြီး သိသာစွာ သေးငယ်သွားခဲ့သော်လည်း အလွယ်တကူ ဖျက်ဆီး၍မရနိုင်သော စွမ်းရည်မျိုး ရှိနေခဲ့သေးသည်။
ရုတ်တရက်ဆိုသလို ဖြူစင်လှသော လက်မောင်းငယ်တစ်ခုသည် စိတ်ဝိညာဉ်အတွင်းမှနေ၍ ဆန့်ထွက်လာခဲ့ပြီးနောက် ထိုမန္တန်သင်္ကေတများကို ချက်ချင်း ဖမ်းဆီးဆွဲယူပစ်လိုက်သည်။ လင်ဖန့်သည် ထိုအခြေအနေကြောင့် အံ့အားသင့်သွားခဲ့ရပြီး သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်သည့် အခိုက်အတန့်တွင်မှ ဆွံ့အသွားခဲ့ရရှာသည်။ ၎င်းကား ဖန်မျှော်စင်အတွင်းရှိ စက္ကူရုပ်လေး ဖြစ်နေခဲ့ပြီး သူနှင့် ရှိနေခဲ့သော စိတ်ဝိညာဉ် အချိတ်အဆက်ကို အသုံးပြုကာ ထိုမန္တန်သင်္ကေတများကို ဖမ်းဆီးယူလိုက်ခြင်း ဖြစ်ပြီးနောက် မိမိ၏ ပါးစပ်ကို ဟလျက် တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်လိုက်တော့သည်။
“ဟေ့ကောင်... မင်းကတော့ တွေ့ကရာအရာအားလုံးကို လျှောက်ပြီး မစားပါနဲ့နဲ့” လင်ဖန့်က ထိုသတ္တိရှိလှသော ကောင်လေးကို သတိပေးလိုက်သော်လည်း ထိုစက္ကူရုပ်လေးမှာမူ ကျေနပ်စွာဖြင့် လေချဉ်တစ်ချက် တက်လိုက်မိရင်း မိမိ၏ ဗိုက်ကလေးကို အသာအယာ ပွတ်သပ်ကာ အလွန်အမင်း ပျင်းရိလှသော ပုံသဏ္ဌာန်ဖြင့် ပြန်လည်လဲလျောင်းသွားခဲ့သည်။
“ဒီကောင်ကတော့ တကယ့်ကိုပဲ” လင်ဖန့်သည် ထိုအပြုအမူကြောင့် ကြည့်ရသည်မှာ အလွန်အမင်း ရှက်ရွံ့သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤသတ္တဝါငယ်လေးဟူသည် သူ၏ စိတ်ဝိညာဉ်အနှစ်သာရတစ်ခု ဖြစ်နေခြင်းကြောင့်ပဲ။ တစ်နည်းအားဖြင့် ဆိုရသော် စက္ကူရုပ်လေး လုပ်ဆောင်နေခဲ့သော အပြုအမူ အားလုံးမှာ သူ၏ ရင်ထဲ၌ အမှန်တကယ် လုပ်ဆောင်လိုသော စိတ်ဆန္ဒများကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။ သို့သော်လည်း လင်ဖန့်အနေဖြင့် မိမိသည် ယခုကဲ့သို့သော စရိုက်မျိုး ရှိသူတစ်ဦး ဖြစ်ကြောင်း မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်ပါ။ ဤအရာအားလုံးမှာ စက္ကူရုပ်လေး၏ ကိုယ်ပိုင်အပြုအမူများသာ ဖြစ်သည်ဟု သူ တွေးတောလိုက်သည်။
ဂါလန်သည် တရားဒေသနာများကို တိုးညှင်းစွာ ဆက်လက်ရွတ်ဆိုနေခဲ့ပြီး သူ၏ မျက်ဝန်းအစုံမှာ လင်ဖန့်၏ ခန္ဓာကိုယ်ထက်ဆီသို့ တည့်တည့်မတ်မတ် ကျရောက်နေခဲ့ကာ လင်ဖန့်၏ မျက်နှာပြင်ထက်တွင် ခခံစားချက်မျိုးစုံ ပြောင်းလဲနေခဲ့သည်။ သို့သော်လည်း အချိန်အတန်ကြာသွားခဲ့သည့်တိုင်အောင် လင်ဖန့်အနေဖြင့် ဗုဒ္ဓဘာသာ၏ အရိပ်အောက်သို့ ဝင်ရောက်မည့် အရိပ်အယောင်မျိုး မရှိသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဂါလန်သည် မျက်ခုံးအစုံကို တွန့်ချိုးလိုက်မိသည်။
“ခင်ဗျားအနေနဲ့ တရားဒေသနာတွေကို ဒီလောက်အထိ ကြာအောင် ရွတ်ဆိုပြီးပြီဆိုမှတော့ အနားယူဖို့ အချိန်တန်ပါပြီ” လင်ဖန့်က ရုတ်တရက် မျက်ဝန်းများကို ဖွင့်ဟလိုက်ရင်း အေးစက်စွာ ဆိုလိုက်သည်။
သူ၏ စကားသံ ဆုံးသွားခဲ့သည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်သည် နေရာ၌ ဝေဝါးသွားခဲ့ရပြီး ဂါလန်၏ ဘေးနား၌ ထင်ရှားစွာ ပေါ်ပေါက်လာခဲ့ကာ လက်သီးကို မြှောက်လျက် ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်တော့သည်။ ဂါလန်၏ မျက်နှာပြင်ထက်၌ အံ့အားသင့်မှုများ ပေါ်ပေါက်လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လင်ဖန့်အနေဖြင့် မိမိ၏ မန္တန်များ၏ ဒဏ်ကို တစ်စုံတစ်ရာ ခံစားရခြင်းမရှိဘဲ ပုံမှန်အတိုင်း လှုပ်ရှားနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ခြင်းကြောင့်ပဲ။ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပသွားခဲ့ပြီး ခေါင်းလောင်းပုံသဏ္ဌာန် ရှိသော အကာအကွယ် ဒိုင်းပြားတစ်ခုသည် ဂါလန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ လင်ဖန့်၏ လက်သီးချက်သည် ထိုဒိုင်းပြားထက်ဆီသို့ ကျရောက်သွားခဲ့ရာ ပြင်းထန်လှသော လေမုန်တိုင်းလှိုင်းကြီး ထွက်ပေါ်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာမလေးများကို လွင့်စဉ်လဲကျသွားစေခဲ့သည်။ ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ထိုအကာအကွယ် ဒိုင်းပြားသည် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ရပြီး ကြီးမားလှသော တုံ့ပြန်မှု စွမ်းအားများကြောင့် လင်ဖန့်နှင့် ဂါလန်တို့နှစ်ဦးလုံး နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်ခွာသွားခဲ့ရသည်။
လင်ဖန့်သည် ထိုအခွင့်အရေးကို အသုံးချလျက် မြေခွေးလေးကို ဖန်မျှော်စင်အတွင်းသို့ ချက်ချင်း ပြန်လည်ခေါ်ယူလိုက်ပြီးနောက် တိမ်းရှောင်ခြင်း လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာခဲ့တော့သည်။ ဤနေရာသည် ဗုဒ္ဓဘာသာမျိုးနွယ်စုများ၏ အပိုင်စီးခြင်းကို ခံထားရပြီ ဖြစ်ရာ ဤနေရာ၌ ဆက်လက်နေထိုင်နေမည်ဆိုပါက သူ၏ ဘဝအတွက် အလွန်အမင်း အန္တရာယ်ကြီးမားလှပေသည်။ သူသည် ဂူဗိမာန်အတွင်းမှနေ၍ အရှိန်အဟုန်ဖြင့် ထွက်ခွာလာခဲ့သည့် အခိုက်အတန့်တွင် အပြင်ဘက်၌ စောင့်ကြိုနေကြသော ဗုဒ္ဓဘာသာ စစ်သည်တော် အမြောက်အမြားကို မြင်တွေ့လိုက်ရသည်။ လင်ဖန့်သည် ညှာတာခြင်းမရှိဘဲ မိမိ၏ ရင်တွင်းမီးလျှံကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ ပြင်းထန်လှသော မီးလျှံလှိုင်းကြီးသည် မည်းမှောင်လှသော တောနက်ကြီးတစ်ခုလုံးကို ချက်ချင်း လောင်မြိုက်သွားစေခဲ့သည်။ သို့သော်လည်း ထိုဗုဒ္ဓဘာသာ စစ်သည်တော်များသည် ၎င်းတို့၏ မျက်နှာပြင်ထက်၌ အစွန်းရောက်လှသော အမူအရာများနှင့်အတူ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းမရှိဘဲ ထိုပြင်းထန်လှသော မီးလျှံများကို ဖြတ်သန်းလျက် ရှေ့သို့ အသည်းအသန် အုန်းအော်တိုးဝင်လာခဲ့ကြသည်။
“မိစ္ဆာကောင်... မင်း ဘယ်နေရာကို ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလဲ” ဂါလန်၏ အော်ဟစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ထိုကာကွယ်စောင့်ရှောက်သူသည် လက်ထဲ၌ သံမဏိနှင်တံကြီးကို ကိုင်ဆောင်လျက် ပြင်းထန်လှသော အရှိန်အဝါများနှင့်အတူ နောက်မှနေ၍ အသည်းအသန် လိုက်လံတိုက်ခိုက်တော့သည်။ လင်ဖန့်သည် ခန္ဓာကိုယ်ကြီးမားစေသော ဆန်းကြယ်လှသော စွမ်းရည်ကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ကြီးမားလှသော ဘီလူးကြီးတစ်ကောင်အလား ဖြစ်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်ထက်တွင် တောက်ပလှသော မီးလျှံများ ဝန်းရံနေခဲ့ကာ ဗုဒ္ဓဘာသာ ရဲမက်များကြားထဲတွင် သွေးလမ်းကြောင်းတစ်ခုကို ရှင်းလင်းလိုက်တော့သည်။ သို့သော်လည်း ဂါလန်မှာ နောက်မှနေ၍ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေခဲ့ပြီး လင်ဖန့်ကို ထွက်ပြေးခွင့် မပေးပါ။ သူ၏ လက်ထဲရှိ သံမဏိနှင်တံကြီးမှာ ကြောက်ရွံ့ဖွယ်ရာ ကောင်းလှသော နဂါးကြီးတစ်ကောင်အလား ပြောင်းလဲသွားခဲ့ပြီး လင်ဖန့်၏ ခန္ဓာကိုယ်ထက်ဆီသို့ အဆက်မပြတ် ကျရောက်လာခဲ့သည်။ လင်ဖန့်က လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်ရာ ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဂါလန်၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဉ်သွားခဲ့ရသည်။ သူ၏ မျက်ဝန်းအစုံတွင် ပြတ်သားလှသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့ပြီး ဗုဒ္ဓဘာသာကို စော်ကားခဲ့သော ဤမိစ္ဆာကောင်ကို သေချာပေါက် ဖမ်းဆီးရမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။
ရုတ်တရက်ဆိုသလို သူသည် မိမိ၏ သံမဏိနှင်တံကြီးကို လေယံထက်ဆီသို့ မြှောက်တင်လိုက်ရာ ၎င်းသည် တောက်ပလှသော ရွှေနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး လင်ဖန့်ဆီသို့ မာန်ဖီလျက် တဟုန်ထိုး ပြေးဝင်လာခဲ့တော့သည်။ လင်ဖန့်သည် ပျံသန်းလာသော ရွှေနဂါးကြီးကို လက်ဖြင့် ဖမ်းဆီးလိုက်ပြီးနောက် ပြင်းထန်လှသော စွမ်းအားများဖြင့် အောက်ခြေမြေပြင်ဆီသို့ လွှဲရိုက်ပစ်လိုက်သည်။ ကြီးမားလှသော ပေါက်ကွဲသံကြီးသည် ကောင်းကင်ယံထက်ဆီသို့ ကျယ်လောင်စွာ ထွက်ပေါ်သွားခဲ့ရပြီး ဧရာမနဂါးကြီးသည် မြေပြင်ထက်ဆီသို့ ကျရောက်သွားခဲ့ရကာ ကြီးမားလှသော မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။ ပြင်းထန်လှသော လေမုန်တိုင်းလှိုင်းများကြောင့် ဗုဒ္ဓဘာသာ ရဲမက်များအားလုံး နောက်သို့ ဆုတ်ခွာသွားခဲ့ရကြပြီး လင်ဖန့်သည် ထိုအခွင့်အရေးကို အသုံးချလျက် ကောင်းကင်ယံထက်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းကာ မိမိ၏ ဖန်မျှော်စင်ကို လွှင့်တင်လိုက်ရာ ၎င်းသည် နေရောင်ခြည်အောက်တွင် စူးရှလှသော အလင်းတန်းများကို ထုတ်လွှတ်တော့သည်။ ထိုအလင်းတန်းများသည် လူတိုင်း၏ မျက်ဝန်းများကို မကြည့်ဝံ့လောက်အောင် စူးရှလွန်းလှသဖြင့် အားလုံးက မျက်စိကို မှိတ်လိုက်ကြရပြီး အလင်းတန်းများ ကွယ်ပျောက်သွားခဲ့သည့် အခိုက်အတန့်တွင် လင်ဖန့်၏ ပုံသဏ္ဌာန်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
မီးလောင်ကျွမ်းပြီး ပျက်စီးနေသော တောနက်ကြီးနှင့် မြေပြင်ထက်တွင် ဒဏ်ရာရရှိနေကြသော ဗုဒ္ဓဘာသာ ရဲမက်များကို ကြည့်ရှုရင်း ဂါလန်သည် ဒေါသတကြီးဖြင့် မြေပြင်ကို လက်သီးဖြင့် ထုရိုက်လိုက်မိကာ အော်ဟစ်လိုက်သည်။
“တောက်... ထိုမိစ္ဆာကောင်ကို အလွတ်ပေးလိုက်ရပြန်ပြီ”
လင်ဖန့်သည် ကျယ်ပြောလှသော တောနက်ကြီးတစ်ခုအတွင်းဆီသို့ ရောက်ရှိလာသည့် အချိန်မှသာ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်တော့သည်။ သူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ ဗုဒ္ဓဘာသာ စစ်သည်တော်များ၏ လိုက်လံတိုက်ခိုက်မှု အရိပ်အယောင်များ မရှိတော့သည်ကို မြင်တွေ့လိုက်ရသည့် အခါမှသာ သူ၏ ရင်ထဲ၌ သက်သာရာရသွားခဲ့ရသည်။
“ဒါက ဘာလိုမျိုး အရူးကမ္ဘာကြီးလဲ။ ငါက ဒီလောက်အထိ သတိကြီးစွာ ထားရှိခဲ့တာတောင် ဘာဖြစ်လို့ ငါ့ရဲ့ အခြေအနေကို သူတို့ သိရှိသွားကြတာလဲ” လင်ဖန့်က မိမိကိုယ်ကိုယ် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
သူသည် ဤအနောက်ကမ္ဘာသို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက အစဉ်အမြဲ သတိကြီးစွာ ထားရှိခဲ့သော်လည်း နောက်ဆုံးတွင်မူ ၎င်းတို့၏ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရဆဲပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဗုဒ္ဓဘာသာ မျိုးနွယ်စုများအနေဖြင့် ပေါ့ဆခဲ့ကြသဖြင့် ကာကွယ်စောင့်ရှောက်သူ ဂါလန်နှင့် စစ်သည်တော် အချို့ကိုသာ စေလွှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် သေချာပေါက် ဖမ်းဆီးခြင်း ခံရမည် ဖြစ်ပြီး ဘုရားရှင်ကို ချီးမွမ်းထောပနာပြုတတ်သော အခြားလူရူးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ရပေလိမည်။ ဤနေရာသည် ဆက်လက်နေထိုင်ရန်အတွက် ဘေးကင်းသော နေရာတစ်ခု မဟုတ်တော့ပါ။ ဗုဒ္ဓဘာသာ မျိုးနွယ်စုများအနေဖြင့် မိစ္ဆာမင်းကြီးကို ဖမ်းဆီးပြီးနောက် ခေါင်းဆောင်မရှိဘဲ ဖြစ်နေသော မိစ္ဆာအုပ်စုအားလုံးကို အမြစ်ပြတ်ရှင်းလင်းလျက် ဤနယ်မြေတစ်ခုလုံးကို ၎င်းတို့၏ လက်အောက်သို့ သွတ်သွင်းရန် ရည်ရွယ်ချက် ရှိနေကြခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
“ထားလိုက်ပါတော့... ငါ့မှာ စုဆောင်းထားတဲ့ ဆုလာဘ်နှစ်ခု ရှိနေသေးတာပဲ။ အကယ်၍ ကံကောင်းလို့ ဆန်းကြယ်လှသော ကျင့်စဉ်တွေ ဒါမှမဟုတ် ဧရာမတောင်တန်းကြီးတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်မျိုး ရရှိခဲ့မယ်ဆိုရင် ငါ့ရဲ့ စွမ်းအားတွေ အဆမတန် မြင့်တက်လာမှာ ဖြစ်တယ်”
ရှေးယခင်ကတည်းက သူသည် မိမိ၏ ဆုလာဘ်များကို အသုံးမပြုဘဲ ထားရှိခဲ့မည်ဆိုပါက ထိုအခွင့်အရေးများမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း သတိပြုမိခဲ့ခြင်းကြောင့် ဖြစ်သည်။