အပိုင်း ( ၃၈ ) - ယာလုံဂူအတွင်း
“ကိစ္စမရှိပါဘူး၊ ထိုဝတ်ရုံဝါမိစ္ဆာရဲ့ စွမ်းရည်က အံ့ဩလောက်အောင် ပြင်းထန်လှတယ်၊ ငါကိုယ်တိုင်တောင် သူ့ကို အနိုင်ယူဖို့ မလွယ်ကူဘူး။ မင်းအနေနဲ့ သူ့ရဲ့တိုက်ကွက်အချို့ကို ရင်ဆိုင်နိုင်ခဲ့တာတင်ပဲ ချီးကျူးဖို့ကောင်းနေပါပြီ” ကျားနှိမ်ရဟန်းမြတ်က နွေးထွေးစွာ ပြုံးလျက် နှစ်သိမ့်စကား ဆိုလိုက်သည်။
“ဒါပေမဲ့ ဗုဒ္ဓရတနာ ပျက်စီးသွားခဲ့ရတဲ့ ကိစ္စကတော့ မင်းရဲ့အပြစ်ပဲ ဖြစ်တယ်။ မင်းရဲ့ ခေတ်မမှီတော့တဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့်သာ ယခုလိုမျိုး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်တယ်” ကျားနှိမ်ရဟန်းမြတ်က ဦးခေါင်းကို လှည့်ကာ ဆက်လက်၍ အပြစ်တင် ဆုံးမလိုက်သည်။
ဖာမင်သည် မျက်နှာငယ်လေးဖြင့် ဦးခေါင်းကို ငုံ့ထားမိရင်း စိတ်ပျက်အားငယ်မှုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ ဤဖြစ်ရပ်သည် သူ့အတွက် ကြီးမားလှသော ရိုက်ခတ်မှုတစ်ခု ဖြစ်သည်၊ သူသည် ပေါက်စိမ်းနိုင်ငံတော်ဆီသို့ သွားရောက်ကာ ဗုဒ္ဓဘာသာဂိုဏ်း၏ အရှိန်အဝါကို မြှင့်တင်ရန်နှင့် ထိုနေရာကို ဗုဒ္ဓနိုင်ငံတော်အသစ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ မျှော်လင့်မထားဘဲ တစ်စုံတစ်ရာကိုမျှ မစွမ်းဆောင်နိုင်ခဲ့သည့်အပြင် တန်ဖိုးရှိလှသော ဗုဒ္ဓရတနာကိုပါ ပျက်စီးစေခဲ့မိသည်။
မိမိတပည့်၏ စိတ်ကူးများကို ရိပ်မိသွားသည့်အလား ကျားနှိမ်ရဟန်းမြတ်က ဆက်လက်၍ ဆိုလိုက်သည်။ “ဗုဒ္ဓရတနာ ပျက်စီးသွားတဲ့ ကိစ္စအတွက် မင်းအလွန်အမင်း စိုးရိမ်မနေပါနဲ့၊ ငါတို့ဂိုဏ်းအတွင်းမှာ ယခုလိုမျိုး ရတနာတွေ မြောက်အမြား ရှိနေပါသေးတယ်။ ဒါနဲ့... ၎င်းကို ဖျက်ဆီးခဲ့တဲ့သူနဲ့ ပတ်သက်ပြီး မင်းမှာ တစ်စုံတစ်ရာသော သဲလွန်စ ရှိပါသလား”
“ထိုဝတ်ရုံဝါမိစ္ဆာ ဖြစ်နေနိုင်မလားဟင်” ဖာမင်က အံ့ဩစွာ မေးမြန်းလိုက်သည်။
“ထိုမိစ္ဆာက ငါ့ကို သိရှိနေတဲ့အချက်ကို ကြည့်ရုံနဲ့တင် သူက လူ့လောကက သာမန်မိစ္ဆာတစ်ကောင် မဟုတ်ကြောင်း ထင်ရှားလှတယ်။ နတ်နန်းနန်းတော်ကနေ လျှို့ဝှက်စွာ ဆင်းသက်လာခဲ့တဲ့ နတ်ဘုရားတစ်ပါး ဖြစ်ဖို့ များပါတယ်၊ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ငါအတိအကျ မသိရှိရသေးပါဘူး။ သူက မိမိကိုယ်ကိုယ် ဖုံးကွယ်ထားရှိတဲ့အတွက် ငါသေသေချာချာ မမြင်တွေ့ခဲ့ရဘူး။ သို့သော်လည်း ယခုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက အစဉ်အမြဲ မောက်မာဝင့်ကြွားတတ်ကြတာမို့ ဗုဒ္ဓရတနာကို ဖျက်ဆီးပစ်ရလောက်အောင်အထိ နိမ့်ကျတဲ့ အလုပ်မျိုးကို လုပ်လိမ့်မယ်မထင်ဘူး။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ အခြားသော လူတစ်ဦး ရှိနေနိုင်တယ်လို့ ငါယူဆမိတယ်” ကျားနှိမ်ရဟန်းမြတ်က မိမိ၏ ထင်မြင်ချက်ကို ဖွင့်ဟလိုက်သည်။
ဒေါသဇော ပြင်းထန်နေခဲ့သော ဖာမင်သည် အစောပိုင်းက ဗုဒ္ဓရတနာကို ဖျက်ဆီးခဲ့သူမှာ ဝတ်ရုံဝါမိစ္ဆာသာ ဖြစ်လိမ့်မည်ဟု တထီထီ ယုံကြည်ထားခဲ့သဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် မိမိဆရာသမား၏ စကားများကို ကြားလိုက်ရပြီး မိမိကိုယ်တိုင် လှည့်စားခံခဲ့ရကြောင်း သဘောပေါက်သွားသည့်အခါ ရင်ထဲ၌ အရှက်ရခြင်းနှင့်အတူ အမျက်ဒေါသများ ထပ်မံ၍ တဟုန်ထိုး ပေါ်ပေါက်လာခဲ့ရပြီး ထိုစစ်မှန်သော တရားခံကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ရတော့သည်။
သူ့အနေဖြင့် လင်ဖန့်ကို တွေးတောမိခြင်း မရှိသည်တော့ မဟုတ်ပါ၊ လင်ဖန့်နှင့် မြေခွေးငယ်တို့၏ စွမ်းရည်များဖြင့် ဗုဒ္ဓရတနာကို လုံးဝ ဖျက်ဆီးနိုင်စရာ အကြောင်းမရှိဟု အပိုင်တွေးတောထားခဲ့မိသဖြင့် ယခုကဲ့သို့ လမ်းကြောင်းလွဲချော်သွားခဲ့ရခြင်း ဖြစ်သည်။
လင်းတောင်ကုန်းပေါ်က အခြေအနေများကို ခေတ္တမျှ ထားရှိခဲ့မည်ဆိုပါက လင်ဖန့်သည် ဗုဒ္ဓရတနာကို ဖျက်ဆီးပြီးနောက် မြေခွေးငယ်နှင့် အလျင်အမြန် ပြန်လည်ဆုံတွေ့ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ထိုနေရာ၌ ခေတ္တမျှပင် ဆိုင်းမနေရဲကြတော့ပါ၊ ကြီးမားလှသော ပြဿနာတစ်ခုကို ဖန်တီးခဲ့မိကြသဖြင့် အနောက်ဘက် အရပ်မျက်နှာဆီသို့သာ အလျင်အမြန် ခရီးဆက်ခဲ့ကြတော့သည်။
လမ်းခရီးတစ်လျှောက်တွင် လူသူအရောက်အပေါက် နည်းပါးလှပြီး ကြမ်းတမ်းလှသော လမ်းကြောင်းများကြောင့် ခရီးစဉ်သည် အလွန်အမင်း ခက်ခဲလှပေသည်။ ရက်စက်လှသော သားရဲတိရစ္ဆာန်များသည် တောင်ကုန်းများပေါ်မှနေ၍ ရုတ်တရက် ခုန်အုပ်လာတတ်ကြသလို ဆန်းကြယ်လှသော တောင်စောင့်နတ်များနှင့် တောမိစ္ဆာများသည်လည်း မှောင်မိုက်သော နေရာများတွင် ချောင်းမြောင်းနေတတ်ကြသဖြင့် လင်ဖန့်အနေဖြင့် တရုတ်ရဟန်းတော်၏ အနောက်ဘက်သို့ ဘုရားဖူးကြွမြန်းခြင်း ခရီးစဉ်သည် တကယ့်ကို လွယ်ကူသော လမ်းကြောင်းတစ်ခု မဟုတ်ကြောင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်သူများသာ အောင်မြင်နိုင်လိမ့်မည်ဖြစ်ကြောင်း ရင်ထဲ၌ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
မြေခွေးငယ်မှာ အတန်ငယ် စိုးရိမ်ပူပန်နေခဲ့ရှာသည်။ သူသည် ငယ်စဉ်ကတည်းက ယခုကဲ့သို့သော နေရာမျိုးသို့ ရောက်ရှိဖူးခြင်း မရှိသည့်အပြင် ထိုဆွေမျိုးများက မိမိအပေါ် မည်သို့ ဆက်ဆံကြမည်ကို မသိရှိရသဖြင့် ရင်ထဲ၌ ထိတ်လန့်နေမိသည်။ ထို့ကြောင့် သူသည် လမ်းဘေးရှိ ကျောက်ခဲငယ်များကို ခြေထောက်ဖြင့် အသာအယာ ကန်ကျောက်နေမိရင်း မျက်ဝန်းအစုံအတွင်း၌ စိုးရိမ်မှုများနှင့် မလုံခြုံမှုများ ပြည့်နှက်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် နွေးထွေးလှသော လက်တစ်ဖက်သည် သူ၏ဦးခေါင်းထက်ဆီသို့ အသာအယာ ကျရောက်လာခဲ့သည်။ မြေခွေးငယ်က မော့ကြည့်လိုက်မိသည့်အခါ လင်ဖန့်၏ နှစ်သိမ့်မှုများ ပြည့်နှက်နေသော မျက်နှာပြင်ကို မြင်တွေ့လိုက်ရသည်။
“ကိစ္စမရှိပါဘူး... အကယ်၍ သူတို့က မင်းအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံကြဘူးဆိုရင် ငါမင်းကိုခေါ်ပြီး လောကကြီးရဲ့ အဆုံးအစအထိ အတူတူ လှည့်လည်သွားလာကြတာပေါ့... ဘယ်လိုလဲ”
ထိုစကားကို ကြားလိုက်ရသည့်အခါ မြေခွေးငယ်၏ မျက်ဝန်းအစုံအတွင်း၌ ဝမ်းမြောက်မှုများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူသည် လင်ဖန့်ကို စိုက်ကြည့်လိုက်မိရင်း ဦးခေါင်းကို အခိုင်အမာ ညိတ်ပြလိုက်တော့သည်။
“ဒါပေမဲ့ မင်းရဲ့အိမ်ကို မရောက်ခင်မှာ ငါအနည်းငယ် အသွင်ပြောင်းလဲဖို့ လိုအပ်လိမ့်မယ်”
လင်ဖန့်သည် ခန္ဓာကိုယ်ကို အသာအယာ လှုပ်ခါလိုက်ရာ လူသားခန္ဓာကိုယ်နှင့် မြွေအမြီး ရှိသော မြွေမိစ္ဆာတစ်ကောင်အသွင်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထက်မှနေ၍ တိုးညှင်းသော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
“ဒါက ဘာလဲဟင်”
“ငါ့ရဲ့ ပုံမှန်အသွင်အပြင်က လူသားတစ်ဦးနဲ့ အလွန်အမင်း တူညီလွန်းလှတယ်၊ ဒီလိုမျိုး ပုံစံနဲ့ဆိုရင် မိစ္ဆာတွေကြားထဲမှာ သဟဇာတဖြစ်ဖို့ မလွယ်ကူဘူး၊ ယခုလိုမျိုး အသွင်ပြောင်းလဲလိုက်တာက အဆင်ပြေဆုံးပဲ”
သို့သော်လည်း လင်ဖန့်သည် အမြီးကို အသုံးပြု၍ သွားလာခြင်း မပြုခဲ့ရသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် အတန်ငယ် အသားမကျဖြစ်နေမိပြီး ခြေထောက်နှစ်ဖက်ဖြင့် လမ်းလျှောက်ခြင်းကသာ ပိုမို၍ သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားလိုက်ရသည်။
၎င်းတို့သည် ဆက်လက်၍ လမ်းလျှောက်လာခဲ့ကြရာ မြင့်မားလှသော တောင်ကုန်းကြီးတစ်ခုကို လှမ်းမျှော်မြင်တွေ့လိုက်ကြရသည်။ ထိုတောင်ကုန်းသည် ကြမ်းတမ်းပြီး အထပ်ထပ် ဖြစ်နေကာ တောင်ထိပ်ပိုင်းမှာ ထူးခြားစွာ ပြားချပ်နေခဲ့သည်။ ၎င်းကို မြင်တွေ့လိုက်ရသည့်အခါ လင်ဖန့်သည် ဤနေရာသည် ‘ပင်တိန်တောင်’ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်မိသည်။ သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်မိရင်း အတန်ကြာအောင် တွေးတောနေခဲ့ပြီးနောက် မြေခွေးငယ်ကိုခေါ်ဆောင်ကာ ထိုတောင်ကုန်းကို ကွေ့ပတ်၍ သွားလာရန် ဆုံးဖြတ်လိုက်တော့သည်။
“အစ်ကိုကြီးလင်း... ငါတို့က ဘာဖြစ်လို့ လမ်းကြောင်းကို ကွေ့ပတ်ပြီး သွားနေရတာလဲဟင်၊ ထိုတောင်ကုန်းပေါ်မှာ တစ်စုံတစ်ရာသော အန္တရာယ် ရှိနေလို့လား” မြေခွေးငယ်က ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်သည်။
“ငါအထင်မမှားဘူးဆိုရင် ထိုတောင်ကုန်းကို တိန်တောင်လို့ ခေါ်ဆိုကြတယ်၊ တောင်ပေါ်မှာ ကြာပွင့်ဂူတစ်ခု ရှိနေပြီး အစွမ်းထက်လှသော မိစ္ဆာမင်းကြီး နှစ်ပါး နေထိုင်ကြတယ်၊ အကယ်၍သာ ငါတို့က ပေါ့ပေါ့ဆဆနဲ့ တောင်ပေါ်ကို တက်ရောက်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ဖမ်းဆီးခြင်းကို ခံရဖို့ များပါတယ်” လင်ဖန့်က တည်ကြည်စွာ ဆိုလိုက်သည်။
“အာ... အဲဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲ၊ ငါ့ရဲ့အဘွားကလည်း ဒီဘေးပတ်ဝန်းကျင်မှာပဲ နေထိုင်တာဆိုတော့ သူမအနေနဲ့ သူတို့ရဲ့ ရန်ပြုခြင်းကို ခံလိုက်ရပြီလား မသိဘူး” မြေခွေးငယ်က အလျင်အမြန် မေးမြန်းလိုက်မိသည်။
“စိတ်မပူပါနဲ့၊ အားလုံး အဆင်ပြေသွားမှာပါ”
လင်ဖန့်အနေဖြင့် ဤဘေးပတ်ဝန်းကျင်ရှိ မြေခွေးမိစ္ဆာသည် အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရခြင်း မရှိသည့်အပြင် အစွမ်းထက်လှသော အပေါင်းအဖော်များကိုပါ ရရှိထားရှိကြောင်း သေသေချာချာ သိရှိထားရှိသည်။ ရွှေဦးချိုမင်းကြီးနှင့် ငွေဦးချိုမင်းကြီးတို့သည်ပင် ထိုမြေခွေးအိုကြီးကို သူတို့၏ မွေးစားအမိအဖြစ် သတ်မှတ်ထားကြသည် မဟုတ်ပါ။
“ဒါနဲ့... ငါတို့ သွားရောက်ရှာဖွေမယ့် ဆွေမျိုးရဲ့ အမည်နာမက ဘာလဲ၊ တောင်ပေါ်ကို ရောက်ရှိတဲ့အခါ သူတို့ကို ဘယ်လိုမျိုး သွားရောက်ပြီး ရှာဖွေရမလဲ”
ထိုအခါမှသာ လင်ဖန့်သည် မိမိအနေဖြင့် မြေခွေးငယ်၏ ဆွေမျိုးများက မည်သူမည်ဝါ ဖြစ်ကြောင်းကို တစ်ကြိမ်မျှ မမေးမြန်းခဲ့ဖူးသေးသည်ကို သတိရသွားခဲ့ရသည်၊ ၎င်းတို့သည် ယာလုံဂူက မြေခွေးမိစ္ဆာများ ဖြစ်ဖို့ များသည်။
“ငါ့ရဲ့အဘွားအမည်က စုချန်းလို့ ခေါ်ပါတယ်၊ သူမက ယာလုံဂူရဲ့ အရှင်သခင်မကြီး ဖြစ်တယ်”
လင်ဖန့်သည် မြေခွေးငယ်ကို အံ့ဩစွာဖြင့် သေသေချာချာ စိုက်ကြည့်လိုက်မိသည်။ ဤကလေးငယ်တွင် ယခုကဲ့သို့သော ကြီးမားလှသည့် နောက်ခံအကြောင်းအရင်းမျိုး ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့မိပေ၊ ယာလုံဂူက မြေခွေးအိုကြီးသည် ရွှေဦးချိုမင်းကြီးနှင့် ငွေဦးချိုမင်းကြီးတို့၏ မွေးစားအမိ ဖြစ်သည့်အပြင် ဆုလာဘ်အဖြစ် ရရှိထားရှိသော ‘ရွှေကြိုးမြှောင် တန်ခိုးရှင်ရတနာ’ ကိုပါ ပိုင်ဆိုင်ထားရှိသူ ဖြစ်ပေသည်။ သူမသည် တကယ့်ကို ဩဇာအာဏာ ကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်စေကာ နောင်တစ်ချိန်တွင် မျောက်မင်း၏ လှည့်စားခြင်းကို ခံရပြီး တစ်ချက်တည်းဖြင့် အရိုက်ခံကာ သေဆုံးသွားရမည့်သူလည်း ဖြစ်သည်။
သူသည် မြေခွေးငယ်ကို ခေါ်ဆောင်ကာ တိန်တောင်ကို ကွေ့ပတ်လာခဲ့ကြရာ မကြာမီ အချိန်အတွင်းမှာ အရှေ့ဘက် မလှမ်းမကမ်းရှိ သစ်တောကြီးတစ်ခုကို လှမ်းမျှော်မြင်တွေ့လိုက်ကြရသည်။
“ရပ်လိုက်စမ်း... မင်းတို့က ဘယ်က မိစ္ဆာတွေမို့လို့ ငါတို့ရဲ့ ယာလုံဂူအတွင်းကို ယခုလိုမျိုး ပေါ့ပေါ့ဆဆနဲ့ လာရောက်ပြီး ကျူးကျော်ရဲရတာလဲ”
ညို့ယူဖွယ်ကောင်းလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မြေခွေးမိစ္ဆာမလေးတစ်ကောင်သည် လက်ထဲ၌ သေးသွယ်လှသော ဓားမြှောင်ကြီးတစ်စင်းကို ကိုင်ဆောင်လျက် သတိကြီးစွာဖြင့် ထွက်ပေါ်လာခဲ့သည်။
“မိန်းကလေး... စိတ်မရှိပါနဲ့၊ ငါတို့က ယာလုံဂူအတွင်းမှာ ရှိနေတဲ့ ဆွေမျိုးအချို့ကို လာရောက်ပြီး ရှာဖွေခြင်း ဖြစ်ပါတယ်” လင်ဖန့်က ယခုကဲ့သို့သော အရေးကြီးသည့် အချိန်တွင် ပြဿနာများ မပေါ်ပေါက်စေရန်အတွက် အလျင်အမြန် လက်အုပ်ချီလျက် ရိုသေစွာ နှုတ်ဆက်လိုက်သည်။
မြေခွေးမိစ္ဆာမလေးသည် လင်ဖန့်နှင့် မြေခွေးငယ်တို့ကို အံ့ဩစွာ စိုက်ကြည့်လိုက်မိရာ မြေခွေးငယ်ကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာပြင်ထက်၌ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဂူအတွင်းဆီသို့ တရဟော ပြန်လည်ပြေးဝင်သွားခဲ့တော့သည်။
မြေခွေးအိုကြီး စုချန်းသည် မိမိ၏ ကုတင်ထက်၌ လဲလျောင်းနေမိရင်း မျက်ဝန်းများကို ပိတ်ကာ တရားဓမ္မများကို ကျင့်ကြံနေခဲ့သည်။ သူမအနေဖြင့် ရွှေဦးချိုနှင့် ငွေဦးချိုတို့ကို မွေးစားသားများအဖြစ် သတ်မှတ်ခဲ့ပြီးကတည်းက သူမ၏ ဘဝသည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာများအားလုံးကလည်း သူမအပေါ်၌ အလွန်အမင်း ရိုသေကြပြီး အနည်းငယ်မျှ မလေးမစား လုပ်ဆောင်ရဲခြင်း မရှိကြပါ။
ထိုအခိုက်အတန့်တွင် ဂူဝမှနေ၍ အလျင်စလို ပြေးဝင်လာသော ခြေသံများကို ကြားလိုက်ရသဖြင့် ငွေရောင်ဆံပင်များ ရှိနေသည့် မြေခွေးအိုကြီး၏ အေးချမ်းမှုသည် ပျက်စီးသွားခဲ့ရပြီး မနှစ်မြို့သော အမူအရာဖြင့် မျက်ဝန်းအစုံကို ဖွင့်ဟကြည့်ရှုလိုက်မိရာ မိမိ၏ အစေခံမလေးတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။