အပိုင်း ( ၂၉ ) - ထင်းရှူးနက်တောအုပ်
လင်ဖန့်သည် ပတ်ဝန်းကျင်ရှိ နံရံထက်မှ စာသားများကို အငမ်းမရ ဖတ်ရှုနေခဲ့မိသည်။ ထိုစာသားများအတွင်း၌ ဒဏ္ဍာရီလာ အသွင်ပြောင်းလဲခြင်းအတတ်ပညာကို မှတ်တမ်းတင်ထားရှိသော်လည်း နှမြောစရာကောင်းလှသည်မှာ ပြောင်းလဲခြင်းနည်းလမ်း တဆယ့်ရှစ်ပါးမျှသာ ပါဝင်လေသည်။ ယင်းသည် မြောက်မင်း၏ အောက်လမ်းမိစ္ဆာနှိမ်နင်းခြင်းပညာရပ် သို့မဟုတ် ကောင်းကင်ဘုံကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် အဆမတန် နည်းပါးလွန်းလှသဖြင့် အခြေခံအဆင့် ရှင်းလင်းချက်မျှသာ ဖြစ်ပေသည်။ သို့သော်လည်း ယခုမျှလောက်သော ပညာရပ်သည်ပင် လင်ဖန့်ကို အတိုင်းအဆမရှိ အံ့အားသင့်သွားစေခဲ့သည်။ ဆန်းကြယ်လှသော အနောက်ဘက်သို့ ခရီးသွားခြင်းကျမ်းစာအတွင်းမှနေ၍ စစ်မှန်သော ကျင့်ကြံခြင်းတရားများကို သူ ရရှိထားခဲ့သည်ဆိုကာ မိမိကိုယ်ကိုယ် အကာအကွယ်ပေးနိုင်မည့် တိုက်ပွဲစွမ်းရည်များမှာ အလွန်အမင်း လိုအပ်နေခဲ့ခြင်း ဖြစ်သည်။ သူ တတ်မြောက်ထားရှိသော တစ်ခုတည်းသော စိတ်ဝိညာဉ်မီးလျှံပညာရပ်မှာလည်း မိမိဘာသာ ခေါင်းစားခံကာ အသည်းအသန် ကြံဆထားခဲ့ရခြင်း ဖြစ်ပြီး ယခုကဲ့သို့သော အသွင်ပြောင်းလဲခြင်း အတတ်ပညာရပ်မျိုးကို လမ်းညွှန်ပြသမည့်သူ မရှိဘဲလျက် သူ မည်သို့မျှ နားလည်နိုင်စရာ အကြောင်းမရှိပါ။ သူသည် အလွန်အမင်း ဝမ်းမြောက်သွားခဲ့ရသဖြင့် ဂူဗိမာန်နံရံထက်ရှိ စာသားများကို တစ်လုံးမကျန် မှတ်သားနေခဲ့မိစဉ် ရုတ်တရက် မြေပြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့တော့သည်။ ၎င်းကား အရိုးစုကတော်သည် ထွက်ပြေးတိမ်းရှောင်သွားစဉ်အတွင်း လင်ဖန့်ကို ဤနေရာ၌ အသေပိတ်ဆို့ထားခဲ့ရန်အတွက် မြေစွမ်းအင်များကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးသွားခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ကံကောင်းလှသည်မှာ မြေစောင့်နတ်မင်းသည် အခြေအနေကို လျင်မြန်စွာ ရိပ်မိသွားခဲ့သဖြင့် လင်ဖန့်ကို ဆွဲကိုင်လျက် မြေလျှိုးအတတ်ပညာကို အသုံးပြုကာ ဘေးအန္တရာယ်မှ သီသီလေး ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
“တောက်... အောက်တန်းကျလိုက်တာ” လင်ဖန့်သည် ပါးစပ်အတွင်းရှိ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သော မြေမှုန့်များကို ထွေးထုတ်လိုက်မိရင်း သွားကို ကြိတ်ကာ ဆိုလိုက်သည်။
သူသည် မိမိ၏ လောဘစိတ်ကို မထိန်းချုပ်နိုင်ခဲ့သဖြင့် နောက်ဆုံးတွင် မိစ္ဆာ၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ သာ မြေစောင့်နတ်မင်း၏ အချိန်ကိုက် ကယ်တင်မှု ရှိမနေခဲ့ပါက ယခုတစ်ကြိမ်တွင် သူ သေချာပေါက် အသက်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။ ဤအခြင်းအရာသည် သူ့အတွက် ပြင်းထန်လှသော သတိပေးချက်တစ်ခုလည်း ဖြစ်သည်။ ဘေးအန္တရာယ် ပြည့်နှက်နေသော ဤအနောက်ဘက်သို့ ခရီးသွားခြင်းလောကကြီးအတွင်း၌ အမှားတစ်ခု ပြုလုပ်မိရုံမျှဖြင့် သေခြင်းတရားနှင့် ကြုံတွေ့ရနိုင်ပြီး မိမိ၏ ကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုလုံးလည်း ပျက်စီးသွားနိုင်ပေသည်။ နောင်တစ်ချိန်တွင် ပိုမို၍ သတိထားရပါလိမ့်မည်ဟု လင်ဖန့်သည် မိမိကိုယ်ကိုယ် တိတ်တဆိတ် သတိပေးလိုက်မိသည်။
“မြေစောင့်နတ်မင်း... ထိုမိစ္ဆာမရဲ့ ခြေရာလက်ရာတွေကို ထပ်ပြီးတော့ ရှာဖွေနိုင်စရာ အကြောင်းရှိပါသလား” လင်ဖန့်က မေးမြန်းလိုက်သည်။
မြေစောင့်နတ်မင်းက ဦးခေါင်းကို အသာအယာ ခါယမ်းလိုက်မိရင်း ဆိုလိုက်သည်။
“ကျွန်တော်မျိုးက ဤနယ်မြေကို စောင့်ရှောက်ရတဲ့ မြေစောင့်နတ် သက်သက်သာ ဖြစ်ပါတယ်။ သူမက ဤနယ်မြေကို ကျော်လွန်သွားခဲ့ပြီ ဖြစ်တာကြောင့် ကျွန်တော်မျိုးရဲ့ စီရင်ပိုင်ခွင့်အာဏာအောက်မှာ ရှိမနေတော့ပါဘူး... သူမရဲ့ ခြေရာတွေကို ရှာဖွေဖို့ကတော့ မဖြစ်နိုင်ပါဘူး ဘုရား”
လင်ဖန့်သည် မြေစောင့်နတ်မင်းကို စိုက်ကြည့်လိုက်မိရင်း ထိုပုဂ္ဂိုလ်သည် အမှန်တရားအားလုံးကို ပြောဆိုနေခြင်း မဟုတ်ကြောင်း သိရှိလိုက်သည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းသည် မိမိတို့၏ နယ်မြေအသီးသီးကိုသာ တာဝန်ယူလိုကြသည် ဖြစ်ရာ သူမသည် သူ၏နယ်မြေအတွင်းမှ လွတ်မြောက်သွားခဲ့ပြီဖြစ်ခြင်းကြောင့် မြေစောင့်နတ်မင်းအနေဖြင့် မိမိကိုယ်ကိုယ် ပြဿနာရှာရန် စိတ်ကူးရှိမနေခဲ့ပါ။ မြေစောင့်နတ်မင်း၏ ကူညီမှု ရှိမနေခဲ့ပါက လင်ဖန့်အနေဖြင့် ထိုကောက်ကျစ်လှသော မိစ္ဆာမကို လိုက်လံဖမ်းဆီးနိုင်ရန်အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။
“ထားလိုက်ပါတော့... ဒါကလည်း သူမရဲ့ ကံကောင်းမှုတစ်ခုပေါ့” လင်ဖန့်က စိတ်ပျက်လက်ပျက်ဖြင့် ဦးခေါင်းကို ခါယမ်းရင်း ဆိုလိုက်သည်။
ဤလောကကြီးသည် ကျယ်ပြန့်လှသည် ဖြစ်ရာ နောင်တစ်ချိန်တွင် သူမနှင့် ပြန်လည်ဆုံတွေ့နိုင်မည့် အခွင့်အရေးမှာ အလွန်အမင်း နည်းပါးလှသည်။ ဤနေရာ၌ အချိန်ပုပ်နေရန်အတွက် မထိုက်တန်ပါ။ ၎င်းအပြင် အနောက်ဘက်သို့ ခရီးသွားခြင်း အစီအစဉ်ကြီး စတင်လာခဲ့သည့် အခါတွင် ဗုဒ္ဓဘာသာဂိုဏ်းသားများသည် ဤပတ်ဝန်းကျင်ရှိ မိစ္ဆာမှန်သမျှကို သန့်စင်ပစ်ကြမည် ဖြစ်ရာ သူမအနေဖြင့် ထိုဘေးဒုက္ခမှ လွတ်မြောက်နိုင်ရန်အတွက် မလွယ်ကူပါ။
သူ ရွာအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် အခါတွင် လူငယ်လေးနှင့် မြေခွေးငယ်တို့သည် နေအိမ်ဝင်းအတွင်း၌ စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်ကို မြင်တွေ့ရသည်။ လင်ဖန့် ကောင်းကင်ယံထက်မှ ဆင်းသက်လာခဲ့သည်ကို မြင်တွေ့လိုက်ရသည့်အခါ ၎င်းတို့သည် အလျင်အမြန် အနီးသို့ ချဉ်းကပ်လာခဲ့ကြသည်။
“နတ်လမ်းစဉ်ဆရာကြီး... ဘယ်လိုအခြေအနေ ရှိပါသလဲ” လူငယ်လေးက ဝေခွဲမရဖြစ်နေသော အမူအရာများဖြင့် မေးမြန်းလိုက်သည်။
သူသည် မိမိ၏ ရင်ထဲရှိ ခံစားချက်များကို သေသေချာချာ ဖော်ပြနိုင်ခြင်း မရှိပါ။ နတ်လမ်းစဉ်ဆရာကြီး၏ အစွမ်းများဖြင့် ထိုမိစ္ဆာကို သုတ်သင်ရှင်းလင်းပေးနိုင်ရန် မျှော်လင့်နေမိသလို တစ်ဖက်မှလည်း မိမိ၏ ညီမဖြစ်သူသည် အခြားသူများကို အန္တရာယ်မပြုသရွေ့ အသက်ရှင်သန်နေခဲ့ပါစေဟူ၍လည်း တိတ်တဆိတ် တောင့်တနေခဲ့မိခြင်းကြောင့် ဖြစ်သည်။ လင်ဖန့်က ဖြစ်ပျက်ခဲ့သမျှသော အခြေအနေများကို ရှင်းပြလိုက်သည့် အခါတွင် လူငယ်လေးသည် ရင်ထဲရှိ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျဆင်းသွားခဲ့သည့်အလား ဖြစ်သွားခဲ့ရပြီး ရိုသေလေးစားစွာဖြင့် ဆိုလိုက်သည်။
“ဆရာကြီးရဲ့ ကူညီစောင့်ရှောက်မှုတွေအတွက် အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မဟုတ်ရင်တော့ ကျွန်တော့်ရဲ့ အသက်က ထိုမိစ္ဆာမရဲ့ လက်ချက်နဲ့တင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့... ဆိုးဝါးလှတဲ့ ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ရရှာတဲ့ မိဘနှစ်ပါးအတွက် တကယ်ကို နှမြောပူဆွေးမိပါတယ်”
စကားအဆုံးတွင် လူငယ်လေးသည် ဝမ်းနည်းပူဆွေးမှုများကို မထိန်းချုပ်နိုင်တော့ဘဲ ပါးပြင်ထက်မှနေ၍ မျက်ရည်စက်များ တရဟော စီးဆင်းသွားခဲ့ရရှာသည်။ ဤကျယ်ပြန့်လှသော လောကကြီးအတွင်း၌ သူသည် လုံးဝ အထီးကျန်သွားခဲ့ရပြီ ဖြစ်ပေသည်။ တစ်ချိန်က ပျော်ရွှင်စရာကောင်းခဲ့ဖူးသော မိမိ၏ နေအိမ်ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်မိရင်း အတိတ်က မြင်ကွင်းများသည် သူ၏ စိတ်အာရုံ၌ ပြတ်သားစွာ ပေါ်ပေါက်လာခဲ့သော်လည်း ယခုအချိန်တွင် ၎င်းတို့ကား ပြန်လည်၍ မတွေးဝံ့စရာကောင်းလောက်အောင် နာကျင်ဖွယ် အမှတ်တရများ ဖြစ်နေခဲ့ရပြီ ဖြစ်သည်။
“အလွန်အမင်း ဝမ်းနည်းမနေပါနဲ့တော့” လင်ဖန့်က သူ၏ ပုခုံးကို အသာအယာ ပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်သည်။
ဤလောကကြီးအတွင်း၌ သူသည် ယခုကဲ့သို့သော သောကဗျာပါဒ မြောက်အမြားကို မြင်တွေ့ရသည်မှာ ယဉ်ပါးနေခဲ့ပြီ ဖြစ်သည်။ သက်ရှိသတ္တဝါမှန်သမျှသည် ဒုက္ခပင်လယ်ဝေနေကြရသည် သက်သက်သာ မဟုတ်လား။
“ကျွန်တော်ကတော့ မိသားစုဝင်တွေအားလုံး စုံစုံလင်လင်နဲ့ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြဖူးတာကို အမြဲတမ်း ပြန်တွေးမိနေတုန်းပဲ... အဲဒီတုန်းက ညီမလေးက ရယ်မောရင်းနဲ့ ကျွန်တော့်ကို အိမ်ထောင်အမြန်ပြုဖို့ တိုက်တွန်းနေခဲ့သေးတာ။ အခုတော့ မိသားစုလည်း မရှိတော့ဘူး... ကျွန်တော်တစ်ယောက်တည်းပဲ ကျန်ခဲ့ရတော့တယ်” လူငယ်လေးက ရှိုက်ကြီးတငင် ငိုကြွေးရင်း ညည်းတွားလိုက်သည်။ အချိန်အခါဟူသည် အပြောင်းအလဲ မြန်ဆန်လှကြောင်း လူကြီးသူမများ ပြောကြားခဲ့ဖူးသည်ကို သူ ကြားသိခဲ့ဖူးသော်လည်း ယနေ့တွင်မှ ထိုသင်ခန်းစာကို လက်တွေ့ကျကျ သဘောပေါက်သွားခဲ့ရခြင်း ဖြစ်သည်။
“နောင်တစ်ချိန်မှာ ဘာတွေလုပ်ဖို့ စိတ်ကူးထားလဲ” လင်ဖန့်က မေးမြန်းလိုက်သည်။
“ကျွန်တော် ဤနေရာကနေ ထွက်ခွာပြီး လောကကြီးထဲမှာ လှည့်လည်သွားလာပါတော့မယ်။ ဖြစ်နိုင်ရင်တော့ အတတ်ပညာအချို့ကို လေ့လာဆည်းပူးပြီး ဆရာကြီးလိုမျိုး မိစ္ဆာတွေကို လိုက်လံနှိမ်နင်းတဲ့သူတစ်ဦး ဖြစ်အောင် ကြိုးစားချင်ပါတယ်” လူငယ်လေးက အတန်ငယ် တွေးတောလိုက်ပြီးနောက် မိမိ၏ ဘဝရည်မှန်းချက်တစ်ခုကို သေသေချာချာ သတ်မှတ်လိုက်တော့သည်။
သူ၏ ခိုင်မာလှသော အမူအရာနှင့် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော မျက်နှာပြင်ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်မူ လင်ဖန့်သည် မိမိ၏ စိတ်အာရုံထဲ၌ ကျောင်းထိုင်ဆရာတော်အိုကြီး၏ ရုပ်သွင်နှင့် တစ်ထပ်တည်း ကျသွားခဲ့ရသည့်အလား ခံစားလိုက်ရသည်။
“အကယ်၍ မင်းက မိစ္ဆာတွေကို နှိမ်နင်းနိုင်မယ့် အတတ်ပညာတွေကို လေ့လာချင်တယ်ဆိုရင်တော့... ငါ မင်းအတွက် နေရာကောင်းတစ်ခု ညွှန်ပြပေးရမလား” လင်ဖန့်က အတန်ငယ် တွေးတောလိုက်ပြီးနောက် ဖွင့်ဟပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လူငယ်လေး၏ မျက်နှာပြင်ထက်တွင် ဝမ်းမြောက်လှသော အမူအရာများ ချက်ချင်း ပေါ်ပေါက်လာခဲ့ရပြီး သူ၏ မျက်ဝန်းများသည်လည်း တောက်ပသွားခဲ့ကာ လင်ဖန့်ကို စိုက်ကြည့်လိုက်တော့သည်။
“အရှေ့ဘက် အရပ်မျက်နှာဆီမှာ ချင်းယွန်းကျောင်းတော်ဟူ၍ ခေါ်ဆိုအပ်တဲ့ နေရာတစ်ခု ရှိပြီး အဲဒီနေရာမှာ ကော်ဖျင်ဟူ၍ အမည်ရတဲ့ ဆရာတော်အိုကြီးတစ်ပါး သီတင်းသုံးနေထိုင်ပါတယ်။ သူက အတတ်ပညာအချို့ တတ်မြောက်ထားရှိတာမျိုးမို့ မင်း သွားရောက်ပြီးတော့ အကူအညီတောင်းခံနိုင်ပါတယ်... လင်ဖန့်က လွှတ်လိုက်တာလို့သာ ပြောလိုက်ပါ”
ထိုအချိန်တွင် အဝေးတစ်နေရာရှိ ချင်းယွန်းကျောင်းတော်အတွင်း၌ ဆရာတော်အိုကြီး ကော်ဖျင်သည် မိမိ၏ မီးဖိုဘေးနားတွင် ဟိုဟိုဒီဒီ လှည့်လည်လျှောက်လှမ်းရင်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချနေခဲ့မိသည်။ ရုတ်တရက်ဆိုသလို သူသည် နှာချေလိုက်မိပြီး မိမိကိုယ်ကိုယ် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“တစ်စုံတစ်ဦးက ငါ့ကို သတိရနေတာမျိုးလားမသိဘူး”
သူသည် မိမိ၏ နှာခေါင်းကို အသာအယာ ထိတွေ့လိုက်မိရင်း အိုးအတွင်း၌ အနည်းငယ်မျှသာ ကျန်ရှိတော့သော ဆန်စေ့များကို ကြည့်ရှုကာ ညည်းတွားလိုက်မိပြန်သည်။
“ဘဝက တကယ်ကို ခက်ခဲလွန်းလှပါတယ်။ ကြည့်ရတာ ငါ အလုပ်ကြိုးစားတဲ့ တပည့်တစ်ယောက်လောက်ကို ရှာဖွေရတော့မယ်... မဟုတ်ရင်တော့ ဒီအတိုင်း ဆက်ပြီး ရှင်သန်ဖို့ မလွယ်ကူတော့ဘူး”
လင်ဖန့်သည် လူငယ်လေးကို နှုတ်ဆက်လိုက်ပြီးနောက် ထွက်ခွာလာခဲ့ရာ ထိုလူငယ်၏ မျက်နှာပြင်ထက်တွင် ဘဝရည်မှန်းချက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည့်အလျောက် ဝမ်းမြောက်လှသော အမူအရာများ ပြည့်နှက်နေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ လင်ဖန့်၏ ရင်ထဲ၌ မရေမရာ ဖြစ်နေခဲ့သော ထိုဆရာတော်အိုကြီး ကော်ဖျင်နှင့် မိတ်ဆက်ပေးခဲ့မိခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဟုတ်မဟုတ်ကို တွေးတောမိရင်း နောင်တအချို့ ပေါ်ပေါက်လာခဲ့ရသည်။
“ထားလိုက်ပါတော့... ဒါကလည်း သူတို့ရဲ့ ရေစက်အပေါ်မှာပဲ မူတည်ရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကော်ဖျင်က စိတ်ချရတဲ့သူတစ်ဦး မဟုတ်ဘူးဆိုပေမဲ့ မန္တန်အချို့ကိုတော့ ကောင်းမွန်စွာ တတ်မြောက်ထားရှိတာမျိုးပဲဥစ္စာ” လင်ဖန့်က ဦးခေါင်းကို ခါယမ်းလိုက်မိရင်း မြေခွေးငယ်လေးကို ခေါ်ဆောင်ကာ အနောက်ဘက်သို့ ခရီးစဉ်ကို ဆက်လက်ထွက်ခွာလာခဲ့တော့သည်။
ပိုင်ကျားရွာအတွင်းမှ ထွက်ခွါလာခဲ့ပြီးနောက်တွင် ၎င်းတို့သည် တောင်လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းနေခဲ့ကြဆဲ ဖြစ်သော်လည်း ရှေ့သို့ လှမ်းလျှောက်လာခဲ့သည်နှင့်အမျှ ဘေးပတ်ဝန်းကျင်ရှိ အပင်များ၏ အသွင်သဏ္ဌာန်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အထက်သို့ လှမ်းမျှော်ကြည့်ရှုလိုက်ရာ အဝေးတစ်နေရာတွင် ကျယ်ပြန့်လှသော တောနက်ကြီးတစ်ခု ရှိနေခဲ့ပြီး ၎င်းကား မြေပြင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားရှိသော မှောင်မိုက်လှသည့် တိမ်တိုက်မည်းကြီးတစ်ခုအလား ဖြစ်နေခဲ့သည်။ မြေခွေးငယ်လေးသည် ယခုကဲ့သို့သော ပတ်ဝန်းကျင်မျိုးကို တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိခဲ့သဖြင့် အတန်ငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး လင်ဖန့်၏ ဘေးနားသို့ တင်းကျပ်စွာ ကပ်လိုက်တော့သည်။ လင်ဖန့်ကမူ ပြုံးလိုက်မိရင်း သူ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ကာ အတူတကွ ရှေ့သို့ ဆက်လက်လှမ်းလျှောက်လာခဲ့သည်။ ဤနယ်မြေသည် ဝတ်ရုံဝါမိစ္ဆာကြီး စိုးမိုးအုပ်ချုပ်ရာ နယ်မြေဖြစ်ကြောင်း သူ ကောင်းမွန်စွာ သဘောပေါက်ထားရှိခြင်းကြောင့် ဖြစ်ပေသည်။ သာမန်မိစ္ဆာများအနေဖြင့် သူ၏နယ်မြေအတွင်း၌ ပြဿနာရှာဝံ့ကြစရာ အကြောင်းမရှိပါချေ။ ၎င်းအပြင် ထိုမိစ္ဆာကြီးသည် မိမိ၏ ဇနီးမယား၊ သားသမီးများနှင့်အတူ ပိုယွဲဂူဗိမာန်အတွင်း၌ ပျော်ရွှင်စွာ နေထိုင်နေလောက်ပြီ ဖြစ်သည်။
ထူထပ်လှသော ထင်းရှူးပင်မည်းကြီးများသည် ကောင်းကင်ယံထက်မှ နေအလင်းတန်းများကို ပိတ်ဆို့ထားရှိသဖြင့် တောအုပ်ကြီးအတွင်း၌ ခြောက်ခြားဖွယ်ကောင်းလှသော မှောင်မိုက်မှုများ လွှမ်းမိုးနေခဲ့ပြီး လူသူအရိပ်အယောင် ကင်းမဲ့နေခဲ့သည်။ မြေပြင်ထက်တွင် ကြွေကျနေခဲ့သော သစ်ရွက်ခြောက် မြောက်အမြား ရှိနေခဲ့ပြီး ၎င်းတို့၏ထက်သို့ ခြေလှမ်းလိုက်သည့် အခိုက်အတန့်တွင် ဂွမ်းပုံကြီးတစ်ခုထက်သို့ နင်းခြေလိုက်ရသည့်အလား အလွန်အမင်း နူးညံ့လှသည်။
“ဤတောအုပ်ကြီးကို ဖြတ်သန်းပြီးသွားတာနဲ့... ငါတို့တွေ ပေါင်ရှန်းနိုင်ငံတော်ဆီကို ရောက်ရှိရပါလိမ့်မယ်။ မင်းက လူသားတွေရဲ့ စည်ကားလှတဲ့ မြို့ပြကြီးကို အမြဲတမ်း မြင်တွေ့ချင်နေခဲ့တာ မဟုတ်ဘူးလား... အဲဒီအချိန်ကျရင် ငါ မင်းကို သေသေချာချာ လိုက်လံပြသပေးပါ့မယ်” လင်ဖန့်က ပြုံးရင်း ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် မြေခွေးငယ်လေးသည် စိတ်လှုပ်ရှားသွားခဲ့ရသဖြင့် သူ၏ နားရွက်ကလေးများမှာ ထောင်မတ်သွားခဲ့ရသည်။ သူသည် အထက်အောက် ရုန်းကန်လှုပ်ရှားရင်း အဝေးဆီသို့ လှမ်းမျှော်ကြည့်ရှုရန် ကြိုးစားလိုက်သော်လည်း ထူထပ်လှသော ထင်းရှူးပင်မည်းကြီးများက လမ်းကြောင်းကို ပိတ်ဆို့ထားရှိသဖြင့် ပေါင်ရှန်းနိုင်ငံတော်၏ တည်နေရာကို ဘည်လိုမှ လှမ်းမျှော်မြင်တွေ့နိုင်ခြင်း မရှိပါ။
“အော်... ငါတို့တွေ ဘယ်လောက်တောင် ဝေးဝေး လျှောက်လှမ်းရဦးမလဲမသိဘူး။ လက်ရှိအချိန်မှာတင် ချက်ချင်း ရောက်ရှိသွားချင်မိပြီ”
“ဒါပေမဲ့ ငါ ကြိုတင်ပြီးတော့ သတိပေးထားလိုက်မယ်... မြို့ထဲကို ရောက်ရှိသွားတဲ့ အခါကျရင် မင်းရဲ့ မြေခွေးအမြီးကို သေသေချာချာ ဖုံးကွယ်ထားရပါလိမ့်မယ်။ လူသားတွေ မြင်တွေ့သွားလို့ကတော့ မကောင်းဘူး... မဟုတ်ရင်တော့ ငါ မင်းကို မသိသလိုမျိုး နေပစ်လိုက်မှာ” လင်ဖန့်က သတိပေးလိုက်သည်။
“စိတ်မပူပါနဲ့... ကျွန်တော်က ဒီရက်ပိုင်းအတွင်းမှာ အသည်းအသန် လေ့ကျင့်ထားတာမျိုးမို့ ကျွန်တော့်ရဲ့ အမြီးကို ဘယ်လိုမှ မြင်တွေ့ရစေမှာ မဟုတ်ပါဘူး” မြေခွေးငယ်လေးက ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။ ထို့နောက်တွင် သူက တစ်စုံတစ်ခုကို ရုတ်တရက် လက်ညှိုးညွှန်ပြရင်း အော်ဟစ်လိုက်တော့သည်။
“ဟိုးအရှေ့မှာ ကြည့်လိုက်ပါဦး... စေတီပုထိုးတစ်ဆူ ရှိနေတယ်... တကယ်ကို ခန့်ညားထည်ဝါလွန်းလှပါတယ်”
သူ လက်ညှိုးညွှန်ပြရာ အရပ်မျက်နှာအတိုင်း လင်ဖန့် လှမ်းမျှော်ကြည့်ရှုလိုက်ရာ ထိုနေရာ၌ ကိုးထပ်မျှ မြင့်မားလှသော စေတီတော်တစ်ဆူ အစစ်အမှန် ရှိနေခဲ့ပြီး ၎င်း၏ ထိပ်ဦးဆီမှနေ၍ တောက်ပလှသော ရွှေရောင်အလင်းတန်းများမှာ ဝေဝေဆာဆာ ထွက်ပေါ်နေခဲ့သဖြင့် လင်းလက်တောက်ပနေခဲ့တော့သည်။