အခန်း (၉) - ထိုပါးရိုက်ချက်က တကယ့်ကို အရသာရှိလှပေသည်
တစ်နာရီခန့်အကြာတွင်...
လုယွမ်၏ ကျင့်ကြံမှုအရှိန်အဝါများမှာ စတင်ငြိမ်သက်သွားပြီး 'အခြေခံတည်ဆောက်ခြင်းအဆင့်' အစောပိုင်းအဆင့်တွင် တည်ငြိမ်သွားတော့သည်။
လုယွမ် မျက်လုံးဖွင့်လိုက်သည့်အခါ အလွန်တရာ ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်ထွက်လာပြီး "ကြည့်ရတာ ငါက ကျင့်ကြံတဲ့နေရာမှာ ပါရမီနည်းနည်းရှိပုံပဲ.. 'နတ်ဘုရား ဖုံးကွယ်ခြင်းအတတ်' ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပြီ" ဟု ရေရွတ်လိုက်သည်။
သူ ထရပ်လိုက်သည့်အခါ တစ်ကိုယ်လုံး ထူးထူးခြားခြား ပေါ့ပါးနေသည်ကို ခံစားရသည်။ ဤသည်မှာ ကျင့်ကြံခြင်း၏ ကောင်းကျိုးပင် ဖြစ်၏။
"အခု ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အသက် သုံးလေးရာလောက် နေဖို့ဆိုတာ ပြဿနာမရှိတော့ဘူး…. နတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့် ရောက်သွားရင်တော့ အသက်တစ်ထောင်လောက်တောင် နေနိုင်မှာပဲ..." လုယွမ် ခေါင်းညိမ့်လိုက်သည်။
ကျင့်ကြံမှုအဆင့် တက်လာလေလေ သက်တမ်းမှာလည်း ရှည်ကြာလာလေလေပင်။
အကယ်၍ တစ်စုံတစ်ဦးသည် ဘေးဒုက္ခများကို ကျော်လွှားပြီး နတ်ဘုရားအဆင့် သို့ ရောက်ရှိသွားပါက ထာဝရအသက်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ဤသည်မှာ ကျင့်ကြံသူအားလုံး၏ ဘုံရည်မှန်းချက်ပင်။
သို့သော်လည်း ကျင့်ကြံခြင်းကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် ရှေးခေတ်မှ ယနေ့အထိ နတ်ဘုရားအဆင့်သို့ အမှန်တကယ် ရောက်ရှိသူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်၏။
လက်ရှိခေတ်တွင်မူ နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်သူ မရှိခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းနီးပါး ရှိနေပြီဖြစ်သည်။
ထိုသို့တွေးတောရင်း လုယွမ် ပြုံးလိုက်ပြန်သည်။ "ဖြစ်နိုင်တာကတော့ နောက်ထပ် နတ်ဘုရားအဆင့် ရောက်မယ့်သူက ငါပဲ ဖြစ်မှာပါ"
"ပြန်ရအောင်"
လုယွမ်သည် ကျင့်ကြံခန်းအတွင်းမှ ထွက်လာခဲ့ပြီး ကျမ်းစာဆောင်မှ ထွက်ခွာလာသည်။
သူသည် ဒန်ရှ တောင်ထွတ် ဆီသို့ ဦးတည်လိုက်၏။
လမ်းတစ်လျှောက်တွင် သူတွေ့သမျှ တပည့်တိုင်းလိုလိုက လုယွမ်ကို ရိုသေစွာ ဂါရဝပြုကြသည်။
ထိုခံစားချက်က အလွန်ပင် ကျေနပ်စရာကောင်းလှ၏။
ထို့ကြောင့်လည်း လုယွမ်သည် ထိုခံစားချက်ကို အပြည့်အဝ ခံစားနိုင်ရန်နှင့် မိမိ၏ မာနကို ဖြည့်ဆည်းရန်အတွက် တကူးတက လမ်းလျှောက်လာခဲ့ခြင်း ဖြစ်သည်။
"မင်းပဲ"
ထိုစဉ် အလွန်ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ လုယွမ် လှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့သြသွားသော်လည်း တည်ငြိမ်စွာပင် "ငါတို့နှစ်ယောက် ဒီမှာ ပြန်ဆုံမယ်လို့ မထင်ထားဘူး" ဟု ဆိုလိုက်သည်။
"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ တပည့်ရင်းတစ်ယောက်ရဲ့ ဝတ်စုံကို မင်းလိုကောင်က ဝတ်ရဲတယ်လား"
ရောက်လာသူမှာ ချန်ဖေး ဖြစ်ပြီး လုယွမ်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
လွန်ခဲ့သည့် ရက်ပိုင်းကပင် တာဝန်ဆောင် ၌ လုယွမ်၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်း အဆင့် ၃ သာ ရှိသေးကြောင်း သူ ကောင်းကောင်းသိထားသည်။
လုယွမ်သည် သူ့မျက်လုံးထဲတွင် အမှိုက်သာသာပင်။
ထိုကဲ့သို့သော အမှိုက်က ရက်ပိုင်းအတွင်း မည်သို့လုပ်၍ တပည့်ရင်း ဖြစ်လာနိုင်မည်နည်း။
ထို့ကြောင့် လုယွမ်သည် ထိုဝတ်စုံကို တစ်နေရာရာမှ ခိုးယူဝတ်ဆင်ကာ ဟန်ဆောင်နေသည်ဟုသာ သူ ယူဆလိုက်သည်။
"မင်းရဲ့ အခုလုပ်ရပ်က ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်နေတာ မင်းသိလား" ချန်ဖေးက နှာခေါင်းရှုံ့ကာ ပြောသည်။
"စီနီယာအစ်ကို ချန်... တစ်ခုခု မှားနေတာများလား"
"ဟုတ်ပါတယ် စီနီယာ... ကောင်းကင်မြစ်ဂိုဏ်းမှာ တပည့်ရင်းအဖြစ် ဟန်ဆောင်ရဲမယ့်သူ ရှိမယ်မထင်ဘူးနော်"
ချန်ဖေး၏ ဘေးရှိ လူငယ်နှစ်ဦးက ကပျာကယာ ဝင်ပြောကြသည်။
"မပူပါနဲ့ ဂျူနီယာတို့... သူ ဟန်ဆောင်နေတာ ငါ အသေအချာ သိတယ်" ချန်ဖေးက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ချန်ဖေး... အရင်တုန်းက တာဝန်ဆောင်မှာ ငါ မင်းကို ထိရုံလေးပဲ ရှိသေးတယ်.. မင်းက ငါ့ကို အရှိန်နဲ့ ကန်ထုတ်လိုက်လို့ ငါ့ရဲ့ အရိုးတွေတောင် ကျိုးသွားခဲ့သေးတယ်..."
လုယွမ်က တည်ငြိမ်စွာ ဆိုသည်။
"ငါက မင်းကို အခွင့်အရေး တစ်ခုပေးမယ်.. အခု ချက်ချင်း ငါ့ကို တောင်းပန်လိုက်ရင် ဘာမှမဖြစ်ခဲ့သလို ငါ သဘောထားပေးမယ်"
"တောင်းပန်ရမယ် ဟဲဟဲဟဲ" ချန်ဖေးက ချက်ချင်းပင် လှောင်ရယ်လိုက်သည်။
"မင်းက ဘာမို့လို့လဲ ငါ့ကို တောင်းပန်ခိုင်းရအောင် မင်းက ဘာကောင်လဲ"
ချန်ဖေး၏ အမူအရာကို မြင်သော် လုယွမ် ခေါင်းယမ်းလိုက်သည်။
"ကြည့်ရတာ မင်းလိုလူမျိုးကို အခွင့်အရေး ပေးနေစရာ မလိုပါဘူး.. ငါ အခွင့်အရေး ပေးသည်ဖြစ်စေ.. မပေးသည်ဖြစ်စေ ရလဒ်ကတော့ အတူတူပဲ"
နောက်တစ်စက္ကန့်တွင် လုယွမ်သည် သူရှိရာနေရာမှ ပျောက်ကွယ်သွားသည်။ ချန်ဖေး သတိမထားမိခင်မှာပင် လုယွမ်က သူ့ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖြောင်း…
လုယွမ်၏ ပါးရိုက်ချက်က ချန်ဖေး၏ မျက်နှာပေါ်သို့ တည့်တည့်ကျရောက်သွားသည်။
အလွန်ကျယ်လောင်ပြီး ပြတ်သားသော ပါးရိုက်သံကြီး ထွက်ပေါ်လာ၏။
ချန်ဖေးမှာ အရှိန်ဖြင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်ကာ အကြိမ်ပေါင်းများစွာ လိမ့်သွားပြီးမှ ရပ်တန့်သွားတော့သည်။
သူ၏ မျက်နှာတစ်ခြံလုံးမှာ ဝက်ခေါင်းပမာ ဖူးယောင်လာ၏။
"ဒီအရှိန်... ဒီအင်အား... သူက အနည်းဆုံးတော့ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိရမယ်"
ချန်ဖေးနှင့်အတူ ပါလာသော လူငယ်နှစ်ဦးမှာ ထိတ်လန့်သွားပြီး လုယွမ်ကို ကပျာကယာ ဂါရဝပြုကြသည်။
"ဂါရဝပြုပါတယ် စီနီယာအစ်ကို…ကျွန်တော်တို့ ခုနက ရိုင်းစိုင်းမိတာကို ခွင့်လွှတ်ပေးပါ"
"ဒါ မင်းတို့နဲ့ မဆိုင်ဘူး…အခု ထွက်သွားကြတော့" လုယွမ်က အေးစက်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ" လူငယ်နှစ်ဦးမှာ ထပ်မစောင့်ရဲတော့ဘဲ အမြန်ဆုံး ထွက်ပြေးသွားကြတော့သည်။
လုယွမ်က ချန်ဖေးအနားသို့ တိုးသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီနေ့ ငါ မင်းကို ပါးရိုက်လိုက်တာဟာ ငါတို့ကြားက အကြွေးကျေသွားပြီလို့ မှတ်လိုက်…အကယ်၍ မင်းက ပြဿနာ ထပ်ရှာချင်သေးတယ်ဆိုရင်တော့ ငါ့ရဲ့ မညှာမတာ လုပ်ရပ်တွေအတွက် ငါ့ကို အပြစ်မတင်နဲ့"
လုယွမ် ယခုအချိန်တွင် အလွန်ပင် ကျေနပ်နေမိသည်။
‘ယခင်က ဖတ်ခဲ့ဖူးသော ၀တ္ထုတွေထဲကလို သခင်လေးပါးရိုက် ဇာတ်ကွက်ပင်မဟုတ်ပါလား… ပါးရိုက်ရတာရှယ်ပဲလေ’
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင် မင်းက ချီသန့်စင်ခြင်း အဆင့် ၃ ပဲ ရှိသေးတာ" ချန်ဖေးမှာ ဖြစ်ပျက်နေသည်များကို မယုံနိုင်သေးပေ။
"ဒီကမ္ဘာမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး" လုယွမ်က ပြုံးလိုက်သည်… "မင်း မဖြစ်နိုင်ဘူးလို့ ထင်နေတာက မင်းဟာ ရေတွင်းထဲက ဖားတစ်ကောင်လို ဖြစ်နေလို့ပဲ မင်းမြင်ရတဲ့ ကောင်းကင်က ဒီလောက်ပဲ ရှိတာကိုး..."
"ဘယ်သူတွေ ဂိုဏ်းအတွင်းမှာ တပည့်အချင်းချင်း တိုက်ခိုက်နေတာလဲ ငါတို့ စည်းကမ်းထိန်းသိမ်းရေးဆောင် ကို မျက်ကွယ်ပြုနေတာလား" ထိုစဉ် တင်းမာသော အသံတစ်သံ ထွက်ပေါ်လာပြီး စည်းကမ်းထိန်းသိမ်းရေးဆောင်မှ တပည့်အချို့ ရောက်ရှိလာသည်။
သို့သော်လည်း ထိုတပည့်များသည် လုယွမ် ဝတ်ဆင်ထားသော ဝတ်စုံကို မြင်လိုက်သည်နှင့် ပြောလက်စ စကားများကို ပြန်မျိုချလိုက်ရသည်။
လုယွမ်၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲပြားကို သေချာကြည့်ပြီးနောက် တပည့်တစ်ဦးက ကပျာကယာပင် ရိုသေစွာ ဆိုလိုက်သည်။
"ဂါရဝပြုပါတယ် စီနီယာအစ်ကို လုယွမ်"
စည်းကမ်းထိန်းသိမ်းရေး တပည့်များက လုယွမ်ကို ဤမျှ ရိုသေပြနေသည်ကို မြင်သော် ချန်ဖေး၏ စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားရတော့သည်။
လုယွမ်က မည်သို့လုပ်၍ တပည့်ရင်း ဖြစ်သွားသည်ကို သူ လုံးဝ စဉ်းစားမရပေ။
"ကျွန်တော် ဂျူနီယာညီလေးကို ကျင့်ကြံခြင်းအကြောင်း နည်းနည်း လမ်းပြပေးနေတာပါ…ဒါက ဂိုဏ်းစည်းကမ်းကို မဖောက်ဖျက်ဘူး မဟုတ်လား" လုယွမ်က ပြုံးကာ မေးလိုက်သည်။
"သေချာတာပေါ့" စည်းကမ်းထိန်းသိမ်းရေး တပည့်က အမြန်ပြန်ဖြေသည်။
"ကျွန်တော်တို့ ခုနက အသံမှားကြားပြီး စီနီယာ့ကို နှောင့်ယှက်မိပုံရပါတယ်… ခွင့်လွှတ်ပေးပါ စီနီယာ"
တကယ့်ကို လိမ္မာပါးနပ်သူများပင်။
သူတို့၏ အလိုက်သိမှုမှာ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံလှသည်။ အဓိက အကြောင်းရင်းမှာ လုယွမ်၏ တပည့်ရင်း အဆင့်အတန်းကြောင့်ပင် ဖြစ်၏။
"စီနီယာ... ကျွန်တော်တို့ ရှေ့ဆက် မနှောင့်ယှက်တော့ပါဘူး" ဟု ဆိုကာ ဂါရဝပြုပြီး ထွက်ခွာသွားကြသည်။
"ချန်ဖေး... ငါ ပြောတဲ့အတိုင်းပဲ.. ငါတို့ကြားက အညှိုးအတေးတွေ ပြီးဆုံးသွားပြီ" လုယွမ်က ချန်ဖေးကို တစ်ချက်ကြည့်ကာ ပြောပြီးနောက် ထွက်လာခဲ့တော့သည်။
ခုနက ပါးရိုက်လိုက်ရသည်ကို ပြန်တွေးရင်း လုယွမ် အလွန်ပင် ကျေနပ်နေမိသေးသည်။
"စီနီယာအစ်ကို... သူက တပည့်ရင်း ဖြစ်နေရင်တောင် ကျွန်တော်တို့ ဒီလောက်ထိ နှိမ့်ချနေစရာ လိုလို့လား"
"ဟုတ်ပါတယ် စီနီယာ"
စည်းကမ်းထိန်းသိမ်းရေး တပည့်များက သူတို့၏ စီနီယာကို နားမလည်နိုင်စွာ မေးကြသည်။
"မင်းတို့ကို ဂိုဏ်းထဲက သတင်းတွေကို ဂရုစိုက်ပါလို့ ငါ ပြောထားတယ် မဟုတ်လား.. လုယွမ်ရဲ့ ဆရာက ဘယ်သူလဲဆိုတာ မင်းတို့ သိလား အဲ့ဒါ ဒန်ရှတောင်က အကြီးအကဲ မုချင်းရွှယ်လေ.. သူက အဆင့် ၆ ဆေးပညာရှင်..."
"အကြီးအကဲ မုရဲ့ တပည့်လက်ခံတဲ့ စည်းကမ်းကိုရော မင်းတို့ သိကြလား အမွှေးတိုင် တစ်တိုင်စာအတွင်းမှာ ထူးခြားတဲ့ ဆေးဖော်နည်းကို နားလည်ရမယ်.. ပြီးတော့ အခြေခံတည်ဆောက်မှုဆေးလုံးကို အောင်မြင်အောင် ဖော်စပ်ပြရမယ်"
စီနီယာဖြစ်သူက ရှင်းပြလိုက်သည့်အခါမှ အခြားတပည့်များမှာ အံ့သြတကြီးဖြင့် "အမလေး... ဒါဆိုရင် စီနီယာအစ်ကို လုယွမ်က တကယ့်ကို ထူးချွန်တာပဲ" ဟု ဆိုကြကုန်သည်။
"ဒါကြောင့် နောင်ကျရင် စီနီယာအစ်ကို လုယွမ်ကို တွေ့ရင် ရိုရိုသေသေ ဆက်ဆံကြ… နောင်ကျရင် ငါတို့ ဆေးဖော်စပ်ဖို့ သူ့အကူအညီ လိုရင်လိုမှာ... ပြီးတော့ ဘယ်တပည့်ရင်းကများ ငါတို့ သွားစလို့ရတဲ့လူမို့လို့လဲ"
"နောင်ဆိုရင် ဦးနှောက်ကို သုံးကြစမ်း"
"ငါတို့က သာမန် စည်းကမ်းထိန်းသိမ်းရေး တပည့်တွေပဲ… သာမန်တပည့်တွေကို ကိုင်တွယ်ဖို့က ပြဿနာမရှိပေမဲ့... ဂိုဏ်းစည်းကမ်းတွေ ရှိနေတယ်ဆိုပေမဲ့ 'အင်အား' ဆိုတာက စည်းကမ်းတွေရဲ့ အထက်မှာ ရှိနေတာပဲ…ဒီကမ္ဘာမှာ လုံးဝဥဿုံ တရားမျှတမှုဆိုတာ မရှိဘူး"
"ငါတို့ ဘာလို့ စည်းကမ်းထိန်းသိမ်းရေးတပည့် ဖြစ်လာကြတာလဲ အခွင့်အရေး ပိုကောင်းလို့လေ.. အဲ့ဒီတော့မှ ငါတို့လို နောက်ခံမရှိတဲ့သူတွေ ကျင့်ကြံရတာ ပိုအဆင်ပြေမှာ…စည်းကမ်းထိန်းသိမ်းရေးအဆောင်ဆိုတာ တာဝန်တွေပဲ.. တာဝန်ပြီးရင် ကျင့်ကြံဖို့ပဲ အာရုံစိုက်.. အဲ့ဒါက အရေးအကြီးဆုံးပဲ"
စီနီယာ၏ စကားများကြောင့် ကျန်တပည့်များမှာ များစွာ သဘောပေါက်သွားကြပြီး…
"ကျေးဇူးတင်ပါတယ် စီနီယာ စီနီယာ့ရဲ့ စကားတစ်ခွန်းက ဆယ်နှစ်စာ ကျင့်ကြံရသလို တန်ဖိုးရှိပါတယ်" ဟု ဂါရဝပြုလိုက်ကြသည်။
"ကဲ... ကင်းလှည့်တာ ဆက်လုပ်ကြဦး ပြီးမှ ပြန်ပြီး ကျင့်ကြံကြ"