အခန်း (၈) - ခရမ်းရောင်တိမ်တိုက်ဓား
"ဒီအမှတ်အသားတံဆိပ်ကို ယူထားလိုက်.. ကိုးထပ်မြောက်ကို ကိုယ်တိုင်သွားပြီး ဝိညာဉ်လက်နက်တစ်ခု ရွေးချယ်လိုက်… ရွေးပြီးတာနဲ့ အမှတ်တံဆိပ်ကို ကောင်တာပေါ် ပြန်တင်ထားခဲ့ပြီး ထွက်သွားလို့ရပြီ…ငါ့အဘိုးကြီး အိပ်နေတာကိုတော့ လာပြီး မနှောင့်ယှက်နဲ့ဦး"
ဆံပင်ဖြူအဘိုးအို၏ လက်ချောင်းလေး အသာလှုပ်ရှားသွားရုံဖြင့် ကောင်တာပေါ်မှ အမှတ်တံဆိပ်တစ်ခုမှာ လွင့်ပျံလာပြီး လုယွမ်၏ရှေ့၌ တန့်ရပ်သွားသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ" လုယွမ်က အမှတ်တံဆိပ်ကို လှမ်းယူကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက်တွင်တော့ လုယွမ်သည် အမှတ်တံဆိပ်ကို ကိုင်ဆောင်ကာ လှေကားထစ်များအတိုင်း အထက်သို့ တက်လှမ်းလာခဲ့သည်။
မကြာမီမှာပင် ဝမ်လင်မျှော်စင်၏ အလွှာတိုင်းတွင် 'တားမြစ်ချက်အစီအရင်' များ တပ်ဆင်ထားသည်ကို လုယွမ် သတိပြုမိလိုက်၏။
အထက်သို့ မြင့်တက်သွားလေလေ တားမြစ်ချက်များမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာလေလေပင်။
အကယ်၍ သူ့တွင် ဤအမှတ်တံဆိပ်သာ မရှိဘဲ အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးစားခဲ့ပါက ထိုတားမြစ်ချက်များ၏ ဒဏ်ကြောင့် သေချာပေါက် အသက်ပျောက်သွားပေလိမ့်မည်။
ကိုးထပ်မြောက်သို့ ရောက်ရှိသောအခါ...
အမှတ်တံဆိပ်မှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ကိုးထပ်မြောက်၏ တံခါးမှာ အလိုအလျောက် ပွင့်သွားတော့သည်။ လုယွမ် အတွင်းသို့ လှမ်းဝင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးများမှာ အလိုအလျောက် ပြူးကျယ်သွားရပြန်၏။ ကိုးထပ်မြောက် တစ်ခုလုံးတွင် အထွတ်အထိပ်အဆင့်ရှိ ဝိညာဉ်လက်နက်များစွာဖြင့် ပြည့်နှက်နေပြီး ကြည့်ရုံနှင့်ပင် ခေါင်းနီသွားရလောက်သည်။
"ဒါလေးလည်း ကောင်းတယ်... ဒါပေမဲ့ ဟိုဟာက ပိုကောင်းသလိုပဲ"
"ဟိုတစ်ခုကလည်း မိုက်လှချည်လား..."
လုယွမ်သည် မြင်သမျှ အထွတ်အထိပ်လက်နက်တိုင်းကို သဘောကျနေမိသည်။ အကယ်၍သာ ဖြစ်နိုင်မည်ဆိုလျှင် အကုန်လုံးကို ထုပ်ပိုးကာ ယူဆောင်သွားချင်စိတ်ပင် ပေါက်နေမိ၏။
"လောဘကြီးလို့ မဖြစ်ဘူး…အဓိကက ငါနဲ့ အသင့်တော်ဆုံး လက်နက်ကိုပဲ ရွေးရမယ်" လုယွမ်သည် စိတ်လှုပ်ရှားနေသော်လည်း မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ဆဲပင်။
သူသည် စိတ်ရှည်လက်ရှည်ဖြင့် တစ်ခုချင်းစီကို စစ်ဆေးကြည့်ရာ မကြာမီမှာပင် ဓားရှည်တစ်လက်က လုယွမ်၏ အာရုံကို ဖမ်းစားသွားတော့သည်။
’ဓား…’
လုယွမ်သည် ဓားကို တော်တော်လေး နှစ်သက်သူဖြစ်သည်။ နောင်တစ်ချိန်တွင် လွတ်လပ်ပေါ့ပါးသော 'ဓားနတ်ဘုရား' တစ်ဦး ဖြစ်လာနိုင်မည်ဆိုလျှင် ထိုအရာမှာ အလွန်ပင် ခမ်းနားသော ကိစ္စဖြစ်ပေလိမ့်မည်။
"ခရမ်းရောင်တိမ်တိုက်ဓား "
"နာမည်က တကယ့်ကို အဓိပ္ပာယ်ရှိတာပဲ"
ဓား၏အမည်ကို မြင်လိုက်ရသောအခါ လုယွမ်မှာ ချီးကျူးမဆုံး ဖြစ်သွားရသည်။
ခရမ်းရောင်တိမ်တိုက်ဓားကို လက်တွင် ဆုပ်ကိုင်လိုက်သည်နှင့် လုယွမ်သည် မိမိကိုယ်ကိုယ် တကယ့် ဓားနတ်ဘုရားတစ်ဦး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
"ကိုင်ရတာလည်း လက်ထဲမှာ စီးနေတာပဲ.. ဓားရဲ့ တုန်ခါသံကလည်း နားထောင်လို့ ကောင်းလိုက်တာ" လုယွမ်သည် ဓားကို စမ်းသပ်ကြည့်ရင်း ပို၍ပင် သဘောကျလာသည်။
"ကောင်းပြီ... ခရမ်းရောင်တိမ်တိုက်ဓား.. မင်းကိုပဲ ငါရွေးလိုက်ပြီ… ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ အရေးအကြီးဆုံး တွဲဖက်ပဲ"
လုယွမ်က ဓားကိုယ်ထည်ကို အသာအယာ ပွတ်သပ်လိုက်ရာ ဓားဆီမှ ပြန်လည်တုံ့ပြန်သည့်အလား ဓားသံတစ်ချက် မြည်ဟီးသွားသည်။
"ဝိညာဉ်လက်နက်တွေက သခင်အဖြစ် အသိအမှတ်ပြုဖို့ သွေးတစ်စက် ချရတယ်လေ…အောင်မြင်သွားရင် လက်နက်ကို ခန္ဓာကိုယ်ရဲ့ သွေးကြောမှတ်တွေထဲမှာ သိမ်းထားလို့ရပြီး အလိုရှိတဲ့အခါ ခေါ်ထုတ်လို့ရတယ်"
လုယွမ်သည် သူ၏ လက်ထိပ်ကို ကိုက်ကာ သွေးတစ်စက်ကို ဓားကိုယ်ထည်ပေါ်သို့ ချလိုက်သည်။
သွေးမှာ ဓားအတွင်းသို့ ချက်ချင်းပင် စိမ့်ဝင်သွားတော့သည်။
ဝုန်း..
ချက်ချင်းဆိုသလိုပင် ခရမ်းရောင်တိမ်တိုက်ဓား တစ်ခုလုံးမှ နှိုင်းယှဉ်၍မရသော ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
လုယွမ်သည် သူနှင့် ဓားအကြားတွင် ထူးခြားသော ဆက်နွှယ်မှုတစ်ခု ဖြစ်တည်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။
ဓားအလင်းတန်းများ ငြိမ်သက်သွားပြီးနောက် လုယွမ်က စမ်းသပ်ကြည့်လိုက်သည်။
"သိမ်းဆည်းစမ်း"
သူ၏ လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်တိမ်တိုက်ဓားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုယွမ်၏ ခန္ဓာကိုယ်တွင်းရှိ သွေးကြောမှတ်များအတွင်းသို့ စီးဝင်သွားတော့သည်။
"ဓား... လာစမ်း"
ခဏချင်းမှာပင် ဓားမှာ လုယွမ်၏ ကိုယ်ထဲမှ ပြန်လည် ထွက်ပေါ်လာပြန်သည်။
"တကယ့်ကို အဆင်ပြေတာပဲ.. ခေါ်လိုက်တာနဲ့ ချက်ချင်း ရောက်လာတာပဲ" လုယွမ် ကျေနပ်စွာ ပြုံးလိုက်သည်။
"အခု ဓားတော့ ရပြီ.. ဓားသိုင်းကျင့်စဉ်တွေကိုလည်း ကျင့်ဖို့ လိုဦးမယ်"
ဓားကို ပြန်သိမ်းပြီးနောက် လုယွမ်သည် စနစ် ကို ပြောလိုက်သည်။
"ဆရာမလေးရဲ့ ကျင့်ကြံမှုကို အရင်ဆုံး ကူးယူရမယ်"
【 ညွှန်ကြားချက်ကို လက်ခံရရှိပါပြီ 】
【 အမြုတေဖြစ်တည်ခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံမှုကို အောင်မြင်စွာ ကူးယူပြီးပါပြီ 】
【 ထည့်သွင်းနေပါသည်... 】
အရှိန်အဟုန်ပြင်းသော စွမ်းအင်များမှာ သူ၏ ကိုယ်တွင်းမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ ခဏတာအတွင်း လုယွမ်သည် အလွန်ပင် လန်းဆန်းတက်ကြွသွားရ၏။
【 ကူးယူခြင်း ပြီးဆုံးပါပြီ 】
【သင်၏ လက်ရှိကျင့်ကြံမှု အမြုတေဖြစ်တည်ခြင်း အဆင့်အထွတ်အထိပ် 】
"ကြည့်စမ်း... ငါ ဒီကမ္ဘာကို ရောက်လာတာ ၄ ရက် ၅ ရက်ပဲ ရှိသေးတယ်.. ချီသန့်စင်ခြင်း အဆင့် ၃ ကနေ အမြုတေဖြစ်တည်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီ ဒီကမ္ဘာက ထိပ်တန်းပါရမီရှင်တွေတောင် ငါ့ရဲ့ အရှိန်ကို မမှီနိုင်ဘူး" လုယွမ် ရယ်မောလိုက်သည်။
အမှန်ပါပဲ ခိုးယူခြင်း အစွမ်းသုံးရတာ ခဏဆိုရင် ကောင်းပေမဲ့.. တစ်သက်လုံး သုံးရတာဆိုရင်တော့ တကယ့်ကို အလန်းစားကြီးပါပဲ။
"အခုတော့ နောက်ထပ် နှစ်ရက် စောင့်ရဦးမယ်ပေါ့" လုယွမ် ပြုံးလိုက်သည်။
ဒီနောက်မှာတော့ သူသည် အခြားသော နည်းလမ်းများကိုပါ တစ်ဆင့်ချင်း တတ်မြောက်အောင် လုပ်ရမည်။
ဆေးဖော်စပ်ခြင်း.. လက်နက်ပြုလုပ်ခြင်း.. အစီအရင်အတတ်.. တန်ခိုးစွမ်းအားများ... လုယွမ်သည် ဘက်စုံတော်သော ကျင့်ကြံသူတစ်ဦး ဖြစ်ချင်သည်။
တတ်မြောက်ထားသော နည်းလမ်းများလေလေ နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ပိုမိုလွယ်ကူစွာ ကိုင်တွယ်နိုင်လေလေ ဖြစ်လိမ့်မည်။
"ဝိညာဉ်လက်နက်လည်း ရပြီဆိုတော့ ဝမ်လင်မျှော်စင်ကနေ ထွက်ရအောင်" လုယွမ် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။
လှေကားမှ ဆင်းလာပြီးနောက် လုယွမ်သည် ကောင်တာသို့ သွားကာ အမှတ်တံဆိပ်ကို အသာအယာ ပြန်တင်ထားခဲ့သည်။
ထို့နောက် အဘိုးအိုကို ဂါရဝပြုကာ အပြင်သို့ လှည့်ထွက်လာခဲ့၏။
လုယွမ် ထွက်သွားပြီးနောက်...
ထိုင်ခုံပေါ်တွင် လှဲနေသော အဘိုးအိုမှာ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"ဒီကလေးက ချီသန့်စင်ခြင်း အဆင့် ၉ ကနေ အမြုတေဖြစ်တည်ခြင်းအဆင့် အထွတ်အထိပ်ကို ချက်ချင်း ဖောက်ထွက်သွားနိုင်တာလား... ဒါက တကယ့်ကို မယုံနိုင်စရာပဲ... ကြည့်ရတာ ကောင်းကင်မြစ်ဂိုဏ်းကတော့ ထူးခြားတဲ့ လူတစ်ယောက်ကို မွေးထုတ်လိုက်ပြီထင်တယ်"
‘ဒါက ကောင်းချီးလား.. ကျိန်စာလားဆိုတာတော့ ငါလည်း မသိဘူး’
ဝမ်လင်မျှော်စင်မှ ထွက်လာပြီးနောက် လုယွမ်သည် 'ကျမ်းစာဆောင်'သို့ အမြန်သွားလိုက်သည်။
ဤနေရာတွင်တော့ တပည့်များစွာ ရှိနေသည်ကို သိသိသာသာ မြင်တွေ့ရသည်။
"ဂါရဝပြုပါတယ် စီနီယာအစ်ကို" လုယွမ်ကို မြင်သည်နှင့် တပည့်များက ကပျာကယာပင် ရိုသေစွာ ဂါရဝပြုကြသည်။
"အင်း..." လုယွမ်က ခေါင်းအသာညိမ့်ပြလိုက်ပြီး ကျမ်းစာဆောင်အတွင်း၌ သူလိုအပ်သော ကျင့်စဉ်ကို ရှာဖွေတော့သည်။
ဘာပဲဖြစ်ဖြစ် သူ၏ အဆင့်တက်မှုမှာ မြန်လွန်းလှသည်။ အကယ်၍သာ တစ်စုံတစ်ဦးက ရှာဖွေတွေ့ရှိသွားပါက... အထူးသဖြင့် မိစ္ဆာအိုကြီးအချို့၏ အာရုံစိုက်မှုကို ခံရပြီး သူ့ကို တိုက်ခိုက်လာလျှင် သူ သေချာပေါက် အနိုင်ရမည် မဟုတ်ပေ။
ထို့ကြောင့် သူသည် အောက်ခြေမလွတ်ဘဲ နေရန် လိုအပ်သည်။ သူသည် ရက်ပိုင်းအတွင်းမှာတင် အဆင့်တွေ ဒီလောက် တက်သွားသည်ကို သူများတွေ မသိစေရန် လိုအပ်သည်။
ထို့ကြောင့် လုယွမ်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားနိုင်မည့် ထူးခြားသော ကျင့်စဉ်တစ်ခုကို ကျမ်းစာဆောင်တွင် လာရှာခြင်း ဖြစ်သည်။ အခြားသူများ သူ၏ အစစ်အမှန်အဆင့်ကို မမြင်နိုင်စေရန်အတွက်ပင်။
တော်တော်ကြာကြာ ရှာဖွေပြီးနောက် လုယွမ်သည် သူလိုချင်သော ကျင့်စဉ်ကို ရှာတွေ့သွားသည်… 'နတ်ဘုရား ဖုံးကွယ်ခြင်းအတတ်'
ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက 'နတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်' ကျင့်ကြံသူတစ်ဦးပင်လျှင် သူ၏ အစစ်အမှန်အဆင့်ကို သိရှိရန် ခက်ခဲသွားပေလိမ့်မည်။
"ဒီကျင့်စဉ်ကို ကျင့်ရတာ မခက်ဘူးပဲ.. ငါ အမြန်တတ်မှာပါ" လုယွမ် ခေါင်းညိမ့်ကာ ထိုကျင့်စဉ်ကို ယူ၍ ကျမ်းစာဆောင်အတွင်းရှိ သီးသန့်ကျင့်ကြံခန်းတစ်ခုသို့ ဝင်လိုက်သည်။
တပည့်ရင်းများမှာ ဤကျင့်ကြံခန်းကို အခမဲ့ သုံးစွဲခွင့်ရှိသော်လည်း အခြားတပည့်များမှာမူ ဝိညာဉ်ကျောက်တုံးများ ပေးဆောင်ရသည်။
လုယွမ်သည် 'နတ်ဘုရား ဖုံးကွယ်ခြင်းအတတ်' ကို ဖွင့်ဖတ်ကာ ကျမ်းစာထဲပါအတိုင်း စတင်ကျင့်ကြံတော့သည်။
သူ့တွင် စနစ်ရှိသော်လည်း မိမိကိုယ်တိုင်လည်း ကြိုးစားအားထုတ်ရန် လိုအပ်သည်ဟု သူ ယုံကြည်ထားသည်။
ထိုအချိန်တွင် ကျမ်းစာဆောင်အတွင်း၌ တပည့်များမှာ တိုးတိုးတိတ်တိတ်ဖြင့် ဆွေးနွေးနေကြတော့သည်။
"ဟေ့... အဲ့ဒီ တပည့်ရင်းကို တစ်ခါမှ မမြင်ဖူးပါဘူး"
"ငါ ကောင်းကင်မြစ်ဂိုဏ်းမှာ ဂိုဏ်းအတွင်းစည်းတပည့်ဖြစ်တာ ၁၀ နှစ်နီးပါး ရှိပြီ.. တပည့်ရင်း အကုန်လုံးကို သိတယ်.. ဒါပေမဲ့ သူကတော့ မျက်နှာသစ်ပဲ"
"ကြည့်ရတာ သူက အသစ်တက်လာတဲ့ တပည့်ရင်း ထင်တယ်.. ဘယ်အကြီးအကဲကများ သူ့ကို လက်ခံလိုက်တာလဲ မသိဘူး"
"တပည့်ရင်း တစ်ယောက်ဖြစ်နေပြီး ဘာလို့ ကျမ်းစာဆောင်မှာ ကျင့်စဉ်လာရှာနေတာလဲ"
"ငါလည်း မသိဘူး…ဒါတွေက ငါတို့ နားလည်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး…အတိုချုပ်ပြောရရင် တပည့်ရင်းတွေကို သွားပြီး မစမိစေနဲ့.. နောင်တွေ့ရင် ရိုရိုသေသေ ဆက်ဆံကြ"
"နားလည်ပါပြီ"
"တိတ်တိတ်နေကြစမ်း"
ထိုစဉ် ပြင်းထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ချက်ချင်းပင် တပည့်အားလုံး တိတ်ဆိတ်သွားကြတော့သည်။
အကြီးအကဲက အော်လိုက်ပြီဖြစ်ရာ အမိန့်မနာခံဘဲ ဆက်ပြောနေလျှင် ဂိုဏ်းစည်းကမ်းအရ ကောင်းကျိုးရမည် မဟုတ်ပေ။