အခန်း (၇) - ဝမ်လင်မျှော်စင်
ခြံဝန်းအတွင်း၌...
မုချင်းရွှယ်သည် ရှေးဟောင်းကျမ်းစာတစ်အုပ် ကို ဖတ်ရှုနေရင်း သူမ၏ 'ဝိညာဉ်အာရုံ' ကို အသုံးချကာ အိမ်ထဲရှိ လုယွမ်၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
လုယွမ် တစ်ယောက် ကြိုးစားပမ်းစား ကျင့်ကြံနေသည်ကို မြင်သောအခါ သူမ မသိမသာ ခေါင်းညိမ့်လိုက်မိသည်။
ကြည့်ရသည်မှာ သူမအနေဖြင့် ဤတပည့်အပေါ် တော်တော်လေး စိတ်ကျေနပ်မှုရှိပုံရ၏။
ကျင့်ကြံသူတစ်ဦးအတွက် ဝီရိယရှိရှိ ကြိုးစားအားထုတ်ခြင်းသည် အခြေခံအကျဆုံးအချက်ပင် မဟုတ်ပါလား။
ဤမျှလောက်တောင် မလုပ်နိုင်လျှင် ရှေ့လျှောက် ကြီးမားသော အောင်မြင်မှုများ ရရှိရန်မှာ မဖြစ်နိုင်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
နှစ်ရက်တာ အချိန် ကုန်ဆုံးသွားခဲ့သည်။
[စနစ် လုပ်ဆောင်ချက် အသစ်ပြန်လည် အသက်ဝင်ပါပြီ]
စနစ်၏ အသိပေးသံက လုယွမ်၏ ခေါင်းထဲတွင် မြည်ဟီးသွားသည်။ ထိုအချိန်တွင် လုယွမ်သည် ချက်ချင်းပင် မျက်လုံးဖွင့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။
"ကောင်းပြီ အခုဆိုရင် ငါ့ရဲ့ ဆရာမချောလေးကို ထိလိုက်ရုံနဲ့ ငါဟာ 'အမြုတေဖြစ်တည်ခြင်းအဆင့် အထွတ်အထိပ်' ကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့မှာပဲ"
သူ ချက်ချင်းပင် ထရပ်လိုက်ပြီး အိမ်ပြင်သို့ ထွက်လာခဲ့သည်။
အိမ်ပြင်သို့ ရောက်လျှင် ရောက်ချင်းမှာပင် ထိုင်ခုံရှည်ပေါ်၌ အေးအေးလူလူ လှဲလျောင်းကာ ကျမ်းစာဖတ်နေသော ဆရာမလေးကို မြင်လိုက်ရသည်။
ရှေ့မှ မြင်ကွင်းကြောင့် လုယွမ် ခဏမျှ ငေးမောသွားရ၏။
သူ့ရင်ထဲတွင် ဖော်ပြမတတ်သော ခံစားချက်တစ်ခုပင် ဖြစ်ပေါ်လာသည်။
ဆရာကို ပုန်ကန်တဲ့ တပည့် ဖြစ်ရတာလည်း မဆိုးပါဘူးလို့ သူ တွေးလိုက်မိသေးသည်။
"ဘာကိစ္စ ရှိလို့လဲ" မုချင်းရွှယ်၏ အသံ ထွက်ပေါ်လာသည်။
ထိုအခါမှ လုယွမ် သတိပြန်ဝင်လာပြီး "ဆရာ... တပည့်မှာ ကိစ္စတစ်ခု ရှိလို့ပါ" ဟု ပြောကာ မုချင်းရွှယ် အနားသို့ တိုးသွားပြီး ရိုသေစွာ ဂါရဝပြုလိုက်သည်။
ဆရာမလေးထံမှ ထွက်ပေါ်နေသော ရနံ့လေးမှာ တကယ့်ကို သင်းပျံ့လှ၏။
"မင်း အခြေခံတည်ဆောက်ခြင်းအဆင့် အတွက် ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပြီလား ငါ အခု အားနေတုန်း မင်းအတွက် ဘေးကနေ စောင့်ရှောက်ပေးလို့ရတယ်" ဟု မုချင်းရွှယ်က မေးသည်။
"ဆရာ... ကျွန်တော့် ပုခုံးကို နောက်တစ်ခါလောက် ပြန်ပုတ်ပေးလို့ ရမလား" လုယွမ်က တိုးတိုးလေး ပြောလိုက်သည်။
"ဘာလို့လဲ" မုချင်းရွှယ် နားမလည်နိုင် ဖြစ်သွားသည်။
"ဒီလိုပါ ဆရာ... ကျွန်တော် ငယ်ငယ်က မိဘတွေရှိတုန်းက သူတို့က ကျွန်တော့်ကို အမြဲတမ်း ပုခုံးပုတ်ပြီး အားပေးတတ်ကြလို့ပါ”
“ဒါကြောင့် ဆရာက ကျွန်တော့်ကို ပုခုံးပုတ်ပေးမယ်ဆိုရင် ကျွန်တော် ကျင့်ကြံတဲ့အခါမှာ ပိုပြီးတော့ အားတက်သရော ရှိလာမှာမလို့ပါ"
လုယွမ်သည် တကယ့်ကို စိတ်မကောင်းစရာ ဇာတ်လမ်းတစ်ပုဒ်ကို လုပ်ကြံဖန်တီးကာ ပြောလိုက်ခြင်း ဖြစ်သည်။
"ထိုင်လိုက်လေ" မုချင်းရွှယ်က ခေါင်းညိမ့်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ" လုယွမ်လည်း လိမ္မာရေးခြားရှိသော တပည့်တစ်ဦးကဲ့သို့ ကပျာကယာပင် ဒူးထောက်ထိုင်လိုက်သည်။
ထိုင်ခုံပေါ်တွင် ထိုင်နေသော မုချင်းရွှယ်က လက်ကို ဆန့်ထုတ်လိုက်ပြီး လုယွမ်၏ ပုခုံးကို အသာအယာ နည်းနည်းစီ ပုတ်ပေးလိုက်တော့သည်။
【 မုချင်းရွှယ် 】
【 ကျင့်ကြံမှု - အမြုတေဖြစ်တည်ခြင်းအဆင့် အထွတ်အထိပ် (ကူးယူနိုင်သည်) 】
ထိတွေ့မှု အောင်မြင်သွားသည်နှင့် အချက်အလက်များ ချက်ချင်း ပေါ်လာသည်။ လုယွမ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ အားလုံး အဆင်ပြေသွားပြီ
"ကြိုးစားပြီး ကျင့်ကြံ" ပုခုံးပုတ်ပေးပြီးနောက် မုချင်းရွှယ်က အလေးအနက် တိုက်တွန်းလိုက်သည်။
"ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေရပါဘူး" လုယွမ်က စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။
"ထတော့..." မုချင်းရွှယ်က ဆက်ပြောသည်။
"ဪ... ငါ တစ်ခုပြောဖို့ မေ့နေတာ… မင်း အခု 'ဝမ်လင်မျှော်စင်' ကို သွားလိုက်ဦး… ကိုးထပ်မြောက်ကို သွားပြီး မင်းနဲ့ သင့်တော်မယ့် ဝိညာဉ်လက်နက် တစ်ခု သွားရွေးချယ်လိုက်"
"ဆရာ... တစ်ခုပဲ ရွေးလို့ရတာလား" လုယွမ်က တိုးတိုးလေး မေးသည်။
"ဝမ်လင်မျှော်စင်ရဲ့ ကိုးထပ်မြောက်မှာ အထွတ်အထိပ် ဝိညာဉ်လက်နက်တွေပဲ ရှိတာ မင်းသိရဲ့လား အခု မင်းရဲ့ အဆင့်နဲ့ဆိုရင် အထွတ်အထိပ်လက်နက် တစ်ခုတည်းနဲ့တင် လုံလောက်နေပါပြီ" မုချင်းရွှယ်က သတိပေးသည်။
"လောဘမကြီးနဲ့ဦး…နောင်ကျရင် မင်းရဲ့ ကျင့်ကြံမှု တိုးတက်လာတဲ့အခါ တခြားအခွင့်အရေးတွေ ရှိလာဦးမှာပါ"
"နားလည်ပါပြီ ဆရာ... ဒါဆို တပည့် သွားလိုက်ပါဦးမယ်"
"သွားတော့" မုချင်းရွှယ်က လက်ဝှေ့ယမ်း ပြလိုက်သည်။
ထို့နောက်တွင်တော့ လုယွမ်သည် ဝမ်လင်မျှော်စင်ရှိရာသို့ အမြန်ဆုံး ဦးတည်ထွက်ခွာလာခဲ့သည်။
ကံကောင်းသည်မှာ မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲတွင် ထိုမျှော်စင်၏ တည်နေရာ အတိအကျ ပါဝင်နေခြင်းပင်။
"ချင်းရွှယ်... အဲ့ဒါ လုယွမ်လား" လုယွမ် ခြံဝန်းထဲမှ ထွက်သွားပြီးနောက် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
"ဟုတ်ကဲ့ပါ အဖေ" မုချင်းရွှယ် ကပျာကယာပင် ထရပ်လိုက်၏။
ထိုသူမှာ မုချင်းရွှယ်၏ ဖခင် 'မုချန်' ပင် ဖြစ်သည်။
သူသည် ဒန်ရှ တောင်ထွတ်၏ အရှင်သခင်ဖြစ်သလို ကောင်းကင်မြစ်ဂိုဏ်း၏ အစွမ်းထက်ဆုံး ဆေးပညာရှင်လည်း ဖြစ်၏။ သူတို့၏ သားအဖ ဆက်ဆံရေးကို ဂိုဏ်းအတွင်း လူသိပ်မသိကြပေ။
"ဒီကလေးက ကြည့်ရတာ သိပ်ပြီးတော့ ထူးခြားပုံမရပါဘူး" မုချန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"အဖေကလည်း... လူကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ…သူက သမီးရဲ့ တပည့်ပဲ.. သူ့ကို အဲ့ဒီလို မပြောပါနဲ့" မုချင်းရွှယ်က အလေးအနက် ပြန်ပြောသည်။
"ကဲပါ... အဲ့ဒီအကြောင်း ထားလိုက်ပါတော့။ ဒီနေ့ ငါလာတာက 'ပိုင်ယောင်ဂူ' က ၁၀ ရက် စောပြီး ပွင့်တော့မယ်လို့ လာပြောတာ"
"၃ လ လိုသေးတာ မဟုတ်ဘူးလား" မုချင်းရွှယ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"အပြောင်းအလဲ အချို့ ရှိလို့ပါ… အတိုချုပ်ပြောရရင် ၁၀ ရက်အတွင်း ပွင့်လိမ့်မယ်.. မင်းပဲ တပည့်တွေကို ဦးဆောင်ပြီး သွားရမယ်" မုချန်က ဆက်ပြောသည်။
"လမ်းမှာ ဂရုစိုက်ဦး"
"နားလည်ပါပြီ အဖေ... သမီးမရှိတုန်း အားရင် သမီးရဲ့ တပည့်လေးကိုလည်း နည်းနည်းလောက် လမ်းပြပေးပါဦး"
"ဒီကလေးက အမွှေးတိုင်တစ်တိုင်စာအတွင်းမှာ ဆေးဖော်နည်းကို နားလည်အောင် လုပ်နိုင်ပြီး ပထမဆုံးအကြိမ်မှာတင် အဆင့်မြင့်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့တာဆိုတော့ သူ့ပါရမီက သေချာပေါက် သင်ပြပေးဖို့ ထိုက်တန်ပါတယ်… ငါသာ အချိန်မအားတာ မဟုတ်ရင် မင်းဆီကနေတောင် လုယူချင်မိမှာပဲ" မုချန်က ပြုံးရင်း ပြောသည်။
"မရပါဘူး... သူက သမီးရဲ့ တပည့်ပဲ" မုချင်းရွှယ်က ခပ်ပြတ်ပြတ်ပင် ဆိုလိုက်သည်။
"အေးပါ... အေးပါ ငါ ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ သွားတော့မယ်"
အခြားတစ်ဖက်တွင်...
လုယွမ်သည် ဝမ်လင်မျှော်စင်ရှေ့သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။
လမ်းတစ်လျှောက်တွင် တွေ့သမျှ တပည့်အားလုံးက သူ့ကို မြင်သည်နှင့် "စီနီယာအစ်ကို" ဟု ရိုသေစွာ နှုတ်ဆက်ကြသည်။
ထိုခံစားချက်က လုယွမ်ကို အလွန်ပင် ကျေနပ်စေ၏။ အစွမ်းထက်သော အင်အားရှိရန် မည်မျှအရေးကြီးကြောင်း သူ ပို၍ နားလည်လာခဲ့သည်။
ရှေ့ရှိ ဝမ်လင်မျှော်စင်ကြီးကို ကြည့်ရင်း လုယွမ် အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"ဟိုး... တကယ့်ကို ခန့်ညားထည်ဝါလိုက်တာ"
မျှော်စင်ကြီးမှာ ခန့်ညားရုံသာမက တစ်ခုလုံးမှာလည်း အရှိန်အဝါကြီးမားသော ဖိအားများ ထွက်ပေါ်နေသည်။
နေရောင်အောက်တွင် မျှော်စင်ကြီးမှာ ရွှေရောင်အလင်းများ တောက်ပနေသကဲ့သို့ပင်။
"ခြောက်ကပ်နေတာပဲ"
အပြင်ဘက် လမ်းတစ်လျှောက်တွင် လူစည်ကားလှသော်လည်း ဤမျှော်စင်ပတ်ဝန်းကျင်မှာတော့ တိတ်ဆိတ်နေသည်။
သို့သော် တွေးကြည့်လျှင်တော့ ဟုတ်ပါသည်။ ဝမ်လင်မျှော်စင်ဆိုသည်မှာ မည်သူမဆို ဝင်ချင်တိုင်း ဝင်လို့ရသည့် နေရာမှ မဟုတ်ပေ။
"အထွတ်အထိပ် ဝိညာဉ်လက်နက်ကို အလကား ရမှာပေါ့… ဒီလို အခွင့်အရေးမျိုးက တပည့်ရင်းတွေမှ ရတာပဲ" လုယွမ် ပြုံးလိုက်သည်။ မုချင်းရွှယ်ကို ဆရာအဖြစ် တင်လိုက်ခြင်းမှာ တကယ့်ကို မှန်ကန်သော ဆုံးဖြတ်ချက်ပင်။
သူ အချိန်မဆွဲတော့ဘဲ မျှော်စင်ထဲသို့ လှမ်းဝင်လိုက်သည်။ ပထမထပ်မှာ အလွန်ကျယ်ဝန်းသော ခန်းမကြီး ဖြစ်သည်။ ကောင်တာတစ်ခုတွင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးမှာ ထိုင်ခုံပေါ်၌ အိပ်မောကျနေ၏။
"တပည့် လုယွမ်... အထွတ်အထိပ် ဝိညာဉ်လက်နက် တစ်ခုကို လာရောက်ထုတ်ယူတာပါ" လုယွမ်က လက်ယှက်၍ ဂါရဝပြုလိုက်သည်။
ဝမ်လင်မျှော်စင်ကဲ့သို့ အရေးကြီးသော နေရာကို စောင့်ကြပ်နေသည့် ဤအဘိုးအိုမှာ သာမန်လူတစ်ယောက်တော့ မဖြစ်နိုင်ကြောင်း လုယွမ် ကောင်းကောင်း သိထားသည်။
ကြည့်ရသည်မှာ ဤအဘိုးအိုသည် ကျောင်းတော်၏ လျှို့ဝှက်အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။