အခန်း (၆) - တကယ့်ကို ကျေနပ်စရာပဲ
"ဒါက တပည့်ရင်းတွေအတွက် သီးသန့်ပေးတဲ့ ကျောက်စိမ်းဆွဲပြားပဲ… မင်းရဲ့ သွေးတစ်စက်ကို ဒီပေါ် ချလိုက်"
မုချင်းရွှယ်က လက်ချောင်းလေးကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းဆွဲပြားတစ်ခု လုယွမ်ရှေ့တွင် ပေါ်လာသည်။
လုယွမ်လည်း ခေါင်းညိမ့်ကာ သူမခိုင်းသည့်အတိုင်း သွေးတစ်စက်ကို ချလိုက်ရာ ကျောက်စိမ်းဆွဲပြားက ထိုသွေးကို စုပ်ယူသွားပြီး အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
ဆွဲပြား၏ တစ်ဖက်တွင် 'လုယွမ်' ဟူသော အမည်က ထင်ဟပ်လာတော့သည်။
"ဒီဆွဲပြားက မင်းရဲ့ တပည့်ရင်းအဆင့်အတန်းကို ဖော်ပြတဲ့ အမှတ်အသားပဲ" မုချင်းရွှယ်က ဆက်ပြောသည်။
"ပြီးတော့ ဒီ 'သိုလှောင်လက်စွပ်' ကိုလည်း ယူထားလိုက်ဦး…အထဲမှာ နေရာအကျယ်ကြီး မရှိပေမဲ့လက်ရှိမင်းရဲ့အခြေအနေနဲ့ဆိုရင်တော့ သုံးလို့လောက်မှာပါ"
အမှန်စင်စစ် ဝိညာဉ်သိုလှောင်လက်စွပ်ဆိုသည်မှာ အလွန်တန်ဖိုးကြီးလှ၏။
ကောင်းကင်မြစ်ဂိုဏ်းတွင်ပင် ထိုလက်စွပ်ကို ပိုင်ဆိုင်ထားသော တပည့်မှာ အလွန်နည်းပါးသည်။
"ကျေးဇူးတင်ပါတယ် ဆရာ" လုယွမ်က ရိုသေစွာ ပြောလိုက်သည်။
စိတ်ထဲတွင်တော့ "ဆရာကောင်းတစ်ယောက်နဲ့ ဆုံရတာ တကယ့်ကို ကံကောင်းတာပဲ။ လှလည်းလှ.. အစွမ်းလည်းထက်တဲ့ ဆရာမချောလေးဆိုတော့ ငါ့ရဲ့ အနာဂတ်က ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတော့မှာပဲ" ဟု တွေးကာ ကျေနပ်နေတော့သည်။
"ဒီနေ့ကစပြီး ဒီခြံဝန်းထဲမှာပဲ နေရမယ်… နောက်ပိုင်းကျရင် မင်းရဲ့ ကျင့်ကြံမှုနဲ့ ဆေးဖော်စပ်ခြင်းပညာကို ငါကိုယ်တိုင် သင်ပေးမယ်" မုချင်းရွှယ်က ညွှန်ကြားလိုက်သည်။
"အရင်ဆုံး မင်းနေချင်တဲ့ အခန်းကို တစ်ခန်း ရွေးလိုက်ဦး"
"ဆရာက ဘယ်အခန်းမှာ နေတာပါလဲ"
"ငါက အဆောင်မကြီးမှာ နေတယ်" မုချင်းရွှယ်က လက်ညှိုးညွှန်ပြသည်။
"ဒါဆိုရင် ကျွန်တော်က ဆရာ့အခန်းနဲ့ အနီးဆုံးအခန်းမှာပဲ နေပါ့မယ်" လုယွမ်က ချက်ချင်း ဆုံးဖြတ်လိုက်သည်။
"အခု မင်းက ငါ့ရဲ့ တပည့်ရင်း ဖြစ်သွားပြီဆိုတော့ ဂိုဏ်းရဲ့ အောက်ခြေအလုပ်တွေကို လုပ်စရာ မလိုတော့ဘူး… ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တော့…ဘာပဲဖြစ်ဖြစ်.. ဘာပဲသိချင်ဖြစ်ဖြစ် ငါ့ကို တိုက်ရိုက်လာမေးနိုင်တယ်"
ထိုစကားကြောင့် လုယွမ် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ရှေ့မှ ဆရာမ အချောလေးမှာ တကယ့်ကို ကြင်နာတတ်သည့် ဆရာတစ်ဦးပင်။
"ဟုတ်ကဲ့ပါ ဆရာ.. ဆရာ့ကို စိတ်မပျက်စေရပါဘူး" လုယွမ်က အလေးအနက် ကတိပေးလိုက်သည်။
"အခု မင်းက ချီသန့်စင်ခြင်း အဆင့် ၉ ကို ရောက်နေပြီဆိုတော့ နောက်တစ်ဆင့်ဖြစ်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကို တက်လှမ်းနိုင်အောင် ကြိုးစားရမယ်…အဲ့ဒီအဆင့်ကို ရောက်တာနဲ့ ငါက နတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်ထိ ကျင့်ကြံလို့ရမယ့် ကျင့်စဉ်တစ်ခုကို သင်ပေးမယ်"
လုယွမ် ရင်ထဲ ဟာခနဲ ဖြစ်သွားသည်။
နတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်ထိ တက်လှမ်းနိုင်သော ကျင့်စဉ်ဆိုသည်မှာ အလွန်ပင် နက်နဲလှ၏။
ထိုကဲ့သို့သော ကျင့်စဉ်မျိုးမှာ ဂိုဏ်းသားတိုင်း လေ့လာခွင့်ရသည့်အရာ မဟုတ်ပေ။
"ဒီဆရာနဲ့ တွေ့ရတာ တကယ့်ကို အကျိုးအမြတ်တွေ များလှချည်လား..." လုယွမ် တစ်ယောက် သူ့ကိုယ်သူ ချီးကျူးမဆုံး ဖြစ်နေတော့သည်။
"ဒီ 'ပြီးပြည့်စုံတဲ့အဆင့်' အခြေခံတည်ဆောက်မှုဆေးလုံးကို ယူထားလိုက်" မုချင်းရွှယ်က သူမကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးတစ်လုံးကို ထုတ်ပေးသည်။
ထိုဆေးလုံးကို သုံးပါက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အလွန်လွယ်ကူစွာ တက်လှမ်းနိုင်မည် ဖြစ်သည်။
အညစ်အကြေးလည်း လုံးဝမပါသဖြင့် ဘေးထွက်ဆိုးကျိုးအတွက် စိုးရိမ်စရာမလို။
လုယွမ်က ဆေးလုံးကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူလိုက်သည်။
ဤဆေးလုံး၏ တန်ဖိုးမှာ ဖြတ်၍ပင် မရနိုင်ပေ။ အမှန်အတိုင်း ပြောရလျှင် လုယွမ်အနေဖြင့် ဤဆေးလုံးကို သုံးရန်ပင် လိုမည်မထင်။
အကြောင်းမှာ နောက်ထပ် နှစ်ရက်ကြာလျှင် ဆရာမလေးကို အသာအယာ ထိလိုက်ရုံဖြင့် သူမ၏ 'အမြုတေဖြစ်တည်ခြင်းအဆင့် အထွတ်အထိပ်' ကျင့်ကြံမှုကို ကူးယူနိုင်မည် မဟုတ်ပါလား။
ကျင့်ကြံခြင်း ဒီဘဝမှာ ငါကိုယ်တိုင် ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးထင်တယ်
"ကဲ... ဒီနေရာနဲ့ အသားကျအောင် အရင်လုပ်ထားဦး… ငါ ဂိုဏ်းချုပ်ဆီ သွားပြီး သတင်းပို့လိုက်ဦးမယ်" မုချင်းရွှယ်က ပြောပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
ခဏချင်းမှာပင် သူမ၏ ပုံရိပ်မှာ ပျောက်ကွယ်သွား၏။
လုယွမ်လည်း သူ့အခန်းထဲသို့ ဝင်ကြည့်လိုက်သည်။
အခန်းမှာ အလွန်ခန့်ညားပြီး ပရိဘောဂများမှာလည်း အဆင့်မြင့်လှ၏။ အိပ်ရာကြီးမှာလည်း အလွန်ပင် အိစက်ညက်ညောလှသည်။
ယခင် သူနေခဲ့သော သစ်သားအိမ်စုတ်လေးနှင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။
"ဒီအခန်းထဲမှာ ဝိညာဉ်စွမ်းအင်တွေက တော်တော်လေး သိပ်သည်းတာပဲ ဝိညာဉ်စုစည်းမှု အစီအရင် များ လုပ်ထားတာလားမသိဘူး… တပည့်ရင်းဖြစ်ရတာ တကယ်ကို ကောင်းတာပဲ"
"နှမြောစရာပဲ... ဒီလောက်ကောင်းတဲ့နေရာမှာ ငါက ကျင့်ကြံနေစရာ မလိုတာ"
"နောက် ၂ ရက်နေရင် ငါက အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်တော့မှာ…တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာပဲ"
"အဲ့ဒီအခါကျရင် ဆရာမလေးရဲ့ အဆက်အသွယ်နဲ့ ဂိုဏ်းချုပ်ကြီးဆီ သွားမယ်.. သူက နတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်ဆိုတော့ သူ့ဆီကပါ ကူးလိုက်ရင်... ဟဲဟဲ... တကယ့်ကို ကျေနပ်စရာပဲဟေ့"
လုယွမ် တစ်ယောက် ရှေ့ရေးကို တွေးကာ အားရပါးရ ပြုံးပျော်နေတော့သည်။
တစ်နာရီခန့်အကြာတွင် မုချင်းရွှယ် ပြန်ရောက်လာသည်။
"ဆရာ... ပြန်လာပြီလား"
"အင်း..." မုချင်းရွှယ်က ခေါင်းညိမ့်ရင်း တပည့်ရင်းများအတွက် သီးသန့်ဝတ်စုံတစ်စုံကို ထုတ်ပေးသည်။
"ဒါက မင်းအတွက် ဝတ်စုံပဲ.. လဲထားလိုက်ဦး.. နောက်ပြီး ဒီခြံထဲမှာ မီးဖိုချောင်မရှိဘူး… မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်သေးတော့ အစာမစားဘဲ မနေနိုင်သေးဘူး… အဲ့ဒီတော့ တောင်ပေါ်က မီးဖိုချောင်မှာ သွားစားလို့ရသလို.. ဒီ 'အစာရှောင်ဆေးလုံး' တွေကိုလည်း သုံးနိုင်တယ်"
ဆေးလုံးတစ်လုံး သောက်လိုက်ရုံဖြင့် တစ်လစာ ဗိုက်မဆာဘဲ နေနိုင်မည် ဖြစ်သည်။
လုယွမ် ဝတ်စုံအသစ်ကို လဲလှယ်ပြီး မှန်ထဲတွင် မိမိကိုယ်ကိုယ် ကြည့်ကာ "လူဆိုတာ အဝတ်နဲ့ပဲ.. ငါ အခုတော့ တကယ့်ကို ခန့်ညားသွားပြီ" ဟု ကျေနပ်နေမိသည်။
ဗိုက်ထဲမှ အသံမြည်လာသဖြင့် အစာရှောင်ဆေးလုံး တစ်လုံးကို ထုတ်စားလိုက်ရာ အရသာမှာ ဘာမှမရှိသော်လည်း ချက်ချင်းပင် ဗိုက်ပြည့်သွားပြီး အင်အားတွေ ပြည့်ဖြိုးလာသလို ခံစားလိုက်ရသည်။
ထို့နောက် လုယွမ်သည် တရားထိုင်သည့်ဟန်ဖြင့် ဝင်ထိုင်လိုက်သည်။
စနစ်ပြန်လည် ကူးယူလို့ရမည့် အချိန် မပြည့်သေးခင်အထိတော့ သူ ကြိုးစားပမ်းစား ကျင့်ကြံနေသယောင် ဟန်ဆောင်ရဦးမည် မဟုတ်ပါလား။
ဆရာမလေးကို စိတ်ပျက်အောင် မလုပ်နိုင်ဘူးလေ။