အခန်း (၅) - တပည့်အဖြစ် တရားဝင်လက်ခံခြင်း
"ဒီ 'ဝိညာဉ်သန့်စင်ခြင်း အတတ်ပညာ' ဆိုတာ အရင်တုန်းက ငါလျှို့ဝှက်နယ်မြေတစ်ခုကနေ ရခဲ့တဲ့ နက်နဲတဲ့ ဆေးဖော်စပ်နည်းတစ်ခုပဲ"
တည်ငြိမ်စွာ ထိုင်နေသော လုယွမ်ကို ကြည့်ရင်း မုချင်းရွှယ်ကတော့ သူအောင်မြင်လိမ့်မည်ဟု မယုံကြည်သေးပေ။
ဤအတတ်ပညာကို နားလည်သဘောပေါက်ရန် အနည်းဆုံး အဆင့် ၃ ဆေးပညာရှင် ဖြစ်ရမည်။
ဤနည်းလမ်းသည် ဆေးဖိုအတွင်းရှိ ဆေးဖက်ဝင်အပင်များ၏ အနှစ်သာရကို ပေါင်းစပ်ပေးကာ ဆေးလုံးအောင်မြင်မှုနှုန်းကို များစွာမြှင့်တင်ပေးသလို ဆေးလုံး၏ အရည်အသွေးကိုလည်း အထူးကောင်းမွန်စေသည်။
အကယ်၍ ဤပညာကို အပြည့်အဝ တတ်မြောက်သွားပါက 'ပြီးပြည့်စုံသောအဆင့်' ဆေးလုံးများကိုပင် အလွယ်တကူ ဖော်စပ်နိုင်သည်။
ထိုအဆင့်ရှိ ဆေးလုံးများမှာ အညစ်အကြေး လုံးဝကင်းစင်ပြီး အာနိသင်မှာ သာမန်ဆေးလုံးထက် အဆပေါင်းများစွာ.. ရာပေါင်းများစွာပင် ပိုမိုစွမ်းဆောင်နိုင်သောကြောင့် အလွန်တန်ဖိုးကြီးလှ၏။
မုချင်းရွှယ်ကိုယ်တိုင်မှာ ဆေးဖော်စပ်ခြင်းပါရမီရှင်တစ်ဦးဖြစ်ပြီး သူမ ဤအတတ်ပညာကို လေ့လာစဉ်က အမွှေးတိုင်တစ်တိုင်စာအတွင်း၌ပင် တတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူမ၏ တပည့်ရင်းဖြစ်လာမည့်သူမှာလည်း သူမကဲ့သို့ပင် ထူးချွန်သူဖြစ်ရန် မျှော်လင့်ထားခြင်းဖြစ်၏။
သို့သော် ထိုသတ်မှတ်ချက်မှာ ခက်ခဲလွန်းလှသဖြင့် ယခုထက်ထိ မည်သူမျှ မအောင်မြင်သေးပေ။
အချိန်တွေက တစ်ရွေ့ရွေ့ ကုန်ဆုံးလာသည်။
အမွှေးတိုင်မှာလည်း အောက်ခြေထိ ရောက်လုနီးပါး ဖြစ်နေပြီ။
"ကြည့်ရတာ သူလည်း မတတ်နိုင်ဘူးထင်တယ်... ထားလိုက်ပါတော့.. အချိန်ကျရင် သူ့ကို ပြင်းပြင်းထန်ထန်ပဲ ဆုံးမလိုက်မယ်.. အသက်တော့ မယူတော့ပါဘူး" မုချင်းရွှယ် စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။
"အကြီးအကဲ မု... ကျွန်တော် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဒီအတတ်ပညာကို နားလည်အောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ"
နောက်တစ်စက္ကန့်မှာပင် လုယွမ်၏ အသံ ထွက်ပေါ်လာသည်။
"ဟင်" မုချင်းရွှယ် အံ့သြသွားသည်။ သူ တကယ်ပဲ နားလည်သွားတာလား။
"မင်း ငါ့ကို လာနောက်နေတာ မဟုတ်ဖို့ မျှော်လင့်တယ်" မုချင်းရွှယ်၏ လေသံမှာ အလွန်တည်ကြည်သွားပြီး ခြံဝန်းအတွင်းရှိ အပူချိန်မှာလည်း ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
"ကျွန်တော် မလိမ်ရဲပါဘူး" လုယွမ်က ခေါင်းညိမ့်ပြလိုက်သည်။
"ကောင်းပြီ... မင်းလိမ်တာ ဟုတ်မဟုတ်ဆိုတာ စမ်းသပ်ကြည့်ရင် သိရတာပဲ" မုချင်းရွှယ်က လက်ချောင်းလေးကို ဝေ့ယမ်းလိုက်ရာ လုယွမ်၏ ရှေ့တွင် ဆေးဖိုတစ်ခုနှင့် 'အခြေခံတည်ဆောက်မှုဆေးလုံး' အတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များ ပေါ်လာတော့သည်။
လုယွမ်လည်း အချိန်မဆွဲတော့ဘဲ ချက်ချင်းပင် ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။
သူ၏ လက်ချောင်းလေးဖြင့် အသာအယာ တို့လိုက်ရာ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ဆေးဖိုအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားပြီး မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
ဆေးဖော်စပ်ရာတွင် မီးကို ထိန်းချုပ်နိုင်စွမ်းမှာ အခြေခံအကျဆုံး ဖြစ်သည်။ လုယွမ်သည် လက်ရှိတွင် အဆင့် ၆ ဆေးပညာရှင်၏ အတတ်ပညာများကို ကူးယူထားသူဖြစ်သဖြင့် မီးထိန်းချုပ်ခြင်းမှာ သူ့အတွက် အသေးအဖွဲမျှသာ။
ထို့နောက် ဆေးဖက်ဝင်အပင်များကို တစ်ခုချင်းစီ ဆေးဖိုအတွင်းသို့ ထည့်ကာ အညစ်အကြေးများကို စတင်ဖယ်ရှားသည်။
အပင်တစ်မျိုးစီအတွက် လိုအပ်သော အပူချိန်ကို တိကျစွာ ထိန်းချုပ်နေသည့် လုယွမ်ကို ကြည့်ရင်း မုချင်းရွှယ် ရင်ထဲ၌ အလွန်အံ့သြနေမိသည်။
"သူက ဆေးဖော်စပ်တာ တစ်ခါမှ မလုပ်ဖူးဘူးဆိုတာ တကယ်ပဲလား ဒီမီးထိန်းချုပ်ပုံက အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံနေတာပဲ… ဒါဟာ အခုမှစလုပ်တဲ့သူရဲ့ လက်ရာ မဟုတ်ဘူး"
အညစ်အကြေးများ ဖယ်ရှားပြီးနောက်တွင် ဆေးရည်ဖြစ်အောင် ကျိုချက်ခြင်းနှင့် ဆေးလုံးအဖြစ် စုစည်းခြင်း အဆင့်များကို လုယွမ်က ကျွမ်းကျင်စွာ ဆက်လက်လုပ်ဆောင်သွားသည်။
'ဝိညာဉ်သန့်စင်ခြင်း အတတ်ပညာ' ပါ နည်းစနစ်များအတိုင်း စိတ်ကို အာရုံစိုက်ကာ ဆေးရည်များကို ဆေးဖိုအလယ်တွင် စုစည်းလိုက်ရာ မကြာမီမှာပင် ဆေးလုံးအနှစ်လေး ဖြစ်တည်လာတော့သည်။
"ဆေးလုံးဖြစ်တည်စေ.. အနှစ်သာရကို ထိန်းသိမ်းစေ"
နောက်ဆုံးအဆင့်တွင် လုယွမ်သည် မိမိ၏ ဝိညာဉ်စွမ်းအားများကို ဆက်တိုက်ထည့်သွင်းပေးလိုက်ရာ ဆေးလုံးမှာ ပိုမိုတည်ငြိမ်ပြီး ဝိုင်းစက်လာသည်။
"အောင်မြင်ပြီ" လုယွမ် လက်ညှိုးလေးကို ဝှေ့ယမ်းလိုက်ရာ ဆေးဖိုအတွင်းမှ ဆေးလုံးတစ်လုံးမှာ အပြင်သို့ ပျံထွက်လာတော့သည်။
ဆေးလုံးမှ တောက်ပသော အလင်းတန်းများနှင့် သင်းပျံ့သော ဆေးရနံ့များမှာ တစ်ခြံလုံးကို ဖုံးလွှမ်းသွား၏။
"အကြီးအကဲ မု... ကျွန်တော် အောင်မြင်သွားပါပြီ" လုယွမ်က ပြုံးရင်း ပြောလိုက်သည်။
မုချင်းရွှယ်က လက်ညှိုးလေးဖြင့် ဆွဲယူလိုက်ရာ ဆေးလုံးမှာ သူမရှေ့သို့ ရောက်လာသည်။
ဆေးလုံးကို အနီးကပ် ကြည့်လိုက်သောအခါ သူမ၏ လှပသော မျက်ဝန်းများထဲတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွား၏။
"အဆင့်မြင့် အရည်အသွေးရှိတဲ့ အခြေခံတည်ဆောက်မှု ဆေးလုံးပဲ... နှမြောစရာပဲ.. 'ပြီးပြည့်စုံတဲ့အဆင့်' ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တာ"
လုယွမ်သည် 'ဝိညာဉ်သန့်စင်ခြင်း အတတ်ပညာ' ကို တကယ်ပင် အသုံးချနိုင်ခဲ့ခြင်း ဖြစ်သည်။
"အဆင့်မြင့်အရည်အသွေးရှိတဲ့ ဆေးလုံးကို ဖော်စပ်နိုင်တယ်ဆိုတာ အဆင့် ၄ ဆေးပညာရှင်ရဲ့ အရည်အချင်းမျိုးပဲ.. လုယွမ်... မင်းတကယ်ပဲ ပထမဆုံးအကြိမ် ဖော်စပ်တာလား" မုချင်းရွှယ်က မယုံနိုင်စွာ ထပ်မေးသည်။
"ဟုတ်ကဲ့ပါ" လုယွမ်က ခေါင်းညိမ့်ဖြေကြားလိုက်သည်။
ထိုစဉ် ဝိညာဉ်ငှက်တစ်ကောင် ပျံသန်းလာပြီး မုချင်းရွှယ်ရှေ့၌ အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ စာလိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုစာလိပ်မှာ ဂိုဏ်းတွင် မှတ်တမ်းတင်ထားသော လုယွမ်၏ ကိုယ်ရေးအချက်အလက်များပင် ဖြစ်၏။
"လုယွမ်... ချင်းယန်မြို့.. ဆောက်မန်ရွာက... မိဘတွေ ဆုံးပါးသွားပြီ... အသက် ၁၆ နှစ်မှာ ဂိုဏ်းပြင်ပတပည့်အဖြစ် ဝင်ရောက်ခဲ့တယ်..."
မှတ်တမ်းအရ လုယွမ်မှာ ချီသန့်စင်ခြင်း အဆင့် ၃ မှာသာ ရှိနေရမည် ဖြစ်သော်လည်း ယခုသူမရှေ့ရှိ လုယွမ်မှာ အဆင့် ၉ ကို ရောက်နေပြီဖြစ်သည်။
"ဒီကလေးမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပုံပဲ" မုချင်းရွှယ် စိတ်ထဲတွင် တွေးလိုက်သည်။
"ထားလိုက်ပါတော့... လူတိုင်းမှာ ကိုယ်စီလျှို့ဝှက်ချက် ရှိကြတာပဲ… ငါသာ သေချာသင်ပေးရင် ကောင်းကင်မြစ်ဂိုဏ်းအတွက် နောက်ထပ် ပါရမီရှင်တစ်ယောက် ထွက်လာမှာပဲ"
သူမသည် စာလိပ်ကို မီးရှို့ဖျက်ဆီးလိုက်ပြီး လုယွမ်ကို ခေါ်လိုက်သည်။
"ဒီနားကို လာခဲ့ဦး"
လုယွမ် အနားသို့ ရောက်သွားသောအခါ သူမသည် ဘေးရှိ လက်ဖက်ရည်ခွက်ကို ဝိညာဉ်စွမ်းအားဖြင့် လွင့်ပျံစေကာ လုယွမ်၏ ရှေ့သို့ ပို့ပေးလိုက်သည်။
"လက်ဖက်ရည် တိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ" လုယွမ်က ခွက်ကို လှမ်းယူပြီး တစ်ကျိုက်တည်း သောက်ချလိုက်သည်။
မုချင်းရွှယ်...(သူမ ဆွံ့အသွားသည်…သူမက လက်ဖက်ရည်ပေးတာ သောက်ဖို့ မဟုတ်ပေ)
မုချင်းရွှယ်က နောက်ထပ် ခွက်အသစ်တစ်ခွက်ကို လုယွမ်ရှေ့သို့ ပို့ပေးပြန်သည်။
လုယွမ်က အားနာနာဖြင့် "ကျေးဇူးတင်ပါတယ် အကြီးအကဲ.. ဒါပေမဲ့ တစ်ခွက်ဆိုရင် တော်ပါပြီ" ဟု ပြောလိုက်သည်။
"ဒါက ဆရာတင်တဲ့ လက်ဖက်ရည် အခမ်းအနားအတွက်လေ" မုချင်းရွှယ်က အေးအေးဆေးဆေး ပြောလိုက်သည်။
ထိုအခါမှ လုယွမ် သဘောပေါက်သွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။
သူသည် လက်ဖက်ရည်ခွက်အသစ်ကို ကိုင်ကာ မုချင်းရွှယ်၏ ရှေ့တွင် 'ဗုန်း' ခနဲ ဒူးထောက်လိုက်ပြီး...
"ဆရာ... လက်ဖက်ရည် သုံးဆောင်ပါဦး" ဟု ရိုသေစွာ ပြောလိုက်သည်။
"ဒူးထောက်နေစရာ မလိုပါဘူး" မုချင်းရွှယ် အနည်းငယ် အံ့သြသွားသည်။
သူမက လက်ဖက်ရည် ကမ်းပေးရုံပဲ မှတ်ထားတာ.. လုယွမ်က တိုက်ရိုက်ကြီး ဒူးထောက်ချလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော် ဒူးထောက်ပြီးမှတော့ ဆရာ အရင်သောက်လိုက်ပါဦး" လုယွမ်က ပြုံးရင်း ဆိုသည်။
မုချင်းရွှယ်သည် လက်ဖက်ရည်ကို တစ်ငုံမျှ သောက်လိုက်ပြီး တရားဝင် ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းဟာ ငါ မုချင်းရွှယ်ရဲ့ တစ်ဦးတည်းသော တပည့်ရင်း ဖြစ်သွားပြီ.. နောင်မှာ မင်းရဲ့ ကျင့်ကြံမှုကို ငါ အစွမ်းကုန် လမ်းပြပေးမယ်.. ငါ့ကို စိတ်မပျက်စေနဲ့"
"ဟုတ်ကဲ့ပါ ဆရာ"
လုယွမ် ပြန်ဖြေလိုက်သည်… ယခုတော့ သူ့မှာလည်း နောက်ခံလူတစ်ယောက် ရှိသွားပြီ မဟုတ်ပါလား။