အခန်း( ၄၉) ဖန်းလုံတောင်ကို ကူးယူခြင်း
"ကောင်လေး... ငါ့ရဲ့ အချိန်ကုန်ဆုံးတော့မယ် ဖန်းလုံဂိုဏ်းရဲ့ စစ်မှန်တဲ့ အမွေအနှစ်ကို မင်းလက်ထဲ အပ်လိုက်ပြီ မင်း ဒါကို ကောင်းကောင်း အသုံးချလိမ့်မယ်လို့ မျှော်လင့်ပါတယ်…နောင်တစ်ချိန်မှာ အခွင့်အရေးရှိရင် ဖန်းလုံဂိုဏ်းကို ပြန်လည်ထူထောင်နိုင်ရင် ပိုကောင်းတာပေါ့" ဝူဟောင်ရန်သည် လုယွမ်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
သူပြောပြီးသည်နှင့် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ ပိုမိုအားနည်းလာပြီး ပိုမို ပွင့်လင်းလာခဲ့သည်။
"အကြီးအကဲ... ကျွန်တော် ဖန်းလုံဂိုဏ်းကို တည်ထောင်ဖို့ စိတ်မဝင်စားပေမဲ့ နောင်တစ်ချိန်မှာ ကံကြမ္မာပါသူ တစ်ယောက်ယောက်ကို တွေ့ခဲ့ရင် ဖန်းလုံဂိုဏ်းရဲ့ အမွေအနှစ်အားလုံးကို သူ့ဆီ လက်ဆင့်ကမ်းပေးပြီး ဖန်းလုံဂိုဏ်းကို ပြန်လည်ထူထောင်နိုင်အောင် ကူညီပေးပါ့မယ်" လုယွမ်က သူ့ကို လက်ယှက်အရိုအသေပေးပြီး ကတိပေးလိုက်သည်။ ၎င်းကို သူ့ဘက်မှ အာမခံချက်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။
"အလွန်ကောင်းတယ်... အလွန်ကောင်းတယ်... ဒီအဘိုးအိုမှာ ဘာမှ နောင်တမရှိတော့ဘူး" ဝူဟောင်ရန်က ရဲရင့်သော အသံဖြင့် ရယ်မောလိုက်သည် နောက်ထပ် အသက်ရှူနှုန်း အနည်းငယ်ကြာပြီးနောက် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ခန်းမကြီးအတွင်းရှိ နဂါးရစ်ပတ်တိုင်များမှ ထွက်ပေါ်နေသော အလင်းတန်းများမှာလည်း လျင်မြန်စွာ မှေးမှိန်သွားသည်။
"ဒီဝူဟောင်ရန်က တကယ်ကို ထူးခြားတာပဲ" လုယွမ်သည် လေးစားစွာဖြင့် "သူ့ဆီကနေ အချက်အလက် ပိုမရလိုက်တာပဲ ဝမ်းနည်းစရာပဲ" ဟု ဆိုသည်။
ဥပမာ - ဖန်းလုံဂိုဏ်းသည် အဘယ်ကြောင့် ဒီလောက် အစွမ်းထက်ပါလျက်နှင့် ဘာလို့ ဒီလို အခြေအနေမျိုးသို့ ရောက်သွားရတာလဲ။ နတ်ဝိညာဉ်ဖောက်ထွက်ဆေးလုံးကရော ဘယ်မှာလဲ။ သူ မေးချင်သည့် မေးခွန်းများစွာ ရှိနေသေးသည်။ သို့သော် အချိန်က တိုတောင်းလွန်းသည်။
လုယွမ်၏ မေးခွန်းများကို တစ်ခုချင်းစီ ဖြေပေးရန် ထိုသူ့ထံတွင်အချိန်ပို မရှိခဲ့ပေ။ အချို့သော မေးခွန်းများမှာ အဖြေမရဘဲ ရှိနေလိမ့်မည်ဟု ထင်ရသည်။ သို့မဟုတ် နောင်တစ်ချိန်ချိန်တွင် လုယွမ်ကိုယ်တိုင်ပင် ထိုမေးခွန်းများအတွက် အဖြေကို ရှာဖွေနိုင်လိမ့်မည်။
သူ၏ လက်ထဲတွင်ရှိသော ထူးခြားသည့် 'ရစ်ပတ်နဂါးပုလဲ' ကို ကြည့်ရင်း လုယွမ်သည် ပုလဲလုံး အလျင်အမြန် သိမ်းလိုက်သည်။
ထိုပုလဲသည် မည်သည့်နေရာတွင် အသုံးဝင်မည်ကို လျှို့ဝှက်နယ်မြေမှ ထွက်ပြီး ဂိုဏ်းသို့ ပြန်ရောက်မှသာ ဖြည်းဖြည်းချင်း စူးစမ်းရမည်ဖြစ်သည်။
နောက်ထပ်…အလုပ် ပြန်စလုပ်ရမည့် အချိန်ဖြစ်သည်။
လုယွမ်သည် ခန်းမကြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ခပ်ပေါ့ပေါ့ ခုန်လိုက်ပြီးနောက် နန်းတော်၏ အပေါ်သို့ တိုက်ရိုက် ရောက်သွားသည်။ တစ်ချက်ငေးကြည့်လိုက်ရာ ဖန်းလုံဂိုဏ်းတစ်ခုလုံးကို မြင်လိုက်ရသည်။
"ဒီနေရာကနေ ကြည့်ရတဲ့ ရှုခင်းက တကယ်ကို မဆိုးဘူးပဲ" လုယွမ်က ခေါင်းညိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ထွက်ပေါ်လာသည်။ လှိုင်းထပ်များကဲ့သို့ပင် ဖန်းလုံဂိုဏ်းတစ်ခုလုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ အကာအရံတစ်ခု တည်ဆောက်ကာ ဖန်းလုံဂိုဏ်းတစ်ခုလုံးကို နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံထားရန်မှာ အလွန် ခက်ခဲသော အလုပ်ဖြစ်သည်။
သာမန် အမြုတေဖြစ်တည်ခြင်း ကျင့်ကြံသူတစ်ယောက်အနေဖြင့် လုံးဝ မလုပ်နိုင်ပေ။ သို့သော် လုယွမ်မှာမူ အနှစ်သာရအားဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်သို့ ရောက်နေပြီဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအင်မှာ အမြုတေဖြစ်တည်ခြင်း ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သည်။
ဆေးလုံးတစ်လုံးပြီးတစ်လုံးကို အလျင်အမြန် မျိုချလိုက်သည်။ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များကို အမြန် ပြန်ဖြည့်တင်းသည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ လုယွမ်အတွက် အမွှေးတိုင် တစ်တိုင်စာမျှ ကြာမြင့်ပြီးနောက် ချွေးများပင် ပြန်လာသည်။ သူသည် ခေါင်းညိတ်ကာ "ဘာပဲဖြစ်ဖြစ် အောင်မြင်သွားပြီ" ဟု ဆိုသည်။
"အခု ကူးယူမယ်"
လုယွမ်က အမိန့်ပေးလိုက်သည်။ သူသည် လက်ချောင်းကို ဆန့်ထုတ်ကာ သူနတ်ဘုရားအာရုံနှင့်စုစည်းထားသော ဝိညာဉ်စွမ်းအင် အကာအရံကို ထိလိုက်သည်။
【ဖန်းလုံတောင် (ကူးယူနိုင်သည်)】
အလွန်ကောင်းသည်။
ဖန်းလုံတောင် တစ်ခုတည်းပင် ထူးခြားသော တည်ရှိမှု ဖြစ်ပြီး ထိပ်တန်း ဝိညာဉ်သွေးကြော ပါဝင်သည်။ ဖန်းလုံတောင်ကို ကူးယူလိုက်လျှင် ဖန်းလုံဂိုဏ်းမှာလည်း အလိုအလျောက် ကူးယူခံရမည်ဖြစ်သည်။
"ကူးယူလိုက်" လုယွမ်က အတည်ပြုလိုက်သည်။
【ဒင်... ဂုဏ်ယူပါတယ်... ပိုင်ရှင် အောင်မြင်စွာ ကူးယူလိုက်ပါပြီ】
စနစ်၏အကြောင်းကြားချက်ကို ကြားသောအခါ လုယွမ်သည် ကျေနပ်စွာ ရယ်မောလိုက်သည်။
"ဒီတစ်ခါ ဂိုဏ်းကို ပြန်ရောက်ရင် ဒီဖန်းလုံတောင်ကို ဂိုဏ်းထဲမှာ တိုက်ရိုက် ထည့်လိုက်မယ် အဲဒီအခါကျရင် ကောင်းကင်မြစ်ဂိုဏ်းက လူတိုင်း အံ့ဩသွားကြမှာ သေချာတယ်"
အောင်မြင်စွာ ကူးယူပြီးနောက် အသုံးမပြုသေးပါက... စနစ်မှာ ပြန်လည်အသုံးပြုနိုင်သော အခြေအနေသို့ မရောက်နိုင်ပေ။ ထို့ကြောင့် လက်ရှိ လုယွမ်သည် အခြားအရာများကို ထပ်၍ ကူးယူ၍ မရတော့ပေ။ သို့သော် လုယွမ်မှာ လောဘမကြီးပါ။ ဖန်းလုံတောင် တစ်ခုလုံးကို ကူးယူနိုင်ခြင်းမှာပင် သူ့အတွက် အလွန် ကျေနပ်စရာ ကောင်းနေပြီဖြစ်သည်။
ထိုအချိန်တွင် ဝေယန်ဖုန်းသည် ကောင်းကင်သို့တက်သည့် လှေကားကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ဖန်းလုံဂိုဏ်း၏ တောင်ပံတံခါးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လုယွမ် သိရှိလိုက်ရသည်။
‘တောင်ထိပ်သခင် လျှိုရဲ့ တပည့်ရင်းဆိုတော့ ကောင်းကင် လှေကားကို ဖြတ်ကျော်ရတာ ဘာပြဿနာမှ မရှိဘူးပဲ’
ခနအနားယူပြီးနောက် ဝေယန်ဖုန်းသည် အပြည့်အဝ ပြန်လည်နာလန်ထူလာပြီး ဖန်းလုံဂိုဏ်းထဲသို့ ဝင်ရောက်လာသည်။
သူ့ရှေ့ရှိ ဖန်းလုံဂိုဏ်းကို ကြည့်ရင်း ဝေယန်ဖုန်းမှာလည်း အလွန်အမင်း အံ့ဩတုန်လှုပ်နေသည်။
ဖန်းလုံဂိုဏ်းမှာ ကောင်းကင်မြစ်ဂိုဏ်းနှင့် မနှိုင်းယှဉ်နိုင်ကြောင်း သူ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ချက်ချင်းပင် ဝေယန်ဖုန်းသည် ဖန်းလုံဂိုဏ်းကို လျင်မြန်စွာ စူးစမ်းတော့သည်။ သူ အချိန်မဖြုန်းဝံ့ပေ။ အခွင့်အရေးများကို ရှာဖွေနေသော်လည်း အချိန်တိုင်းတွင် အလွန်သတိထားနေရသည်။
နောက်နှစ်နာရီခန့် ကြာပြီးနောက်။
ရွှယ်ယောင်လည်း ကောင်းကင်သို့တက်သည့် လှေကားကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ သူမရှေ့ရှိ ခမ်းနားသော တောင်ပံတံခါးကို ကြည့်ရင်း ရွှယ်ယောင်က ဝမ်းသာအားရ ရယ်မောလိုက်သည်။ "ကောင်းလိုက်တာ... ငါလုပ်နိုင်ခဲ့ပြီ"
လှေကားပေါ်တွင် သူမသည် စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပြီး ထင်ယောင်ထင်မှား ဖြစ်မှုများထဲသို့ပင် ရောက်လုနီးပါး ဖြစ်ခဲ့သည်။
ထိုအိပ်မက်ထဲတွင် သူမနှင့် လုယွမ်တို့သည် လက်ထပ်ကြရန်အထိ ဖြစ်လာခဲ့သည်။ ကံကောင်းစွာဖြင့် သူမ အချိန်မီ နိုးထလာပြီး ၎င်းမှာ အိပ်မက်သာ ဖြစ်ကြောင်း သိလိုက်ရသည်။
ရွှယ်ယောင်သည် ဆေးလုံးတစ်လုံးကို အလျင်အမြန် မျိုချလိုက်သည်။ ခန္ဓာကိုယ်အတွင်း ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များ ပြန်လည် ပြည့်ဝလာပြီး ဒဏ်ရာများမှာလည်း မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည်။
သူမသည် လျင်မြန်စွာ ထရပ်လိုက်ပြီး တောင်ပံတံခါးထဲသို့ ခြေချလိုက်သည်။ "ဒါက တကယ်ကို တုန်လှုပ်စရာပဲ" ရွှယ်ယောင်သည် ဖန်းလုံဂိုဏ်းကို ကြည့်ကာ အံ့ဩတကြီးဖြင့် အော်ပြောလိုက်သည်။
"စီနီယာနှစ်ယောက်လုံး ဒီဖန်းလုံဂိုဏ်းထဲမှာ အခွင့်အရေးတွေ ရှာနေကြပြီ ထင်တယ်... ငါ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး" ရွှယ်ယောင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ရှုခင်းမှာ လှပသော်လည်း သူမမှာ အခုအချိန်တွင် အမွှမ်းတင်ရန် စိတ်မရှိတော့ပေ။ အရေးကြီးဆုံးမှာ အခွင့်အရေးများနှင့် ကံကောင်းခြင်းများကို အရင်ဆုံး ရှာဖွေရန် ဖြစ်သည်။
...
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိ။ ရွှယ်ယောင်နှင့် ဝေယန်ဖုန်းတို့ ပြန်လည် ဆုံတွေ့ကြသည်။
"စီနီယာဝေ" ရွှယ်ယောင်က ဂါရဝပြုလိုက်သည်။
"ဂျူနီယာညီမ ရွှယ်... ညီမ ဒီလှေကားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်ဆိုတာ ငါ သိပြီးသားပါ" ဝေယန်ဖုန်းက ဖြည်းညင်းစွာ ပြန်ဖြေသည်။
"စီနီယာဝေ ဘာများ ရခဲ့သလဲ" ရွှယ်ယောင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ငါ ကံကောင်းလို့ နတ်၀ိညာဥ် ဖောက်ထွက်ဆေးလုံး တစ်လုံး ရခဲ့တယ်" ဝေယန်ဖုန်းက မဖုံးကွယ်ဘဲ အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ဒါဆို စီနီယာဝေကို ဂုဏ်ယူပါတယ်။ ဒီဆေးလုံးနဲ့ဆိုရင် စီနီယာရဲ့ နတ်ဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်းမှာ ပိုမိုချောမွေ့သွားမှာပါ အဲဒီအခါကျရင် ကောင်းကင်မြစ်ဂိုဏ်းမှာ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ နောက်တစ်ယောက် ရှိလာတော့မှာပေါ့" ရွှယ်ယောင်က ချက်ချင်း ဂုဏ်ပြုစကား ဆိုလိုက်သည်။
အခုလေးတင် သူမသည် အချိန်အတော်ကြာ ရှာဖွေပြီးနောက် အခွင့်အရေး တစ်ခုကိုသာ ရှာတွေ့ခဲ့သည်။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို ရှူသွင်းသည့် အရှိန်နှုန်းကို မြန်ဆန်စေသည့် ကျင့်စဉ်တစ်ခုဖြစ်သည်။
၎င်းက ကျင့်ကြံမှု အရှိန်ကို မြှင့်တင်ပေးပြီး သူမ၏ ဝိညာဉ်စွမ်းအားကိုလည်း သန်မာစေသည်။ တိုက်ခိုက်မှု စွမ်းအားကိုလည်း တိုးတက်စေသည်
"ဂျူနာညီမ ရွှယ်ယောင်... ညီမလည်း အထိပ်ဆုံးမှာရှိတဲ့ ပင်မခန်းမကို သွားဖို့ စီစဉ်နေတာလား" ဝေယန်ဖုန်းက အပေါ်ကို မော့ကြည့်လိုက်သည်။
"ဟုတ်တယ်... အဲဒီနေရာက ဖန်းလုံဂိုဏ်းရဲ့ အဓိက အကျဆုံး ခန်းမပဲ ဖြစ်ရမယ် အရင်ဆုံး သွားကြည့်ချင်လို့... တစ်ခုခုများ တွေ့မလားဆိုပြီးတော့" ရွှယ်ယောင်က တိုက်ရိုက် ခေါင်းညိတ်လိုက်သည် "တစ်ခုခု မတွေ့ခဲ့ရင်တော့ ဖန်းလုံဂိုဏ်းရဲ့ တခြားနေရာတွေကို တစ်ခုချင်းစီ ဆက်ရှာရမှာပေါ့"
"ငါလည်း အဲဒီလိုပဲ တွေးထားတာ... အတူတူ သွားကြရအောင်" ဝေယန်ဖုန်းက အကြံပြုသည်။
"ကောင်းပြီ" ရွှယ်ယောင်က တိုက်ရိုက် သဘောတူလိုက်သည်။ တခြားသူများသာ ဆိုပါက ဝေယန်ဖုန်းဖြစ်စေ... ရွှယ်ယောင်ဖြစ်စေ သဘောတူကြမည် မဟုတ်ပေ။ သို့သော် သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း သိပြီး ဂိုဏ်းတူသူများ ဖြစ်ကြသည့်အတွက် တစ်ယောက်ကိုတစ်ယောက် ယုံကြည်နိုင်ကြသည်။