အခန်း (၄၈)နတ်ဘုရားကျင့်စဉ်
အလင်းလုံးကြီး လုံးဝ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ထူးခြားသော ရုပ်ရည်သွင်ပြင်ရှိသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး လုယွမ်၏ ရှေ့တွင် ပေါ်လာသည်။
သို့သော် ထိုအသက်လတ်ပိုင်း အမျိုးသားမှာ ဝိညာဉ်အကြွင်းအကျန် တစ်ခုသာ ဖြစ်ပုံရပြီး မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားနိုင်သကဲ့သို့ ဖြစ်နေသည်။
"ကောင်လေး... မင်းကတော့ တော်တော်လေး ထူးခြားတာပဲ ငါ့ရဲ့ လျှို့ဝှက်နယ်မြေထဲ ဝင်လာဖို့ မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို တကယ်ပဲ ဖိနှိပ်ထားတာပဲ" အသက်လတ်ပိုင်း အမျိုးသားသည် လုယွမ်တစ်ဝိုက်တွင် အနည်းငယ် ပျံသန်းကာ ခေါင်းမှ ခြေဖျားအထိ စူးစမ်းကြည့်ရှုလိုက်သည်။
"အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်... ဒါပေမဲ့ ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ ဖြစ်နေပြီ"
"ဒီလို နောက်ပိုင်းခေတ်မှာ မင်းလို ထူးချွန်တဲ့ ပုဂ္ဂိုလ်မျိုး ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
"ငါ့ရဲ့ ဖန်းလုံဂိုဏ်း အထွတ်အထိပ်ကာလမှာတောင် အသက်နှစ်ဆယ်အရွယ်နဲ့ ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်ကို ရောက်တဲ့သူမျိုး မတွေ့ခဲ့ဖူးဘူး မင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ"
ဒီအချိန်တွင် လုယွမ်မှာ လွန်စွာ အံ့ဩတုန်လှုပ်သွားသည်။ သူ့၏ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားသော်လည်း အသက်လတ်ပိုင်း အမျိုးသားက သူ့ကို ထိုးဖောက်မြင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ၏ရှေ့တွင် လျှို့ဝှက်ချက်ဟူ၍ ဘာမျှမရှိတော့သကဲ့သို့ပင်။ ကံကောင်းသည်မှာ တစ်ဖက်လူက သူ့၏ 'စနစ်' ကိုမူ မမြင်နိုင်ပေ။
"ဂျူနီယာ လုယွမ်က အကြီးအကဲကို ဂါရဝပြုပါတယ်" ထိုအသက်လတ်ပိုင်း အမျိုးသားမှာ သူ့ကို အန္တရာယ်ပြုမည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ လုယွမ်သည် ယဉ်ကျေးစွာ လက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။
"လုယွမ်... နက်ရှိုင်းသော ချောက်ကမ်းပါးထဲမှ ပုန်းကွယ်နေသော နဂါး... တကယ်ကို ကောင်းတဲ့ နာမည်ပဲ" အသက်လတ်ပိုင်း အမျိုးသားက ခေါင်းညိတ်လိုက်သည်။
"အကြီးအကဲရဲ့ ဂုဏ်နာမည်ကို မေးမြန်းခွင့်ပြုပါ ပြီးတော့ အကြီးအကဲက ဘာလို့ ဒီတားမြစ်ချက်အစီအရင်ထဲမှာ အချုပ်ခံထားရတာလဲ" လုယွမ်က စိတ်ဝင်တစား မေးလိုက်သည်။
"ငါလား အချိန်ကကြာလွန်းနေပြီ.. ငါ့နာမည်ကိုတောင် ငါ မေ့နေပြီ ငါက ဖန်းလုံဂိုဏ်းရဲ့ နောက်ဆုံး ဂိုဏ်းချုပ်ပဲဆိုတာလောက်ပဲ သိတော့တယ်" အသက်လတ်ပိုင်း အမျိုးသားက သက်ပြင်းချလိုက်သည်။
ဟူး…
လုယွမ်မှာ အသက်ရှူမှားလုနီးပါး ဖြစ်သွားသည် သူ့ရှေ့ရှိ အမျိုးသားမှာ ဖန်းလုံဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေသည်။
သူ၏ ကျင့်ကြံမှုနှင့် စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ သူသည် ကျင့်ကြံသူတို့၏ ထိပ်သီးအဆင့်တွင် ရောက်ရှိနေခဲ့သူ ဖြစ်တန်ရာသည်။
သို့သော် ဝမ်းနည်းစရာမှာ သူသည် ဝိညာဉ် အကျွင်းအကျန်သက်သက်သာ ဖြစ်နေသည်။ အကယ်၍သာ လုယွမ်သည် သူ့၏ ကျင့်ကြံမှုအဆင့်ကို ကူးယူနိုင်ပါက သူ ဝမ်းသာအားရ ဖြစ်မိမှာ အသေအချာပင်
"ကောင်လေး... မင်း ငါ့ရဲ့ ဖန်းလုံဂိုဏ်းကို အမွေဆက်ခံဖို့ ဆန္ဒရှိလား" အသက်လတ်ပိုင်း အမျိုးသားက လုယွမ်ကို အလျင်အမြန် မေးမြန်းလိုက်သည်။ "ဘာကြောင့်မှန်း မသိပေမဲ့ မင်းကို မြင်ရတာ ငါ သဘောကျတယ်ကွာ"
"အကြီးအကဲ... ကျွန်တော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ မရှိပါဘူး ကျွန်တော်က ပိုပြီး သန်မာလာဖို့... လွတ်လပ်စွာ နေထိုင်ဖို့နဲ့ နတ်ဘုရားဖြစ်ဖို့ပဲ ဆန္ဒရှိတာပါ" လုယွမ်က ပြောလိုက်သည်။ "ဒါကြောင့် ဖန်းလုံဂိုဏ်းကို ပြန်လည် ထူထောင်ရမယ့် တာဝန်ကိုတော့ ကျွန်တော် မယူနိုင်မှာ စိုးရိမ်မိပါတယ်"
"ဒီဂိုဏ်းချုပ်က မင်းကို ဖန်းလုံဂိုဏ်းကို ပြန်ထူထောင်ဖို့ မတောင်းဆိုပါဘူး" အသက်လတ်ပိုင်း အမျိုးသားက ရယ်မောလိုက်သည်။
"ငါ့အမြင်အရတော့ ဖန်းလုံဂိုဏ်းရဲ့ အမွေအနှစ်တွေ ဆက်လက်တည်ရှိနေသရွေ့ ဖန်းလုံဂိုဏ်းက အမြဲတမ်း ရှိနေမှာပဲ"
"အဲဒီလိုဆိုရင်တော့ ပြဿနာ မရှိပါဘူး" လုယွမ်က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
"ဟားဟားဟား... အလွန်ကောင်းတယ်... အလွန်ကောင်းတယ်" အသက်လတ်ပိုင်း အမျိုးသားက ကျေနပ်စွာ ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင်။
သူသည် လုယွမ်ရှေ့သို့ ရောက်ရှိလာပြီး လုယွမ်၏ နဖူးပေါ်သို့ လက်ချောင်းဖြင့် ညင်သာစွာ ဖိလိုက်သည်။
တစ်ဖက်လူမှာ ရုပ်ခန္ဓာမရှိဘဲ ဝိညာဉ်သက်သက် ဖြစ်သော်လည်း... သူ နဖူးကို ဖိလိုက်သောအခါ လုယွမ်သည် သူ၏ ဝိညာဉ်ကို ထိတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဒီခံစားချက်မှာ ထူးဆန်းလွန်းလှသည်။ လုယွမ် အများကြီး မတွေးတောရသေးခင်မှာပင် စာသားအမြောက်အမြား သူ့ဦးနှောက်ထဲသို့ ရောက်ရှိလာသည်။
"ကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ်"
ဖန်းလုံဂိုဏ်း၏ အစွမ်းအထက်ဆုံး ကျင့်စဉ်ဖြစ်သည်။
ထိုကျင့်စဉ်၏ အဆင့်မှာ နတ်ဘုရားကျင့်စဉ် ဖြစ်သည်
အောင်မြင်စွာ ကျင့်ကြံပြီးပါက မိုးကြိုး... လေနှင့်တိမ်တိုက်... အာကာသဟူသော ဥပဒေသ သုံးခုကို ထိန်းချုပ်နိုင်သည်။
အိုး….
လုယွမ်မှာ ကြက်သေသေသွားသည်။ ဖန်းလုံဂိုဏ်း၏ စစ်မှန်သော အမွေအနှစ်မှာ နတ်ဘုရားကျင့်စဉ်တစ်ခု ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
【ဝူဟောင်ရန် (ဝိညာဉ်အကြွင်းအကျန်)】
【ဖန်းလုံဂိုဏ်း၏ (၈၁) ဆက်မြောက် ဂိုဏ်းချုပ်】
【မူလကျင့်ကြံမှုအဆင့် -(*****အဆင့်) (ကူးယူမရ)】(မပြပါ)
【ကျင့်စဉ် - ကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ် (ကူးယူနိုင်သည်)...】
【...】
တစ်ချိန်တည်းမှာပင်။
လုယွမ်၏ မျက်စိရှေ့တွင်။
ထိုအသက်လတ်ပိုင်း အမျိုးသား၏ အချက်အလက်များ ပေါ်လာသည်။
တစ်ဖက်လူမှာ သူ၏ ဘဝသက်တမ်းအတွင်း ထိပ်တန်းကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့သည်မှာ သေချာသည်။
သူ ကျွမ်းကျင်သော နည်းလမ်းများမှာ အမှန်တကယ် များပြားလှသည်။ သို့သော် သူသည် ယခုအခါ ဝိညာဉ်အကြွင်းအကျန် အခြေအနေတွင်သာ ရှိနေပြီး အချို့သောအရာများကို ကူးယူ၍ မရပေ။
သို့သော် ကံကောင်းသည်မှာ ထိုနတ်ဘုရားကျင့်စဉ် "ကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ်" ကို ကူးယူနိုင်သည်။
မဆိုင်းမတွပင်။
လုယွမ်သည် စိတ်ထဲတွင် "ဒီကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ်ကို တိုက်ရိုက် ကူးယူမယ်" ဟု တွေးလိုက်သည်။
【ကူးယူနေသည်】
【ကူးယူခြင်း ပြီးဆုံးသည်】
【ကူးယူခြင်း ပြီးဆုံးသည်】
တစ်ခဏအတွင်းမှာပင်။
လုယွမ်အတွက် နားလည်ရခက်သော ကောင်းကင်စာအုပ်ကဲ့သို့ ဖြစ်နေသည့် ကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ်၏ စာသားများသည် ယခုအခါတွင်မူ အလွန်ထူးခြားဆန်းပြားနေပြီး အချိန်တိုအတွင်းမှာပင် သူ လျင်မြန်စွာ ကျွမ်းကျင်သွားသည်။
ဒီနတ်ဘုရားကျင့်စဉ်ကို သူကိုယ်တိုင် ဖန်တီးခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
"ကောင်လေး... ဒါဟာ စစ်မှန်တဲ့ နတ်ဘုရားကျင့်စဉ်ပဲ... အလွန်ရှားပါးတယ် ငါ့ရဲ့ ဖန်းလုံဂိုဏ်းကို စတင်တည်ထောင်သူက နတ်ဘုရားတစ်ပါး ပြန်လည်ဝင်စားလာသူပဲ"
ဝူဟောင်ရန်က ဆက်ပြောသည် "ငါ သတိပေးမယ်... မင်းသာ ဒီကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ်ကို မကျွမ်းကျင်နိုင်ရင် ဒီလျှို့ဝှက်နယ်မြေကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး"
"လျှို့ဝှက်နယ်မြေ ပိတ်သိမ်းဖို့ အချိန်သိပ်မကျန်တော့ဘူး"
"မင်း ဒီနေရာမှာ နှစ်ငါးရာကြာ ပိတ်မိမနေချင်ရင် လျှို့ဝှက်နယ်မြေ မပိတ်ခင်မှာ နားလည်အောင် လုပ်ထား"
"ဟုတ်ပါတယ်... ဒီဂိုဏ်းချုပ်က မင်းရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးမှာပါ မရှင်းတာရှိရင် တိုက်ရိုက်သာ မေး"
ဝူဟောင်ရန်၏ စကားကို ကြားသောအခါ။
လုယွမ်က အနည်းငယ် ပြုံးကာ "အကြီးအကဲ... ကျွန်တော် တက်သွားပါပြီ" ဟု ပြောလိုက်သည်။
"ဘာ" ဝူဟောင်ရန်မှာ အံ့ဩသွားပြီး မယုံကြည်နိုင်စွာ ဖြစ်သွားသည်။ သူက စာသားများကို အခုလေးတင် ပေးလိုက်သည်မှာ အချိန်မည်မျှ ကြာသေးလို့လဲ ကျွမ်းကျင်သွားပြီတဲ့လား…
"မင်း ငါ့ကို နောက်နေတာလား အရင်တုန်းက ဒီကျင့်စဉ်ကို နားလည်သဘောပေါက်ဖို့ ငါ့ကိုယ်တိုင် တစ်လ အချိန်ပေးခဲ့ရတာ" ဝူဟောင်ရန်က လေးနက်စွာ ပြောလိုက်သည် "ဒီဂိုဏ်းချုပ်က လိမ်ညာသူတွေကို အမုန်းဆုံးပဲ"
"အကြီးအကဲ... ကျွန်တော် တကယ် မလိမ်ပါဘူး မယုံရင် စမ်းကြည့်လို့ ရပါတယ်" လုယွမ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"ဒါဆိုရင် ကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ်ကို တစ်ပတ်လည်အောင် လုပ်ပြီး မင်းရဲ့ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြစမ်း" ဝူဟောင်ရန်က ပြောလိုက်သည်။
လုယွမ်သည် ညွှန်ကြားသည့်အတိုင်း အလျင်အမြန် လုပ်ဆောင်လိုက်သည်။
ကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ်မှာ လျင်မြန်စွာ လည်ပတ်နေသည်။ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအားမှာ ယခင်ကထက်ပင် ပိုမိုပြင်းထန်နေသည်။
ဝူဟောင်ရန်သည် ဒီအရာအားလုံးကို အသေးစိတ် စူးစမ်းနေသည်။ မကြာမီပင် သူ အံ့အားသင့်သွားပြီး "မယုံနိုင်စရာပဲ... မင်းက ဒီလောက် မြန်မြန်နဲ့ ဒီနတ်ဘုရားကျင့်စဉ်ကို ကျွမ်းကျင်သွားတာပဲ"
ဖန်းလုံဂိုဏ်း၏ ဂုဏ်သရေရှိ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူသည် ထူးချွန်သော ပါရမီရှင်များစွာကို မြင်ဖူးခဲ့သည်။ သို့သော် ယခုအခါတွင်မူ သူတို့အားလုံးမှာ သူ့ရှေ့က လုယွမ်နှင့် နှိုင်းယှဉ်ပါက အမှိုက်များသာ ဖြစ်ကြောင်း သိလိုက်ရသည်။
"ကျွန်တော့်ရဲ့ အရည်အချင်းက နည်းနည်းလေးပဲ ကောင်းတာပါ" လုယွမ်က တိုးတိုးလေး ရယ်မောလိုက်သည်။
‘နည်းနည်းလေးပဲတဲ့လား…’’
"ဟားဟားဟား... အလွန်ကောင်းတယ်" ဝူဟောင်ရန်က ပို၍ ပျော်ရွှင်သွားသည်။ "ငါ မင်းကို တကယ်ပဲ အမြင်မမှားခဲ့ဘူး"
"အကြီးအကဲ... အကြီးအကဲရဲ့ ဝိညာဉ်ခန္ဓာကိုယ်က ပိုပြီး ဝါးလာသလိုပဲ" လုယွမ်က သတိပေးလိုက်သည်။
"ပုံမှန်ပါပဲ ငါက ဝိညာဉ်အကြွင်းအကျန် သက်သက်ပဲ အခု မင်းရှေ့မှာ ပေါ်လာတာက ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို အချိန်တိုင်း ကုန်ခမ်းစေတယ်" ဝူဟောင်ရန်က ပြုံးလိုက်သည် "ငါ သေဆုံးသွားပြီ..အခု ဖန်းလုံဂိုဏ်းရဲ့ စစ်မှန်တဲ့ အမွေကို ဆက်ခံမယ့် ကံကြမ္မာပါသူကို ရှာတွေ့တာက ငါ့ရဲ့ တည်ရှိခဲ့မှုရဲ့ အဓိပ္ပာယ်ပဲ"
ခရက်… ခလောက်
ချက်ချင်းပင် ဝူဟောင်ရန်က လက်ကို တချက်မြှောက်လိုက်သည်။
ခန်းမကြီးထဲတွင် လေဟာနယ် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းထဲမှ သေတ္တာတစ်လုံး ပြုတ်ကျလာပြီး လုယွမ်ရှေ့တွင် ပေါ်လာသည်။ သေတ္တာကို ဖွင့်လိုက်သောအခါ ပုလဲလုံးတစ်လုံး ပေါ်လာသည်။ ဤပုလဲမှာ ထူးဆန်းပြီး အတွင်းတွင် နဂါးတစ်ကောင် ရစ်ပတ်နေသကဲ့သို့ ဖြစ်နေသည်။
"ဒီပုလဲက ငါ့ရဲ့ ဖန်းလုံဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး ရတနာ... 'ရစ်ပတ်နဂါးပုလဲ' ပဲ" အသက်လတ်ပိုင်း အမျိုးသားက ဖြည်းညင်းစွာ ပြောလိုက်သည် "ဒီပုလဲက နတ်ဘုရားပစ္စည်း ဖြစ်ပြီး အတွင်းမှာကိုယ်ပိုင် စကြဝဠာ(ကမ္ဘာငယ်) ပါဝင်တယ်။ ဒါကို သုံးဖို့ဆိုရင် ကိုးနဂါး နတ်ဘုရားအင်ပါယာ ကျင့်စဉ်ကို ကျွမ်းကျင်ရမယ်"
"ဒါ အခု မင်းပိုင်ဆိုင်မှု ဖြစ်သွားပြီ"
"ပြီးတော့ တစ်ခု သတိပေးမယ်... မင်းမှာ လုံလောက်တဲ့ စွမ်းအား မရှိခင်အထိ ဒီနတ်ဘုရားကျင့်စဉ်နဲ့ ဒီပုလဲအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြနဲ့... မဟုတ်ရင် သေဘေးနဲ့ ကြုံရလိမ့်မယ်"
"နားလည်ပါပြီ" လုယွမ်က ပြန်ဖြေလိုက်သည်။