အခန်း ၄၇။ ဖန်းလုံခန်းမ
ကျမ်းစာတိုက်၏ ပင်မတံခါးတွင် မည်သည့် တားမြစ်ချက် များမျှ မရှိတော့သော်လည်း... အမှတ်အသားများကို ကြည့်ခြင်းအားဖြင့် ယခင်က တားမြစ်ချက်အစီအရင်များ ရှိခဲ့ပြီး နောက်ပိုင်းတွင် ဝင်ရောက်လာသော ကျင့်ကြံသူများက ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိသာသည်။
လုယွမ်သည် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။ ကျမ်းစာတိုက်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူ့မျက်စိရှေ့တွင် မြင်လိုက်ရသည့် အရာက လုယွမ်ကို ထပ်မံ၍ အံ့ဩသွားစေသည်။
အတွင်းပိုင်း မြင်ကွင်းမှာ သူ စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။
သူက အတွင်းတွင် ထားရှိသော ကျင့်စဉ်များ... တန်ခိုးစွမ်းအားများ... ကျင့်ကြံမှုနည်းလမ်းများကြောင့် မျက်စိကျိန်းလောက်အောင် ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။
သို့သော် အတွင်းတွင် စင်များလည်း မရှိသလို ကျင့်စဉ်များလည်း မတွေ့ရပေ ကျမ်းစာတိုက်တစ်ခုလုံးတွင် ဧရာမ ကျောက်တိုင်ကြီးတစ်ခုသာ ရှိသည်။
အတိုချုပ်ပြောရလျှင် ဒီကျောက်စာတိုင်သည် ကျမ်းစာတိုက်တစ်ခုလုံးတွင် တစ်ခုတည်းသော အရာဖြစ်နေသည်။
သူသည် ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။ လုယွမ်က လက်ကို ဆန့်ထုတ်၍ ထိလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျောက်တိုင်နှင့် ပတ်သက်သည့် အချက်အလက်များ သူ့မျက်စိရှေ့တွင် ပေါ်လာသည်။
【ဖန်းလုံဂိုဏ်း၏ အမွေအနှစ် ကျောက်စာတိုင် (ကူးယူနိုင်သည်)】
"ဒီဖန်းလုံဂိုဏ်းက တကယ်ကို ထက်မြက်လွန်းတယ်။ ဂိုဏ်းရဲ့ အမွေအနှစ်အားလုံးကို ဒီကျောက်တိုင်ထဲမှာ ထည့်ထားမယ်လို့ မထင်ထားမိဘူး။ ကံကြမ္မာပါသူတွေသာ ဒီထဲက အခွင့်အရေးနဲ့ အမွေအနှစ်တွေကို နားလည်သဘောပေါက်နိုင်လိမ့်မယ်" လုယွမ်သည် မနေနိုင်ဘဲ အော်ပြောလိုက်မိသည်။
ဖန်းလုံတောင်ထဲသို့ ဝင်လာကတည်းက သူမြင်တွေ့ခဲ့ရသည့် အရာများစွာက လုယွမ်ကို တောက်လျှောက် တုန်လှုပ်စေခဲ့သည်။
ဒါကို မြင်သောအခါ လုယွမ်သည် ချက်ချင်းပင် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူသည် ကျောက်တိုင်ကို မျက်နှာမူကာ နားလည်သဘောပေါက်ရန် ကြိုးစားရင်း သူကံကောင်းသူ ဟုတ်မဟုတ် စမ်းသပ်ကြည့်လိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။
လုယွမ် မျက်လုံးပြန်ဖွင့်လိုက်သောအခါ သက်ပြင်းချလိုက်မိသည်။ "ငါနဲ့ ဒီအမွေအနှစ်နဲ့ ဘာမှ မသက်ဆိုင်ဘူး ထင်တယ် ပြီးတော့ ဒီကျောက်တိုင်ထဲက အမွေအနှစ်ကို နားလည်သဘောပေါက်သွားရင်တောင်မှ ဖြည်းဖြည်းချင်း ကျင့်ကြံနေရဦးမှာဆိုတော့ အတော်လေး ရှုပ်ထွေးလွန်းတယ်"
"ဒီအတိုင်းဆိုရင်တော့ ကူးယူပြီး အပြင်ကို ယူသွားတာပဲ ကောင်းမယ်… ပြီးရင် ဒီကျောက်တိုင်ထဲက အမွေအနှစ်ကို ဘယ်သူက အောင်မြင်စွာ နားလည်သဘောပေါက်ပြီး ကျွမ်းကျင်သွားမလဲ... အဲဒီသူဆီကပဲ ငါက ပြန်ပြီး ကူးယူ လိုက်မယ်ဆိုရင် ငါ ကိုယ်တိုင် ကျင့်ကြံစရာ မလိုတော့ဘူး ဘယ်လောက်တောင်လွယ်လဲ.. အဟက်…"
လုယွမ်သည် ခေါင်းညိတ်လိုက်သည်။ ဒီအကြံမှာ အလွန်ပင် ကောင်းမွန်သည်ဟု သူခံစားလိုက်ရသည် သူသည် ထရပ်လိုက်ပြီး ကျမ်းစာတိုက်ထဲမှ လျင်မြန်စွာ ထွက်လာခဲ့သည်။
နောက်ပိုင်းအချိန်များတွင် လုယွမ်သည် ဖန်းလုံဂိုဏ်း၏ နေရာတစ်ခုပြီးတစ်ခုကို ဆက်လက် စူးစမ်းခဲ့သည်။
အချိန်ကုန်ဆုံးသည်နှင့်အမျှ လုယွမ်သည် ဖန်းလုံဂိုဏ်း၏ ဆေးဖော်စပ်ရာနေရာ... လက်နက်ပြုလုပ်ရာနေရာ... တားမြစ်ချက်အစီအရင် ခန်းမလို နေရာများကို အောင်မြင်စွာ ရှာတွေ့ခဲ့ပြီး နေရာတိုင်းတွင် သက်ဆိုင်ရာ အမွေအနှစ်များ ရှိနေသည်။
သို့သော် ဤအမွေအနှစ်များကို ကျွမ်းကျင်စေရန်မှာ ကျင့်ကြံသူ၏ ကိုယ်ပိုင် နားလည်နိုင်စွမ်းနှင့် ကံကောင်းမှုအပေါ် မူတည်သည်။
ဒီအတိုင်းဆိုလျှင်...
ကျင့်ကြံသူတစ်ယောက်သည် ဖန်းလုံဂိုဏ်းထဲ ဝင်ရောက်နိုင်ရန် မည်မျှပင် ပေးဆပ်ခဲ့ပါစေ... အဆုံးတွင် ဘာမျှမရဘဲ ပြန်ထွက်သွားရမည်ဆိုပါက အတော်လေး ဆိုးရွားလှသည်။ လုယွမ်သည် ခေါင်းခါရင်း တိုးတိုးလေး ရယ်မောလိုက်သည်။
အပေါ်သို့ ဆက်တက်သွားရာ...
လုယွမ်သည် ဖန်းလုံတောင်၏ ထိပ်ဖျားသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ သူ့ရှေ့ရှိ ဖန်းလုံဂိုဏ်း ပင်မခန်းမမှာ ပြိုင်ဘက်ကင်းအောင် ခမ်းနားလှသည်။
ထိုနေရာတွင် ရပ်လိုက်သည်နှင့် လုယွမ်သည် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ဤဖိအားကို ရင်ဆိုင်ရပါက အခြားကျင့်ကြံသူအချို့မှာ ဒူးထောက်သွားနိုင်သည် သို့သော် လုယွမ်မှာမူ ထိုဖိအားကို ရင်ဆိုင်ရာတွင် အလွန်ပင် ပေါ့ပါးနေသည်။
သူ အပေါ်သို့ မော့ကြည့်လိုက်သည်။ ကမ္ပည်းပြားပေါ်ရှိ "ဖန်းလုံခန်းမ" ဟူသော စာလုံးကြီးသုံးလုံးမှာ အထူးပင် ထင်ရှားနေသည်။
ထိုစာလုံးသုံးလုံးတွင် နက်နဲသော တာအို အနှစ်သာရများ လွှမ်းခြုံနေသည်။ တစ်စုံတစ်ယောက်သည် ဒီစာလုံးထဲရှိ တာအို အနှစ်သာရကို နားလည်သဘောပေါက်ပါက သူတို့၏ ကျင့်ကြံမှုအဆင့်မှာ ချက်ချင်းဆိုသလို အဆင့်တက်သွားမှာ အသေအချာပင်။
"ဒီလောက်ကြာအောင် စူးစမ်းခဲ့တာ... ဖန်းလုံဂိုဏ်းရဲ့ နေရာတော်တော်များများမှာ အခွင့်အရေးတွေ ရှိနေတယ်... ဒါပေမဲ့ ရှာတွေ့နိုင်မလားဆိုတာကတော့ တစ်ဦးချင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်... တကယ်ပါပဲ... အခွင့်အရေးဆိုတာ ကံကြမ္မာပါသူတွေပဲ ရနိုင်တာ" လုယွမ်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။
ဥပမာအားဖြင့်... အချို့လူများဆိုလျှင် အခွင့်အရေး သို့မဟုတ် ရတနာတစ်ခု သူတို့ရှေ့တည့်တည့်မှာ ရှိနေရင်တောင်မှ သာမန်အရာဟုသာ ထင်မှတ်ပြီး ရှာမတွေ့နိုင်ကြပေ။
၎င်းက သူတို့တွင် ကံကြမ္မာ မပါရှိကြောင်း သက်သေပြနေသည်။ သူ့ရှေ့ရှိ ဖန်းလုံခန်းမ၏ ပင်မတံခါးမှာ ပွင့်ဟနေပြီး လူအများ ဝင်ရောက်ခဲ့ဖူးကြောင်း ပြသနေသည်။
"ဒီဖန်းလုံခန်းမထဲမှာ ဘယ်လို အခွင့်အရေးမျိုးတွေ... ကံကောင်းခြင်းမျိုးတွေ ရှိမလဲ" လုယွမ်သည် စိတ်ဝင်စားသွားပြီး အထဲသို့ ချက်ချင်း ဝင်လိုက်သည်။
နန်းတော်တံခါးကို ဖြတ်ကျော်လိုက်သည့် အခိုက်အတန့်တွင် သူသည် ထူးဆန်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
သူ တစ်စုံတစ်ခုက သူ့ကို စိုက်ကြည့်နေသကဲ့သို့ပင် ထင်ယောင်ထင်မှား ဖြစ်မိသည်။
ထိတ်လန့်စရာ ရုပ်ရှင်ကြည့်ပြီးနောက် တောအုပ်ထဲတွင် တစ်ယောက်တည်း လမ်းလျှောက်နေရသကဲ့သို့ ကျောချမ်းစရာ... တစ်စုံတစ်ယောက်က စောင့်ကြည့်နေသကဲ့သို့ ခံစားချက်မျိုး ဖြစ်သည်။
ဖန်းလုံခန်းမထဲသို့ ဝင်ပြီးနောက်...
အရာအားလုံးမှာ ထူးခြားလှသည်။ အထူးသဖြင့် ဧရာမ နဂါးရစ်ပတ်တိုင်များမှာ အလွန်ကြီးမားသော တည်ရှိမှု ရှိနေသည်။
သို့သော်... ဖန်းလုံခန်းမမှာလည်း လုံးဝ ဗလာကျင်းနေသည်။ သူသည် ရတနာ တစ်စုံတစ်ရာကိုမျှ မတွေ့ရပေ။
သူခန့်မှန်းသည်မှာ ယူသွားနိုင်သမျှ အရာအားလုံးကို ယခင်ဝင်ရောက်ခဲ့ကြသော ကျင့်ကြံသူများက ယူဆောင်သွားပြီး ဖြစ်လိမ့်မည်။
ဖန်းလုံလျှို့ဝှက်နယ်မြေမှာ အကြိမ်ကြိမ် ပွင့်ခဲ့ပြီးပြီ ဖြစ်ရာ အကြိမ်တိုင်းတွင် ကျင့်ကြံသူအများအပြား ဝင်ရောက်ခဲ့ကြသည်။
"ငါ အစအဆုံး ရှာခဲ့တာ... ဆေးဖော်စပ်တဲ့ခန်းမ နေရာအထိတောင် စစ်ဆေးခဲ့တာ... ဒါပေမဲ့ နတ်ဝိညာဉ်အဆင့် ဖောက်ထွက်နိုင်မယ့် ဆေးလုံးရဲ့ အရိပ်အယောင်တောင် မတွေ့ဘူး... ဖန်းလုံဂိုဏ်းမှာ အဲဒီဆေးလုံးတွေ ရှိတယ်လို့ ပြောကြပေမဲ့ အခုတော့ ရှာရခက်နေတာပဲ" လုယွမ်က ခေါင်းခါလိုက်သည်။
ခြေလှမ်းကျယ်ကျယ်ဖြင့် ရှေ့သို့ တိုးသွားလိုက်သည်။ သူသည် ထိပ်ဆုံးတွင် ရှိနေသော ရာဇပလ္လင်ရှေ့သို့ ရောက်ရှိသွားသည်။
ထို့နောက် နောက်သို့ လှည့်လိုက်ပြီး ပလ္လင်ပေါ်တွင် တိုက်ရိုက် ထိုင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရာဇပလ္လင်ပေါ်တွင် ထိုင်၍ အဝေးကို လှမ်းကြည့်လိုက်သောအခါ လုယွမ် အံ့ဩသွားမိသည်။ "ဒီမှာ ထိုင်လိုက်တာနဲ့ ဒီလို ခံစားရမယ်လို့ မထင်ထားခဲ့မိဘူး တစ်ကမ္ဘာလုံး ငါ့ လက်ထဲမှာ ရှိနေသလိုမျိုးပဲ..."
"ဟင်"
ထိုအချိန်တွင်ပင်။
ရုတ်တရက်။
လုယွမ်သည် အရေးကြီးသော ရှာဖွေတွေ့ရှိမှု တစ်ခုကို မြင်လိုက်မိသည်။ ပင်မခန်းမထဲရှိ နဂါးရစ်ပတ်တိုင်များ၏ တည်နေရာမှာ အဓိပ္ပာယ်ရှိပုံရသည်။
"နေပါဦး... ဒီနဂါးရစ်ပတ်တိုင်တွေအားလုံးက တားမြစ်ချက်အစီအရင်ရဲ့ အချက်အချာနေရာတွေပဲ ဒီခန်းမကြီးတစ်ခုလုံးမှာ အထူး တားမြစ်ချက်အစီအရင်တစ်ခုကို တည်ဆောက်ထားတာပဲ" လုယွမ်က အံ့ဩစွာ ပြောလိုက်သည်။
"ကံကောင်းလို့ ငါ တားမြစ်ချက်အစီအရင်ဆိုင်ရာ ဗဟုသုတကို ကျွမ်းကျင်ထားလို့... မဟုတ်ရင် ရှာတွေ့ဖို့ တကယ်ကို ခက်ခဲလိမ့်မယ်"
ခန်းမ၏ ဗဟိုချက်သို့ ရောက်ရှိသွားသောအခါ လုယွမ်သည် ဝိညာဉ်ကျောက်တုံး အများအပြားကို အလျင်အမြန် ထုတ်ယူလိုက်သည်။
လုယွမ်၏ ထိန်းချုပ်မှုအောက်တွင် ဝိညာဉ်ကျောက်တုံးများသည် သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး နဂါးရစ်ပတ်တိုင်များဆီသို့ တိုက်ရိုက် စီးဆင်းသွားသည်။ ကြီးမားသော စွမ်းအင်များကို စုပ်ယူပြီးနောက် နဂါးရစ်ပတ်တိုင်များသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ဂရား..ဟိန်း... ၀ဟိန်း... ဟိန်း
ချက်ချင်းဆိုသလိုပင် နဂါးဟိန်းသံများစွာကို ကြားလိုက်ရသည်။ နဂါးရစ်ပတ်တိုင်များတွင် ထွင်းထုထားသော စစ်မှန်သော နဂါးများမှာ အသက်ဝင်လာသကဲ့သို့ ဖြစ်သည်။
တားမြစ်ချက်အစီအရင်မှာ ချက်ချင်း အသက်ဝင်လာပြီး လည်ပတ်နေသည်။ ခန်းမထဲရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များမှာ မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် စုစည်းလာသည်။
ပေါက်ကွဲထွက်လာသော အလင်းရောင်က ခန်းမတစ်ခုလုံးကို လင်းလက်သွားစေသည်။ အလင်းရောင်မှာ အလွန်ပင် ပြင်းထန်လွန်းသဖြင့် လုယွမ်သည် မျက်လုံးကိုပင် ဖွင့်၍ မရတော့ပေ။
"ဟားဟားဟား... ဘယ်သူက ထင်မှာလဲ... ဘယ်သူက ထင်မှာလဲ... ဒီနေရာမှာ ငါ တည်ဆောက်ထားတဲ့ ကြီးမားတဲ့ တားမြစ်ချက်အစီအရင်ကို နောက်ဆုံးတော့ တစ်ယောက်ယောက်က ရှာတွေ့သွားပြီပေါ့..." အလွန်ပင် ခန့်ညားသော အသံတစ်ခုမှာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
အလင်းရောင်များ မှေးမှိန်လျော့ပါးသွားမှသာ လုယွမ်သည် မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ သူ့ရှေ့တွင် ဧရာမ အလင်းလုံးကြီးတစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။ ထိုအလင်းလုံးထဲတွင် လူရုပ်ပုံတစ်ခု ပေါ်ထွက်လာသည်။
"ငါ ရှေးဟောင်း ဘီလူးတစ်ကောင်ကို မတော်တဆ လွှတ်ပေးလိုက်မိတာ မဟုတ်ပါစေနဲ့" လုယွမ်သည် တည်ကြည်သွားပြီး ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည် အခြေအနေ မကောင်းလျှင် လုယွမ်သည် သူ့၏ အစွမ်းအထက်ဆုံး နည်းပညာကို ချက်ချင်း ထုတ်သုံးတော့မည် ဖြစ်သည်။