အခန်း (၄၅) ကောင်းကင်သို့တက်သည့် လှေကား
ကောင်းကင်သို့တက်သည့် လှေကား တစ်ခုလုံးမှာ ထူးခြားသော ပစ္စည်းများဖြင့် အထူးပြုလုပ်ထားပုံရပြီး လှေကားထစ်တိုင်းတွင် လျှို့ဝှက်ဆန်းကြယ်၍ ရှေးကျသော ပုံစံများဖြင့် ဖုံးလွှမ်းထားသည်မှာ ထင်ရှားသည်။
"ဒီကောင်းကင်သို့တက်သည့် လှေကားက စမ်းသပ်မှုတွေအတွက် သီးသန့်ဖြစ်တယ် ဒါဟာ တစ်ယောက်ရဲ့ စွမ်းအားကို စမ်းသပ်တာတင်မကဘဲ... လှေကားပေါ်မှာ အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတွေလည်း ရှိနိုင်ပြီး ထင်ယောင်ထင်မှားဖြစ်စေတဲ့ အရာတွေထဲကို မသိလိုက်ဘဲ ရောက်သွားနိုင်တယ်" ဟု လုယွမ်က ဖြည်းညင်းစွာ ပြောသည်။
အရင်တုန်းက အလုပ်မရှိသည့်အခါမျိုးတွင် လုယွမ်သည် စာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးသည်။
ထိုစာအုပ်များထဲတွင် ဂိုဏ်းများက တပည့်များကို စမ်းသပ်လေ့ရှိသည့် နည်းလမ်းများစွာကို မှတ်တမ်းတင်ထားသည်။
သူတို့ရှေ့ရှိ ကောင်းကင်သို့တက်သည့် လှေကားသည် ရှေးခေတ်မှ ယနေ့တိုင် အသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်သည်။
"ဒါကြောင့် ဒီကောင်းကင်သို့တက်သည့် လှေကားအတွက်တော့ ကိုယ့်အားကိုယ်ပဲ ကိုးရမယ်" လုယွမ်သည် ထိုနှစ်ဦးကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"ဂျူနီယာ ဝေ... ဂျူနီယာ ရွှယ်…ဒီလှေကားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်"
"ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်" ရွှယ်ယောင်က စိတ်အားထက်သန်စွာ ပြန်ဖြေသည်။
"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်" ဝေယန်ဖုန်းကလည်း အလျင်အမြန်ပင် ပြန်ပြောသည်။
"ကောင်းပြီ... ဒါဆို စကြရအောင်" လုယွမ်သည် ချက်ချင်း ရှေ့ကို တိုးလိုက်သည်။
သူသည် ကောင်းကင်သို့တက်သည့် လှေကား၏ ပထမဆုံး လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်။ ထိုလှေကားထစ်ပေါ်သို့ တက်လိုက်ပြီးနောက် လုယွမ်သည် ဘာမျှ မခံစားလိုက်ရပေ။ သူသည် နောက်ထပ် လှေကားထစ်များကို တစ်ဆင့်ပြီးတစ်ဆင့် အေးအေးဆေးဆေးပင် လျှောက်တက်သွားသည်။ အလွန်ပင် လွယ်ကူနေသည်။
"အစပိုင်းမှာတော့ ဘာမှ ခံစားရမှာ မဟုတ်ဘူး ထင်တယ်" ၎င်းကိုမြင်သောအခါ လုယွမ်က ခန့်မှန်းလိုက်သည်။
သို့သော်လည်း။
ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့သည် ပထမဆုံး ကျောက်လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။
သူတို့သည် ပိုမိုမြင့်မားသော လှေကားထစ်သို့ တက်တိုင်း ဖိအားမှာ ပိုမိုပြင်းထန်လာသည်။ တောင်ကုန်းငယ်တစ်ခုက ဖိထားသကဲ့သို့ ဖြစ်နေရာမှ ရုတ်တရက် တောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်...
"စီနီယာလုယွမ်ကတော့ တကယ်ကို စီနီယာလုယွမ်ပါပဲ... ဒီလှေကားပေါ်မှာ သူက သိပ်ကို ပေါ့ပါးနေတာပဲ" လုယွမ်သည် အားစိုက်ထုတ်စရာမလိုဘဲ လှေကားထစ်များကို တက်နေသည်ကို မြင်ရသောအခါ ဝေယန်ဖုန်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဒီအချက်မှစ၍ သူနှင့် လုယွမ်ကြားတွင် ခြားနားချက်မှာ အလွန်ပင် ကြီးမားလွန်းကြောင်း သူ ပိုမိုရှင်းလင်းစွာ နားလည်လာသည်။
ရွှယ်ယောင်သည်လည်း သူ၏အထက်ရှိ လုယွမ်ကို ကြည့်ရင်း သူသည် သူမနှင့် ဝေးကွာနေသည့်အလား ခံစားလိုက်ရသည်။
ယခင်က သူမသည် လုယွမ်နှင့်ကြားရှိ အကွာအဝေးကို တတ်နိုင်သမျှ လျှော့ချရန် ကြိုးပမ်းခဲ့သော်လည်း ယခုအခါတွင်တော့ သူနှင့်သူမကြားမှ အကွာအဝေးမှာ ပိုမိုဝေးကွာသွားသကဲ့သို့ပင်။
သူမ တိမ်းညွတ်၍မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေသည်။
ထိုအချိန်တွင် လုယွမ်သည် နောက်သို့ လှည့်ကြည့်လိုက်သည်။ ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့ ဘာဖြစ်နေသလဲ ဆိုသည်ကို သူ သိချင်သည်။
လှည့်ကြည့်လိုက်သောအခါ သူနှင့် ထိုနှစ်ဦးကြားရှိ အကွာအဝေးမှာ အတော်လေး ဝေးကွာနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့ပြင် ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့ နှစ်ဦးစလုံးမှာ နာကျင်နေသည့် အမူအရာများဖြင့် ဖြစ်နေသည်။
"ဘာတွေဖြစ်နေတာလဲ ဒီလှေကားက သူတို့ကိုတော့ ထိခိုက်နေပုံရတယ်... ငါကျတော့ ဘာမှ မဖြစ်ပါလား" လုယွမ်က အံ့ဩတကြီးဖြင့် လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
"ငါရဲ့ အတွေ့အကြုံ နည်းနေသေးတာပဲ... မဟုတ်ရင် ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မသိဘဲ မနေဘူးပေါ့" လုယွမ်က ခေါင်းခါရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဘာပဲဖြစ်ဖြစ်... ဘာပဲ ပြောပြော။
ကောင်းကင် လှေကားသည် သူ့ကို ဘာမျှ မထိခိုက်နိုင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဒီအရာကမှာ ကောင်းသော အချက်ဖြစ်သည်။ ဒါက သူ့ကို လှေကားထစ်များကို ပိုမိုမြန်ဆန်စွာ ဖြတ်ကျော်နိုင်စေပြီး ဖန်းလုံတောင်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်စေမည် ဖြစ်သည်။
"စီနီယာလုယွမ်... ကျွန်တော်တို့နှစ်ယောက်အတွက် စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဒီလှေကားကို အောင်မြင်အောင် ဖြတ်ကျော်မှာပါ... စီနီယာအရင်သွားနှင့်ပါ" ဝေယန်ဖုန်းသည် လုယွမ် သူ့ကို စောင့်နေသည်ဟု ထင်ရသဖြင့် အပေါ်သို့ မော့ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ကောင်းပြီ... အပေါ်မှာ စောင့်နေမယ်" လုယွမ်က ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပင် လုယွမ်သည် ပိုမိုမြန်ဆန်စွာ လမ်းလျှောက်တက်သွားသည်။
ခြေလှမ်းတိုင်းမှာ အလွန်ပင် လွယ်ကူနေသည်။ ဖြည်းဖြည်းချင်းပင် ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့ ထပ်မော့ကြည့်လိုက်သည့်အခါ လုယွမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့ကြားရှိ အကွာအဝေးမှာလည်း တဖြည်းဖြည်း ဝေးကွာလာသည်။
ရွှယ်ယောင်သည် ကျင့်ကြံမှု အားနည်းဆုံး ဖြစ်သဖြင့် ဝေယန်ဖုန်း၏ နောက်တွင် ရှိနေသည်။
သူတို့နှစ်ဦးစလုံးသည် တစ်ကိုယ်လုံး ပေါက်ကွဲတော့မည့်အလား မသက်မသာ ဖြစ်နေကြသော်လည်း သူတို့ စွဲမြဲစွာ ကြိုးစားလေလေ... သူတို့၏ ရုပ်ခန္ဓာကိုယ်မှာ ပိုမိုကောင်းမွန်လာလေလေ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ဤလှေကားကို အောင်မြင်စွာ မဖြတ်ကျော်နိုင်ပါကလည်း ခန္ဓာကိုယ်ကို သန်မာတိုးတက်စေခြင်းမှာ အမြတ်တစ်ခုပင် ဖြစ်သည်။
ဟုတ်ပါသည်။
သူတို့နှစ်ဦးစလုံးမှာ ကျင့်ကြံခြင်း၌ ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် ဒီလှေကားတွင် ရပ်တန့်သွားရန် မလိုလားကြပေ။ ဝေယန်ဖုန်းဖြစ်စေ... ရွှယ်ယောင်ဖြစ်စေ နှစ်ဦးစလုံးမှာ အစွမ်းကုန် ကြိုးပမ်းနေကြသည်။ သူတို့စိတ်ထဲတွင် 'အောင်မြင်အောင် တက်ရမည်' ဟူသော ယုံကြည်ချက် တစ်ခုသာ ရှိသည်။
ဘုန်း ဘုန်း…
နောက်တစ်စက္ကန့်တွင် မိုးကြိုးသံများ ကျဆင်းလာသည်။ ရွှယ်ယောင်သည် အပေါ်ကို မော့ကြည့်လိုက်သည်။
ဝေယန်ဖုန်း တက်နေသည့် လှေကားထစ်များတွင် မိုးကြိုးများထူထပ်စွာ ကျရောက်နေသည်ကို သူမ မြင်ရသည်။
ထိုအားကောင်းသော မိုးကြိုးများကို ရင်ဆိုင်ရင်း ဝေယန်ဖုန်းသည် ခုခံကာကွယ်သည့် မှော်ရတနာကို ထုတ်ယူကာ ပိတ်ဆို့လိုက်သည်။ သူသည် တစ်ဆင့်ပြီးတစ်ဆင့် ဆက်တက်သည်။
"ဒီလှေကားက တကယ်ကို မရိုးရှင်းဘူး။ ဒီလောက်ပြင်းထန်တဲ့ ဖိအားတွေ... ကြောက်မက်ဖွယ် မိုးကြိုးတွေ..." ရွှယ်ယောင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူမလည်း မကြာမီ ထိုမိုးကြိုးများကို ဖြတ်ကျော်ရတော့မည် ဖြစ်သည်။
မိုးကြိုးများ ပြည့်နှက်နေသည့် လှေကားထစ်များကို ဖြတ်ကျော်ပြီးနောက်။
ချက်ချင်းပင် ဝေယန်ဖုန်းသည် ပြင်းထန်သော အအေးဒဏ်နှင့် ကြုံတွေ့ရပြန်သည်။ အရာအားလုံးကို အေးခဲစေနိုင်သည့်အလား သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချက်ချင်းဆိုသလို အေးခဲသွားသည်။
ကံကောင်းစွာဖြင့် ဝေယန်ဖုန်းသည် အချိန်မီ သတိပြုမိသဖြင့် သူ၏ ဝိညာဉ်စွမ်းအားများကို ပေါက်ကွဲစေကာ ခန္ဓာကိုယ်ပေါ်မှ ရေခဲများကို ဖယ်ရှားလိုက်သည်။
"မီးရုပ်သေး... ထွက်ခဲ့" ဝေယန်ဖုန်း၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ရုပ်သေးရုပ်တစ်ရုပ် ပေါ်လာသည်။ ဤရုပ်သေးမှာ တစ်ကိုယ်လုံးမှ မီးလျှံများ တောက်လောင်နေပြီး ပတ်ဝန်းကျင်မှ ရေခဲများကို လျင်မြန်စွာ အရည်ပျော်စေသည်။ သို့သော်လည်း အနည်းငယ် ထပ်တက်ပြီးနောက် မီးတောက်နေသော ရုပ်သေးရုပ်ပင်လျှင် အေးခဲသွားတော့သည်။
"ဒီနေရာက အအေးဓာတ်က ကြောက်ဖို့ကောင်းတယ်...အမြုတေဖြစ်တည်ခြင်း အဆင့် အလယ်ပိုင်းက မီးရုပ်သေးတောင် တန်းအေးခဲသွားတယ်" ဝေယန်ဖုန်းက အသက်ပြင်းပြင်းရှူကာ ဒီလှေကား၏ ခက်ခဲမှုကို ပိုမိုနားလည်သွားသည်။ ဤပြင်းထန်သော အအေးဒဏ်ကို ရင်ဆိုင်ရန် သူတတ်နိုင်သမျှ နည်းလမ်းအားလုံးကို သုံးကာ ခုခံလိုက်ရသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိ။ သူသည် အအေးဒဏ် ပြင်းထန်သည့် လှေကားထစ်များကို နောက်ဆုံးတွင် ဖြတ်ကျော်နိုင်ခဲ့သည်။
သို့သော် အသက်ကိုပင် မဝအောင် မရှူလိုက်ရသေးခင်မှာပင် အပေါ်မှ လေပြင်းများ တဟုန်ထိုး တိုက်ခတ်လာသည်။ တိုက်ခတ်လာသော လေပြင်းများသည် အလွန်ထက်မြက်သော ဓားချက်ကဲ့သို့ စွမ်းအားရှိပြီး ဝေယန်ဖုန်း၏ အဝတ်အစားများ စုတ်ပြဲကာ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရသွားသည်။
"ဘယ်လောက်တောင် ထက်ရှတဲ့ လေပြင်းတွေလဲ" ဝေယန်ဖုန်းက ခုခံကာကွယ်သည့် မှော်ရတနာကို ရှေ့တွင် အလျင်အမြန် ထားလိုက်ပြီး ဝိညာဉ်စွမ်းအားများကို အားကုန်သုံးကာ ခုခံလိုက်သည်။ သို့သော် ၎င်းမှာ ဝိညာဉ်စွမ်းအားကို အလွန်အမင်း ကုန်ကျစေသည်။ "ကံကောင်းလို့ ဆေးလုံးတွေ အလုံအလောက် ပြင်ဆင်လာလို့ပဲ... မဟုတ်ရင် ဝိညာဉ်စွမ်းအား ကုန်သွားရင်တော့ ကျရှုံးမှာပဲ"
သူ ရှေ့ဆက်တက်ရင်း နောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ရွှယ်ယောင်၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် “ဂျူနီယာ ရွှယ်... အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်" ဟု ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ ထို့နောက်တွင်တော့ သူသည် ကြောက်မက်ဖွယ် လေပြင်းများကို အံတုရင်း ခြေလှမ်းတစ်လှမ်းချင်းစီ ခက်ခက်ခဲခဲ တက်လှမ်းသွားတော့သည်။