အခန်း (၄၃) ဖန်းလုံတောင်၏ ဦးတည်ရာကို အတည်ပြုခြင်း
"ငါတို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံရတာ ကံကောင်းခြင်းတစ်ခုပဲ" လုယွမ်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ဝေယန်ဖုန်းနှင့်သာ မတွေ့ဆုံခဲ့ပါက ထိုမျှအရေးပါသော သတင်းအချက်အလက်များ ရှိနေကြောင်း သူတို့ ဘယ်သောအခါမှ သိရှိနိုင်မည်မဟုတ်ပေ။
"ဒီလိုဆိုရင်တော့ အဲဒီတောင်ကြီးဆီကို တန်းသွားမယ်... ဦးတည်ချက်ကို အတည်ပြုပြီး ဖန်းလုံတောင်ဆီကို ရှာကြမယ်" လုယွမ်က ဆုံးဖြတ်ချက်ချလိုက်သည်။
"ဟုတ်ကဲ့" ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့နှစ်ဦးစလုံးက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။
ထိုသုံးဦးတို့သည် အလျင်အမြန်ပင် ခရီးဆက်ခဲ့ကြသည်။ လမ်းခရီးတွင် သူတို့တွေ့သမျှ သားရဲများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
လူသုံးဦးပါဝင်သော အဖွဲ့ဖြစ်သည့်အတွက် 'လူသတ်ပြီး ပစ္စည်းလုယက်ရန်' ကြံစည်နေသူများမှာလည်း လှုပ်ရှားရဲခြင်း မရှိကြပေ။
လူသတ်လုယက်ခြင်းဆိုသည်မှာ အန္တရာယ်ကြီးမားလှပြီး လုယွမ်တို့အဖွဲ့မှာ သုံးယောက်ဖြစ်သည့်အတွက် ထိုအန္တရာယ်မှာ ပို ကြီးမားနေသည်။
လုယက်သူများ သည် များသောအားဖြင့် တစ်ယောက်တည်း သွားလာနေသော ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားလေ့ရှိကြသည်။
နာရီအနည်းငယ် ကြာပြီးနောက်။
လုယွမ်တို့အဖွဲ့သည် မြေပုံ၏ အဆုံးတွင်ရှိသော တောင်ကြီးကို အလျင်အမြန် အတည်ပြုနိုင်ခဲ့ပြီး တောင်ထိပ်သို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။
တောင်ကြီးပေါ်တွင်လည်း စွမ်းအင်သတ္တိ ကြွယ်ဝသော သစ်ပင်ကြီးတစ်ပင် ရှိနေသည်။
ထိုအချိန်တွင် တောင်ထိပ်၌ အမြုတေဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူ ဒါဇင်နှင့်ချီကာ သစ်ပင်ကြီးကို ဝိုင်းရံထိုင်နေကြပြီး ထိုသစ်ပင်အတွင်းရှိ စွမ်းအင်များကို အကောင်းဆုံး စုပ်ယူသန့်စင်နေကြသည်။
"စီနီယာလုယွမ်... ဒါက မှန်ကန်တဲ့ နေရာပဲ ဖြစ်ရမယ်" တောင်ထိပ်သို့ ရောက်ပြီးနောက် ရွှယ်ယောင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဖန်းလုံတောင်ဘက်သို့ ဦးတည်ကြောင်း ချက်ချင်း အတည်ပြုလိုက်သည်။
"ဒီတောင်ထိပ်မှာ ဒီလိုထူးခြားတဲ့ သစ်ပင်ကြီး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
ဝေယန်ဖုန်းက ပထမဆုံးအကြိမ် မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဂျူနီယာ ဝေ... ဒီစွမ်းအင်တွေကို စုပ်ယူသန့်စင်ကြည့်မလား မင်းအတွက် အကျိုးရှိလိမ့်မယ်" လုယွမ်က အခြေအနေကိုကြည့်ပြီး အကြံပေးလိုက်သည်။
"အချိန်မဖြုန်းကြပါနဲ့... ကျွန်တော် မလိုပါဘူး" ဝေယန်ဖုန်းက ခေါင်းခါလိုက်သည်။
သူသည် ဒီစွမ်းအင်များသည် ကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ်ကို ပိုမိုကောင်းမွန်စေနိုင်ကြောင်း သိရှိနေသည်။
သူ အမှန်တကယ် လိုချင်သော်လည်း ပိုမိုကြီးမားသော ပန်းတိုင်ကိုသာ အလေးထားနေမိသည်။ ဖန်းလုံတောင်ကို သွားရောက်ရန်မှာ ပို၍ အရေးကြီးသည်။
"ရပါတယ်... အခုအချိန်မှာ ကျွန်တော်တို့ ပိုနေတာက အချိန်ပါပဲ မင်းအရင် စုပ်ယူသန့်စင်လိုက်ပါ ဂျူနီယာ ညီမရွှယ်ယောင်နဲ့ ငါလည်း နည်းနည်းလောက် စုပ်ယူလိုက်ဦးမယ်" လုယွမ်က ရယ်မောရင်း ပြောလိုက်သည်။
"ဒီလို သန့်စင်တဲ့ စွမ်းအင်မျိုးကို အပြင်မှာ ရှာဖို့ ခက်ခဲတယ် ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့"
"ဟုတ်တယ် စီနီယာ" ရွှယ်ယောင်ကလည်း အမြန်ပင် ထောက်ခံလိုက်သည်။
သူတို့နှစ်ဦးစလုံးက တိုက်တွန်းနေသည်ကို မြင်သောအခါ ဝေယန်ဖုန်းက "ကောင်းပါပြီ... စီနီယာစကားအတိုင်း လုပ်ပါ့မယ်" ဟု ခေါင်းညိတ်လိုက်သည်။
သူသည် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ လုယွမ်သည် သူ့ကို ပိုမိုသန်မာစေချင်သည့် ရည်ရွယ်ချက်ဖြင့် ဒီလိုလုပ်ပေးနေခြင်းဖြစ်ကြောင်း သူကောင်းစွာ သိရှိသည်။
ချက်ချင်းပင် သူတို့သုံးဦးသည် တင်ပလ္လင်ခွေ ထိုင်ချလိုက်ကြသည်။ ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့သည် အလျင်အမြန်ပင် သူတို့၏ ကျင့်စဉ်များကို လည်ပတ်ကာ သစ်ပင်ကြီးထဲရှိ စွမ်းအင်များကို အပြင်းအထန် စုပ်ယူသန့်စင်နေကြသည်။
သူတို့နှစ်ဦး ရောက်လာခြင်းကြောင့် အခြားကျင့်ကြံသူများလည်း စွမ်းအင်ကို ပိုမိုမြန်ဆန်စွာ စုပ်ယူရန် ကြိုးပမ်းလာကြသည်။
လုယွမ်ကမူ အားလုံးကို ငေးကြည့်နေသည်။ သူသာ စုပ်ယူလိုက်မည်ဆိုပါက ဤသစ်ပင်ကြီးထဲရှိ စွမ်းအင်များမှာ အသက်ရှူနှုန်း အနည်းငယ်အတွင်းမှာပင် သူ့တစ်ယောက်တည်းကြောင့် ကုန်စင်သွားလိမ့်မည်ကို သူ စိုးရိမ်နေသည်။
ထို့ကြောင့် ဝေယန်ဖုန်းတို့ စုပ်ယူပြီးသည်အထိ စောင့်ဆိုင်းပြီးမှ သူစတင်ရန် ဆုံးဖြတ်လိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ရှိနေသည့် ကျင့်ကြံသူအားလုံးမှာ အမြုတေဖြစ်တည်ခြင်း အဆင့် အလယ်ပိုင်းမှ နောက်ဆုံးပိုင်းအထိ ဖြစ်ကြသည်။
ထို့ပြင် သူတို့အားလုံးမှာ ငယ်ရွယ်ကြပြီး အခြားဂိုဏ်းကြီးများမှ ပါရမီရှင်တပည့်များ ဖြစ်ပုံရသည်။
ဒီနေရာထိ ရောက်လာနိုင်သူများမှာ သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။
အချိန်နှစ်နာရီခန့် ကုန်လွန်သွားပြီးနောက် လုယွမ်သည် အချိန်တန်ပြီဟု ယူဆလိုက်သည်။
သူသည် သစ်ပင်ကြီးထဲရှိ စွမ်းအင်များကို စတင်စုပ်ယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူသည် မယုံနိုင်စရာ 'တွင်းနက်' တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စွမ်းအင်အားလုံးကို အသက်ရှူနှုန်း အနည်းငယ်အတွင်းမှာပင် စုပ်ယူလိုက်သည်။ စွမ်းအင်များ ကုန်စင်သွားသော သစ်ပင်ကြီးမှာ လျင်မြန်စွာပင် ညှိုးနွမ်းသွားတော့သည်။
အခြားကျင့်ကြံသူများမှာ ရုတ်တရက် မျက်လုံးဖွင့်လာကြပြီး လုယွမ်ကို ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေကြသည်။
"ဒီလူက ဘယ်သူလဲ ကျန်ရှိနေတဲ့ စွမ်းအင်တွေကို ဒီလောက်မြန်မြန် စုပ်ယူသွားနိုင်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါတို့အားလုံး ပေါင်းစပ်ပြီး ကြိုးစားရင်တောင် ဒီလောက် မလုပ်နိုင်ဘူး"
"သူဟာ အလွန်နက်နဲတဲ့ ကျင့်စဉ်ကို ကျင့်ထားတာ ဖြစ်ရမယ်"
"ကံကောင်းလို့ပဲ... ငါတို့အရင် ရောက်ခဲ့လို့ စွမ်းအင်အလုံအလောက် ရလိုက်တယ် ဒါကိုပဲ အမြတ်ထွက်တယ်လို့ပဲ သဘောထားလိုက်တော့မယ်"
"ထားလိုက်ပါတော့... တခြားတောင်ကြီးတွေဆီ အမြန်သွားကြစို့…ဒီလိုမျိုး သစ်ပင်တွေ ထပ်ရှိကောင်း ရှိနိုင်တယ်"
သူတို့အားလုံး ထရပ်လိုက်ကြပြီး အလျင်အမြန် ထွက်ခွာသွားကြသည်။ သူတို့သည် ဖန်းလုံလျှို့ဝှက်နယ်မြေသို့ တိုက်ခိုက်ရန် လာခဲ့ခြင်းမဟုတ်... အခွင့်အရေးကို ရှာဖွေရန် လာခဲ့ခြင်းဖြစ်သည်။
ဒီလိုသန့်စင်တဲ့ စွမ်းအင်သည်လည်း ကြီးမားသော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
စွမ်းအင်များကို စုပ်ယူပြီးနောက် ကျင့်ကြံသူများစွာမှာ သူတို့၏ ကျင့်ကြံမှုအဆင့် အတားအဆီးများ လျော့ပါးသွားသည်ကို သိရှိလိုက်ရပြီး ကျင့်ကြံမှုအဆင့် တိုးတက်နိုင်မည့် မျှော်လင့်ချက်ကို ပိုမိုမြင်တွေ့လာကြသည်။
"ကျေးဇူးတင်ပါတယ် စီနီယာလုယွမ်" ဝေယန်ဖုန်းက လုယွမ်ထံ လာရောက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
သူကောင်းစွာ သိသည်။ လုယွမ်သာ အစောကတည်းက စုပ်ယူခဲ့လျှင် သူတို့အနေဖြင့် စွမ်းအင်အနည်းငယ်သာ ရရှိနိုင်မည်ဖြစ်သည်။ လုယွမ်သည် သူတို့ စုပ်ယူပြီးစီးလုနီးပါးအထိ စောင့်ဆိုင်းပေးခဲ့ခြင်းဖြစ်သည်။
"ဂိုဏ်းချုပ် လျှိုက အထူးမှာကြားထားတာမို့လို့ ငါကလည်း ကတိအတိုင်း လုပ်ရမှာပေါ့" လုယွမ်က လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကဲ... နောက်တစ်ခုက အဓိကပန်းတိုင်ဖြစ်တဲ့... ဖန်းလုံတောင်ကို ရှာရမယ်"
"ဟုတ်ကဲ့" ဝေယန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် လုယွမ်တို့သုံးဦးသည် ခရီးဆက်ခဲ့ကြသည်။ ဦးတည်ချက်ကို အတည်ပြုပြီးနောက် ထိုလမ်းအတိုင်း တန်းမတ်သွားကြသည်။
"ဖန်းလုံတောင်ဆိုတာ ဘယ်လိုပုံစံရှိမလဲ မသိဘူး" ခရီးလမ်းတစ်လျှောက် ရွှယ်ယောင်က စိတ်ကူးကို ပြောလိုက်သည်။
"ဒါဟာ နတ်တောင်ကြီးတစ်ခုလိုမျိုး ဖြစ်ရမယ်"
"ဂိုဏ်းချုပ် ပြောပြတာ ကြားဖူးတယ် ဖန်းလုံတောင်က အလွန်ထူးခြားတဲ့ တောင်ပါ။ အဝေးကနေ ကြည့်ရင် တောင်ကြီးပေါ်မှာ စစ်မှန်တဲ့ နဂါးတစ်ကောင် ခွေနေသလို မြင်ရတယ်တဲ့" ဝေယန်ဖုန်းက ဖြည်းညင်းစွာ ပြောသည်။
ဖန်းလုံတောင်အကြောင်းကို မှတ်တမ်းများတွင် အလွန်ရှားပါးစွာသာ တွေ့ရပြီး ရှေးဟောင်းကျမ်းစာများတွင်ပင် ရှာမတွေ့နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အလွန်ရှေးကျသောကြောင့် ဖြစ်သည်။
"ဖန်းလုံတောင်ကို တက်ဖို့ဆိုရင် 'ကောင်းကင် လှေကား' ကို ဖြတ်ကျော်ရမယ် အဲဒီလှေကားက အလွန်ခက်ခဲလိမ့်မယ်... အဲဒီအချိန်ကျရင် ကိုယ့်အားကိုယ်ပဲ ကိုးစားရတော့မယ်" လုယွမ်က ပြောလိုက်သည်။
"ဖန်းလုံတောင်ကို ရှာတွေ့တာက အစပဲရှိပါသေးတယ် အဲဒီလှေကားကို မဖြတ်နိုင်ရင် ရှာတွေ့တာက အလကားပါပဲ"
"စီနီယာပြောတာ မှန်ပါတယ် ဖန်းလုံတောင်ထဲကို ဝင်ပြီး စစ်မှန်တဲ့ အမွေအနှစ်ကို ရချင်ရင် ဒီလှေကားကို ဖြတ်ကို ဖြတ်ကျော်ရမယ်…အားလုံး အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်"
ဝေယန်ဖုန်း ပြောတာကို ကြားရသောအခါ ရွှယ်ယောင်မှာ အလွန်စိုးရိမ်တကြီး ဖြစ်သွားပြီး သူမကိုယ်သူမ ယုံကြည်မှု လျော့နည်းလာသည်။ သို့သော် သူမသည် သူမကိုယ်သူမ အားပေးလိုက်ပြီး လုပ်နိုင်ရမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။
"ကဲ... စကားတွေ ရပ်ထားကြရအောင် ဖန်းလုံတောင်ကို မြန်မြန်ရှာတွေ့အောင် အရှိန်မြှင့်ရမယ်" လုယွမ်က သတိပေးလိုက်သည်။
"သူများထက် အရင်ရောက်ရင် ဖန်းလုံတောင်ထဲက အခွင့်အရေးတွေကို ပိုရနိုင်မယ်"
"ဟုတ်ကဲ့ စီနီယာ" ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့က တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။