အခန်း (၄၁) - မိစ္ဆာကျင့်ကြံသူ
လုယွမ် နှင့် ရွှယ်ယောင် တို့သည် တောင်အောက်သို့ အမြန်ဆင်းလာခဲ့ကြသည်။ တပည့်တိုကင် ကို အသုံးပြု၍ အကူအညီတောင်းခံနေသော ဂျူနီယာညီမလေး ရှိရာလမ်းကြောင်းကို အမြန်ပင် ရှာဖွေတွေ့ရှိလိုက်သည်။
ထိုလမ်းကြောင်းအတိုင်း သူတို့ အရှိန်ကို ပိုမိုမြှင့်တင်လိုက်ကြသည်။ ခဏအကြာတွင် သူတို့၏ ရှေ့ဘက်မှ တိုက်ခိုက်သံများကို ကြားလိုက်ရသော်လည်း ထိုအသံများမှာ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။
"အကူညီတောင်းတဲ့ ဂျူနီယာညီမလေး... သူများသေသွားပြီလား မသိဘူး" လှုပ်ရှားမှုများ ရပ်တန့်သွားသည်ကို မြင်သောအခါ ရွှယ်ယောင်က စိုးရိမ်တကြီး ပြောသည်။
"လူတိုင်းမှာ ကံကြမ္မာဆိုတာ ရှိတာပဲ အရင်ဆုံး သွားကြည့်ပြီး အခြေအနေကို အတည်ပြုကြည့်ရအောင်" လုယွမ်က ရိုးရှင်းစွာပင် ဖြေလိုက်သည်။
မကြာမီပင် သူတို့နှစ်ဦးသည် သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ပေါ်သို့ ရောက်ရှိလာသည်။ အဝေးကို လှမ်းကြည့်လိုက်သောအခါ မြင်ကွင်းမှာ အလွန်ပင် ရှင်းလင်းနေသည်။
"စီနီယာအစ်ကို ဝေပါလား…သူက ကျွန်မတို့ထက် တစ်လှမ်းစောရောက်နေတာပဲ" ဝေယန်ဖုန်း ထွက်ပေါ်လာပြီး အကူညီ တောင်းနေသည့် ဂျူနီယာညီမလေးကို ကယ်တင်လိုက်သည်ကို မြင်ရသောအခါ ရွှယ်ယောင်မှာ သက်ပြင်းချကာ စိတ်အေးသွားသည်။
"တစ်ခုခုတော့ မှားနေပြီ" လုယွမ်က ကယ်တင်ခံလိုက်ရသည့် ဂျူနီယာညီမလေးကို စိုက်ကြည့်ရင်း ဖြည်းညင်းစွာ ပြောသည်။
"စီနီယာအစ်ကို... တစ်ခုခု တွေ့လိုက်လို့လား" ရွှယ်ယောင်က စပ်စုစွာ မေးသည်။
"အခုတော့ သေချာ မပြောနိုင်သေးဘူး။ အခုလောလောဆယ် ခံစားချက်အရတော့ တစ်ခုခု လွဲနေသလိုပဲ ခဏလောက် အကဲခတ်ကြည့်ရအောင်" လုယွမ်က ခေါင်းခါလိုက်သည်။
သူတို့၏ အကြည့်အောက်တွင် ဝေယန်ဖုန်းသည် ဂျူနီယာညီမလေးထံ တိုက်ရိုက်လျှောက်သွားပြီး ဆေးလုံးတစ်လုံး ထုတ်ပေးကာ "ဒီဆေးကို သောက်ပြီး အနာကျက်အောင် လုပ်လိုက်ပါ ငါ မင်းကို စောင့်ရှောက်ပေးမယ်" ဟု ပြောသည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို" အကယ်ခံရသည့် ဂျူနီယာညီမလေးက အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည် ဆေးကို သောက်ပြီးနောက် သူမသည် ချက်ချင်းပင် တရားထိုင်လိုက်သည် ဝေယန်ဖုန်းသည်လည်း ပတ်ဝန်းကျင်ကို စောင့်ရှောက်ရန် နောက်လှည့်လိုက်သည်။
ဖျတ်…
နောက်တစ်စက္ကန့်တွင်ပင် သွေးနီရောင်အပ်ရှည်တစ်ချောင်းသည် ဝေယန်ဖုန်း၏ နောက်ကျောမှနေ၍ ထိုးဖောက်ဝင်ရောက်သွားသည်။
ဝေယန်ဖုန်း၏ ပါးစပ်မှ သွေးများ ရုတ်တရက် ပန်းထွက်လာပြီး မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။
ထိုသွေးအပ်တွင် ပြင်းထန်သော အဆိပ်များ ပါဝင်နေသည်။ ဝေယန်ဖုန်းသည် အဆိပ်ပြန့်ပွားမှုကို တားဆီးရန် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားအားလုံးကို စုစည်းလိုက်ရသည်။
"ဂျူနီယာညီမလေး... မင်း... မဟုတ်ဘူး... မင်းက ငါတို့ ကောင်းကင်မြစ်ဂိုဏ်း ရဲ့ တပည့်မဟုတ်ဘူး" ဝေယန်ဖုန်းသည် ခက်ခက်ခဲခဲ လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဟီး ဟီး ဟီး... စီနီယာအစ်ကို... အခုမှ သိတော့တာလား နည်းနည်း နောက်ကျမနေဘူးလား" ဂျူနီယာညီမလေးက ကြောက်မက်ဖွယ်ကောင်းသော ရယ်သံဖြင့် ရယ်မောလိုက်သည်။
သူမ၏ အရေပြားများမှာ ကွဲအက်သွားပြီး သူမ၏ အစစ်အမှန် ပုံစံ ပေါ်လာသည်။
သူမသည်လည်း အမျိုးသမီး မိစ္ဆာ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူမသည် အရေခွံလဲခြင်း အတတ်ပညာကို ကျင့်ကြံသူဖြစ်ပြီး လူကို သတ်ကာ အရေခွံကို ခွာ၍ ဝတ်ဆင်ထားခြင်းဖြစ်သည်။
ထိုသို့သော မိစ္ဆာတို့၏ နည်းလမ်းမှာ အလွန်ပင် ရက်စက်သည်။
"ဒီနည်းက ဘယ်တော့မဆို အလုပ်ဖြစ်တာပဲ"
မိစ္ဆာမက ဝေယန်ဖုန်းဆီ လျှောက်သွားသည်…
"မင်း အခု ငါ့အဆိပ်မိသွားပြီဆိုတော့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုတော့ဘူး ခုခံဖို့ ကြိုးစားလည်း အလကားပဲ မစိုးရိမ်ပါနဲ့... ငါ မင်းကို ချက်ချင်း မသတ်ဘူး"
မိစ္ဆာမက ဝေယန်ဖုန်း၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။
"မင်း မသေခင်မှာ တကယ့် ကာမအရသာကို ခံစားခွင့် ပေးမယ်… အဲဒီအတွက် အစားပြန်ပေးတဲ့အနေနဲ့ မင်းရဲ့ ကျင့်ကြံမှုစွမ်းအားတွေကို ငါ အကုန်စုပ်ယူပစ်မယ်... မင်းက လူပျိုလေး ဖြစ်နေတုန်းပဲ မဟုတ်လား ငါက အဲဒီလိုမျိုးကို ကြိုက်တာ"
"ထွီ… ဒီမိစ္ဆာအယုတ်တမာ" ဝေယန်ဖုန်းက ကျိန်ဆဲလိုက်သည် "ငါသေရင်တောင် မင်းအလိုကျ ဖြစ်မလာစေရဘူး"
"သေမယ် ဟားဟားဟား... မင်းက အခုချက်ချင်း သေချင်တာလား ဒါပေမဲ့ မင်း လုပ်နိုင်လို့လား" မိစ္ဆာမက ကျယ်လောင်စွာ ရယ်မောသည်။
"မင်းက အခု ဓါးပေါ်က ငါးလိုပဲ.ဘယ်တော့သေရမယ်ဆိုတာ ငါပဲ ဆုံးဖြတ်မှာ"
သစ်ပင်ပေါ်တွင် ရွှယ်ယောင်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း စိတ်မကောင်းဖြစ်သွားသည်။ "ဒီမိစ္ဆာမကတော့ တကယ့်ကို ရွံစရာကောင်းတဲ့ နည်းတွေပဲ သုံးတာပဲ"
"ငါ့ ခံစားချက် မှန်သွားပြီ ဆိုတော့ သွားကြစို့... အခုတော့ ငါတို့ လှုပ်ရှားရတော့မယ်" လုယွမ်က တိုးတိုးလေး ပြောလိုက်သည်။
ဖျတ်ခနဲ အသံနှင့်အတူ သူတို့ နှစ်ဦး ခုန်ချလိုက်ကြသည်။ မိစ္ဆာမက နောက်ထပ် လှုပ်ရှားဖို့ ပြင်ဆင်နေစဉ်မှာပင် ဓားစွမ်းအား တစ်ခု သူမဆီ တိုးဝင်လာသည်ကို ခံစားမိလိုက်သည်။
ဘုန်း….
မိစ္ဆာမက အမြန် ရှောင်လိုက်သည်။ ဓားစွမ်းအားမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ လုယွမ်နှင့် ရွှယ်ယောင်မှာ ဝေယန်ဖုန်း၏ ဘေးသို့ ရောက်ရှိလာကြသည်။
"စီနီယာအစ်ကို လုယွမ်... ကျွန်တော်..." ဝေယန်ဖုန်းက ပြောမည့်စကား မဆုံးမီပင် မြေပြင်ပေါ်သို့ လဲကျကာ သတိမေ့သွားသည်။
"ဒီထဲက ဆေးလုံးတွေကို သူ့ကို အကုန်တိုက်လိုက်" လုယွမ်က ဆေးဘူးတစ်လုံးကို ရွှယ်ယောင်ထံ ပေးလိုက်သည်။
ထိုဆေးဘူးထဲတွင် အဆိပ်ဖြေဆေး အမျိုးမျိုး ရှိသည်။ မည်သည့်အဆိပ်မှန်း စုံစမ်းနေဖို့ အချိန်မရှိသည့်အတွက် လုယွမ်က အကုန်တိုက်ခိုင်းလိုက်ခြင်း ဖြစ်သည်။
"ရောက်လာတဲ့ လူပျိုလေးကလည်း ရုပ်ချောလိုက်တာ ငါ ကြိုက်တယ်" မိစ္ဆာမက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည် "လူပျိုလေး... ငါနဲ့ တာအိုကျင့်ကြံဖော် ဖြစ်ကြရအောင် ငါ့မှာ နှစ်ကိုယ်ကြား ကျင့်ကြံနည်း ရှိတယ် ပျော်ပျော်ပါးပါးနဲ့ စွမ်းအားတွေလည်း တိုးတက်လာမှာပေါ့... ဘာလို့ မလုပ်ကြမှာလဲ"
"မင်းက ရုပ်ဆိုးလွန်းတယ်" လုယွမ်က အေးစက်စက် ပြောလိုက်သည်။
"ရုပ်ဆိုးတယ် ငါ ဒီလောက် လှပအောင် ဘယ်လောက်တောင် ကြိုးစားထားလဲ သိလား... အမျိုးသမီးတွေဆီက အလှဆုံး အစိတ်အပိုင်းတွေကို ငါ့ကိုယ်ပေါ် ပြောင်းယူထားတာ" မိစ္ဆာမက ရယ်မောသည်။
လုယွမ်က သက်ပြင်းချလိုက်မိသည်။ ဒီမိစ္ဆာမက တကယ့်ကို ယုတ်မာလွန်းသည်။
ဒါကြောင့်မို့လို့လည်း လူတွေက မိစ္ဆာတွေကို မုန်းတီးကြတာကို သူ အခု နားလည်သွားပြီ။
"လူပျိုလေးတို့... ဘာလို့ ငါ့ကို ရန်လုပ်ချင်နေတာလဲ ငါ့နောက်လိုက်လာခဲ့... မင်းတို့ကို ပိုသန်မာအောင် ငါ လုပ်ပေးမယ်" မိစ္ဆာမက ပြောသည်။
"ပြီးတော့ ငါက 'အမြုတေဖြစ်တည်ခြင်းအဆင့်' ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတာ ဒီလျှို့ဝှက်နယ်မြေထဲမှာ ငါက အတော်ဆုံးပဲ။ မင်းတို့ ငါ့ကို မယှဉ်နိုင်ဘူး"
"မင်းက ကိုယ့်စွမ်းအားကိုယ် ယုံကြည်မှု အရမ်းရှိတာပဲ" လုယွမ်က ပြောလိုက်ပြီး သူ၏ ခရမ်းရောင်ဓားကို ထုတ်လိုက်သည်။
"အင်း... ဒါဆိုရင်လည်း မင်းတို့ ဆက်တိုက်ချင်တယ်ဆိုရင် နောက်မှ အပြစ်မတင်နဲ့နော်" မိစ္ဆာမက လက်ချောင်းကို ဝှေ့ယမ်းလိုက်ပြီး အဆိပ်ရည် ပါသည့် သွေးအပ်များဖြင့် လုယွမ်၏ ကိုယ်ခန္ဓာကို ထိုးရန် ကြိုးစားသည်။
ဘန်း.. ဘန်း…
လုယွမ်သည် သူ၏ ခရမ်းရောင်ဓားဖြင့် ထိုသွေးအပ်များကို တစ်ခုချင်းစီ အလွယ်တကူ ကာကွယ်လိုက်သည်။
"မင်းမှာ အရည်အချင်း ရှိသားပဲ" မိစ္ဆာမက ရယ်သည်။
"လူပျိုလေး... ငါ မင်းကို ပိုသဘောကျလာပြီ မင်း ငါ့ရဲ့ ကျွန်ယောက်ျားအဖြစ် လုပ်ရမယ်"
"စီနီယာအစ်ကို... ကျွန်မ ကူပေးမယ်" ရွှယ်ယောင်က ဝေယန်ဖုန်းကို ဆေးတိုက်ပြီးသည်နှင့် ပြောသည်။
"မလိုဘူး… မင်း သူ့ကို ခေါ်ပြီး နောက်ကို ဆုတ်နေလိုက်…ငါတစ်ယောက်တည်းနဲ့ ရတယ်" လုယွမ်က ငြင်းလိုက်သည်။
"လူပျိုလေး... ဘာလို့ ဒီလိုလုပ်တာလဲ"
မိစ္ဆာမက အရိုးကြိမ်လုံးကို ကိုင်ကာ လုယွမ်ကို ရိုက်ချလိုက်သည်။
"ဓားထိန်း နတ်မိုးကြိုးအတတ် " လုယွမ်၏ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသည်။
သူသည် သူ၏ စွမ်းအားကို အမြုတေဖြစ်တည်ခြင်းအဆင့်အထိ လျှော့ချထားသော်လည်း အချိန်အကြာကြီး မဆွဲထားချင်သည့်အတွက် အဆုံးသတ် တိုက်ခိုက်မှုများကို စတင်လိုက်သည်။
ခရမ်းရောင်ဓားမှာ အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးမှာ အမည်းရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားသည်။
မရေမတွက်နိုင်သော နတ်မိုးကြိုးများမှာ တဟုန်ထိုး ကျရောက်လာသည်။ အရိုးကြိမ်လုံးမှာ မိုးကြိုးအောက်တွင် ပြာမှုန့်ဖြစ်သွားသည်။
"မဖြစ်နိုင်တာ မင်းရဲ့ ကျင့်ကြံမှုကလည်း အမြုတေဖြစ်တည်ခြင်းအဆင့်ပဲလေ... ဘယ်လိုလုပ်ပြီး ဒီလိုမြင့်မြတ်တဲ့ ဓားအတတ်ကို တတ်နိုင်တာလဲ" မိစ္ဆာမ၏ မျက်နှာမှာ ချက်ချင်းပင် ထိတ်လန့်သွားသည်။
သူမ နောက်ထပ် နည်းလမ်းတစ်ခု မထုတ်နိုင်ခင်မှာပင် လုယွမ်၏ ဓားချက်မှာ သူမထံ ရောက်ရှိလာပြီ ဖြစ်သည်။
ဖျတ်…
မရေမတွက်နိုင်သော နတ်မိုးကြိုးများမှာ ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာမ၏ ကိုယ်ခန္ဓာကို ထိုးဖောက်လိုက်သည်။ မိုးကြိုးများမှာ ပေါက်ကွဲထွက်သွားပြီး မိစ္ဆာမ၏ ကိုယ်ခန္ဓာတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။
"ဓားထိန်း နတ်မိုးကြိုးအတတ်... ဒါက ကောင်းကင်မြစ်ဂိုဏ်းရဲ့ အမြင့်ဆုံး အမွေအနှစ် ဓားအတတ်ပဲ စီနီယာအစ်ကိုက တကယ်ပဲ တတ်မြောက်သွားတာလား... သူက ဂိုဏ်းချုပ်ဖြစ်လာမယ့်သူများလား" မျက်စိရှေ့က မြင်ကွင်းကြောင့် ရွှယ်ယောင်မှာ အလွန်တရာ အံ့အားသင့်သွားရတော့သည်။