အခန်း (၄၀) - အသက်စွမ်းအင်များ ပြည့်ဝနေသော မဟာသစ်ပင်နှင့် ရွယ်ယောင် တို့နှင့် ဆုံတွေ့ခြင်း
ကျောက်လှေကားများအတိုင်း လုယွမ် အပေါ်သို့ တက်လှမ်းသွားခဲ့သည်။ ကျောက်လှေကားများပေါ်တွင် အန္တရာယ်ရှိသော တားမြစ်ချက်များ အမြောက်အမြား မူလက ရှိနေခဲ့သော်လည်း ၎င်းတို့အားလုံးမှာ တစ်ခုပြီးတစ်ခု ဖျက်ဆီးခြင်း ခံထားရပြီး ဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရသည်။
ဤအချက်က သူတို့နောက်မှ လိုက်ပါလာသူများအတွက် ပိုမိုလွယ်ကူပြီး ချောမွေ့သွားစေသည်။
အချိန်အားဖြင့် တစ်နာရီကျော်ကျော်ခန့် ကြာမြင့်ပြီးနောက် လုယွမ်သည် ကျောက်လှေကား၏ အဆုံးသတ်ဖြစ်သော တောင်ထိပ်ဆီဖျားသို့ အေးအေးလူလူ ရောက်ရှိသွားခဲ့သည်။
သူသည် တောင်ထိပ်၌ အလွန် ထူးခြားသော မဟာသစ်ပင်ကြီးတစ်ခု ရှိနေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
မဟာသစ်ပင်ကြီးတစ်ခုလုံးက မှိန်ဖျော့ဖျော့ အလင်းတန်းများကို ထုတ်လွှတ်နေသည်။ သစ်ပင်ကြီး၏ ပတ်လည်တွင် ကျင့်ကြံသူအချို့ ထိုင်နေကြပြီး သစ်ပင်အတွင်း ပါဝင်သော စွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံနေကြသည်။
"ဟမ်…ရွှယ်ယောင်" လုယွမ် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
လုယွမ်သည် ရင်းနှီးသော ကျောပြင်တစ်ခုကို မြင်လိုက်ရပြီး အနီးသို့ လျှောက်သွားလိုက်သည့်အခါ သူမ ဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့သည်။
ဤအချိန်တွင် ရွယ်ယောင်သည်လည်း လုယွမ်၏ စွမ်းအင် ကို အာရုံခံမိဟန်ရှိပြီး မျက်လုံးများကို လျင်မြန်စွာ ဖွင့်လိုက်ကာ…
"စီနီယာအစ်ကို.. တကယ်ပဲ စီနီယာအစ်ကိုပါလား"
"ဒီလျှို့ဝှက်နယ်မြေထဲမှာ ဒီလောက်မြန်မြန် ဆုံတွေ့နိုင်မယ်လို့ မထင်ထားမိဘူး… ကျွန်မတို့ တကယ်ပဲ ကံကြမ္မာ တူနေတာပဲ"
ရွယ်ယောင် လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး အလွန်တရာ ပျော်ရွှင်သော အပြုံးကို ဖော်ပြလိုက်သည်။
သူမသည် ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်း လုယွမ်နှင့် ပြန်လည် ဆုံတွေ့မည့် မြင်ကွင်းကို စိတ်ကူးယဉ်နေခဲ့ခြင်း ဖြစ်သည်။
သူမ များစွာ တွေးတောထားသော်လည်း ဤမျှ မြန်မြန် ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟုတ်တယ်.. တကယ်ပဲ ကံကြမ္မာပဲ" လုယွမ် ခေါင်းညိတ်လိုက်သည်။ "မင်း ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
"၁၂ နာရီလောက် ရှိပြီထင်တယ်" ရွယ်ယောင် နူးညံ့စွာ ပြန်လည်ဖြေကြားလိုက်သည်.. "စီနီယာအစ်ကို.. ဒီသစ်ပင်မှာ သက်စွမ်းအင် တွေ ပါဝင်နေတယ်… ဒါကို စုပ်ယူပြီး ကျင့်ကြံရင် ခန္ဓာကိုယ်ကို ပိုပြီး တက်ကြွ လန်းဆန်းစေတယ်..."
"ဒီသစ်ပင်ကြီးထဲမှာ သက်စွမ်းအင်တွေ သိပ်မကျန်တော့ဘူး ထင်တယ်…အကုန်လုံး စုပ်ယူပြီးတာနဲ့ သိပ်မကြာခင်မှာပဲ ညှိုးနွမ်းသွားတော့မယ်"
"စီနီယာအစ်ကို.. ဒါက အခွင့်အရေးတစ်ခုပဲ.. စီနီယာအစ်ကိုလည်း မြန်မြန် စုပ်ယူလိုက်ပါ လွဲချော်မသွားပါစေနဲ့"
ရွယ်ယောင် လျင်မြန်စွာ သတိပေးလိုက်သည်။
"ဒါဆိုလည်း ငါ စမ်းကြည့်လိုက်ဦးမယ်" လုယွမ် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
သူသည် သူ၏ ကျင့်စဉ်ကို ချက်ချင်း စတင် လည်ပတ်လိုက်သည်။
သို့သော် ကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက်။
သူ့ရှေ့ရှိ မဟာသစ်ပင်ကြီး၏ သက်စွမ်းအင်များအားလုံးကို လုယွမ်က အသက်ရှူကြိမ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အတွင်းမှာပင် အကုန်အစင် စုပ်ယူလိုက်သည်။
သက်စွမ်းအင်များ ကုန်ခမ်းသွားသော မဟာသစ်ပင်ကြီးမှာ မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ညှိုးနွမ်းသွားတော့သည်။
"စီနီယာအစ်ကိုရဲ့ အရှိန်က အရမ်းမြန်တာပဲ အကယ်၍ စီနီယာအစ်ကိုသာ အရင် ရောက်လာခဲ့ရင် ဒီသစ်ပင်ကြီးရဲ့ သက်စွမ်းအင်တွေက စီနီယာအစ်ကို တစ်ယောက်တည်းနဲ့ပဲ အကုန်အစင် ဖြစ်သွားမှာ သေချာတယ်" သူ့ရှေ့ကမြင်ကွင်းကို မြင်ပြီးနောက် ရွယ်ယောင် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အနီးအနားရှိ အခြားသော ကျင့်ကြံသူများကလည်း မျက်လုံးများကို ဖွင့်လိုက်ကြပြီး မတ်တပ်ရပ်ကာ လုယွမ်ကို စိုက်ကြည့်လိုက်ကြသည်။
သူတို့အားလုံး သိရှိလိုက်ကြသည်။
လုယွမ်၏ ကျင့်ကြံခြင်းနှင့် စွမ်းအားမှာ သူတို့ မြင်တွေ့နေရသလောက် မရိုးရှင်းကြောင်းပင်။
"ရောင်ရင်းကျင့်ကြံဖော်လည်း ကောင်းကင်မြစ်ဂိုဏ်း က တပည့်ပဲ ဖြစ်ရမယ်" ကျင့်ကြံသူတစ်ဦးက လုယွမ်ကို လက်ယှက်၍ အရိုအသေပေးလိုက်သည်။
ရွယ်ယောင်မှာ ကောင်းကင်မြစ်ဂိုဏ်းမှ တပည့်ဖြစ်ကြောင်း သူတို့ သိရှိထားသည်မှာ ထင်ရှားသည်။ လုယွမ်နှင့် ရွယ်ယောင်တို့ အတူတူ ရပ်တည်နေခြင်းက သူတို့မှာ တူညီသော ဂိုဏ်းမှ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။
"ဟုတ်တယ်" လုယွမ် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ "ကျန်ရှိနေတဲ့ သက်စွမ်းအင်တွေကို ငါ တစ်ယောက်တည်း စုပ်ယူလိုက်လို့ မကျေနပ်ကြဘူးလား"
"လုံးဝ မဟုတ်ပါဘူး…ကျွန်တော်တို့ သက်စွမ်းအင်တွေကို လုံလောက်အောင် စုပ်ယူပြီးပါပြီ ရောင်ရင်းကျင့်ကြံဖော်က ကျန်ရှိနေတဲ့ သက်စွမ်းအင်တွေကို ဒီလောက်မြန်မြန် စုပ်ယူနိုင်တာက ရောင်ရင်းကျင့်ကြံဖော်ရဲ့ စွမ်းဆောင်ရည်ပါပဲ" အခြား ကျင့်ကြံသူတစ်ဦးက ခေါင်းခါယမ်း၍ ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ပါတယ်.. ဒီဖန်းလုံလျှို့ဝှက်နယ်မြေမှာ အားလုံးက ကိုယ့်စွမ်းရည်ပေါ်မှာပဲ မူတည်ပါတယ်" တစ်စုံတစ်ယောက်က ချက်ချင်း ထောက်ခံလိုက်သည်။
"အားလုံးပဲ.. ဒီမှာ သက်စွမ်းအင်တွေ စုပ်ယူပြီးပြီဆိုတော့ ငါတို့ အခြားသော အခွင့်အရေးတွေကို ဆက်ရှာရဦးမယ်"
"ကောင်းပါပြီ"
"သွားတော့မယ်"
ချက်ချင်းပင်။
ထိုကျင့်ကြံသူများသည် ဤနေရာတွင် ဆက်လက် မရပ်တန့်နေတော့ချေ။
သူတို့ လက်ယှက်နှုတ်ဆက်ကာ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
လူတိုင်း၏ ရည်ရွယ်ချက်မှာ အခွင့်အရေးများကို ရှာဖွေရန် ဖြစ်သည်။
သူတို့မှာ အချိန်ကို အလဟဿ မဖြုန်းလိုကြသကဲ့သို့ လူမသတ်လိုကြပေ... အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ ကျင့်ကြံသူများအားလုံးမှာ အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသောကြောင့်ပင်။
တိုက်ပွဲ စတင်လိုက်ပါက မည်သူမျှ အသာစီး မရနိုင်ချေ။
အစား ထိုသို့ တိုက်ခိုက်ခြင်းက မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေဆီသို့ ပို့ဆောင်ပေးလိမ့်မည်
ခဏတာအတွင်း…
တောင်ထိပ်ပေါ်တွင်…
လုယွမ်နှင့် ရွယ်ယောင်သာ ကျန်ရစ်ခဲ့သည်။
"စီနီယာအစ်ကို.. နောက်ပိုင်းမှာ စီနီယာအစ်ကိုနဲ့အတူ လိုက်လို့ ရမလား" ရွယ်ယောင်က လုယွမ်ကို လှပသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် စိုးရိမ်မှုနှင့်အတူ မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
"ရပါတယ်" လုယွမ် ခေါင်းညိတ်လိုက်သည်။ "ဒါနဲ့ မင်း ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့ခဲ့တာလဲ"
"တကယ်တော့ ကျွန်မက အရင်ဆုံး ရှာတွေ့ခဲ့တာပါ.. ဒါပေမဲ့ တခြား ကျင့်ကြံသူတွေ မြန်မြန်ဆန်ဆန် လိုက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ပြီးတော့ လူတိုင်းက ကိုယ့်စွမ်းရည်အလိုက် ဒီသက်စွမ်းအင်တွေကို စုပ်ယူလိုက်ကြတာပါပဲ" ရွယ်ယောင် ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
"ဒါဆိုရင် ဒီကျောက်လှေကားတွေပေါ်မှာ မူလက ရှိနေတဲ့ တားမြစ်ချက်တွေကိုလည်း မင်းကပဲ ဖျက်ဆီးခဲ့တာပေါ့" လုယွမ် အနည်းငယ် အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်ကဲ့.. လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်မ 'တားမြစ်ချက်အစီအရင်' တွေကို ကြိုးစား ကျင့်ကြံနေခဲ့တာပါ။ ဒီဖန်းလုံလျှို့ဝှက်နယ်မြေထဲ ရောက်လာမှ အသုံးဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ရွယ်ယောင် နူးညံ့စွာ ရယ်မောလိုက်သည်။
"ဂျူနီယာညီမ ရွယ်ယောင်က တားမြစ်ချက် အစီအရင်မှာ တော်တော်လေး အရည်အချင်း ရှိတာပဲ အနာဂတ်မှာတော့ တားမြစ်ချက်အစီအရင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်မှာ သေချာတယ်" လုယွမ် ချီးကျူးလိုက်သည်။
"စီနီယာအစ်ကိုကလည်း ချီးကျူးလွန်းပါတယ်" ရွယ်ယောင် ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။
"စီနီယာအစ်ကို.. နောက်ဆက် ဘာလုပ်ဖို့ စီစဉ်ထားလဲ" ရွယ်ယောင်က နူးညံ့စွာ မေးမြန်းလိုက်သည်။
"မသိသေးဘူး…ဘယ်လိုပဲဖြစ်ဖြစ် ဖန်းလုံတောင်ရဲ့ တည်နေရာကို ရှာဖွေဖို့ အတတ်နိုင်ဆုံး ကြိုးစားရမှာပဲ" လုယွမ် ခေါင်းခါယမ်းလိုက်ပြီး အဝေးသို့ ငေးကြည့်လိုက်သည်။
တောင်ထိပ်ပေါ်တွင် ရပ်နေသည့်အတွက် ရှုခင်းမှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှပြီး အခြားတောင်များကို အပေါ်စီးမှ ကြည့်ရှုနေရသည့် ခံစားချက်ကို ရရှိစေသည်။
အဝေးရှိ တောင်တန်းများမှာ လှိုင်းထန်နေသကဲ့သို့ အလွှာလိုက် အလွှာလိုက် ရှိနေပြီး မိုးကုတ်စက်ဝိုင်းနှင့် စုံလင်စွာ ပေါင်းစပ်နေသည်။
မြူနှင်းများ ဖုံးလွှမ်းနေသော တောင်ကြီးအချို့မှာ လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုကို ထုတ်ဖော်နေသည်။
"စီနီယာအစ်ကို.. ဒီဖန်းလုံလျှို့ဝှက်နယ်မြေထဲ ဝင်လာပြီးနောက်မှာ ကျွန်မ ဂူတစ်ခုကို တွေ့ခဲ့တယ်…အဲဒီဂူထဲမှာ အရိုးစုတစ်ခု ရှိနေတယ်.. သူက ဒီဖန်းလုံလျှို့ဝှက်နယ်မြေထဲကို အရင်က ဝင်လာခဲ့တဲ့ ကျင့်ကြံသူတစ်ဦး ဖြစ်ရမယ်။ သူ့ဆီကနေ ကျွန်မ မြေပုံတစ်ခု ရခဲ့တယ်"
ပြောရင်းနှင့် ရွယ်ယောင်သည် မြေပုံကို တစ်ခါတည်း ထုတ်ယူလိုက်သည်။
လုယွမ် ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်စေရန်အတွက် ဖြစ်သည်။
"ဒီမြေပုံအရဆိုရင် ကျွန်မတို့ လက်ရှိ နေရာက ဒီမြေပုံပေါ်က တောင်ကြီးဖြစ်ရမယ်" ရွယ်ယောင် လျင်မြန်စွာ ဆက်ပြောလိုက်သည်.. "စီနီယာအစ်ကို.. ကြည့်ပါဦး.. ဒီတောင်ကြီးတွေရဲ့ တည်နေရာတွေက ကြယ်တွေနဲ့ တူနေတာ မဟုတ်ဘူးလား"
"ခုနစ်စဉ်ကြယ်" လုယွမ် တိုးညင်းစွာ ဆိုလိုက်သည်။
"အတိအကျပဲ.. ဒီတောင်ကြီး ခုနစ်လုံးရဲ့ တည်နေရာက ခုနစ်စဉ်ကြယ်ပုံစံကို ဖြစ်ပေါ်စေတယ်... အကယ်၍ ကျွန်မ ခန့်မှန်းချက် မှန်တယ်ဆိုရင် တခြားတောင်တွေမှာလည်း ဒီလိုမျိုး သက်စွမ်းအင်တွေ ပြည့်ဝတဲ့ မဟာသစ်ပင်မျိုး ရှိနေရမယ်" ရွယ်ယောင် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်.. "အတွင်းထဲမှာ နက်နဲတဲ့ အဓိပ္ပာယ်တွေ ရှိနေမယ်လို့ ခံစားရတယ်.. ဒါပေမဲ့ အခုထိတော့ အဲဒီ အဓိပ္ပာယ်ကို လုံးဝ နားမလည်နိုင်သေးဘူး"
"အထူးသဖြင့် ဒီမြေပုံပေါ်မှာ မှတ်သားထားတဲ့ မြှားသင်္ကေတကို လုံးဝ နားမလည်ဘူး ဒါက ကျွန်မတို့ရဲ့ လမ်းကြောင်းကို ညွှန်ပြနေတာလား ဒါပေမဲ့ ဒီမြှားက ကွေးနေတယ်..."
ဒီမြေပုံကို ရရှိပြီးနောက်။
သူမ အချိန်အကြာကြီး တွေးတောခဲ့သည်။
သို့သော်လည်း အဖြေ မရခဲ့ပေ။
မြေပုံအပေါ် အခြေခံ၍သာ သူမ လက်ရှိ တောင်ကြီးဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး တားမြစ်ချက်များကို ဖျက်ဆီးကာ ဒီထူးခြားသော သစ်ပင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်... နောက်ပိုင်းတွင် ဤနေရာသို့ ရောက်ရှိလာသော လုယွမ်နှင့် ဆုံတွေ့ခဲ့ခြင်းပင် ဖြစ်သည်။
"ဒီမြှားပုံစံက လည်ပတ်မှုကို ဆိုလိုတာ ဖြစ်နိုင်တယ်" လုယွမ် ဆိုလိုက်သည်။
"လည်ပတ်မှု" ရွယ်ယောင်မှာ မဝေခွဲနိုင် ဖြစ်နေဆဲပင်.. "ဒါဆိုရင် ဘာက လည်ပတ်နေတာလဲ ကျွန်မတို့က ဒီမြေပုံကို လှည့်ကြည့်ရမှာလား"
သူမ မြေပုံကို လှည့်ကြည့်လိုက်သည်။
သို့သော်လည်း ဘာမျှ မခွဲခြားနိုင်ခဲ့ပေ။
"ဒီမြေပုံကလွဲရင် တခြား ဘာများ တွေ့သေးလဲ" လုယွမ် မေးလိုက်သည်။
"မတွေ့ပါဘူး.. ဂူတစ်ခုလုံးကို သေချာ ရှာဖွေခဲ့ပေမဲ့ ဒီမြေပုံပဲ တွေ့ခဲ့တာပါ" ရွယ်ယောင် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
"ဒါဆိုရင် ဒီမြေပုံက ငါတို့အတွက် အများကြီး အထောက်အကူ မဖြစ်လောက်ဘူး။ နောက်ပိုင်းမှာတော့ ဖန်းလုံတောင်ကို ရှာဖို့အတွက် ကိုယ့်ဘာသာပဲ အားကိုးရတော့မယ်" လုယွမ် တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဟုတ်ကဲ့" ရွယ်ယောင် ခေါင်းညိတ်လိုက်သည်။
"အတွင်းဂိုဏ်း တပည့် ကျောက်ရှောင်ရွှမ် အကူအညီ တောင်းခံနေသည်..." ထိုအချိန်တွင် လုယွမ်နှင့် ရွယ်ယောင်တို့၏ ဂိုဏ်းတပည့် တိုကင်များထံမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဂိုဏ်းတူ တစ်ယောက်ယောက်က အကူအညီ တောင်းနေတာ…ကျွန်မတို့နဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ဖြစ်ရမယ်" ရွယ်ယောင် လျင်မြန်စွာ မေးလိုက်သည်.. "စီနီယာအစ်ကို.. ကျွန်မတို့ သွားကယ်ကြမလား"
"ဖန်းလုံလျှို့ဝှက်နယ်မြေထဲ မဝင်ခင်တုန်းက ဂိုဏ်းချုပ် လျှိုလဲ့ က ကျွန်တော်တို့ကို ပြောထားတယ်…ဂိုဏ်းတူတွေဆိုရင် ကူညီနိုင်တဲ့အခါ ကူညီပေးကြပါတဲ့…အရင်ဆုံး သွားကြည့်ရအောင်…ကယ်တင်နိုင်ရင် ကယ်တင်ကြမယ်…ဘာပဲဖြစ်ဖြစ် အရင်ဆုံး မင်း ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင်တော့ လုပ်ရမယ်" လုယွမ် တိုက်ရိုက်ပင် ပြောလိုက်သည်။ အခြေအနေကို အရင်ဆုံး စစ်ဆေးကြည့်ခြင်းက အကောင်းဆုံးပင်။
အကယ်၍သာ သူ့ထိန်းချုပ်နိုင်စွမ်း အတွင်းမှာ ရှိနေရင် သူ ကယ်တင်ပေးလိမ့်မည်။
ဒါက အမြဲတမ်း အမှန်ကန်ဆုံးသော ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။
****************
စာစဉ်လေး ဖတ်ရတာကြိုက်နှစ်သက်ရင်5star review လေးပေးခဲ့ကြပါဦး။ အကြုံပြု ဝေဖန်ပေးလို့လည်းရပါတယ်။
ဘာသာပြန် K။