အခန်း (၄) - အဆင့် ၆ ဆေးပညာရှင်ကို ကူးယူခြင်း
အချိန်သိပ်မကြာလိုက်ဘဲ လုယွမ်သည် ဒန်ရှ တောင်ထွတ်၏ နောက်ဖက်ရှိ 'ဇီယွမ်ခြံဝန်း' သို့ ရောက်ရှိလာခဲ့သည်။
"တကယ့်ကို ခန့်ညားလိုက်တဲ့ နေရာပဲ" လုယွမ်သည် ခြံဝန်းကြီးကို ကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"ငါရော ဘယ်တော့မှ ဒီလိုပတ်ဝန်းကျင်ကောင်းမှာ နေခွင့်ရမှာပါလိမ့်"
"မင်းကလည်း ငါ့တပည့်အဖြစ် လာအရွေးခံတာလား"
လုယွမ် ခြံတံခါးကို ခေါက်ရန် ပြင်လိုက်စဉ်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ နားထောင်လို့ အလွန်ကောင်းသည့် အမျိုးသမီးအသံပင် ဖြစ်၏။
လုယွမ် အနည်းငယ် အံ့သြသွားပြီး "အကြီးအကဲ မု က အမျိုးသမီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး… အသံက ဒီလောက်သာယာနေမှတော့ လူကလည်း သေချာပေါက် လှမှာပဲ" ဟု တွေးလိုက်သည်။
"အကြီးအကဲ မု... ကျွန်တော် စမ်းကြည့်ချင်လို့ပါ" လုယွမ်သည် ခြံတံခါးဘက်သို့ မျက်နှာမူကာ လက်ယှက်၍ ဂါရဝပြုလိုက်သည်။
"ချီသန့်စင်ခြင်း အဆင့် ၉... မင်းက ဒန်ရှ တောင်ထွတ်က တပည့်မဟုတ်ဘူးပဲ… ကြည့်ရတာ ဆေးဖော်စပ်ခြင်းနဲ့ ပတ်သက်လို့ ဘာအခြေခံမှ ရှိပုံမရဘူး" အကြီးအကဲ မု ၏ အသံ ထပ်မံထွက်ပေါ်လာပြန်သည်။
လူချင်းမတွေ့ရသေးခင်မှာပင် တစ်ဖက်လူက သူ၏ ကျင့်ကြံမှုအဆင့်ကို အတိအကျ သိနေခြင်းဖြစ်သည်။
ကြည့်ရသည်မှာ အကြီးအကဲ မု သည် ဆေးဖော်စပ်ရာတွင်သာမက ကျင့်ကြံမှုနယ်ပယ်တွင်လည်း အလွန်မြင့်မားပုံရ၏။
"အကြီးအကဲ... ကျွန်တော့်မှာ အခြေခံမရှိပေမဲ့ ဒီဆေးဖော်နည်းကို နားလည်အောင် လုပ်နိုင်ပြီး အခြေခံဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်" လုယွမ်က အခိုင်အမာ ပြောလိုက်သည်။
"ဟွန်း... ကြွားလုံးထုတ်ရင်ပေးရတဲ့ တန်ဖိုးက တော်တော်ကြီးတယ်ဆိုတာ သိထားရဲ့လား" အကြီးအကဲ မု က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်တော် လျောက်ပြောနေတာ မဟုတ်ပါဘူး.. ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက်လေး တစ်ခုရှိပါတယ်… အကြီးအကဲသာ အဲ့ဒါကို ဖြည့်ဆည်းပေးမယ်ဆိုရင် အမွှေးတိုင်တစ်တိုင် မကုန်ခင်မှာ ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်ပေးမယ်လို့ အာမခံပါတယ်…အကယ်၍ မအောင်မြင်ခဲ့ရင် အကြီးအကဲ စိတ်ကြိုက် အပြစ်ပေးတာကို ခံယူပါ့မယ်"
လုယွမ်၏ စကားအဆုံးတွင် အထဲမှ ဘာသံမှ ထွက်မလာတော့ပေ။
ခဏအကြာမှ...
"ဘာတောင်းဆိုချက်လဲ"
"အကြီးအကဲက ကျွန်တော့်ရဲ့ ပုခုံးကို တစ်ချက်လောက် ပုတ်ပေးဖို့ပါပဲ" လုယွမ်က ပြန်ဖြေလိုက်သည်။
ခြံဝန်းအတွင်းရှိ 'မုချင်းရွှယ်' ၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားသည်။ ပုခုံးပုတ်ပေးရမယ် ဒါက ဘယ်လိုတောင်းဆိုချက်မျိုးလဲ ငါက သူ့ပုခုံးပုတ်ပေးလိုက်ရင် သူက ဆေးဖော်နည်းကို နားလည်သွားမှာတဲ့လား ရယ်စရာပဲ။
"မင်း သေချာလား ငါက မင်းတောင်းဆိုချက်ကို လုပ်ပေးပြီးမှ မင်းဘက်က မအောင်မြင်ခဲ့ရင် မင်းရဲ့အသက်ကို ငါယူမှာနော်…ဒါ မင်းအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သွားနိုင်တယ်" မုချင်းရွှယ်က တည်ငြိမ်စွာ ဆိုသည်။
"သေချာပါတယ် အကြီးအကဲ.. ကျွန်တော် ကျရှုံးခဲ့ရင် ကျွန်တော့်အသက်ကို အချိန်မရွေး ယူနိုင်ပါတယ်"
ထိုနောက်တွင်တော့ ခြံတံခါးကြီးမှာ အလိုအလျောက် ပွင့်သွားတော့သည်။ လုယွမ် မြင်လိုက်ရသည်မှာ ပန်းပွင့်များ ဝေဆာနေသည့် သစ်ပင်ကြီးတစ်ပင်နှင့် လှပလှသော ခြံဝန်းကြီးပင် ဖြစ်၏။
"ဝင်ခဲ့"
ခြံထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင် များမှာ အပြင်ထက် ပိုမိုသိပ်သည်းပြီး သန့်စင်နေသည်ကို ခံစားလိုက်ရသည်။ မကြာမီ လုယွမ်သည် မဏ္ဍပ်အောက်၌ ထိုင်နေသော အကြီးအကဲ မု ကို မြင်လိုက်ရ၏။
"လှလိုက်တာ... ဒါက တကယ့် နတ်သမီးအတိုင်းပဲ" လုယွမ် မျက်လုံးပြူးသွားသည်။
သူ အရင်ဘဝက အလှပဂေးများစွာ မြင်ဖူးသော်လည်း ရှေ့မှ အကြီးအကဲ မု နှင့် ယှဉ်နိုင်သူ တစ်ယောက်မှ မရှိပေ။
ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲ မု မှာ ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်လှပရုံသာမက သူမ၏ အလှမှာလည်း အပြစ်ပြောစရာ မရှိပေ။
သူမ၏ အေးစက်စက် အရှိန်အဝါမှာ လနန်းတော်မှ နတ်သမီးတစ်ပါးကဲ့သို့ပင်။
"မင်းနာမည် ဘယ်သူလဲ" မုချင်းရွှယ်က တိုက်ရိုက်ပင် မေးလိုက်သည်။
"ကျွန်တော့်နာမည် လုယွမ် ပါ"
မျက်စိတစ်မှိတ်အတွင်းမှာပင် မုချင်းရွှယ်သည် လုယွမ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ အနီးကပ်တွင် သူမထံမှ သင်းပျံ့သော ရနံ့လေးကိုပါ ရရှိလိုက်သဖြင့် လုယွမ် စိတ်များပင် လန်းဆန်းသွား၏။
"လုယွမ်... မင်း တကယ်သေချာရဲ့လား"
မုချင်းရွှယ်သည် လုယွမ်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် အဆင့် ၉ ကို ရောက်နေသဖြင့် ပါရမီရှိသူတစ်ဦးမှန်း သိသည်။ ထို့ကြောင့် သူမအနေဖြင့် လုယွမ်၏ အသက်ကို အလဟဿ မယူချင်ပေ။
"အကြီးအကဲ... ကျွန်တော့်ကို ယုံကြည်ပေးပါ ကျွန်တော် တကယ်ပဲ အောင်မြင်အောင် လုပ်နိုင်ပါတယ်"
လုယွမ်၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်သောအခါ မုချင်းရွှယ်က ခေါင်းညိမ့်လိုက်ပြီး သူမ၏ နုနယ်သော လက်ကလေးဖြင့် လုယွမ်၏ ပုခုံးကို အသာအယာ ပုတ်လိုက်လေသည်။
"ဘယ်လိုလဲ ငါ မင်းတောင်းဆိုချက်ကို လုပ်ပေးပြီးပြီ… အခု မင်းအလှည့်ပဲ"
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ထိုအချိန်တွင် လုယွမ်၏ မျက်စိရှေ့တွင် မျက်နှာပြင်အသစ်တစ်ခု ပေါ်လာသဖြင့် သူ အလွန်စိတ်လှုပ်ရှားသွားသည်။
【 မုချင်းရွှယ် 】
【 ကျင့်ကြံမှု.. အမြုတေဖြစ်တည်ခြင်းအဆင့် အထွတ်အထိပ် (ကူးယူနိုင်သည်) 】
【 အဆင့် ၆ ဆေးပညာရှင် (ကူးယူနိုင်သည်】
လုယွမ် အံ့သြသွားသည်။ ရှေ့မှ အမျိုးသမီးမှာ အမြုတေဖြစ်တည်ခြင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည် မဟုတ်ပါလား။ ဤအဆင့်မှာ ကောင်းကင်မြစ်ဂိုဏ်းတစ်ခုလုံးတွင် ထိပ်တန်းအစွမ်းထက်သူ ဖြစ်ပေသည်။
"အဆင့် ၆ ဆေးပညာရှင်ကို ကူးယူမယ်" လုယွမ် စိတ်ထဲက ရွတ်လိုက်သည်။
【 ကူးယူမှု အောင်မြင်ပါသည် 】
【 ထည့်သွင်းမှု အောင်မြင်ပါသည် 】
ခဏချင်းမှာပင် အချိန်တွေ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး မုချင်းရွှယ် ပိုင်ဆိုင်ထားသော ဆေးဖော်စပ်ခြင်းဆိုင်ရာ ဗဟုသုတများ.. အတွေ့အကြုံများနှင့် နည်းစနစ်များအားလုံး လုယွမ်၏ ခေါင်းထဲသို့ စီးဝင်လာတော့သည်။
ဆေးပညာလောကမှာ ဤမျှ နက်နဲခက်ခဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ကျောက်စာချပ်က ဟိုမှာ... မင်းမှာ အမွှေးတိုင်တစ်တိုင်စာပဲ အချိန်ရှိတယ်"
မုချင်းရွှယ်၏ အသံကြောင့် လုယွမ် သတိပြန်ဝင်လာသည်။
မုချင်းရွှယ် ညွှန်ပြသည့်နေရာတွင် ကျောက်စာချပ်ကြီး တစ်ခုရှိပြီး ထိုပေါ်တွင် ရေးထိုးထားသော ဆေးဖော်နည်းမှာ 'ဝိညာဉ်သန့်စင်ခြင်း အတတ်ပညာ' ဖြစ်သည်။
အကယ်၍ လုယွမ်သာ အရင်က မြင်ခဲ့လျှင် နားမလည်နိုင်သော ကျမ်းစာကြီးဟု ထင်မိမှာ သေချာသော်လည်း ယခုအခါတွင်မူ သူ့အတွက် အလွန်ပင် လွယ်ကူနေတော့သည်။
"အချိန်စပြီ" မုချင်းရွှယ်က လက်ချောင်းလေးကို ဝေ့ယမ်းလိုက်ရာ လုယွမ်၏ ဘေးတွင် ၂ မီတာခန့် မြင့်သော အမွှေးတိုင်ကြီး တစ်တိုင် ပေါ်လာပြီး မီးစွဲသွားတော့သည်။
"ဟုတ်ကဲ့ပါ"
လုယွမ်သည် လူမြင်ကောင်းအောင် တရားထိုင်သည့်ဟန်ဖြင့် ဝင်ထိုင်လိုက်သည်။ အနည်းငယ်တော့ ဟန်ဆောင်ရဦးမည် မဟုတ်ပါလား။