အခန်း (၃၉) - ရတနာလုယက်သတ်ဖြတ်သူများနှင့် ကြုံတွေ့ရခြင်း
ထူထပ်သော သစ်တောကြီးထဲတွင် ထူးဆန်းသော သားရဲ အမြောက်အမြား ရှိနေသည်။ အနည်းငယ်မျှ သတိလွတ်ဟလိုက်သည်နှင့် မှောင်မိုက်နေသည့် နေရာများတွင် ပုန်းအောင်းနေသော သားရဲများ၏ အလစ်ဝင်တိုက်ခိုက်ခြင်းကို ခံလိုက်ရနိုင်သည်။
လမ်းခရီးတစ်လျှောက်တွင် လုယွမ် မည်မျှသော သားရဲများကို သုတ်သင်ခဲ့ရမှန်း သူကိုယ်တိုင်ပင် မမှတ်မိတော့ပေ။
အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲဆိုသည်ကိုလည်း သူ မသိရှိတော့။
မည်သို့ပင်ဖြစ်စေ.. နောက်ဆုံးတွင် လုယွမ် ထိုထူထပ်သော သစ်တောကြီးကို ဖြတ်ကျော်နိုင်ခဲ့သည်။
ထိုအခိုက်တွင် သူ၏ ရှေ့၌ တောင်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုတောင်တွင် အပေါ်သို့ တက်လှမ်းရန် ကျောက်လှေကားများ ရှိနေသည်မှာ ထင်ရှားသည်။
သို့သော်လည်း.. ၎င်းမှာ မုချန် ပြောပြခဲ့သည့် ကောင်းကင်တက်လှေကားနှင့် မတူညီပေ။
ထို့ကြောင့် ဒီတောင်ကြီးမှာ ဖန်းလုံတောင် မဟုတ်ကြောင်း သိသာသည်။
သို့သော်လည်း ဤတောင်တွင် ကျောက်လှေကားများ ရှိနေသည့်အတွက် အပေါ်တွင် တစ်စုံတစ်ခု ရှိနေမည်မှာ သေချာသည်။
လုယွမ် ကျောက်လှေကားများကို စတင်တက်လှမ်းရန် ပြင်ဆင်နေချိန်၌ အဝေးရှိ အရိပ်များထဲမှ ကျင့်ကြံသူ နှစ်ဦး ရုတ်တရက် ထွက်ပေါ်လာပြီး လုယွမ်ကို ဘယ်ညာမှ ညှပ်၍ ဝိုင်းလိုက်ကြသည်။
"ကျင့်ကြံဖော်.. မင်းမှာ ရှိသမျှ အားလုံးကို ပေးအပ်လိုက်စမ်း…ဒါဆိုရင် ငါနဲ့ ငါ့ညီတို့ မင်းကို အသက်ရှင်ခွင့် ပေးနိုင်သေးတယ်" မုတ်ဆိတ်မွေး ထူထပ်သော လူကောင်ကြီးက ချက်ချင်းပင် ခြိမ်းခြောက်လိုက်သည်။
"ကောင်လေး... မင်း ငါတို့ညီအစ်ကိုတွေရဲ့ ပစ်မှတ် ဖြစ်သွားပြီဆိုရင်တော့.. မင်းမှာ နှစ်လမ်းပဲ ရှိတယ်... သေမလား.. ဒါမှမဟုတ် မင်းပစ္စည်းတွေကို နာခံစွာနဲ့ပဲ အပ်လိုက်မလားပဲ" သူ၏ ဘေးတွင် ရှိနေသည့် ပိန်ပါးသော အမျိုးသားက ရယ်မောရင်း ဆိုလိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ အမြုတေဖြစ်တည်ခြင်းအဆင့် အစောပိုင်းရှိ ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့မှာ ဖန်းလုံလျှို့ဝှက်နယ်မြေထဲတွင် အခွင့်အရေး သို့မဟုတ် ရတနာများကို ရှာဖွေရန် ရည်ရွယ်ချက် လုံးဝ မရှိကြပေ။
အစကတည်းကပင် သူတို့မှာ အခြားသူများကို သတ်ဖြတ်၍ ရတနာများ လုယက်ယူငင်ခြင်းဖြင့် ဖန်းလုံလျှို့ဝှက်နယ်မြေထဲမှ ရတနာများနှင့် အရင်းအမြစ် အမြောက်အမြားကို ရရှိရန် စီစဉ်ထားခြင်း ဖြစ်သည်။
လုယွမ် သစ်တောထဲမှ ထွက်လာသည်နှင့် ထိုလူနှစ်ယောက်က သူ့ကို မျက်စိကျနေခဲ့ကြပြီး ဖြစ်သည်။
လုယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်မှာ အမြုစုစည်းခြင်းအဆင့် သာ ဖြစ်ကြောင်း သူတို့ အတည်ပြုပြီးနောက်မှသာ ဤသို့ ရဲရဲဝံ့ဝံ့ ထွက်လာခြင်း ဖြစ်သည်။
"အားနည်းသူတွေကို အားကြီးသူတွေက အနိုင်ကျင့်ကြတာ တကယ်ပဲ" ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လုယွမ် ခေါင်းခါယမ်းမိသည်။
မှန်ပေသည်။ ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းတွင် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသူများသည် သားကောင်ဖြစ်ရန်သာ ထိုက်တန်သည်။
"မင်းတို့နှစ်ယောက်က ငါ့ကို လုယက်ချင်နေတာဆိုတော့လည်း အဆင်ပြေပါတယ်။ ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်... မင်းတို့မှာ ရှိသမျှ အားလုံးကို တစ်ခုချင်းစီ အပ်လိုက်စမ်း.. ဒါဆိုရင် ငါ မင်းတို့ကို အသက်ရှင်ခွင့် ပေးမယ်" လုယွမ်၏ အမူအရာမှာ အလွန်တရာ ငြိမ်သက်နေဆဲပင်။
"အစ်ကိုကြီး... ဒီကောင်က တော်တော်လေး စော်ကားတာပဲ။ သူက ပစ္စည်းတွေကို ရိုးရိုးသားသားနဲ့ အပ်ဖို့ ရည်ရွယ်ချက် မရှိဘူးထင်တယ်" ပိန်ပါးသော အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။ "ဒါဆိုရင်တော့ ငါ သူ့ကို သတ်ပစ်လိုက်မယ်"
"ကောင်းပြီ.. ညီလေး… ငါ မင်းကို အကာအကွယ်ပေးမယ်" မုတ်ဆိတ်မွေး ထူထပ်သော လူကောင်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ညီလေး၏ စွမ်းအားအပေါ် အလွန် ယုံကြည်မှု ရှိနေသည်။
နောက်တစ်ခဏတွင်။
ပိန်ပါးသော ကျင့်ကြံသူက 'သွေးရောင်ဓား' တစ်လက်ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
ဓားမှာ အနည်းငယ်မျှသော သွေးရောင်အလင်းတန်းကို ထုတ်လွှတ်နေသည်။ ဓားသွားမှာလည်း အလွန်ပင် ထက်မြက်လှသည်။
"ငါ့ရဲ့ သွေးဓားအောက်မှာ သေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ" ပိန်ပါးသော ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လက်ထဲရှိ ဓားကြီးမှ ပိုမိုပြင်းထန်သော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။
ဝှီး…
သူသည် ဓားကို ချက်ချင်း မြှောက်လိုက်ပြီး လုယွမ်ဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။
"ရှောင်ဖို့တောင် မကြိုးစားဘူး ဝိညာဉ်စုစည်းခြင်းအဆင့်ဆိုတာ ဝိညာဉ်စုစည်းခြင်းအဆင့်ပါပဲ…သူက ငါ့ညီရဲ့ လှုပ်ရှားမှုကိုတောင် ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ မဟုတ်ဘူး" လူကောင်ကြီးက လုယွမ် ရပ်နေသည်ကို ကြည့်ပြီး စိတ်ထဲမှ ရယ်မောလိုက်သည်။
သို့သော်လည်း။
သွေးဓားမှာ လုယွမ်နှင့် တစ်လက်မခန့်သာ လိုတော့သည့် အချိန်တွင် လုယွမ်၏ လက်မှာ လှုပ်ရှားသွားခဲ့သည်။
ဖျတ်..
လုယွမ်၏ လက်ချောင်းနှစ်ချောင်းမှာ သွေးဓား၏ ကိုယ်ထည်ကို လွယ်ကူစွာ ညှပ်ဖမ်းလိုက်သည်ကို မြင်လိုက်ရသည်။
ပိန်ပါးသော ကျင့်ကြံသူ၏ ပြင်းထန်သော တိုက်ခိုက်မှုမှာ လုယွမ်၏ လက်ဖြင့် လွယ်ကူစွာ တားဆီးခြင်း ခံလိုက်ရသည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ့ရဲ့ အပြင်းဆုံး တိုက်ခိုက်မှုကို ဝိညာဉ်စုစည်းခြင်းအဆင့်လောက်နဲ့ ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်လေး တားနိုင်မှာလဲ" ပိန်ပါးသော ကျင့်ကြံသူမှာ မယုံကြည်နိုင်စွာ ဖြစ်သွားခဲ့သည်။ သူ၏ သွေးဓားကို ပြန်ဆွဲထုတ်ရန် ကြိုးစားသည်။
သို့သော် သွေးဓားတစ်ခုလုံးကို လုယွမ်၏ လက်ချောင်းများက တင်းကျပ်စွာ ညှပ်ထားသည်။ မည်မျှပင် အားစိုက်ဆွဲပါစေ.. ပြန်မရနိုင်တော့ချေ။
"မကောင်းတော့ဘူး.. ညီလေး ပြန်ဆုတ်တော့ ပြိုင်ဘက်က သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပြီး ဝက်ယောင်ဆောင် ကျားဖမ်းနေတာပဲ" လူကောင်ကြီးက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ပြီး အော်ဟစ်လိုက်သည်။
သူကောင်းကောင်း သိသည်။
ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဒီလောက်ပြင်းထန်သော တိုက်ခိုက်မှုကို လက်ချောင်းနှစ်ချောင်းတည်းဖြင့် တားဆီးရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဖြစ်နိုင်ခြေမှာ တစ်ခုသာ ရှိသည်။
လုယွမ်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်းပင် ဖြစ်သည်
ဖြောင်း…ဂလွမ်း…
ဤအချိန်တွင်…
လုယွမ် လက်ချောင်းများကို အားအနည်းငယ် စိုက်လိုက်သည်။
သွေးဓားတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူနှစ်ယောက်၏ အမူအရာမှာ ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ "ဒီသွေးဓားက အလယ်အလတ်တန်းစား မှော်လက်နက်လေ လက်ချောင်းနှစ်ချောင်းတည်းနဲ့ သူ အပြီးသတ် ဖျက်ဆီးလိုက်တာပဲ ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က ကြောက်ခမန်းလိလိ ဖြစ်နေတာလား"
"ပြေး"
လူနှစ်ယောက်မှာ နောက်ထပ် တစ်စက္ကန့်မျှပင် မနေရဲတော့ပေ။
ချက်ချင်းလှည့်၍ ပြေးကြသည်။
သို့သော်လည်း။
လုယွမ်က သူတို့ကို မည်သို့ လွတ်မြောက်ခွင့် ပေးပါမည်နည်း
နောက်တစ်ခဏတွင် လုယွမ် သူ၏ 'ဓားလက်ညှိုး'ကို ခါယမ်းလိုက်ရာ သွေးဓားမှ ပြတ်ထွက်သွားသော အပိုင်းအစများမှာ သူတို့ဆီသို့ အရှိန်ဖြင့် ပစ်ခတ်သွားခဲ့သည်။
စွပ်….
သွေးဓားအပိုင်းအစများမှာ လူနှစ်ဦး၏ ခန္ဓာကိုယ်များကို တန်းတန်းမတ်မတ် ဖောက်ထွက်သွားခဲ့သည်။
ကျင့်ကြံသူနှစ်ဦးမှာ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားပြီး ခန္ဓာကိုယ်ရှိ အပေါက်များမှ သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။
"ညီလေး... ဒီတစ်ခါတော့ အစ်ကိုကြီးရဲ့ အမှားပဲ..." လူကောင်ကြီးက သေဆုံးခါနီးတွင် တောင်းပန်လိုက်သည်။
သူ သတိလွတ်သွားခဲ့သည်။
အရင်က သူတို့ ရတနာ လုယက်သတ်ဖြတ်မှုများ အောင်မြင်ခဲ့သည်။
ယခုလည်း အလားတူ ဖြစ်မည်ဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် လုယွမ်က ဝက်ယောင်ဆောင် ကျားဖမ်းနေသူ ဖြစ်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိပေ။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်စုစည်းခြင်းအဆင့်သာ ဖြစ်သည်ဟု သူ ထင်ခဲ့မိသည်။
"အစ်ကိုကြီး... နောက်ဘဝမှာလည်း... ကျွန်တော် အစ်ကိုကြီးရဲ့ ညီပဲ ဖြစ်ရပါစေ..."
လူနှစ်ယောက် နောက်ဆုံး စကားကို ဆိုပြီးနောက် သူတို့၏ အသက်စွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
လုယွမ် သူတို့၏ အလောင်းများဆီသို့ လျှောက်သွားလိုက်သည်။
သူတို့၏ သိုလှောင်အိတ် နှင့် သိုလှောင်လက်စွပ် တို့ကို တစ်ခုပြီးတစ်ခု ကောက်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် နတ်ဘုရားအာရုံကို အသုံးပြု၍ အတွင်းရှိ ပစ္စည်းများကို စစ်ဆေးလိုက်သည်။
"ဒီလူနှစ်ယောက်က အရင်က အကြိမ်ကြိမ် လုယက်သတ်ဖြတ်ခဲ့တာပဲ။ ဒီလက်စွပ်ထဲက ပစ္စည်းအတော်များများက တခြား ကျင့်ကြံသူတွေဆီက ယူလာတာပဲ... သနားစရာကောင်းလိုက်တာ မြစ်ဘေးမှာ လမ်းလျောက်နေရင်တော့ ခြေထောက်စိုမှာပဲလေ" လုယွမ် တည်ငြိမ်စွာ ဆိုလိုက်သည်။
"ရတနာတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကို လုယက်သတ်ဖြတ်ပြီး ရယူတာက တကယ်တော့ အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ"
"ဒါပေမဲ့ ကိုယ့်ထက် ပိုအစွမ်းထက်တဲ့သူနဲ့ တွေ့ပြီဆိုရင်တော့ သေလမ်းပဲ ရှိတော့တာပေါ့"
လုယွမ် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ပြုံးလိုက်မိသည်။ "ဖန်းလုံလျှို့ဝှက်နယ်မြေက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ"
အရင်ဆုံး ဝိညာဉ်ဆေးပင် တစ်မျိုးအတွက် တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်နေသည့် ကျင့်ကြံသူနှစ်ဦးကို တွေ့ခဲ့ရသည်။
ပြီးတော့ သူ့ကို အသုံးချပြီး သတ်ဖြတ်ချင်တဲ့သူနဲ့ ကြုံတွေ့ခဲ့ရသည်။
ပြီးတော့ အခုလည်း
နောက်ထပ် လုယက်သတ်ဖြတ်သူတွေနဲ့ ထပ်တွေ့ပြန်ပြီ
ဒါ စိတ်လှုပ်ရှားစရာ မဟုတ်ရင် ဘာဖြစ်မလဲ
အကယ်၍သာ လုယွမ်၏ ကျင့်ကြံခြင်းစွမ်းအားက မလုံလောက်ခဲ့ပါက သူ အကြိမ်ပေါင်းများစွာ သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။
မှန်ပေသည်။
ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းရှိ အန္တရာယ်ရှိသော တားမြစ်ချက်များမှာ ထိတ်လန့်စရာ ကောင်းသော်လည်း။
ထိုထက်ပို၍ ကြောက်စရာကောင်းသည်မှာ ကျင့်ကြံသူများ ကိုယ်တိုင်ပင် ဖြစ်သည်။
လူစိတ်ဆိုသည်မှာ ခန့်မှန်းရ ခက်ခဲလှသည်
ဘုန်း…ဟူး ..ဟူး ..
လုယွမ် အရင်ကအတိုင်းပင် အလောင်းနှစ်ခုကို ဖျက်ဆီးလိုက်ပြီး အစအန မကျန်စေရန် လုပ်ဆောင်လိုက်သည်။
သူ နောက်ထပ် ဘာမျှ မတွေးတော့ပေ။
ခုနက ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကလေးမှာ လုယွမ်၏ စိတ်အခြေအနေကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပါ။
ထို့နောက် သူ တောင်ကြီး၏ ကျောက်လှေကားပေါ်သို့ ခြေလှမ်းလိုက်ပြီး လျင်မြန်စွာပင် အပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားခဲ့သည်။
သူ၏ နတ်ဘုရားအာရုံက ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေသည်။
တစ်စုံတစ်ရာ မငြိမ်မသက်ဖြစ်ပါက လုယွမ် ချက်ချင်းပင် သတိပြုမိပြီး တန်ပြန်တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ကျောက်လှေကားပေါ်တွင် အမှတ်အသားများစွာ ရှိနေသည်။
ထိုအမှတ်အသားများနှင့် ခြေရာများကို ကြည့်ခြင်းအားဖြင့် ကျင့်ကြံသူ အတော်များများလည်း ဤနေရာသို့ ရောက်ရှိလာပြီး အပေါ်သို့ တက်လှမ်းသွားကြပြီ ဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။
"အပေါ်မှာ ဘာမှ မလှုပ်ရှားသေးဘူး။ နောက်ထပ် ဘာတွေနဲ့ ကြုံတွေ့ရဦးမလဲ မသိဘူး" လုယွမ် အပေါ်သို့ မော့ကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ရေရွတ်မိသည်။ ယခုအချိန်တွင် သူသည် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။
ဤသို့သော မသိရှိရသေးသည့် စွန့်စားခန်းများက လူတို့ကို စိတ်လှုပ်ရှား.. ထိတ်လန့်.. တုန်လှုပ်စေပြီး အားအင်များကို တိုးပွားစေသည်
သို့သော် နောက်ထပ် ဘာနှင့်ပဲ တွေ့တွေ့။
အရင်အတိုင်းပင် ဖြစ်သည်။
အင်အားဖြင့် တုံ့ပြန်မည် ပြဿနာကို ရင်ဆိုင်ဖြေရှင်းမည်။