အခန်း (၃၄) - ထွက်ခွာခြင်း
နောက်တစ်နေ့ နံနက်စောစော။
လုယွမ်သည် ပင်မတောင်ထွတ် ရှိ ကွင်းပြင်ကျယ်ကြီးဆီသို့ စောစောစီးစီး ရောက်ရှိလာခဲ့သည်။
ယခုအချိန်တွင် ထိုကွင်းပြင်ကျယ်ကြီးထဲ၌ ကြီးမားလှသော လေသင်္ဘောကြီး တစ်စင်း ဆိုက်ကပ်ထားပြီး အလွန်ပင် ခန့်ညားထည်ဝါလှသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
ဤလေသင်္ဘောကြီး၏ ရှေ့တွင် ရပ်နေသည့် လူသားများမှာ အလွန်ပင် သေးငယ်လွန်းလှသည်ဟု ထင်မှတ်ရသည်။
"ဘုရားရေ... ဒီလေသင်္ဘောကြီးက တကယ့် လေယာဉ်တင်သင်္ဘောကြီးကျနေတာပဲ"
လုယွမ်သည် ၎င်းကို သေချာစွာ စိုက်ကြည့်ရင်း ရေရွတ်လိုက်မိသည်။
ကောင်းကင်မြစ်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးမျိုးသာလျှင် ဤကဲ့သို့သော လေသင်္ဘောကြီးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဒီလောက်ကြီးမားသော လေသင်္ဘောကြီးတစ်စင်း၏ တန်ဖိုးတစ်ခုတည်းနှင့်တင် အလွန်တရာ ကြီးမားလွန်းလှသည်။
ထို့အပြင် ၎င်းကို အသုံးပြုသည့်အခါတွင်လည်း အမြဲတမ်း ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို အဆက်မပြတ် သုံးစွဲရသဖြင့် သာမန်အင်အားစုများအနေဖြင့် လုံးဝ မတတ်နိုင်ချေ။
ယခုတစ်ကြိမ်။
ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ကြမည့် တပည့်အားလုံးသည် လေသင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤအချိန်တွင် ကောင်းကင်မြစ်ဂိုဏ်း၏ ဖေးထျန်းတောင်ထွတ် သခင်ဖြစ်သူ လျှိုလဲ့သည် ကုန်းပတ်ပေါ်တွင် ရပ်နေရင်း လုယွမ်ကို ချက်ချင်း လှမ်းမြင်လိုက်ရသဖြင့် အလျင်အမြန်ပင် လှမ်းပြောလိုက်သည်။
"လုယွမ်... မြန်မြန်တက်လာခဲ့ ငါတို့ မင်းတစ်ယောက်တည်းကိုပဲ စောင့်နေတာ"
"ဟုတ်ကဲ့ပါ"
လုယွမ်က ၎င်းကို ကြားလိုက်ရသည့်အခါ အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီးနောက် အသာအယာ ခုန်ပျံလျက် ကုန်းပတ်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
ယခုတစ်ကြိမ်တွင် တောင်ထွတ်သခင် လျှိုလဲ့ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ခြင်း ဖြစ်သည်။
နတ်ဝိညာဉ်အဆင့် ပညာရှင်တစ်ဦးကိုယ်တိုင် ရှေ့မှဦးဆောင်ခြင်းက ဂိုဏ်းကြီးတစ်ခု၏ ခန့်ညားထည်ဝါမှုကို ဖော်ပြနေခြင်းပင် ဖြစ်ပေသည်။
"တောင်ထွတ်သခင်လျှို... မတွေ့ရတာ ကြာပြီနော်.. တောင်ထွတ်သခင်ရဲ့ အရှိန်အဝါက အရင်အတိုင်း ခန့်ညားနေတုန်းပဲ"
လုယွမ်သည် ကုန်းပတ်ပေါ်သို့ ရောက်ရှိလာပြီးနောက် လျှိုလဲ့ထံသို့ လက်အုပ်ချီလျက် နှုတ်ဆက်စကား ဆိုလိုက်သည်။
အတိတ်တုန်းက လုယွမ်သည် လျှိုလဲ့ထံသို့ မကြာခဏ လာရောက်လေ့ရှိပြီး သူပိုင်ဆိုင်ထားသော အစွမ်းထက်သည့် ကျင့်စဉ်မှန်သမျှကို ကူးယူခဲ့ဖူးသည်။
လျှိုလဲ့သည် အရက်သောက်ရသည်ကို နှစ်သက်သူ ဖြစ်သည်။
လုယွမ်သည် သူ၏အကြိုက်ကို လိုက်၍ သူကိုယ်တိုင်ပင် အရက်အချို့ကို ချက်ပြုတ်ပေးခဲ့ဖူးသေးသည်။
သူသည် သူ၏အကြိုက်ကို သေချာစွာ ဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းရင်းကြောင့်ပင်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ တော်တော်လေး ကောင်းမွန်သည်ဟု ဆိုရပေမည်။
"မင်းကတော့ အရင်အတိုင်းပဲနော် ကောင်လေး"
လျှိုလဲ့က အသာအယာ ရယ်မောလိုက်သည်။ "ဒီတစ်ကြိမ် ဖန်းလုံလျှို့ဝှက်နယ်မြေအတွက် အားလုံး သေချာ ပြင်ဆင်ပြီးပြီလား"
"ကြီးကြီးမားမား ပြဿနာတော့ မရှိလောက်ပါဘူး"
လုယွမ်က လေးနက်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းပြီ…ကောင်လေး... မင်း လျှို့ဝှက်နယ်မြေထဲကနေ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ဖို့ပဲ လိုတယ်"
လျှိုလဲ့က လေးနက်သော လေသံဖြင့် အလေးအနက် မှာကြားလိုက်သည်။
"နားလည်ပါပြီ "
လုယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ မင်းကို မိတ်ဆက်ပေးရဦးမယ်.. ဒါက ငါ့ရဲ့ တပည့်ရင်း ဝေယန်ဖုန်းပဲ…သူလည်း ဒီတစ်ကြိမ် ဖန်းလုံလျှို့ဝှက်နယ်မြေကို သွားမှာ.. အထဲမှာ ဆုံဖြစ်ရင် သူ့ကို နည်းနည်းလောက် စောင့်ရှောက်ပေးပါဦး"
လျှိုလဲ့က မိတ်ဆက်ပေးလိုက်သည်။
"ဂါရဝပြုပါတယ် စီနီယာအစ်ကို"
ဝေယန်ဖုန်းကလည်း လုယွမ်ထံသို့ အလျင်အမြန် ဂါရဝပြုလိုက်သည်။
ဝေယန်ဖုန်းသည် လုယွမ်ထက် ဂိုဏ်းထဲသို့ စောစီးစွာ ရောက်ရှိခဲ့သူ ဖြစ်သော်လည်း။
ယခုအခါ လုယွမ်မှာ ဂိုဏ်း၏ ဘိုးဘေးကြီး ၏ မျက်နှာသာပေးမှုကို ရရှိထားသူ ဖြစ်သည်။
ထို့ကြောင့် သူ့ကို စီနီယာအစ်ကိုဟူ၍ ခေါ်ဆိုခြင်းက မှားယွင်းမှု မရှိပါချေ။
"တောင်ထွတ်သခင်လျှို... ကျွန်တော်တို့အားလုံးက ဂိုဏ်းတစ်ခုတည်းက လူတွေပဲလေ.. သဘာဝအတိုင်းပဲ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမှာပေါ့"
လုယွမ်က ခေါင်းညိတ်ပြရင်း ဆိုလိုက်သည်။ "ဒါပေမဲ့ ဂျူနီယာအစ်ကိုဝေရဲ့ စွမ်းအားနဲ့ဆိုရင်တော့ သူကိုယ်တိုင်လည်း ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်"
"ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းမှာ အပြောင်းအလဲတွေက အလွန်များပြားလှတယ်.. ဘယ်သူမှ ရာနှုန်းပြည့် မသေချာနိုင်ဘူး အတိုချုပ်ပြောရရင် မင်းတို့အားလုံး သေချာ ဂရုစိုက်ကြပါ"
လျှိုလဲ့က အသာအယာ ခေါင်းညိတ်ပြရင်း ထပ်မံ၍ သတိပေးလိုက်သည်။
မကြာမီမှာပင်။
လျှိုလဲ့၏ အမိန့်ပေးမှုအောက်တွင်။
ကြီးမားလှသော လေသင်္ဘောကြီးသည် အရှိန်အဟုန်ဖြင့် အထက်သို့ ပျံတက်သွားခဲ့သည်။
အတိုင်းအတာတစ်ခုအထိ မြင့်မားသော အရပ်သို့ ရောက်ရှိသွားပြီးနောက် လေသင်္ဘောကြီးသည် လမ်းကြောင်းတစ်ခုသို့ ဦးတည်၍ လျင်မြန်စွာ မောင်းနှင်သွားခဲ့တော့သည်။
ဤလေသင်္ဘောကြီးပေါ်တွင် ရောက်နေသည့် လုယွမ်သည် အလွန်ပင် တည်ငြိမ်မှုကို ခံစားရပြီး မည်သည့် လှုပ်ခါမှုမျိုးကိုမျှ မခံစားရချေ... ဒါက သူ့အား လေသင်္ဘောကြီး၏ ထူးခြားဆန်းပြားမှုကို အံ့အားသင့်သွားစေခဲ့သည်။
"ဒီတစ်ကြိမ်မှာ မင်းတို့နှစ်ယောက်ပဲ တပည့်ရင်း အနေနဲ့ ဝင်ရောက်မှာ ဖြစ်ပြီး အခြားလူတွေကတော့ အတွင်းစည်းတပည့် တွေ ဖြစ်ကြတယ်.. အများစုကတော့ အမြုတေစုစည်းခြင်းအဆင့် မှာပဲ ရှိကြသေးတယ်"
လျှိုလဲ့က ဆက်လက်၍ ဆိုပြသည်။
"တောင်ထွတ်သခင်လျှို... အခြား တပည့်ရင်းတွေက ဘာလို့ ဖန်းလုံလျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ အစီအစဉ် မရှိကြတာလဲ"
လုယွမ်က စူးစမ်းလိုစိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ချေ။ ဤမျှကြီးမားသော အခွင့်အရေး ကံတရား ရှိနေပါလျက် သူနှင့် ဝေယန်ဖုန်း နှစ်ဦးတည်းသော တပည့်ရင်းများ သွားကြခြင်း ဖြစ်သည်။
ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်း၌ နတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းစေနိုင်သည့် 'နတ်ဝိညာဉ်ဖြိုခွဲဆေးလုံး' ကဲ့သို့သော အထွတ်အထိပ် ဆေးလုံးများ တည်ရှိနေကြောင်း သိထားရသည်။
အကယ်၍ တစ်လုံးမျှ ရှာဖွေတွေ့ရှိနိုင်မည်ဆိုပါက။
နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိရန် အလွန်ပင် လွယ်ကူသွားမည် ဖြစ်သည်။
"ရိုးရှင်းပါတယ်... သူတို့ စွန့်စားဖို့ မလိုလို့လေ။ သူတို့ရဲ့ ပါရမီနဲ့ ကြိုးစားအားထုတ်မှုနဲ့တင် သူတို့ဘာသာသူတို့ နတ်ဝိညာဉ်အဆင့်ကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်ကြတယ်"
လျှိုလဲ့က အသာအယာ ရယ်မောလိုက်သည်။ "ဒီလိုမျိုး အခြေအနေ ရှိနေမှတော့ သူတို့အနေနဲ့ စွန့်စားဖို့ မလိုတော့ဘူးပေါ့"
"ဒီတစ်ကြိမ် ငါ သူ့ကို ဖန်းလုံလျှို့ဝှက်နယ်မြေထဲ သွားခိုင်းရတာက အထဲမှာ အတွေ့အကြုံကောင်းတွေနဲ့ လေ့ကျင့်မှုတွေ ရရှိစေချင်လို့ပဲ"
မဟုတ်ပါက သူသည် ဝေယန်ဖုန်းအား ဖန်းလုံလျှို့ဝှက်နယ်မြေသို့ လွှတ်မည်မဟုတ်ဘဲ ဂိုဏ်းအတွင်း၌သာ သေချာစွာ ကျင့်ကြံစေမည် ဖြစ်ပြီး ထိုသို့ဆိုပါကလည်း ဆယ်စုနှစ်အနည်းငယ်အတွင်း နတ်ဝိညာဉ်အဆင့်သို့ တည်ငြိမ်စွာဖြင့် သေချာပေါက် ရောက်ရှိနိုင်မည် ဖြစ်သည်။
"အော်... ဒီလိုကိုး"
လုယွမ်က အသာအယာ ခေါင်းညိတ်ပြရင်း ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။
အကယ်၍ မိမိဘာသာ နတ်ဝိညာဉ်အဆင့်သို့ ချောချောမွေ့မွေ့ တက်လှမ်းနိုင်မည်ဆိုပါက ၎င်းက သေချာပေါက် အစိတ်ချရဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။
"ကဲ... ဒီတစ်ကြိမ် ဖန်းလုံလျှို့ဝှက်နယ်မြေကို ရောက်ဖို့ ရက်အနည်းငယ်တော့ ကြာဦးမယ်။ လူတိုင်း သေချာ အနားယူထားကြပါ.. ဒါမှ ရောက်တဲ့အခါ လျှို့ဝှက်နယ်မြေထဲမှာ အကောင်းဆုံး အခြေအနေနဲ့ စူးစမ်းလေ့ကျင့်နိုင်မှာ"
လျှိုလဲ့က ဆက်လက်၍ မှာကြားသည်။ "လုယွမ်... မင်း လျှို့ဝှက်နယ်မြေထဲကနေ ပြန်ထွက်လာတဲ့အခါ ငါတို့တွေ သေချာပေါက် အရက်အတူတူ သောက်ကြတာပေါ့"
"ပြဿနာမရှိပါဘူး "
လုယွမ်က အသာအယာ ပြုံးပြလိုက်သည်။
လေသင်္ဘောကြီးတစ်ခုလုံးမှာ။
ရွေ့လျားနေသော အိမ်ကြီးတစ်လုံးကဲ့သို့ ဖြစ်ပေသည်။
အတွင်းပိုင်းတွင် အခန်းပေါင်းများစွာ ရှိသည်။
ဖန်းလုံလျှို့ဝှက်နယ်မြေသို့ သွားကြမည့် တပည့်များစွာမှာ မိမိတို့၏ အခန်းအသီးသီးအတွင်း၌ ပိုမိုအားကောင်းလာစေရန်အတွက် ကြိုးကြိုးစားစား ကျင့်ကြံခြင်းကို လုပ်ဆောင်နေကြဆဲ ဖြစ်သည်။
"စီနီယာအစ်ကို"
သူသည် လေသင်္ဘောပေါ်ရှိ ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်လာစဉ် ရင်းနှီးနေသော အသံတစ်ခုက လှမ်း၍ ခေါ်လိုက်သည်။
လုယွမ် လှည့်ကြည့်လိုက်သည့်အခါ ပိသျှံတောင်ထွတ် မှ ရွှယ်ယောင် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
"မတွေ့ရတာ ကြာပြီနော် မင်းလည်း ဒီတစ်ကြိမ် ဖန်းလုံလျှို့ဝှက်နယ်မြေကို သွားလိမ့်မယ်လို့ မထင်ထားမိဘူး"
လုယွမ်က အသာအယာ ရယ်မောလိုက်ရင်း ရွှယ်ယောင်၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကိုလည်း အံ့အားသင့်နေမိသည်.. သူမသည် အမြုတေစုစည်းခြင်းအဆင့်၏ ပြည့်စုံခြင်းအဆင့် သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
"စီနီယာအစ်ကို သွားမယ်လို့ ကြားတာနဲ့ ကျွန်မလည်း လိုက်ခဲ့တာပါ အတွေ့အကြုံအချို့လည်း ရချင်လို့ပါ"
ရွှယ်ယောင်က ခေါင်းညိတ်ပြသည်။
"ဒီဖန်းလုံလျှို့ဝှက်နယ်မြေက နောက်ပြောင်နေတဲ့ ကိစ္စမဟုတ်ဘူး အကယ်၍ မင်း အထဲမှာ အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ရင် တိုက်ခိုက်ဖို့က လုံးဝ မဖြစ်နိုင်ဘူး"
လုယွမ်က သတိပေးလိုက်သည်။
"မင်း ဒါကို သေချာ စဉ်းစားရမယ်နော်… ငါ့ကြောင့်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ဒီဖန်းလုံလျှို့ဝှက်နယ်မြေထဲကို စွန့်စားပြီး မဝင်ပါနဲ့.မင်းရဲ့ အသက်ကိုပဲ တန်ဖိုးထားရမယ်"
မိမိအသက်က မိမိအတွက်သာ ဖြစ်သည်။
"ကျွန်မ သေချာ စဉ်းစားပြီးပါပြီ"
ရွှယ်ယောင်က လေးနက်သော အမူအရာဖြင့် ဆိုသည်။ "ဖန်းလုံလျှို့ဝှက်နယ်မြေက အနှစ်ငါးရာမှ တစ်ကြိမ်ပဲ ပွင့်တာလေ.. ပြီးတော့ အထဲမှာ အခွင့်အရေး ကံတရားတွေ အများကြီး ရှိတယ်…ဒါက ကျွန်မဘဝမှာ ဝင်ရောက်ခွင့်ရမယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်.. အလဟဿ မဖြစ်စေချင်ဘူး"
"အကယ်၍ ကျွန်မ အထဲမှာ အခွင့်အရေးတစ်ခုခု ရခဲ့မယ်ဆိုရင် နောင်ကျရင် ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ယုံကြည်တယ်"
"အထဲမှာ အလွန်အန္တရာယ်များပြီး သေသွားနိုင်တယ်ဆိုတာ သိပေမဲ့လည်း... ကျွန်မရဲ့ အနာဂတ်အတွက် စမ်းသပ်ကြည့်ချင်ပါတယ်။ အကယ်၍ သေသွားခဲ့ရင်တောင် နောင်တရမှာ မဟုတ်ပါဘူး"
ရွှယ်ယောင်တွင် ထုတ်မပြောခဲ့သော စကားအချို့ ရှိနေသေးသည်။
သူမ မည်သို့ ပြောရမည်ကို မသိခြင်း ဖြစ်ပေသည်။
လုယွမ် သူမကို ပထမဆုံးအကြိမ် ကယ်တင်ခဲ့ဖူးသည့် အချိန်ကတည်းက သူမ၏နှလုံးသားက သူ့ထံသို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။
လုယွမ်၏ အနာဂတ်မှာ သေချာပေါက် အထူးခြားဆုံး ဖြစ်လာလိမ့်မည်ကို သူမ ကောင်းစွာ နားလည်ထားသည်။
သူမအနေဖြင့် သူနှင့် ထိုက်တန်မှု မရှိမှာကို သူမ ကြောက်ရွံ့နေမိသည်။
ထို့ကြောင့် သူမသည် မိမိ၏ ကျင့်ကြံခြင်းကို လျင်မြန်စွာ မြှင့်တင်ပြီး မိမိ၏ အနာဂတ်ကို ပိုမိုအားကောင်းလာစေရန် ဆန္ဒရှိနေခြင်း ဖြစ်သည်... ထိုအချိန်ကျမှသာ သူမသည် လုယွမ်နှင့် ထိုက်တန်နိုင်ပေလိမ့်မည်။
ရွှယ်ယောင် စကားပြောပြီးနောက် လုယွမ်သည် သေချာစွာ နားထောင်လိုက်ပြီးမှ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"မင်းရဲ့ ဆုံးဖြတ်ချက်က ပြတ်သားနေပြီဆိုရင်တော့ သေချာ ဂရုစိုက်ရမယ်…အကယ်၍ လျှို့ဝှက်နယ်မြေထဲမှာ တစ်ခုခုလွဲချော်နေတယ်လို့ ခံစားရရင် ဘာမှတွန့်ဆုတ်မနေဘဲ ချက်ချင်း လှည့်ပြေးရမယ်"
ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် လူတိုင်းသည် လျှို့ဝှက်နယ်မြေ၏ မတူညီသော နေရာအသီးသီးသို့ အလိုအလျောက် ရွှေ့ပြောင်းခံကြရမည် ဖြစ်သည်။
မဟုတ်ပါက လုယွမ်သည် ရွှယ်ယောင်အား သူ့နောက်မှသာ လိုက်ပါစေချင်မိသည်။
ထင်ရှားသည်မှာ…
သူတို့ လျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိသည့်အခါ ဆုံတွေ့နိုင်မလားဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
အကယ်၍ ဆုံတွေ့နိုင်မည်ဆိုပါက လုယွမ်သည် ရွှယ်ယောင်ကို ကူညီပေးရန် အလွန်ပင် တလိုတလား ရှိပေသည်။
"စီနီယာအစ်ကိုရဲ့ သတိပေးချက်ကို ကျွန်မ သေချာ မှတ်သားထားပါ့မယ်"
ရွှယ်ယောင်က အသာအယာ ပြုံးပြလိုက်သည်။
"ဒီဆေးလုံးတွေကို ယူထားလိုက်ဦး.. ဒါတွေက မင်းအတွက် အသုံးဝင်လိမ့်မယ်"
လုယွမ်က သိုလှောင်အိတ် တစ်အိတ်ကို ထုတ်ယူကာ သူမထံသို့ ကမ်းပေးလိုက်သည်။
လွန်ခဲ့သော အချိန်က လုယွမ် သူမကို သူရဲကောင်းဆန်ဆန် ကယ်တင်ခဲ့ဖူးသည့် အချိန်ကစ၍။
နောက်ပိုင်းအချိန်များတွင် ရွှယ်ယောင်သည် သူ့ထံသို့ မကြာခဏ လာရောက်လေ့ရှိပြီး ပစ္စည်းများစွာကိုလည်း ယူဆောင်လာပေးတတ်သည်... တဖြည်းဖြည်းနှင့်။
လုယွမ်သည်လည်း ရွှယ်ယောင်အား သူငယ်ချင်းတစ်ယောက်ကဲ့သို့ သဘောထားလာခဲ့ခြင်း ဖြစ်သည်။
ဤဆေးလုံးများမှာ အလွန်တရာ အဖိုးတန်လွန်းလှသည် မဟုတ်သော်လည်း တိုက်ပွဲအတွင်း သို့မဟုတ် ဒဏ်ရာကုသခြင်း လုပ်ဆောင်သည့်အခါတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင်ပေသည်။
သူတို့နှစ်ဦးစလုံးမှာ ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းသို့ တစ်ခါမျှ မဝင်ရောက်ဖူးကြသေးသဖြင့် ဆေးလုံးများ ပိုမိုပိုင်ဆိုင်ထားခြင်းက ပိုမိုစိတ်ချရပေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို.. ကျွန်မ ဒါကို လက်ခံလိုက်ပါ့မယ်"
ရွှယ်ယောင်က ကျေးဇူးတင်စွာဖြင့် ဆိုသည်။
"ငါတို့အားလုံး လျှို့ဝှက်နယ်မြေထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ကြဖို့ မျှော်လင့်ပါတယ်"
လုယွမ်က ခေါင်းညိတ်ပြရင်း ပြန်လည်ဆိုလိုက်သည်။ "ကဲ... ငါ အခန်းထဲကို ပြန်ပြီး အရင်နားလိုက်ဦးမယ်နော်…မင်းလည်း သေချာ အနားယူထားပါ… ငါ့အမြင်အရတော့ ဖန်းလုံလျှို့ဝှက်နယ်မြေထဲ ရောက်သွားရင် ဘယ်သူမှ ကောင်းကောင်းမွန်မွန် နားရမယ့် အချိန်နဲ့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ"
ရွှယ်ယောင်က ပြုံး၍ ပြန်လည်ဖြေကြားလိုက်သည်။
သူတို့နှစ်ဦး နှုတ်ဆက်ပြီးနောက်။
လုယွမ်သည် လေသင်္ဘောပေါ်ရှိ သီးသန့်အခန်းတစ်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
အခန်း၏ အပြင်အဆင်မှာ အလွန်ပင် သားနားလှပေသည်။
ပြတင်းပေါက်မှတစ်ဆင့်။
လေသင်္ဘောကြီးသည် တိမ်တိုက်များ၏ အထက်ယံထက်တွင် အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်ကို အထင်အရှား မြင်တွေ့နေရသည်။
နှမြောစရာကောင်းသည်မှာ တိမ်တိုက်များက အလွန်ပင် ထူထပ်လွန်းလှသဖြင့် အောက်ခြေက ရှုခင်းများကို လုံးဝ ဖုံးကွယ်ထားခြင်း ဖြစ်ပေသည်။
"ဒီလိုမျိုး ခံစားချက်က တော်တော်လေး ထူးခြားတာပဲ"
လုယွမ်အနေဖြင့် ဤမျှကြီးမားသော လေသင်္ဘောကြီးကို ပထမဆုံးအကြိမ် စီးနင်းဖူးခြင်းဖြစ်ပြီး လက်ရှိခံစားချက်က သူ့အား အသာအယာ ခေါင်းညိတ်လျက် ချီးမွမ်းမိစေသည်။
ထို့နောက်တွင်…
သူသည် မိမိအတွက် ရေနွေးကြမ်းတစ်အိုး ဖျော်စပ်လိုက်ပြီး ၎င်းကို သောက်သုံးရင်း ရှေးဟောင်းကျမ်းဂန်များကို ဖတ်ရှုနေခဲ့တော့သည်။
သူ၏ အမူအရာတစ်ခုလုံးမှာ အလွန်ပင် သက်တောင့်သက်သာ ရှိလှပေသည်။
အခြားသော တပည့်များလို အလွန်အမင်း တင်းမာပြီး ထိတ်လန့်တုန်လှုပ်နေသော အခြေအနေမျိုး လုံးဝ မရှိပါချေ။