အခန်း (၃၃) - လအနည်းငယ် ကြာပြီးနောက်
မျက်စိတစ်မှိတ်အတွင်းမှာပင်။
လအနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်အတောအတွင်း လုယွမ်သည် နေ့စဉ်ရက်ဆက် အလွန်ပင် အေးအေးလူလူ ဘဝကို ဖြတ်သန်းခဲ့သည်။
"စီနီယာအစ်ကို... အစ်ကိုချက်တဲ့ ဟင်းတွေက တော်တော်လေး စားလို့ကောင်းတာပဲ"
ထိုနေ့တွင် တွမ့်ရှီရှန်းသည် လုယွမ်ပြင်ဆင်ပေးထားသော အစားအစာများကို အားပါးတရ စားသောက်ရင်း တောက်လျှောက်ပင် ချီးမွမ်းခန်းဖွင့်နေခဲ့သည်။
သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့် သို့ မရောက်ရှိသေးသဖြင့် အစားအစာ စားသုံးခြင်းကို မဖြတ်တောက်နိုင်သေးချေ။
မူလက မုချန်သည် တွမ့်ရှီရှန်းအား အစာဖြတ်ဆေးလုံး တစ်လုံး ပေးရန် စီစဉ်ခဲ့သော်လည်း လုယွမ်သည် ဟင်းချက်ခြင်းပညာရပ်တွင် အလွန်ကျွမ်းကျင်ကြောင်း သတိရသွားခဲ့သည်။
ထို့ကြောင့် မုချန်သည် တွမ့်ရှီရှန်းအား နေ့တိုင်း လုယွမ်ထံသို့ သွားရောက်၍ "ထမင်းသွားမြှောင်စား" ခွင့် ပြုလိုက်တော့သည်။
ရက်ရက်ဆက်ဆက် ကုန်လွန်လာသည်နှင့်အမျှ တွမ့်ရှီရှန်းသည် လုယွမ်ပြင်ဆင်ပေးသည့် ဝိညာဉ်အစားအစာများကြောင့် သိသိသာသာကို တစ်နေ့ထက်တစ်နေ့ ပိုမိုဖွံ့ဖြိုးလာခဲ့သည်။
ယခုအချိန်တွင်။
လုယွမ်သည် ကုလားထိုင်ပေါ်တွင် လှဲလျော်ရင်း တွမ့်ရှီရှန်းကို ကြည့်ကာ စိတ်ထဲတွင် ခံစားချက်အမျိုးမျိုး ထွက်ပေါ်နေခဲ့သည်။
"လအနည်းငယ်ပဲ ရှိသေးတာကို ပြောင်းလဲမှုက အကြီးကြီးပဲ အရင်က ချစ်စရာကောင်းတဲ့ မိန်းကလေးငယ်လေးကနေ အခုတော့ သွယ်လျပြီး ကျော့ရှင်းတဲ့ မိန်းမပျိုလေး ဖြစ်လာပြီပဲ"
"ဒါပေမဲ့ ဆက်ပြီးတော့ ချစ်စရာကောင်းနေတုန်းပဲ"
"စီနီယာအစ်ကို... ဘာတွေ တွေးနေတာလဲ"
လုယွမ် ငေးမောနေသည်ကို မြင်လိုက်ရသဖြင့် တွမ့်ရှီရှန်းသည် သူမ၏ ထမင်းပန်းကန်ကို ကိုင်ကာ သူ့အနားသို့ လျှောက်လာပြီး တိုးညင်းစွာ မေးလိုက်သည်။
လုယွမ် သတိပြန်ဝင်လာပြီး အသာအယာ ပြုံးပြလိုက်သည်။ "ကြိုက်ရင် အများကြီးစားပါ... နောက်ကျရင် ခဏလောက် စားရမှာ မဟုတ်တော့ဘူး"
၎င်းကို ကြားလိုက်ရသည့်အခါ။
တွမ့်ရှီရှန်းသည် အနည်းငယ် မခွဲနိုင်မခွာရက် ဖြစ်သွားခဲ့ရသည်။ "ဆရာပြောတာ ကြားတယ်... စီနီယာအစ်ကိုက 'ဖန်းလုံလျှို့ဝှက်နယ်မြေ' ဆိုတဲ့ နေရာကို သွားတော့မလို့ဆို"
"အင်း... မနက်ဖြန် ထွက်ခွာတော့မှာ"
လုယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် စီနီယာအစ်ကို... ဂရုစိုက်ပါနော်… ကျွန်မ ဂိုဏ်းထဲမှာပဲ အစ်ကို ဘေးကင်းကင်းနဲ့ ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်"
တွမ့်ရှီရှန်းက လေးနက်စွာ ပြန်လည်ပြောကြားလိုက်သည်။
"ကောင်းပြီ... ဒါပေမဲ့ မင်းလည်း ကြိုးကြိုးစားစား ကျင့်ကြံရမယ်နော် ငါပြန်လာတဲ့အချိန်ကျရင် မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိနေဖို့ မျှော်လင့်တယ်"
လုယွမ်က ရယ်မောလိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ဟုတ်လား စီနီယာအစ်ကို... အခြေခံအုတ်မြစ်တည်ဆောက်ပြီးသွားရင် နေ့တိုင်း ထမင်းစားဖို့ မလိုတော့ဘူးမလား ဒါပေမဲ့ ကျွန်မက အစ်ကိုချက်တဲ့ ဟင်းတွေကို ဆက်စားချင်သေးတာ... အခြေခံတည်ဆောက်ခြင်းအဆင့်ကို အဲ့လောက်အမြန်ကြီး မရောက်ချင်သေးဘူး"
တွမ့်ရှီရှန်းက ဖြည်းဖြည်းချင်း ဆိုရှာသည်။
သူမသည် သူမ၏ လက်ရှိဘဝလေးကို အမှန်တကယ်ပင် သဘောကျလှပေသည်။ သူမ၏ စိတ်ထဲတွင် ဤကဲ့သို့သော အချိန်မျိုး ထာဝရ တည်တံ့နေရန်သာ ဆန္ဒရှိနေမိသည်။
"အူကြောင်ကြောင် မိန်းကလေးလေး... နောင်ကျရင် မင်း နတ်ဝိညာဉ်အဆင့်ကို ရောက်သွားရင်တောင်.. ဒါမှမဟုတ် စစ်မှန်တဲ့ မသေမျိုးတစ်ပါး ဖြစ်သွားရင်တောင် မင်းစားချင်တာမှန်သမျှ စားလို့ရပါတယ်"
လုယွမ်က အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်။ "နောင်ကျရင် ငါရှိနေသရွေ့ မင်းဘာစားချင်လဲသာ ပြော... ငါ မင်းအတွက် ဆက်ပြီး ချက်ပေးမှာပေါ့"
ဤစကားလုံးများက တွမ့်ရှီရှန်းကို ပိုမို၍ ဝမ်းမြောက်သွားစေခဲ့သည်။
"အင်း... ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"
တွမ့်ရှီရှန်းက အလွန်ပင် ချိုသာပြီး ချစ်စရာကောင်းသော အပြုံးလေးကို ဖော်ပြရင်း အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"တပည့်လေး... မြန်မြန်စားပြီး ကျင့်ကြံခြင်းလုပ်ဖို့ ပြန်လာခဲ့တော့"
သို့သော် မကြာမီမှာပင် မုချန်၏ အသံလွှင့်ချက် ကို တွမ့်ရှီရှန်း ကြားလိုက်ရတော့သည်။
၎င်းကို ကြားပြီးနောက်။
သူမသည် ပန်းကန်ထဲက အစားအစာများကို အလျင်အမြန်ပင် ကုန်စင်အောင် စားပစ်လိုက်သည်။
"စီနီယာအစ်ကို... ကျွန်မ ကျင့်ကြံဖို့ ပြန်သွားတော့မယ်နော်"
တွမ့်ရှီရှန်းသည် တောင်ပေါ်သို့ လျင်မြန်စွာ ပြေးတက်သွားခဲ့တော့သည်။
သူမ လုံးဝ မနှောင့်နှေးဝံ့ချေ။
ဘာပဲဖြစ်ဖြစ် မုချန်က အလွန်ပင် စည်းကမ်းကြီးလွန်းလှပေသည်။
သို့သော်လည်း စည်းကမ်းကြီးသော ဆရာကသာ ထူးချွန်ထက်မြက်သော တပည့်ကို မွေးထုတ်ပေးနိုင်သည် မဟုတ်ပါလား။
ညဉ့်နက်ပိုင်းအချိန်။
ဒန်ရှတောင်ထွတ်၏ တောင်ထိပ်။
ဇရပ်ငယ်လေးတစ်ခု၏ အောက်တွင်။
"ရောက်လာပြီပဲ"
လက်ဖက်ရည်သောက်ရင်း လမင်းကြီးကို ငေးမောကြည့်ရှုနေသော မုချန်က တိုးညင်းစွာ ဆိုလိုက်သည်။
"တောင်ထွတ်သခင်"
လုယွမ်က လက်ယှက်ကာ ဂါရဝပြုလိုက်သည်။
"ထိုင်ပါဦး"
မုချန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ဘေးနားရှိ ရေနွေးကန်က အလိုအလျောက် ပျံဝဲတက်လာခဲ့ပြီး လုယွမ်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်"
လုယွမ်က ကျေးဇူးတင်စကား ဆိုလိုက်သည်။
"မနက်ဖြန်က မင်း ဖန်းလုံလျှို့ဝှက်နယ်မြေကို ထွက်ခွာရမယ့်နေ့ပဲ မင်း ဘာလို့ သေချာ မပြင်ဆင်ဘဲ ဒီကို ဘာလာလုပ်တာလဲ"
မုချန်က တိုးညင်းစွာ မေးလိုက်သည်။
"ကျွန်တော် တောင်ထွတ်သခင်ဆီက လမ်းညွှန်ချက်အချို့ လာတောင်းတာပါ"
လုယွမ်က အသာအယာ ရယ်မောရင်း ဆိုလိုက်သည်။ "ဖန်းလုံလျှို့ဝှက်နယ်မြေက သေချာပေါက် အလွန်ပဲ ကျယ်ပြောလှမှာပါ။ ကျွန်တော် အထဲကို ရောက်သွားတဲ့အခါ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲဆိုတာ တောင်ထွတ်သခင်အနေနဲ့ လမ်းညွှန်ပေးပါဦး အဲ့ဒီက အခွင့်အရေး ကံတရား တည်ရှိတဲ့နေရာကို ဘယ်လိုရှာရမလဲ"
သူ့ရှေ့မှောက်ရှိ မုချန်သည် ယခင်က ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ဖူးခဲ့သူ ဖြစ်သည်။
သူ့တွင် သေချာပေါက် အတွေ့အကြုံ ရှိပေလိမ့်မည်။
အကယ်၍ သူသည် အတွင်းပိုင်းအခြေအနေ၏ အသေးစိတ်ကို ကြိုတင်သိရှိထားနိုင်မည်ဆိုပါက အထဲသို့ ရောက်ရှိသွားသည့်အခါ ပိုမိုအဆင်ပြေချောမွေ့စွာ လှုပ်ရှားနိုင်မည် ဖြစ်သည်။
"ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းက အကြီးမားဆုံး အခွင့်အရေး ကံတရားက 'ဖန်းလုံတောင်' ပေါ်မှာ ရှိတာ။ ဒီဖန်းလုံတောင်က အလွန်ပဲ ထူးဆန်းတယ်... သူက လျှို့ဝှက်နယ်မြေအတွင်းမှာ ပုံသေမဟုတ်ဘဲ ရွေ့လျားနေတာ.. ဒါကြောင့် မင်း ဖန်းလုံတောင်ကို ရှာတွေ့နိုင်မလားဆိုတာက မင်းရဲ့ ကိုယ်ပိုင်ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်"
"ဖန်းလုံတောင်ကို ရှာတွေ့ပြီးတဲ့နောက်မှာ ကောင်းကင် လှေကားထစ်ဆိုတာ ရှိတယ်။ ဒီလှေကားထစ်မှာ အမျိုးမျိုးသော စမ်းသပ်မှုတွေ ရှိပြီး... တောင်ထိပ်ကို အောင်မြင်စွာ တက်လှမ်းနိုင်တဲ့သူတွေသာ အခွင့်အရေး ကံတရားကို ရယူဖို့ အရည်အချင်း ပြည့်မီကြလိမ့်မယ်"
မုချန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ အကုန်ပင် ပြောပြလိုက်သည်။
၎င်းကို ကြားလိုက်ရသည့်အခါ လုယွမ် အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။ "တောင်ထွတ်သခင်... ရွေ့လျားနိုင်တဲ့ တောင်ဆိုတာ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါလည်း မသိဘူး… ဒီလိုမျိုး နည်းလမ်းတွေက ငါတို့လို ကျင့်ကြံသူတွေ နားလည်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး… ငါတို့ရဲ့ ဘိုးဘေးကြီးတောင်မှ သေချာ သိချင်မှ သိလိမ့်မယ်"မုချန်က ခေါင်းခါပြလိုက်သည်။
"ကျင့်ကြံခြင်းလောကမှာ ငါတို့တွေ လုံးဝ သတိမထားမိသေးတဲ့ မသိနိုင်သေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်"
"အတိုချုပ်ပြောရရင်... ဖန်းလုံလျှို့ဝှက်နယ်မြေက အလွန်ပဲ အန္တရာယ်များတယ်…မင်းရဲ့ လှုပ်ရှားမှုတိုင်းမှာ သေချာဂရုစိုက်ပါ"
"စိတ်ချပါ... ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်"
လုယွမ်က အသေအချာ ပြန်လည်ဖြေကြားလိုက်သည်။
"အော်... ဒါနဲ့…ဖန်းလုံလျှို့ဝှက်နယ်မြေထဲမှာ လူတိုင်းက မိမိတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ်မှာပဲ အခြေခံရမှာ ဖြစ်ပေမဲ့... အကယ်၍ အထဲမှာ ငါတို့ဂိုဏ်းက လူတွေကို တွေ့ရင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါဦး"
မုချန်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ထပ်မံ၍ မှာကြားပြန်သည်။ "ဒီတစ်ကြိမ် သွားကြမယ့် တပည့်တွေထဲက အချို့ တတ်နိုင်သလောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ကြဖို့ပဲ ငါ မျှော်လင့်ပါတယ်"
ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းမှာ အခွင့်အရေး သို့မဟုတ် ရတနာများကို ရှာဖွေတွေ့ရှိရုံမျှဖြင့် အဆုံးသတ်သွားခြင်း မဟုတ်ချေ။
အသက်ရှင်လျက် ပြန်လည်ထွက်ခွာလာနိုင်မှသာ။
စစ်မှန်သော အောင်မြင်မှုဟု သတ်မှတ်နိုင်ခြင်း ဖြစ်ပေသည်။
"နားလည်ပါပြီ... ကျွန်တော် သိပါတယ်"
လုယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင်။
လုယွမ် မတ်တတ်ရပ်လိုက်သည်။ "တောင်ထွတ်သခင်... ကျွန်တော် ပြန်ပါဦးမယ်"
သိရှိလိုသောအရာအားလုံးကို သိရှိသွားခဲ့ပြီဖြစ်သဖြင့် ဆက်လက်နေထိုင်ရန် မလိုတော့ချေ။
"နေဦး"
မုချန်က ဆိုလိုက်သည်။
"တောင်ထွတ်သခင်... အခြား မှာကြားစရာ ရှိသေးလို့လဲ ခင်"
လုယွမ်က မေးလိုက်သည်။
"လက်ဖက်ရည်က ငှဲ့ပြီးသားပဲ... မသွားခင် ကုန်အောင် သောက်သွားဦး"
မုချန်က တိုးညင်းစွာ ဆိုလိုက်သည်။
"ဟုတ်ကဲ့"
လုယွမ်က ချက်ချင်းပင် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ကျိုက်ခနဲ မော့သောက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်။
သူသည် ဤလက်ဖက်ရည်မှာ အလွန်ပင် ထူးခြားဆန်းပြားကြောင်း ရုတ်တရက် ခံစားလိုက်ရတော့သည်။
၎င်းကို သောက်ပြီးနောက်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပိုမိုကြီးမားသော အသက်စွမ်းအင်များ ချက်ချင်း ပြည့်နှက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကလည်း သိသိသာသာကို ပိုမိုအားကောင်းလာခဲ့သည်။
"ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်"
လုယွမ်က အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ငါ ဒီလက်ဖက်ရည်ကို နှစ်ပေါင်း နှစ်ထောင်သက်တမ်းရှိတဲ့ ရှားပါးဝိညာဉ်ဆေးပင်တစ်ပင်ကို သုံးပြီး ဖျော်ထားတာ ဒီတစ်ပင်ပဲ ရှိတာ... အဲ့ဒါကို ဖျော်လိုက်တာ ဒီရေနွေးအိုးအသေးလေး တစ်အိုးစာပဲ ရတယ်"
မုချန်က တိုးညင်းစွာ ဆိုလိုက်သည်။ "မင်းကို အကြီးအကျယ် တိုးတက်မသွားစေနိုင်ပေမဲ့... အနည်းငယ်မျှသော သက်ရောက်မှု ရှိရင်တောင် တန်ဖိုးရှိပါတယ်"
"တောင်ထွတ်သခင်က ကျွန်တော့်အပေါ် တော်တော်လေး ကောင်းလွန်းပါတယ် နှစ်ပေါင်း နှစ်ထောင်သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်ကို... အကယ်၍ ဆေးလုံးဖော်စပ်ဖို့ သုံးမယ်ဆိုရင် သေချာပေါက် အဆင့်မြင့်မားတဲ့ အထွတ်အထိပ် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်မှာပဲ အဲ့ဒါကို လက်ဖက်ရည်ဖျော်ဖို့ပဲ သုံးပစ်လိုက်တယ်ဆိုတော့... တောင်ထွတ်သခင်က တကယ့်ကို သဘောထားကြီးမားတာပဲ"
လုယွမ်က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချမိသည်။
"မင်း ဘာသိလို့လဲ ဒီဝိညာဉ်ဆေးပင်က နှစ်ပေါင်း နှစ်ထောင်သက်တမ်း ရှိပေမဲ့... သူ့ရဲ့ အကြီးမားဆုံး အသုံးဝင်မှုက လက်ဖက်ရည်ဖျော်ဖို့ပဲ.. ဆေးလုံးဖော်စပ်ဖို့အတွက် သုံးလို့မရဘူး"
မုချန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "မင်း ဆေးလုံးကျမ်းဂန် ကို သေချာ မဖတ်ရသေးတဲ့ ပုံပဲ အကယ်၍ မင်း မနက်ဖြန် ထွက်ခွာရမှာသာ မဟုတ်ရင်... ငါ မင်းကို ဆေးလုံးကျမ်းဂန် အကြိမ်တစ်ရာ သေချာပေါက် ကူးခိုင်းမိမှာ"
"ကျွန်တော် ပြန်ပြီး သေချာ ပြင်ဆင်လိုက်ပါဦးမယ်…လက်ဖက်ရည်အတွက် ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်"
လုယွမ်က ဦးညွှတ်လိုက်ပြီး သူ၏စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
ထင်ရှားသည်မှာ။
ဤတောင်ထွတ်သခင်သည် သူလာလိမ့်မည်ကို ကြိုတင်ခန့်မှန်းထားခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဒီအချိန်တွင် ဒီလက်ဖက်ရည်ကို အထူးတလည် ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။
ရည်ရွယ်ချက်မှာ သူ့ကို ပိုမိုအားကောင်းလာစေရန်နှင့်... လျှို့ဝှက်နယ်မြေမှ ပိုမိုဘေးကင်းစွာ ပြန်လည်ရောက်ရှိလာနိုင်စေရန်အတွက် ဖြစ်ပေသည်။
လုယွမ် ထွက်ခွာသွားပြီးနောက် မုချန်သည် အဝေးသို့ မျှော်ကြည့်ရင်း အသက်ရှူချက် ပြင်းပြင်းတစ်ချက် ချလိုက်မိသည်။ "လုယွမ်... မင်း သေချာပေါက် အသက်ရှင်လျက် ပြန်လာခဲ့ပါ"
သူကိုယ်တိုင် ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းက အန္တရာယ်များကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးခဲ့သည်။
သူ ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်း ရှိနေစဉ်က သေရေးရှင်ရေး အခြေအနေများနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရဖူးပြီး... အထူးသဖြင့် အခြားသော ကျင့်ကြံသူများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ရဖူးသည်။
သန်မာသူစားစတမ်း ဟူသော သဘာဝတရားက ဖန်းလုံလျှို့ဝှက်နယ်မြေအတွင်းမှာ အထင်အရှား ပေါ်လွင်လွန်းလှပေသည်။
ဇီယွမ်ခြံဝန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လုယွမ်သည် မည်သည့်အရာကိုမျှ ထုပ်ပိုးခြင်း မပြုခဲ့ချေ။ ဘာပဲဖြစ်ဖြစ် ထုပ်ပိုးစရာလည်း မရှိပါချေ... သူ၏ ပစ္စည်းမှန်သမျှက သိုလှောင်လက်စွပ် အတွင်းမှာ ရှိနေခြင်းကြောင့် ဖြစ်သည်။
ပြန်ရောက်ပြီးနောက် သူသည် နူးညံ့လှသော ကုတင်ကြီးပေါ်တွင် တိုက်ရိုက်ပင် လှဲချလိုက်တော့သည်။
"မနက်ဖြန် ဖန်းလုံလျှို့ဝှက်နယ်မြေကို ထွက်ခွာရတော့မယ်... ငါ့အတွက်တော့ ဒီဖန်းလုံလျှို့ဝှက်နယ်မြေက ငါပထမဆုံး ကြုံတွေ့ရမယ့် ဂိမ်းကွင်းပြင် လိုမျိုး ဖြစ်နေမလား"
လုယွမ်က ဖြည်းည်းချင်း ရေရွတ်လိုက်သည်။ "ငါ အမှန်တကယ်ပဲ ပိုပြီးတော့တောင် မျှော်လင့်စောင့်စားမိလာပြီ"
ယခုအချိန်တွင် သူသည် မိုးလင်းမည့်အချိန်ကိုပင် မစောင့်ဆိုင်းနိုင်တော့ချေ။