အခန်း (၃၂) - ပကတိဝိညာဉ်ခန္ဓာ နိုးထခြင်း
မီးကောင်းကင်မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်။
လုယွမ်သည် တွမ့်မိသားစုအိမ်တော်သို့ ချက်ချင်း မသွားခဲ့ချေ။
သူသည် မီးကောင်းကင်မြို့တော်အတွင်း၌သာ ဆက်လက်၍ လှည့်လည်သွားလာနေခဲ့သည်။
ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။
ထို့နောက်မှသာ လုယွမ်သည် တွမ့်မိသားစုအိမ်တော်ဘက်သို့ ဦးတည်လိုက်တော့သည်။
သူ ဤသို့လုပ်ဆောင်ရခြင်းမှာ တွမ့်ရှီရှန်းကို သူမ၏ မိသားစုဝင်များနှင့်အတူ ရက်အနည်းငယ်မျှ ပိုမိုနေထိုင်ခွင့်ပေးရန်အတွက် ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် ဒီလောကတွင် တွမ့်ရှီရှန်း၏ တစ်ဦးတည်းသော ဆွေမျိုးများမှာ သူမ၏ ဦးလေးနှင့် အစ်ကိုဖြစ်သူတို့သာ ကျန်ရှိတော့ခြင်းကြောင့် ဖြစ်သည်။
လုယွမ် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ တွမ့်မိသားစုခေါင်းဆောင်သည် အလျင်အမြန်ပင် ကိုယ်တိုင်ထွက်၍ ကြိုဆိုရှာသည်။ "မသေမျိုးအရှင်... ရောက်လာပြီပဲ"
"အင်း" လုယွမ်က အသာအယာ ခေါင်းညိတ်ပြရင်း တွမ့်ရှီရှန်းကို ကြည့်လိုက်သည်။ "သွားကြစို့... ဒီနေ့ မင်းကို ဂိုဏ်းဆီ ခေါ်သွားတော့မယ်"
လုယွမ်က သူ၏လက်ညှိုးကို ဝှေ့ယမ်းလိုက်သည်။
ဓားပျံတစ်စင်းသည် ထက်ကောင်းကင်ယံကို ချက်ချင်းပင် ထိုးခွဲထွက်ပေါ်လာခဲ့သည်။
"တက်လိုက်ပါ" လုယွမ်က တွမ့်ရှီရှန်းဘက်သို့ သူ၏လက်ကို ဆန့်တန်းပေးလိုက်သည်။
"အင်း" တွမ့်ရှီရှန်းသည် လုယွမ်၏လက်ကို ကိုင်လိုက်ပြီး ဓားပျံ၏ ကိုယ်ထည်ပေါ်သို့ လျင်မြန်စွာ တက်လှမ်းရပ်တန့်လိုက်သည်။
သူမ အခြေအနေငြိမ်သက်သွားသည်နှင့် လုယွမ်သည် ဓားပျံသန်းခြင်းကျင့်စဉ်ဖြင့် ချက်ချင်းပင် ပျံသန်းထွက်ခွာခဲ့တော့သည်။
"မသေမျိုးအရှင်ကို ရိုသေစွာ နှုတ်ဆက်အပ်ပါတယ်" တွမ့်မိသားစုခေါင်းဆောင်နှင့် အခြားလူများက ရိုသေစွာဖြင့် အလျင်အမြန် ဦးညွှတ်ကျန်ရစ်ခဲ့ကြသည်။
မီးကောင်းကင်မြို့တော်ရှိ အခြားသော သာမန်လူသားများမှာလည်း ဓားပျံစီးသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။
သူတို့အတွက်မူ ကျင့်ကြံသူတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရခြင်းမှာ အလွန်ပင် ရှားပါးလှပေသည်။
ထိုကျင့်ကြံသူသည် တွမ့်မိသားစုအိမ်တော်မှ ပျံသန်းထွက်ခွာသွားခြင်းဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ လူတိုင်း နားလည်သွားကြတော့သည်။ တွမ့်မိသားစုမှ တကယ့်ရတနာတစ်ပါး ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပေသည်။
သူတို့သည် လမ်းခရီးတစ်လျှောက် အရှိန်အဟုန်ဖြင့် ပျံသန်းခဲ့ကြသည်။
တွမ့်ရှီရှန်းသည် လမ်းခရီးရှိ တောင်တန်းများနှင့် မြစ်ချောင်းများကို ကြည့်ရင်း သူမ၏မျက်ဝန်းများမှာ မထိန်းချုပ်နိုင်ဘဲ ကျယ်ပြန့်သွားခဲ့ရသည်။
အမြင့်မှနေကာ မြေကမ္ဘာကို အထက်စီးမှ ငုံ့ကြည့်ရသည့် အတွေ့အကြုံမျိုးကို သူမအနေဖြင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်ပေသည်။
ဒီလို ပျံသန်းရခြင်းက ထူးခြားဆန်းပြားပြီး လှပသော ရှုခင်းများကို ပေးစွမ်းနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိချေ။
"ငါလည်း တစ်နေ့ကျရင် ကိုယ်တိုင် ပျံသန်းနိုင်အောင် သေချာပေါက် ကောင်းကောင်းမွန်မွန် ကျင့်ကြံရမယ်" တွမ့်ရှီရှန်းသည် သူမ၏စိတ်ထဲတွင် ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။
"အစ်ကိုကြီး... ရောက်ဖို့ ဘယ်လောက်လောက် လိုသေးလဲရှင့်" တွမ့်ရှီရှန်းက တိုးညင်းသော လေသံဖြင့် မေးလိုက်သည်။
"ငါတို့ရဲ့ အခုအရှိန်နဲ့ဆိုရင် ရက်အနည်းငယ်လောက်တော့ ကြာဦးမယ်။ မလောပါနဲ့... ငါတို့ ဖြည်းဖြည်းချင်းပဲ ပြန်ကြတာပေါ့။ ဒါမှလည်း လမ်းခရီးမှာ မင်းကို အကြောင်းအရာအချို့ ပိုပြီး ရှင်းပြပေးလို့ရမှာ" လုယွမ်က ပြုံး၍ ခေါင်းညိတ်ပြရင်း ဆက်လက်ဆိုလိုက်သည်။
"ပြီးတော့... နောင်ကျရင် ငါ့ကို 'စီနီယာအစ်ကို' လို့ပဲ ခေါ်ရင် ရပါပြီ"
"ဟုတ်... ဟုတ်ကဲ့ပါ စီနီယာအစ်ကို" တွမ့်ရှီရှန်းက အလျင်အမြန် ခေါင်းညိတ်ပြရှာသည်။
ထို့နောက်တွင်။
သူတို့သည် လမ်းခရီးတစ်လျှောက် ဆက်လက်ပျံသန်းခဲ့ကြသည်။
လုယွမ်သည်လည်း ခရီးစဉ်တစ်ခုလုံးတွင် ကျင့်ကြံခြင်းလောက၏ အခြေခံဗဟုသုတအချို့ကို တွမ့်ရှီရှန်းအား အချိန်ပေး၍ ရှင်းလင်းပြသခဲ့သည်။
သူသည် အလွန်ပင် စိတ်ရှည်လက်ရှည်ဖြင့် အသေးစိတ် ရှင်းပြပေးခဲ့ခြင်း ဖြစ်ပေသည်။
၎င်းက တွမ့်ရှီရှန်းကို တစ်ကြိမ်တည်း ကြားရုံမျှဖြင့် ချက်ချင်း နားလည်သဘောပေါက်သွားစေခဲ့သည်။
နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပင်။
လုယွမ်သည် တွမ့်ရှီရှန်းကို လမ်းခရီးတစ်လျှောက်ရှိ သာယာလှပသော နေရာများစွာသို့လည်း ခေါ်ဆောင်သွားခဲ့သေးသည်။
မြို့ပြအမျိုးမျိုးကို ဖြတ်သန်းသွားခဲ့ကြရင်း သူမသည် ကွဲပြားခြားနားသော အရသာရှိသည့် စားသောက်ဖွယ်ရာများကို မြည်းစမ်းခွင့်ရခဲ့ပြီး ကွဲပြားသော ဓလေ့ထုံးတမ်း အစဉ်အလာများကိုလည်း မြင်တွေ့ခွင့်ရခဲ့သည်။
သူတို့ ကောင်းကင်မြစ်ဂိုဏ်းသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ကြသည့်အခါ။
ကောင်းကင်မြစ်ဂိုဏ်း၏ ရှုခင်းများကို ကြည့်ရင်း တွမ့်ရှီရှန်းသည် မသေမျိုးတို့၏ နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
"ရှီရှန်း... ကောင်းကင်မြစ်ဂိုဏ်းက ဒီနေ့ကစပြီး မင်းရဲ့ အိမ်အသစ် ဖြစ်သွားပြီ အရင်ဆုံး မင်းရဲ့ နောင်လာမယ့် ဆရာနဲ့ သွားတွေ့ကြစို့" လုယွမ်က အသာအယာ ရယ်မောရင်း ဒန်ရှတောင်ထွတ် ၏ အထက်တောင်ထိပ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင်။
သူတို့သည် တောင်ထိပ်ပေါ်ရှိ အဓိက ခန်းမဆောင်ကြီး၏ ရှေ့မှောက်သို့ အဆင်ပြေချောမွေ့စွာ သက်ဆင်းနိုင်ခဲ့ကြသည်။
သူသည် ဓားပျံကို ပြန်လည်သိမ်းဆည်းလိုက်သည်။
လုယွမ်သည် တွမ့်ရှီရှန်းကို ဦးဆောင်၍ အဓိက ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ခန်းမဆောင်ကြီးတစ်ခုလုံးမှာ ခန့်ညားထည်ဝါလှပြီး အတွင်းပိုင်းတွင်လည်း အလွန်ပင် လေးနက်တည်ငြိမ်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
"တောင်ထွတ်သခင်မု... ကျွန်တော့်ကို အပ်နှံထားတဲ့ တာဝန် ပြီးမြောက်သွားပါပြီ" ခန်းမအတွင်း၌ အခြားလူမရှိသဖြင့် လုယွမ်က တိုက်ရိုက်ပင် လှမ်း၍ ပြောလိုက်သည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင်။
မုချန်သည် လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
သူသည် တွမ့်ရှီရှန်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာခဲ့ပြီး သူမကို သေချာစွာ စိုက်ကြည့်ကာ အသာအယာ ပြုံးလိုက်သည်။ "ကောင်းတယ်... တကယ့်ကို ကောင်းတယ်။ ဒါက တကယ့်ကို ပကတိဝိညာဉ်ခန္ဓာ ပဲ.. သမီးလေး... မင်းနာမည် ဘယ်လိုခေါ်လဲ"
ထင်ရှားသည်မှာ မုချန်သည် အတိုင်းထက်အလွန် ကျေနပ်အားရနေခြင်း ဖြစ်ပေသည်။
"ကျွန်မနာမည် တွမ့်ရှီရှန်းလို့ ခေါ်ပါတယ်" တွမ့်ရှီရှန်းက လေးနက်စွာ ဖြေကြားလိုက်သည်။
"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်…ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တပည့်ပဲ" မုချန်က ဝမ်းမြောက်စွာ ဆိုသည်။
"ပကတိဝိညာဉ်ခန္ဓာက ဆေးလုံးဖော်စပ်ခြင်း ပညာရပ်မှာလည်း အလွန်မြင့်မားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်... ဆရာက နောင်ကျရင် မင်းကို သေချာ လမ်းညွှန်သွန်သင်ပေးပါ့မယ်"
"ရှီရှန်း... ဒူးထောက်ပြီး ဆရာတင်လိုက်ဦးလေ" လုယွမ်က အသာအယာ သတိပေးလိုက်သည်။
၎င်းကို ကြားလိုက်ရသည့်အခါ တွမ့်ရှီရှန်းက ချက်ချင်းပင် လိုက်နာဆောင်ရွက်သည်။
သူမသည် မုချန်၏ရှေ့တွင် ဒူးထောက်လိုက်ပြီး ဦးချလျက်... "တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်" ဟု ဆိုလိုက်သည်။
"ထလော့" မုချန်က ကျေနပ်စွာဖြင့် သူ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
တွမ့်ရှီရှန်းသည် ညင်သာသော စွမ်းအားတစ်ခုက သူမကို ပင့်မတင်ပေးလိုက်သကဲ့သို့ ခံစားလိုက်ရရှာသည်။
"ရှီရှန်း... ဒီနေ့ကစပြီး တောင်ထွတ်သခင်မုရဲ့ နောက်ကိုလိုက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံရမယ်နော်" လုယွမ်က မှာကြားလိုက်ပြီးနောက် မုချန်ဘက်သို့ လက်ယှက်လျက် ဂါရဝပြုလိုက်သည်။
"တောင်ထွတ်သခင်မု... ကျွန်တော် ခွင့်ပြုပါဦး"
"ကောင်းပြီ" မုချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
လုယွမ်သည် လှည့်ထွက်သွားခဲ့သည်။
သူသည် လျင်မြန်စွာပင် ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
လုယွမ် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း တွမ့်ရှီရှန်း၏ မျက်နှာတွင် မခွဲနိုင်မခွာရက် ဖြစ်နေဟန် ရှိပေသည်။
"မကြည့်ပါနဲ့တော့…မင်းရဲ့ စီနီယာအစ်ကိုက ဒီကောင်းကင်မြစ်ဂိုဏ်းမှာပဲ ရှိနေတာပါ.. နောင်ကျရင် အတူတူရှိဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်" မုချန်က ညင်သာစွာ ပြုံးလိုက်သည်။
"ကဲ... ဒီနေ့ကစပြီး မင်း ငါနဲ့အတူတူ တရားဝင် ကျင့်ကြံခြင်းကို စတင်ရတော့မယ်…အရင်ဆုံး မင်းရဲ့ ပကတိဝိညာဉ်ခန္ဓာကို လှုံ့ဆော်ပေးဖို့အတွက် ဝိညာဉ်အရည်တွေထဲမှာ သွားပြီး စိမ်ရအောင်"
မကြာသေးမီရက်များအတွင်းကပင် မုချန်သည် ပကတိဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသော တွမ့်ရှီရှန်းကို မည်သို့ ဆက်လက်ပျိုးထောင်ရမည်ဆိုသည်ကို သေချာစွာ စီမံထားခဲ့ပြီး ဖြစ်ပေသည်။
သူသည် အနာဂတ်အစီအစဉ်များကိုပင် တစ်ဆင့်ပြီးတစ်ဆင့် ချမှတ်ထားခဲ့ပြီး ဖြစ်သည်။
တွမ့်ရှီရှန်းအနေဖြင့် သူစီမံထားသော အဆင့်ဆင့်သော လမ်းကြောင်းအတိုင်းသာ ချောမွေ့စွာ လိုက်ပါနိုင်မည်ဆိုပါက နှစ်ပေါင်းတစ်ရာအတွင်း ကောင်းကင်မြစ်ဂိုဏ်းတွင် နောက်ထပ် နတ်ဝိညာဉ်အဆင့် ပညာရှင်တစ်ဦး သေချာပေါက် ထွက်ပေါ်လာပေလိမ့်မည်။
နောင်တစ်ချိန်တွင် နောက်ထပ် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ရရှိနိုင်ခြေ အခွင့်အလမ်း အလွန် ကြီးမားလှပေသည်။
"ဟုတ်ကဲ့ပါ ဆရာ" တွမ့်ရှီရှန်းက ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။
"ငါ့နောက်ကို လိုက်ခဲ့" မုချန်က ရှေ့မှဦးဆောင်၍ လျှောက်လှမ်းသွားခဲ့သည်။
တွမ့်ရှီရှန်းသည်လည်း နောက်မှနေ၍ အနီးကပ် လျင်မြန်စွာ လိုက်ပါသွားခဲ့တော့သည်။
အခြားတစ်ဖက်တွင်မူ…
လုယွမ်သည် မကြာမီမှာပင် သူ၏ ဇီယွမ်ခြံဝန်း သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
"အား... သက်တောင့်သက်သာ ရှိလိုက်တာ ဒီလိုမျိုး လှဲနေရတာက အကောင်းဆုံးပဲ" လုယွမ်သည် ကုလားထိုင်ပေါ်တွင် တိုက်ရိုက်ပင် လှဲချလိုက်ပြီး အလွန်အမင်း ဇိမ်ခံနေခဲ့တော့သည်။
ဒီတစ်ကြိမ် အပြင်ဘက်သို့ ထွက်ခွာခဲ့သော ခရီးစဉ်မှာ လုယွမ်အတွက်မူ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။
အထူးသဖြင့် သူ၏ စွမ်းရည်များကို သေချာစွာ ပြသခွင့် ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
၎င်းက လုယွမ်အား မိမိပိုင်ဆိုင်ထားသော စွမ်းအားအပေါ် သေချာသော နားလည်မှုနှင့် အသိအမှတ်ပြုမှုကို ရရှိစေခဲ့သည်။
သူ သတိမထားမိလိုက်ခင်မှာပင်။
တစ်နာရီကျော် အချိန် ကုန်လွန်သွားခဲ့သည်။
ရုတ်တရက်ဆိုသလို။
မြေကမ္ဘာကြီးက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
မူလက ကြည်လင်နေသော ကောင်းကင်ယံကြီးသည် ရုတ်တရက် မှောင်မိုက်သွားခဲ့ရသည်။
ထို့နောက်တွင် ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်နေသည့် မင်္ဂလာတိမ်တိုက် များ ထွက်ပေါ်လာခဲ့သည်။
ထိုအလင်းရောင်က ဒန်ရှတောင်ထွတ်၏ တောင်ထိပ်ပေါ်သို့ တိုက်ရိုက် ကျရောက်နေခဲ့သည်။
ဒီမြင်ကွင်းကြောင့်…
ကောင်းကင်မြစ်ဂိုဏ်း၏ ပညာရှင်ကြီးများ ချက်ချင်း ထွက်ပေါ်လာခဲ့ကြရသည်။
ဒီဖြစ်စဉ်က ကောင်းကင်မြစ်ဂိုဏ်း၏ တပည့်များအားလုံးကိုလည်း စူးစမ်းလိုစိတ်ဖြင့် ခေါင်းမော့၍ ဒန်ရှတောင်ထွတ်ဘက်သို့ ကြည့်ရှုစေခဲ့သည်။
"ဒန်ရှတောင်ထွတ်မှာ အထူးသွေးမျိုးဆက် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီပဲ"
"ဒီလိုမျိုး ထူးခြားဆန်းပြားတဲ့ ဖြစ်စဉ်က... ပကတိဝိညာဉ်ခန္ဓာ ဖြစ်ပုံရတယ်"
"တကယ့်ကို မနာလိုစရာကောင်းလိုက်တာ။ တောင်ထွတ်သခင်မုကတော့ ကံကောင်းလွန်းနေပြီ"
"ဘာပဲဖြစ်ဖြစ် ဒါက ကောင်းကင်မြစ်ဂိုဏ်းအတွက် ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ… နောင်ကျရင် ငါတို့ဂိုဏ်းမှာ နောက်ထပ် နတ်ဝိညာဉ်အဆင့်.. ဒါမှမဟုတ် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် တိုးလာတော့မှာ"
"..."
ထိုအကြီးအကဲများက ဝမ်းမြောက်စွာ ဆိုကြသည်။
ပကတိဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသော ပါရမီရှင်မှာ သူတို့၏ တောင်ထွတ်အသီးသီးတွင် မဟုတ်သော်လည်း။
သူတို့သည် အလွန်ပင် ဝမ်းမြောက်နေကြဆဲ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့အားလုံးမှာ ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ကြပေသည်။
မည်သည့်တောင်ထွတ်မှ ပါရမီရှင် ထွက်ပေါ်လာသည်ဖြစ်စေ ဂိုဏ်းတစ်ခုလုံးအတွက် အတိုင်းထက်အလွန် အကျိုးကျေးဇူး ရှိစေမည် ဖြစ်သည်။
ထိုအချိန်တွင်မူ…
လုယွမ်သည် ကောင်းကင်ယံထက်က ထူးခြားသော ဖြစ်စဉ်ကို ကြည့်ရင်း အသာအယာ ခေါင်းညိတ်လိုက်သည်။
"အခုဆိုရင် အဲ့ဒီမိန်းကလေးရဲ့ ပကတိဝိညာဉ်ခန္ဓာက လုံးဝ နိုးထသွားခဲ့ပြီပဲ.. သူမရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းမှာတော့ တစ်ဟုန်ထိုး တိုးတက်သွားတော့မှာ သေချာတယ်"
လွန်ခဲ့သော ရက်အနည်းငယ်က အတူတူရှိခဲ့ကြသည့် အချိန်အတွင်း လုယွမ်သည် တွမ့်ရှီရှန်းကို သူမ၏ ညီမငယ်လေးတစ်ယောက်ကဲ့သို့ အမှန်တကယ် သဘောထားလာခဲ့ခြင်း ဖြစ်သည်။
"ရှီရှန်း... မင်းရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းမှာ အရာအားလုံး အဆင်ပြေချောမွေ့ပါစေ.. ပြီးတော့ ဘယ်လိုပြဿနာမျိုးနဲ့ပဲ ကြုံရပါစေ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်" လုယွမ်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းပေးနေမိသည်။
မြေကမ္ဘာတစ်ခုလုံး၏ ထူးခြားသော ဖြစ်စဉ်မှာ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်အထိသာ ကြာမြင့်ခဲ့ပြီးနောက် စတင်၍ လွင့်ပြယ်သွားခဲ့သည်။
ခဏမျှ ကြာပြီးနောက်။
အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ကောင်းကင်ကြီးသည်လည်း ပြန်လည်၍ ကြည်လင်သွားခဲ့သည်။
သို့သော်လည်း ဒန်ရှတောင်ထွတ်၏ အထက်တွင်မူ သက်တံ့တစ်ခု ကျန်ရစ်နေခဲ့သဖြင့် တောင်ထွတ်တစ်ခုလုံးကို ပိုမိုထူးခြားဆန်းပြားသွားစေခဲ့သည်။
"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ် ငါကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ တပည့်ပီသပါပေတယ်" လျှို့ဝှက်အခန်းဆောင်အတွင်း၌ မုချန်သည် အတိုင်းထက်အလွန် ဝမ်းမြောက်နေခဲ့သည်။
"ဆရာ... ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့ စွမ်းအင်တွေ အဆက်မပြတ် တိုးဝင်လာနေတာကို ခံစားရတယ်.. အဲ့ဒါက နွေးထွေးပြီးတော့ သက်တောင့်သက်သာ ရှိလှတယ်..." တွမ့်ရှီရှန်းသည် သတိပြန်ဝင်လာပြီးနောက် အလွန်အမင်း အံ့အားသင့်နေခဲ့ရသည်။
သူမသည် မိမိ၏ ခန္ဓာကိုယ်က ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
"ဒါက မြေကမ္ဘာရဲ့ ဝိညာဉ်စွမ်းအင် တွေပဲ မင်းရဲ့ ပကတိဝိညာဉ်ခန္ဓာက မြေကမ္ဘာရဲ့ ဝိညာဉ်စွမ်းအင်တွေကို အချိန်တိုင်းမှာ အလိုအလျောက် စုပ်ယူပွားများပေးနေလိမ့်မယ်" မုချန်က ပြုံး၍ ဆိုသည်။ "မင်းက အခုဆိုရင် ချီသန့်စင်ခြင်အဆင့် ၁ ကို ရောက်ရှိသွားတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီ"
"အခု ဝိညာဉ်အရည်ထဲမှာ စိမ်လိုက်တာကြောင့် မင်းရဲ့ ပကတိဝိညာဉ်ခန္ဓာက အောင်မြင်စွာ နိုးထသွားခဲ့ပြီဆိုတော့... ဆရာက မင်းကို ကျင့်စဉ်တစ်ခု လွှဲပြောင်းပေးရတော့မှာပေါ့"
စကားပြောပြီးနောက်။
မုချန်သည် တွမ့်ရှီရှန်း၏ နဖူးပြင်ထက်သို့ သူ၏လက်ညှိုးကို အသာအယာ ထိကပ်လိုက်သည်။
ကျင့်စဉ်၏ ဂါထာမန္တန်များက တွမ့်ရှီရှန်း၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာခဲ့တော့သည်။
ကံကောင်းထောက်မစွာဖြင့် တွမ့်ရှီရှန်း၏ မိဘများမှာ သူမ ငယ်ရွယ်စဉ်ကတည်းက စာပေများကို သေချာစွာ သင်ကြားပေးခဲ့ဖူးခြင်း ဖြစ်ပေသည်။
ကျင့်စဉ်ကို လွှဲပြောင်းပေးပြီးနောက် မုချန်သည် ကျင့်ကြံခြင်းလုပ်ဆောင်စဉ်အတွင်း သတိထားရမည့် အချက်များကိုပါ စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သည်။
တွမ့်ရှီရှန်းသည် အလွန်ပင် လေးနက်စွာ နားထောင်နေခဲ့ပြီး အကြိမ်ကြိမ် ခေါင်းညိတ်ပြနေခဲ့သည်။
ခဏမျှအတွင်း မုချန်သည် အတိတ်က သူ၏ သမီးအရင်းကို ကျင့်ကြံခြင်းပညာရပ် သင်ကြားပေးခဲ့ဖူးသည့် အချိန်များကို ပြန်လည်မြင်ယောင်လာခဲ့သဖြင့် ငေးမောသွားခဲ့ရရှာသည်။
ယခုအချိန်တွင် ပြန်လည်တွေးတောမိခြင်းက သူ့ကို ခံစားချက်များစွာဖြင့် ပြည့်နှက်သွားစေခဲ့သည်။
"ကဲ... နောက်ကျရင် ကျင့်ကြံခြင်းကို နည်းနည်းလောက် စမ်းပြီး လုပ်ကြည့်လိုက်ဦး အကယ်၍ တစ်ခုခု လွဲချော်နေတယ်လို့ ခံစားရရင် ချက်ချင်း ရပ်ပစ်လိုက်ပါ" မုချန်က ထပ်မံ၍ အသာအယာ ပြုံးပြပြန်သည်။
အစောပိုင်း ကျင့်ကြံခြင်း အဆင့်အတန်းမှာ အလွန်ပင် အရေးကြီးလှသဖြင့် မည်သည့်အမှားအယွင်းမျိုးကိုမျှ အဖြစ်ခံ၍ မရချေ။
ထို့ကြောင့် မုချန်သည် သဘာဝအတိုင်းပင် အနီးကပ် သေချာစွာ စောင့်ကြည့်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
မုချန်ကဲ့သို့ တာဝန်ယူမှုရှိသော ဆရာတစ်ဦးကို ရရှိထားခြင်းကြောင့် တွမ့်ရှီရှန်း၏ ကံကြမ္မာမှာ အမှန်တကယ်ပင် ကောင်းမွန်လွန်းလှသည်ဟု ဆိုရပေမည်။