အခန်း (၃၀) - ငါက မင်းတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးဖို့ လာခဲ့တာ
လုယွမ်က သူ၏လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။
သွေးဝိညာဉ်ဂိုဏ်း ၏ သခင်လေး၏ အထက်ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်နေသည့် ရွှေရောင်ဓားကြီးတစ်စင်း ဖြစ်တည်လာခဲ့သည်။ ဒါက 'ဓားကြီးကျင့်စဉ်' ဖြစ်ပြီး အလွန်အစွမ်းထက်သော ကျင့်စဉ်တစ်ခုဟု မသတ်မှတ်နိုင်ချေ။
သို့သော် သူ၏ရှေ့မှောက်ရှိ သွေးဝိညာဉ်ဂိုဏ်း သခင်လေးကို သတ်ဖြတ်ရန်အတွက်မူ ဤမျှဆိုလျှင် လုံလောက်လှပေပြီ။
အပေါ်စီးမှ ရွှေရောင်ဓားကြီးကို ကြည့်ရင်း သွေးဝိညာဉ်ဂိုဏ်း သခင်လေးက အလျင်အမြန် အသက်ချမ်းသာပေးရန် အသနားခံတော့သည်။
"စီနီယာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ… ကျွန်တော် မှားပါပြီ.. ကျွန်တော် မှားမှန်းသိပါပြီ…ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ပေးပါဦး"
"စီနီယာ... အရှင် ဘာတောင်းဆိုချင်လဲ ပြောပါ… ကျွန်တော်တို့ သွေးဝိညာဉ်ဂိုဏ်းက အရှင်တောင်းဆိုသမျှကို ဘယ်လိုတန်ဖိုးမျိုးပဲဖြစ်ဖြစ် ပေးဆပ်ပြီး ဖြည့်ဆည်းပေးပါ့မယ်"
စစ်မှန်သော သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ မည်သူပင်ဖြစ်စေ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွားကြစမြဲ ဖြစ်သည်။ မည်သူမျှ မသေချင်ကြချေ။
ဗုန်း...
သို့သော် နောက်တစ်စက္ကန့်တွင်... လုယွမ်၏ လက်ညှိုးက အောက်သို့ ညွှန်ပြလိုက်သည်။ ရွှေရောင်ဓားကြီးသည်လည်း တားဆီး၍မရသော စွမ်းအားကို ဆောင်ကြဉ်းလျက် ချက်ချင်း သက်ဆင်းသွားခဲ့တော့သည်။
ဖတ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်ဓားကြီးက သွေးဝိညာဉ်ဂိုဏ်း သခင်လေး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့သည်။
သူ၏ပါးစပ်မှ သွေးစိမ်းရှင်ရှင်များ ရုတ်တရက် ပန်းထွက်လာခဲ့သည်။
သူ၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူလျော်သွားခဲ့ရပြီး မျက်ဝန်းများမှာ အရောင်အဝါ ကင်းမဲ့သွားကာ သူ ဖြတ်သန်းခဲ့ဖူးသော ဘဝမှတ်တမ်းပုံရိပ်များက သူ၏စိတ်ထဲတွင် ဝေဝေဝါးဝါး ဖြတ်ပြေးသွားခဲ့သည်။
နောက်ဆုံးတွင်တော့ အရာအားလုံးက အချည်းနှီးသာ ဖြစ်သွားခဲ့ရရှာသည်။
"ငါ တကယ်ပဲ မကျေနပ်နိုင်ဘူး..." သွေးဝိညာဉ်ဂိုဏ်း သခင်လေးသည် သူ၏ဇီဝိန်ချုပ်ငြိမ်းသွားခဲ့ရပြီး မကြာမီမှာပင် အေးစက်သော အလောင်းကောင်တစ်ခု ဖြစ်သွားခဲ့တော့သည်။
"အဖေ... အမေ... တို့ကို သတ်တဲ့လူ သေသွားပါပြီ အေးအေး ချမ်းချမ်း သွားပါတော့" မိန်းကလေးငယ်သည် သူမ၏ မိဘများ၏ အလောင်းရှေ့တွင် ဒူးထောက်ကာ အော်ဟစ်ငိုကြွေးတော့သည်။
လွန်ခဲ့သော ခဏလေးကတင် သူတို့သည် ပျော်ရွှင်စရာကောင်းပြီး ပြည့်စုံသော မိသားစုလေးတစ်ခု ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သူမတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ရရှာသည်။
လောကကြီးက ခန့်မှန်းရခက်လှပေသည်။ နောက်တစ်စက္ကန့်တွင် ဝမ်းမြောက်စရာ ကိစ္စနှင့် ကြုံရမည်လား သို့မဟုတ် မတော်တဆ ဘေးဒုက္ခနှင့် ကြုံရမည်လားဆိုသည်ကို မည်သူမျှ ကြိုတင်မသိနိုင်ကြချေ။
"သွားကြစို့... မင်းရဲ့ မိဘတွေကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးပါ့မယ်" လုယွမ်သည် မိစ္ဆာကျင့်ကြံသူများနှင့် အခြားရွာသားများ၏ အလောင်းများကို မီးဖြင့် အကုန်အစင် ရှို့မြှိုက်ပစ်လိုက်ပြီး 'တွမ့်ရှီရွှမ်း ၏ မိဘနှစ်ပါး၏ ရုပ်အလောင်းကိုသာ ချန်ထားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဤလောကရှိ သာမန်လူသားများ၏ အမြင်တွင် ကွယ်လွန်သူများကို မြေမြှုပ်သင်္ဂြိုဟ်ရမည် ဖြစ်ပြီး မီးသင်္ဂြိုဟ်ခြင်း အယူအဆ မရှိကြချေ။
လုယွမ်၏ လက်ညှိုးကို အသာအယာ ဝှေ့ယမ်းလိုက်ရာ တွမ့်ရှီရွှမ်း၏ မိဘနှစ်ပါး၏ ရုပ်အလောင်းများက လေထဲသို့ ပျံဝဲတက်လာခဲ့သည်။
လုယွမ်သည် သစ်သားကျင့်စဉ် ကို အသုံးပြု၍ ထိုနေရာတွင်တင် ချက်ချင်း သစ်သားခေါင်းတလားကြီးတစ်ခုကို ဖန်တီးပေးလိုက်သည်။ သူမ၏ မိဘများ၏ ရုပ်အလောင်းများက ထိုခေါင်းတလားထဲသို့ တိုက်ရိုက် သက်ဆင်းသွားခဲ့ကြသည်။
ထို့နောက်တွင် လုယွမ်သည် တွမ့်ရှီရွှမ်းကို ခေါ်ဆောင်၍ ဖုန်းရွှေ ကောင်းမွန်သော နေရာတစ်ခုသို့ သွားကာ ခေါင်းတလားကို မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် " သူမ၏ မိဘများ၏ ဂူဗိမာန်ရှေ့တွင် ဦးချပြီးနောက် တွမ့်ရှီရွှမ်း မတ်တတ်ရပ်လိုက်ပြီး လုယွမ်ကို ထပ်မံ၍ ကျေးဇူးတင်စကား ဆိုရှာသည်။
"ဘာမှမဟုတ်ပါဘူး... ဘယ်သူမှ ဒီလိုကိစ္စမျိုးနဲ့ မကြုံချင်ကြပါဘူး" လုယွမ်၏ လေသံက ညင်သာသွားခဲ့သည်။
"တွမ့်ရှီရွှမ်း... မင်းရဲ့ အနာဂတ်လမ်းက အဝေးကြီး ကျန်သေးတယ်…နောင်ကျရင် ကောင်းကင်မြစ်ဂိုဏ်းကို ရောက်တဲ့အခါ သေချာပေါက် ကောင်းကောင်းမွန်မွန် ကျင့်ကြံရမယ်"
"ကျင့်ကြံပြီးရင်... ကျွန်မကော အရှင့်လိုမျိုး အစွမ်းထက်လာနိုင်မှာလား" တွမ့်ရှီရွှမ်းက လေးနက်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။
"သဘာဝအတိုင်း ဖြစ်နိုင်တာပေါ့" လုယွမ် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့... ဒါဆိုရင် ကျွန်မ နားလည်ပါပြီ…ကျွန်မ သေချာပေါက် ကြိုးစားကျင့်ကြံပြီး အဲ့ဒီ မိစ္ဆာကျင့်ကြံသူတွေ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ပါ့မယ်" တွမ့်ရှီရွှမ်းက အမုန်းတရားများ ပြည့်နှက်နေသော စိတ်ဖြင့် အလွန်ပင် ပြတ်သားစွာ ဆိုသည်။
သူမ ဤကဲ့သို့ ဖြစ်နေသည်ကို ကြည့်ပြီး လုယွမ် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
၎င်းက သူမအတွက် ကောင်းမွန်မလား သို့မဟုတ် ဆိုးဝါးမလားဆိုသည်ကို သူ မသိချေ။
ထားလိုက်ပါတော့... အချိန်က အရာအားလုံးကို ကုစားပေးသွားပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူမ၏ ဆရာဖြစ်လာမည့်သူမှာ ဒန်ရှတောင်ထွတ် ၏ တောင်ထွတ်သခင် မုချန် ဖြစ်သဖြင့် သူ၏ လမ်းညွှန်မှုအောက်တွင် တွမ့်ရှီရွှမ်းအနေဖြင့် ပိုမိုကောင်းမွန်သော လမ်းကြောင်းသို့ ပြောင်းလဲသွားနိုင်ပြီး အမုန်းတရားထဲတွင်သာ ဆက်လက်ပိတ်မိနေမည်မဟုတ်ပေ။
"ကဲ... မင်းကို မီးကောင်းကင်မြို့တော်ဆီ အရင်ဆုံး ပြန်ပို့ပေးမယ်…မင်းရဲ့ မိသားစုက အဲ့ဒီမှာ ရှိနေသေးတာပဲ..သေချာ ပြင်ဆင်ထားလိုက်ပါ….ဒီတစ်ကြိမ် ကောင်းကင်မြစ်ဂိုဏ်းကို သွားပြီးရင် မင်းအနေနဲ့ နှစ်ပေါင်းများစွာ.. ဆယ်စုနှစ်ပေါင်းများစွာ ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီးတော့တောင် ပြန်လာဖြစ်မှာ မဟုတ်တော့ဘူး" လုယွမ် ဆက်လက် ဆိုလိုက်သည်။
ချက်ချင်းပင် သူသည် တွမ့်ရှီရွှမ်းကို ခေါ်ဆောင်၍ ဓားပျံသန်းခြင်း ဖြင့် ခရီးနှင်ခဲ့ရာ မကြာမီမှာပင် မီးကောင်းကင်မြို့တော်ရှိ တွမ့်မိသားစုအိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
သူ၏ ဒုတိယညီဖြစ်သူ ကွယ်လွန်သွားကြောင်း သတင်းကို ကြားလိုက်ရသည့်အခါ တွမ့်မိသားစု ခေါင်းဆောင်မှာ အတိုင်းထက်အလွန် ဝမ်းနည်းပူဆွေးသွားခဲ့ရသည်။
မည်သူက ထင်မှတ်ထားပါအံ့နည်း။ လွန်ခဲ့သော ရက်အနည်းငယ်ကတင် သူ၏ညီနှင့်အတူ ဝိုင်သောက်ခဲ့ကြသေးသည်။
မထင်မှတ်ဘဲ ယခုအခါတွင်မူ သေခြင်းတရားက သူတို့ကို ထာဝရ ခွဲခွာပေးလိုက်ပြီ ဖြစ်သည်။
"ရှီးရွှမ်း... မင်းရဲ့ ဖေဖေဘက်ကဆိုရင် မင်းတစ်ယောက်ပဲ ကျန်တော့တာ… နောင်ကျရင် မသေမျိုးဂိုဏ်းကို ရောက်တဲ့အခါ မသေမျိုးအရှင်ရဲ့ နောက်ကိုလိုက်ပြီး ကောင်းကောင်းမွန်မွန် ကျင့်ကြံရမယ်.. ပြီးတော့ မင်းကိုယ်မင်းလည်း သေချာဂရုစိုက်နော်" တွမ့်ယွန်းဖန်က တွမ့်ရှီရွှမ်းကို ကြည့်ပြီး မှာကြားရှာသည်။
"ညီမလေး... ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ အိမ်အမြဲတမ်း ဖြစ်နေမှာပါ.. ပြီးတော့ ငါတို့အားလုံးကလည်း မင်းရဲ့ မိသားစုဝင်တွေပဲ" သတင်းကို ကြားပြီးနောက် တွမ့်ကျန့်လည်း ချက်ချင်း ရောက်ရှိလာခဲ့သည်။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် သူမ၏ မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရသည့်အပြင် သူမ၏ မျက်စိရှေ့မှောက်၌ပင် မိဘများ အသတ်ခံရသည်ကို မြင်တွေ့ခဲ့ရခြင်းက အကြီးအကျယ် စိတ်ထိခိုက်စရာ ကောင်းလှပေသည်။
သူမ၏ ဦးလေးနှင့် အကိုဖြစ်သူ၏ နှစ်သိမ့်စကားများကို နားထောင်ရင်း တွမ့်ရှီရွှမ်းသည် မိသားစု၏ နွေးထွေးမှုကို ထပ်မံခံစားလိုက်ရသဖြင့် မျက်ရည်များ အဆက်မပြတ် စီးကျလာခဲ့သည်။
"ကျွန်မမှာ ဖေဖေနဲ့ မေမေ မရှိတော့ဘူး..."
"ငိုချလိုက်ပါ... အားရပါးရ ငိုချလိုက်" တွမ့်ကျန့်က သူမကို အသာအယာ ပွေ့ဖက်ပေးလိုက်သည်။
ဖြစ်နိုင်သည်မှာ ဤသို့ အားရပါးရ ငိုကြွေးပြီးနောက်တွင် တွမ့်ရှီရွှမ်းအနေဖြင့် အမှန်တကယ်ရင့်ကျက်ကြီးပြင်းလာနိုင်ပေသည်။
သွေးဝိညာဉ်ဂိုဏ်း…
၎င်းသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုတွင် တည်ရှိသည်။
၎င်းကို မဟာတားမြစ်ချက် အစီအရင် ကြီးတစ်ခုဖြင့်ပင် ကာကွယ်ထားသဖြင့် အခြားလူများအနေဖြင့် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲလှပေသည်။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်း၏ အဓိက ခန်းမဆောင်ကြီးအတွင်းရှိ ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော သွေးဝိညာဉ်ဂိုဏ်းချုပ်သည် သူ၏သားဖြစ်သူ၏ အသက်အမှတ်အသားကျောက်ပြား အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကြောင်း ရုတ်တရက် အာရုံခံမိလိုက်သည်။
သူသည် ချက်ချင်းပင် အတိုင်းထက်အလွန် ဒေါသချောင်းချောင်းထွက်သွားခဲ့ရသည်။ "ဂိုဏ်းအတွင်းက ပညာရှင်တွေအားလုံးကို စုဝေးစမ်း"
သူ၏ အမိန့်သံက သွေးဝိညာဉ်ဂိုဏ်းတစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့သည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် အမျိုးသမီးတစ်ဦးသည် အပြင်ဘက်မှ ပျံသန်းဝင်ရောက်လာခဲ့ရာ သူမ၏ မျက်နှာတွင်လည်း အတိုင်းထက်အလွန် ဒေါသရိပ်များဖြင့် ပြည့်နှက်နေသည်။
"ယောက်ျား... ငါတို့ရဲ့ သားလေးကို သတ်ဝံ့တဲ့သူက ဘယ်သူလဲ ငါ သူ့ကို အသက်ရှင်ရက်လည်း မသေနိုင်.. သေချင်ရင်လည်း မသေနိုင်တဲ့ နာကျင်စရာ တန်ဖိုးကို ပေးဆပ်စေရမယ်"
"စိတ်ချပါ မိန်းမ... ဘယ်သူပဲဖြစ်ဖြစ် ငါတို့သားလေးကို နာကျင်အောင်လုပ်တဲ့သူကတော့ သေရင်တောင် မြေမြှုပ်စရာ နေရာရှိမှာ မဟုတ်ဘူး" သွေးဝိညာဉ်ဂိုဏ်းချုပ်က ပြတ်သားစွာ ဆိုလိုက်သည်။
ဗုန်း...
ရုတ်တရက်ဆိုသလို ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။
"ယောက်ကျား... သွေးဝိညာဉ်ဂိုဏ်းရဲ့ မဟာတားမြစ်ချက် အစီအရင်ကြီး အဖျက်ဆီးခံလိုက်ရပြီ" အမျိုးသမီး၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်းချုပ်၏ မျက်နှာအမူအရာသည်လည်း အလွန်ပင် လေးနက်သွားခဲ့ရသည်။
"ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ မဟာတားမြစ်ချက် အစီအရင်ကြီးကို ဖျက်ဆီးနိုင်တယ်ဆိုရင်... အနည်းဆုံးတော့ နတ်ဝိညာဉ်အဆင့်ရဲ့ အဆင့်နှောင်းပိုင်း ကျင့်ကြံသူပဲ ဖြစ်ရမယ်"
"ရှင်နဲ့ ကျွန်မနဲ့ အင်အားချင်း ပူးပေါင်းလိုက်ရင် နတ်ဝိညာဉ်အဆင့်ရဲ့ အဆင့်နှောင်းပိုင်း ကျင့်ကြံသူဆိုတာ ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"
အမျိုးသမီးက အလျင်အမြန် ဆိုသည်။ ဤဇနီးမောင်နှံနှစ်ဦး အင်အားချင်း ပူးပေါင်းလိုက်ပါက နတ်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်းနယ်ပယ် ရှိ ကျင့်ကြံသူတစ်ဦးကိုပင် အောင်နိုင်ကြပေသည်။
ဝူး... ဇနီးမောင်နှံနှစ်ဦးစလုံး အပြင်သို့ ချက်ချင်း ပြေးထွက်လာခဲ့ကြရာ အဓိက ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံသူအားလုံး ထွက်ပေါ်လာခဲ့ကြပြီး အပြင်လူတစ်ဦးကို မော့ကြည့်နေကြသည်။ ထိုအပြင်လူမှာ အခြားသူမဟုတ်ဘဲ လုယွမ်ပင် ဖြစ်ပေသည်။
"ရောင်ရင်းကျင့်ကြံဖော်... မင်းက ဘယ်သူလဲ ဘာဖြစ်လို့ ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ မဟာတားမြစ်ချက် အစီအရင်ကြီးကို ဖျက်ဆီးရတာလဲ" သွေးဝိညာဉ်ဂိုဏ်းချုပ်က လုယွမ်ကို စိုက်ကြည့်ရင်း အလျင်အမြန် မေးလိုက်သည်။
"ဘာလဲ... မင်းတို့က ငါ့ကို ရှာနေတာ မဟုတ်ဘူးလား မင်းတို့ရဲ့ သားကို ငါကိုယ်တိုင် သတ်ပစ်လိုက်တာလေ" လုယွမ်က တည်ငြိမ်စွာ ဆိုသည်။
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် နတ်ဝိညာဉ်အဆင့်ရှိ ဇနီးမောင်နှံနှစ်ဦးလုံး၏ မျက်ဝန်းများထဲတွင် လုယွမ်ကို ကြည့်ရင်း အတိုင်းထက်အလွန် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။
"ကောင်းပြီ... မင်းကိုယ်တိုင် ငါတို့လက်ထဲကို လာအပ်လိမ့်မယ်လို့ မထင်ထားဘူး..ငါ သေချာပေါက် ငါ့သားအတွက် ကလဲ့စားချေပြီး မင်းကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် သတ်ပစ်မယ်" အမျိုးသမီးက ရက်စက်စွာ ခြိမ်းခြောက်လိုက်သည်။
"ဟဲဟဲ... ငါ့ကို အပိုင်းပိုင်းအစစ လုပ်မလို့လား မင်းတို့တွေ လုပ်နိုင်မှာ မဟုတ်ပါဘူး… ဒီနေ့ ငါ ဒီနေရာကို လာခဲ့တာ မင်းတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ပဲ" လုယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"စကားကြီးစကားကျယ် ပြောလှချည်လား.. ငါ့ရဲ့ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးမလို့ ဟုတ်လား" ဂိုဏ်းချုပ်သည် အလွန်ပင် ဒေါသထွက်သွားခဲ့ရပြီး ဂိုဏ်းအတွင်းရှိ ပညာရှင်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။ "အားလုံး အတူတူ တိုက်ခိုက်ကြစမ်း.. သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေကို တတ်နိုင်သလောက် ကုန်ဆုံးအောင် လုပ်ကြ"
"အကျိုးပြုတဲ့သူတွေကို... ငါ 'သွေးဝိညာဉ်ဆေးလုံး'နဲ့ ဆုချမယ်"
သွေးဝိညာဉ်ဆေးလုံးအကြောင်းကို ကြားလိုက်ရသည့်အခါ ထိုသွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ဤသွေးဝိညာဉ်ဆေးလုံးမှာ သွေးဝိညာဉ်ဂိုဏ်း၏ အထူးဆေးလုံးတစ်မျိုး ဖြစ်သည်။ ၎င်းကို အသုံးပြုပြီးနောက် ကျင့်ကြံခြင်း အဆင့်အတန်းကို လျင်မြန်စွာ ဖောက်ထွက်နိုင်ရုံသာမက မိမိကိုယ်ကိုယ်လည်း ပိုမိုအစွမ်းထက်လာစေနိုင်သည်။
ဗုန်း...
ဗုန်း...
ဗုန်း...
ခဏမျှအတွင်းမှာပင် ထိုသွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများအားလုံး သူတို့၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ကြတော့သည်။
သူတို့ ထုတ်လွှတ်နိုင်သမျှသော အမြင့်ဆုံး စွမ်းအားများအားလုံးကို လုယွမ်ဆီသို့ ဦးတည်စေလိုက်ကြသည်။
လုယွမ်ကမူ ခရမ်းရောင်တိမ်တိုက်ဓားကို အသာအယာ ဝှေ့ယမ်း၍ ခုတ်ပိုင်းလိုက်သည်။ ပေတစ်သောင်းအရှည်ရှိသော ဓားချီကြီးက မိုင်ပေါင်းထောင်ချီအထိ ဖြန့်ကျက်သွားခဲ့ပြီး ထိုကျင့်ကြံသူများ ထုတ်လွှတ်လိုက်သော စွမ်းအားများအားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ လွှမ်းမိုးဝါးမြိုသွားခဲ့တော့သည်။
ဗုန်း...
ဓားချီကြီးက သွေးဝိညာဉ်ဂိုဏ်း၏ တောင်ထွတ်ကြီးကို ထိမှန်သွားခဲ့ရာ ပိုမိုပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
တောင်ထွတ်ကြီးတစ်ခုလုံးသည် ဤဓားချက်တစ်ချက်တည်းဖြင့်ပင် တိုက်ရိုက် အက်ကွဲသွားခဲ့ရတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိုကျင့်ကြံသူများမှာ လုံးဝ မှင်တက်သွားခဲ့ကြရပြီး ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ရင်လာခဲ့ကြသည်။ ဒါက သဘာဝဗီဇအရ ထွက်ပေါ်လာသော ကြောက်ရွံ့မှုပင် ဖြစ်သည်။
"မဖြစ်နိုင်ဘူး... သူက တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ ဒါက ဘယ်လိုကျင့်ကြံခြင်း အဆင့်မျိုးလဲ"
"မြန်မြန်ပြေးကြစို့…သွေးဝိညာဉ်ဆေးလုံးက ဘယ်လောက်ပဲ ထူးခြားနေပါစေဦးတော့... အသက်ရှင်နေမှ အသက်ရှိမှာပေါ့"
"ဒီလောက်အထိ အစွမ်းထက်တဲ့ တည်ရှိမှုမျိုး ဘယ်လိုလုပ်ရှိနိုင်ရတာလဲ..."
"..."
ဤအဆင့်နိမ့် ကျင့်ကြံသူများမှာ ယခုအခါတွင်မူ တိုက်ခိုက်လိုသော စိတ်ဆန္ဒ လုံးဝ မရှိကြတော့ချေ။ သူတို့ လုယွမ်ကို ထပ်မံ၍ တိုက်ခိုက်ရန် မဝံ့ကြတော့ပေ။ သူတို့၏ စိတ်ထဲတွင် ထွက်ပြေးရန်ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။
သို့သော်လည်း လုယွမ်က သူတို့ကို မည်သို့လျှင် ထွက်ပြေးခွင့် ပေးပါအံ့နည်း။
"တားမြစ်ချက် အစီအရင်... ထွက်ပေါ်လာစမ်း"
နောက်တစ်စက္ကန့်တွင် ကြီးမားလှသော 'ပိတ်ဆို့ခြင်း တားမြစ်ချက် အစီအရင် ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ စက်ဝိုင်းပုံစံ အကာအကွယ်အတားအဆီးကြီးက သွေးဝိညာဉ်ဂိုဏ်းတစ်ခုလုံးကို အတွင်း၌ ပိတ်ဆို့လိုက်သဖြင့် သွေးဝိညာဉ်ဂိုဏ်းမှ လူများ လုံးဝ ထွက်ပြေး၍ မရနိုင် ဖြစ်သွားခဲ့ရတော့သည်။
သူ ဤသွေးဝိညာဉ်ဂိုဏ်းသို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းကပင် လုယွမ်သည် ဤပိတ်ဆို့ခြင်း တားမြစ်ချက် အစီအရင်ကြီးကို ချက်ချင်း စီစဉ်ထားခဲ့ခြင်း ဖြစ်ပေသည်။