အခန်း (၃) - ဒန်ရှ တောင်ထွတ်၏ ဈေးတန်း
ဝုန်း…
သစ်သားအိမ်လေးရဲ့ နောက်ဖေးဘက်တွင်...
လုယွမ်သည် လက်သီးတစ်ချက်ကို အားကုန်လွှဲ၍ ထိုးလိုက်သည်။ ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် ရှေ့ရှိ ကျောက်ဆောင်ကြီးမှာ အမှုန့်ဖြစ်သွားရ၏။
လုယွမ်သည် ရင်ထဲတွင် အတိုင်းမသိ ကြည်နူးသွားပြီး "ရိုးရိုးလက်သီးတစ်ချက်တောင် ဒီလောက်စွမ်းတာ.. အကယ်၍ ငါက တိုက်ခိုက်ရေးအတတ်ပညာတွေ ဒါမှမဟုတ် နတ်ဘုရားစွမ်းအင်တွေနဲ့သာ တွဲသုံးလိုက်ရင် အစွမ်းက ဘယ်လောက်တောင် ကြီးမားလိုက်မလဲ" ဟု ရေရွတ်လိုက်သည်။
မိမိ၏ အစွမ်းသစ်ကို စမ်းသပ်ပြီးနောက် လုယွမ်သည် အိမ်ရှေ့တွင် ထိုင်ကာ အကြံထုတ်နေတော့သည်။
"နောင်ကျရင် အစွမ်းထက်တဲ့သူတွေနဲ့ ရင်းနှီးအောင်.. သူတို့ မရိပ်မိဘဲနဲ့ ထိတွေ့လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းကောင်း ရှာရမယ်"
နှမြောစရာကောင်းသည်မှာ ဤကမ္ဘာတွင် လက်ဆွဲနှုတ်ဆက်သည့် ဓလေ့မရှိခြင်းပင်။
အားလုံးက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍သာ ဂါရဝပြုကြသည်။
"ဒီရက်ပိုင်း ဆေးလုံးဈေးတွေက တော်တော်တက်နေတာပဲ… ရိုးရိုး ခန္ဓာကိုယ်သန့်စင်ဆေး တစ်လုံးတောင် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ပေးနေရတယ်"
"ဟုတ်ပကွာ... အခုဆို ဆေးလုံးတွေက ဝယ်မသောက်နိုင်တော့ဘူး…ဘယ်လိုလုပ်ပြီး ကျင့်ကြံမလဲ"
"ဂိုဏ်းရဲ့ တာဝန်တွေကိုပဲ ပိုလုပ်ရတော့မှာပဲ.. မဟုတ်ရင်တော့ ဆေးဖိုးနဲ့တင် ပြတ်တော့မယ်"
မကြာမီ လမ်းဘေးမှ ဖြတ်သွားသော ကျင့်ကြံသူအချို့၏ စကားသံများကို လုယွမ် ကြားလိုက်ရသည်။
အကွာအဝေးမှာ ဝေးသော်လည်း အာရုံခံစားမှု ထက်မြက်နေသဖြင့် သူ အားလုံးကို ကြည်လင်စွာ ကြားနေရခြင်း ဖြစ်၏။
"ဆေးလုံးတွေ" လုယွမ် ဝမ်းသာသွားသည်။
"ငါ ဒါကို ဘာလို့ မတွေးမိပါလိမ့်"
ကျင့်ကြံသူများအတွက် ဆေးလုံးများသည် အလွန်အရေးကြီးသည်။
ဥပမာအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရာတွင် 'အခြေခံတည်ဆောက်မှုဆေးလုံး' ရှိပါက အောင်မြင်မှုနှုန်းကို များစွာ မြင့်တက်စေသည်။ အဆင့်မြင့်ဆေးလုံးများဆိုလျှင် ပို၍ပင် တန်ဖိုးကြီးလှ၏။
"ငါသာ ဆေးဖော်စပ်တဲ့ ပညာရှင် တစ်ယောက် ဖြစ်လာရင် ကျင့်စဉ် အဆင့်မြင့်တဲ့သူတွေနဲ့ ဆုံဖို့ အခွင့်အရေး ပိုရမှာပဲ… အဲ့ဒီအခါကျရင် ကူးယူဖို့က ပိုပြီး လွယ်သွားမှာပေါ့"
လုယွမ်သည် ပြုံးပျော်လျက် ရေရွတ်လိုက်သည်။
ဒါကတော့ တကယ့်ကို နည်းလမ်းကောင်းပင်။
"ကောင်းပြီ... နောက်တစ်ခါကျရင် ဆေးဖော်စပ်တဲ့ အတတ်ပညာကို ကူးယူရမယ်" လုယွမ် ဆုံးဖြတ်လိုက်သည်။
မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်အရ ကောင်းကင်မြစ်ဂိုဏ်းတွင် 'ဒန်ရှ တောင်ထွတ်' ဟူ၍ သီးသန့်ရှိသည်။
ထိုတောင်၏ အရှင်သခင်မှာ ဂိုဏ်း၏ အတော်ဆုံး ဆေးပညာရှင်ဖြစ်သလို မဟာယန်မင်းဆက်တစ်ခုလုံးတွင်လည်း နာမည်ကျော်ကြားသော ဆေးပညာရှင်တစ်ဦး ဖြစ်၏။
ထို့ပြင် သူသည် နတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။
ထိုတောင်ပေါ်ရှိ တပည့်အားလုံးမှာ ဆေးဖော်စပ်ခြင်း ပါရမီရှိသူများသာ ဖြစ်ကြသည်။
နှစ်ရက်တာ အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
"စနစ်ရဲ့ ပြန်လည် ကူးယူလို့ရမဲ့ အချိန် ပြည့်ပြီ"
"ကောင်းပြီ... ဒန်ရှ တောင်ထွတ်ကို တစ်ခေါက်လောက် သွားကြည့်ကြတာပေါ့" လုယွမ် အပြုံးလေးဖြင့် အိမ်မှ ထွက်လာခဲ့သည်။
နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် တောင်ခြေသို့ ရောက်လာသည်။
ထိုနေရာတွင် ဒန်ရှ တောင်ထွတ်မှ တည်ခင်းထားသော ဈေးတန်းကြီးတစ်ခု ရှိ၏။
ဂိုဏ်းဝင်တပည့်များမှာ မိမိတို့လိုအပ်သော ဆေးလုံးများကို ဝယ်ယူရန် ဤဈေးတန်းသို့ လာကြရသည်။
ဆေးဖော်စပ်သည့် တပည့်များကလည်း သူတို့ဖော်စပ်ထားသော ဆေးများကို ရောင်းချကာ ရရှိလာသော ဝိညာဉ်ကျောက်တုံးများဖြင့် ဆေးဘက်ဝင်အပင်များကို ပြန်လည်ဝယ်ယူကြရခြင်းဖြစ်သည်။
"မနက်စောစောရှိသေးတယ်.. ဈေးတန်းက တော်တော်စည်ကားနေတာပဲ" လုယွမ်သည် လူစည်ကားလှသော မြင်ကွင်းကို ကြည့်ရင်း အံ့သြနေမိသည်။
ဈေးတန်းတစ်လျှောက် လျှောက်ကြည့်ရင်း ဆေးလုံးအမျိုးမျိုးနှင့် ဆေးဖော်စပ်ခြင်း အဆင့်အတန်းများကို သူ လေ့လာလိုက်သည်။
ဆေးပညာရှင်များကို အဆင့် ၁ မှ အဆင့် ၉ အထိ သတ်မှတ်ထားပြီး အဆင့် ၉ အထက်တွင်လည်း ပိုမိုမြင့်မားသော နယ်ပယ်များ ရှိသေးသည်ဟု သိရသည်။
လုယွမ်သည် ချီသန့်စင်ခြင်း အဆင့် ၉ ရှိနေသဖြင့် လူအများက သူ့ကို 'စီနီယာအစ်ကို' ဟု လေးစားစွာ ခေါ်ဝေါ်ကြပြီး သူသိလိုသမျှကိုလည်း အသေးစိတ် ဖြေကြားပေးကြသည်။
ဤလောကတွင် အားကြီးသူကို အလေးထားကြသည်မှာ အမှန်ပင် ဖြစ်၏။
"စီနီယာအစ်ကို... ဘယ်လိုဆေးမျိုး လိုချင်လို့လဲပါလဲ" လုယွမ် ဆိုင်ခန်းတစ်ခုရှေ့မှ ဖြတ်သွားစဉ် တပည့်တစ်ဦးက ရိုသေစွာ မေးလိုက်သည်။
"ငါ ဆေးဝယ်ဖို့ မဟုတ်ပါဘူး… ငါလည်း ဆေးဖော်စပ်တာကို စမ်းကြည့်ချင်လို့.. ဘယ်လိုလုပ်ရမလဲ သိချင်လို့ပါ"
လုယွမ်က တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
"စီနီယာက ဆေးဖော်စပ်ချင်တာလား ဒါဆိုရင် ကျမ်းစာဆောင်ကို သွားလို့ရပါတယ်…အဲ့ဒီမှာ အခြေခံဆေးဖော်နည်းတွေနဲ့ ဆေးဘက်ဝင်အပင်တွေအကြောင်း မှတ်တမ်းတင်ထားတဲ့ ကျမ်းစာတွေ ရှိပါတယ်" ဟု ထိုတပည့်က ဖြေသည်။
လုယွမ်က ဆေးမဝယ်သော်လည်း ကျင့်ကြံမှုအဆင့် မြင့်မားသဖြင့် ထိုတပည့်မှာ အလွန်ယဉ်ကျေးစွာ ဆက်ဆံနေခြင်းဖြစ်သည်။
"မင်းရဲ့ ဆေးဖော်စပ်မှုအဆင့်က ဘယ်လောက်လဲ" လုယွမ်က ဆက်မေးသည်။
"ကျွန်တော်က အဆင့် ၁ ဆေးပညာရှင်လေးပါပဲ…အခြေခံ ခန္ဓာကိုယ်သန့်စင်ဆေးလောက်ပဲ ဖော်စပ်နိုင်ပါသေးတယ်" ထိုတပည့်က သက်ပြင်းချရင်း ဆိုသည်။
"ဆေးပညာက ခက်ခဲလွန်းပါတယ်။ ဂိုဏ်းအတွင်းတပည့် ဖြစ်ချင်ရင် အနည်းဆုံး အဆင့် ၃ ဆေးပညာရှင် ဖြစ်မှ ရမှာပါ"
"ဪ... ဒါနဲ့ စီနီယာ.. တကယ်လို့ ဆေးဖော်စပ်တာကို စမ်းချင်တယ်ဆိုရင် တောင်ရဲ့နောက်ဘက်မှာရှိတဲ့ 'ဇီယွမ်ခြံဝန်း' ကို သွားကြည့်ပါလား" တစ်ခုခုကို သတိရသွားသလို ထိုတပည့်က အလျင်အမြန် ပြောလိုက်သည်။
"အဲ့ဒီမှာ ဘာထူးခြားလို့လဲ"
"စီနီယာက တံခါးပိတ်ကျင့်ကြံနေလို့ မသိသေးတာ ဖြစ်မှာပါ… ကျွန်တော်တို့ ဒန်ရှ တောင်ထွတ်ရဲ့ 'အကြီးအကဲ မု' က တပည့်ရင်း အသစ်လက်ခံမလို့လေ"
"အကြီးအကဲ မု ဆိုတာ အဆင့် ၆ ဆေးပညာရှင် မဟုတ်လား ဒီတောင်ပေါ်မှာ အတော်ဆုံးတွေထဲက တစ်ယောက်ပဲ"
လုယွမ်က ခေါင်းညိမ့်လိုက်ကာ"ဒါပေမဲ့ ငါက ဆေးဖော်စပ်တာ ဘာမှမသိသေးဘဲ သွားရင် ရယ်စရာဖြစ်နေမှာပေါ့"
"စီနီယာကလည်း... ကျွန်တော် ပြောတာ မဆုံးသေးပါဘူး…အကြီးအကဲ မု က အထူးသတ်မှတ်ချက်တစ်ခု ထားထားပါတယ်”
“အဲ့ဒီမှာ ကျောက်စာချပ်တစ်ခုရှိတယ်.. အဲ့ဒီပေါ်က ဆေးဖော်နည်းကို အမွှေးတိုင်တစ်တိုင် မကုန်ခင်မှာ နားလည်အောင် လုပ်နိုင်ပြီး အခြေခံဆေးလုံးကို အဲ့ဒီကျောက်စာက နည်းအတိုင်း အောင်မြင်အောင် ဖော်စပ်နိုင်ရင် တပည့်ရင်းအဖြစ် လက်ခံမှာတဲ့"
"အဲ့ဒီလိုသာ ဖြစ်သွားရင်တော့ စီနီယာက တစ်ချက်တည်းနဲ့ ကောင်းကင်ကို တက်လှမ်းနိုင်ပြီပေါ့…အဲ့ဒီအချိန်ကျရင်..ကျွန်တော့်ကိုလည်း မမေ့ပါနဲ့ဦးနော်"
"ဒါဆိုရင်တော့ ငါ သွားစမ်းကြည့်ရမှာပေါ့။ မင်းနာမည် ဘယ်သူလဲ"
"ကျွန်တော့်နာမည် 'ကျန်းကျွင်းယီ' ပါ…စီနီယာ့နာမည်ကရော"
"လုယွမ်"
"ဟိုး... စီနီယာ့နာမည်က တကယ့်ကို ခန့်ညားထည်ဝါတာပဲ" ကျန်းကျွင်းယီက မြှောက်ပင့်ပြောဆိုလိုက်သည်။
"ကဲ... ဒါဆို ငါ တောင်နောက်ဘက်ကို သွားကြည့်လိုက်ဦးမယ်" လုယွမ် လက်ဝှေ့ယမ်းပြပြီး ထွက်လာခဲ့သည်။
စိတ်ထဲတွင်တော့ သူ အလွန်ကျေနပ်နေ၏။ အားလုံးက သူ့ကို ရိုရိုသေသေ ဆက်ဆံနေကြသည်မှာ နေလို့ကောင်းလှသည်။
သို့သော် နောင်တွင် မိမိထက် အဆင့်မြင့်သူနှင့် တွေ့လျှင် မိမိက ပြန်၍ ရိုသေရမည်ဖြစ်သဖြင့် အမြန်ဆုံး အစွမ်းထက်လာရန် လိုအပ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
"လမ်းခရီးကတော့ အဝေးကြီး ကျန်သေးတာပဲ… အခုချက်ချင်းသာ နတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်ကို ထိခွင့်ရရင် သိပ်ကောင်းမှာပဲ" လုယွမ်တစ်ယောက် စိတ်ကူးယဉ်ရင်း လျှောက်လှမ်းလာခဲ့တော့သည်။