အခန်း (၂၉) - လေပြင်းထန်လာပြီ.. သို့ဆိုလျှင် မင်းနဲ့ သွေးဝိညာဉ်ဂိုဏ်းပါ အတူတူ ပျက်စီးစေရမည်
ဧည့်ခန်းမဆောင်ကြီး၏ အပြင်ဘက်တွင် တွမ့်မိသားစုမှ အမျိုးသမီး တစ်ရာကျော် စုဝေးရောက်ရှိနေကြသည်။
သူတို့ထဲမှ တစ်ယောက်ယောက်သည် ကောင်းကင်မြစ်ဂိုဏ်းသို့ ဝင်ရောက်ကာ မသေမျိုးကျင့်ကြံသူ ဖြစ်လာနိုင်ကြောင်း သိလိုက်ရသည့်အခါ တစ်ဦးချင်းစီက အလွန်ပင် စိတ်လှုပ်ရှားကာ ရင်ခုန်နေကြရှာသည်။
ထိုသူမှာ မိမိကိုယ်တိုင်သာ ဖြစ်ပါစေဟု အားလုံးက မျှော်လင့်နေကြသည်။ သက်ကြီးရွယ်အို အမျိုးသမီးအချို့ပင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
လုယွမ် ဧည့်ခန်းမဆောင်ထဲမှ လျှောက်လှမ်းထွက်လာခဲ့သည်။ သူသည် သူတို့ကို တစ်ချက် ဝှေ့ယမ်းကြည့်ရှုလိုက်ရာ သူ၏မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားခဲ့သည်။
"မိသားစုခေါင်းဆောင်တွမ့်... မင်းတို့ တွမ့်မိသားစုရဲ့ အမျိုးသမီးအားလုံး ဒီမှာ စုံပြီလား" လုယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။ သူ၏ရှေ့တွင် ရှိနေသော အမျိုးသမီးများထဲတွင် သူရှာဖွေနေသော လူတစ်ယောက်မှ ပါမလာခဲ့ချေ။
တောင်ထွတ်သခင် မုချန် သတင်းအမှား ရရှိခဲ့ခြင်းလော 'ပကတိဝိညာဉ်ခန္ဓာ' ပိုင်ရှင်ကို ယခုအချိန်အထိ သူ လုံးဝ မတွေ့ရသေးချေ။
"အားလုံး စုံသလောက်ရှိပါပြီ " တွမ့်ယွန်းဖန်က ခေါင်းညိတ်သည်။
"သခင်ကြီး... ဒုတိယအိမ်ခွဲက လူတွေ မရှိသေးဘူးဗျ" ဘေးရှိ သက်ကြီးရွယ်အိုတစ်ဦးက သတိပေးလိုက်သည်။
၎င်းက တွမ့်ယွန်းဖန်ကို ချက်ချင်း သတိရသွားစေသည်။ "မသေမျိုးအရှင်... ကျွန်တော့်ရဲ့ ဒုတိယညီလေး မိသားစုက ဆွေမျိုးတွေဆီ အလည်သွားနေကြလို့ ရက်အနည်းငယ်ကြာရင် ပြန်လာကြပါလိမ့်မယ်…ကျွန်တော့်ညီမှာ သမီးတစ်ယောက် ရှိပါတယ်.. ဖြစ်နိုင်ရင် အရှင်ရှာနေတဲ့သူက သူမပဲ ဖြစ်နေမလား မသိဘူး"
"ကြည့်ရတာ ငါရှာနေတဲ့သူက မင်းရဲ့ ဒုတိယညီရဲ့ သမီးပဲ ဖြစ်ရမယ်" လုယွမ်က တည်ငြိမ်စွာ ဆိုသည်။
"မသေမျိုးအရှင်... ကျွန်တော်တို့ တွမ့်မိသားစုမှာ ရက်အနည်းငယ်လောက် နေပါဦးလား… ကျွန်တော် လူလွှတ်ပြီး ဒုတိယညီနဲ့ သူ့မိသားစုကို အမြန်ဆုံး ပြန်လာဖို့ သတင်းစကား ပါးလိုက်ပါ့မယ်" တွမ့်ယွန်းဖန်က အလျင်အမြန် အကြံပြုသည်။
"မလိုပါဘူး" လုယွမ်က လက်ကို ဝှေ့ယမ်းလျက် တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တွမ့်ယွန်းဖန်နှင့် အခြားလူများ၏ မျက်စိရှေ့မှောက်၌ လုယွမ်၏ ပုံရိပ်မှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့တော့သည်။
၎င်းက တွမ့်ယွန်းဖန်နှင့် အခြားလူများကို အတော်ကြာအောင် မှင်တက်သွားစေပြီးမှ သတိပြန်ဝင်လာကာ "အမှန်ပဲ... စစ်မှန်တဲ့ မသေမျိုးကျင့်ကြံသူတစ်ပါးပါပဲလား”
"ငါ့ရဲ့ ဒုတိယညီသမီးလေးက ဒီလိုမျိုး မသေမျိုး လမ်းစဉ်နဲ့ ရေစက်အကြောင်းပါလာလိမ့်မယ်လို့ မထင်ထားမိဘူး" ထို့နောက်တွင် တွမ့်ယွန်းဖန်က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချရင်း...
"ဘာပဲဖြစ်ဖြစ် ငါတို့ တွမ့်မိသားစုကနေ နောင်ကျရင် မသေမျိုးကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာတော့မှာပဲ.. ဘယ်လိုပဲဖြစ်ဖြစ် ဒါက မင်္ဂလာရှိတဲ့ ကိစ္စတစ်ခုပါပဲ" ဟု ဆိုသည်။
သူသည် အလွန်ပင် ဝမ်းသာနေဆဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူနှင့် သူ၏ဒုတိယညီကြားက ဆက်ဆံရေးက အလွန်ကောင်းမွန်လှပေသည်။
တွမ့်မိသားစု ဤမျှအထိ ကြီးပွားတိုးတက်လာရခြင်းမှာ သူနှင့် သူ၏ညီဖြစ်သူတို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။
ထိုစဉ်က သူသည် မိသားစုခေါင်းဆောင်ရာထူးကို သူ၏ညီအား တလိုတလား ပေးအပ်ခဲ့ဖူးသည်။
သို့သော် သူ၏ညီဖြစ်သူမှာ မိသားစုခေါင်းဆောင်ရာထူးကို စိတ်မဝင်စားသဖြင့် နောက်ပိုင်းတွင် တွမ့်ယွန်းဖန်က တွမ့်မိသားစုခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
"ဝမ်းကွဲညီမလေး ရှီရွှမ်း ကတော့ တကယ့်ကို ကံကောင်းတာပဲ" တွမ့်ကျန့်က အနည်းငယ် မနာလိုမှုဖြင့် ဆိုသည်။
"ကျန့်အာ... မင်းအနေနဲ့ စိတ်ဓာတ်ကျစရာမလိုပါဘူး သေချာစဉ်းစားကြည့်စမ်း... ရှီရွှမ်းသမီးလေး ကျင့်ကြံခြင်း အောင်မြင်သွားတဲ့အခါ မင်းကို ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်အောင် ကူညီပေးမယ့် နည်းလမ်း ရှိရင် ရှိနိုင်တာပဲ။
တကယ်လို့ အဲ့ဒါ အဆင်မပြေရင်တောင် နောက်ကျရင် ငါတို့တွေ အသက်ရှည်စေမယ့် မသေမျိုးဆေးလုံးတွေနဲ့ နတ်ဆေးပင်တွေကို ရရှိနိုင်သေးတာပဲ..." တွမ့်ယွန်းဖန်က တွမ့်ကျန့်၏ ပုခုံးကို ပုတ်ရင်း လေးနက်စွာ ဆိုသည်။
ဤသာမန်လူသားများအနေဖြင့် သဘာဝအတိုင်း အသက်ပိုရှည်ချင်ကြပေသည်။
သူတို့ တွမ့်မိသားစုတွင် ကျင့်ကြံသူတစ်ဦး ရှိလာခြင်းက နောင်ကျရင် တွမ့်မိသားစုကို ပိုမိုအစွမ်းထက်လာစေမည်မှာ သေချာသည်။
ထို့ပြင် ယခုအချိန်မှစ၍ ဤမီးကောင်းကင်မြို့တော်တွင် အခြားလူများက တွမ့်မိသားစုကို လွယ်လွယ်နှင့် ရန်မစဝံ့တော့ချေ။ ၎င်းကို အကာအကွယ်တစ်ခုဟု ယူဆနိုင်သည်။
"ဖေဖေ... သား အရင် ပြန်နှင့်ပါ့မယ်" တွမ့်ကျန့် ခေါင်းညိတ်လိုက်ပြီး လုယွမ် ပေးအပ်ခဲ့သော ခန္ဓာကိုယ်သန်မာစေသည့် ကျင့်စဉ်ကို သေချာလေ့ကျင့်ရန် ပြင်ဆင်လိုက်တော့သည်။
"သွားလေ... တစ်ခုခုလိုရင် ပြောနော်.. အဖေ မင်းကို တတ်နိုင်သလောက် ကူညီပေးပါ့မယ်" တွမ့်ယွန်းဖန်က မှာကြားလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဖေဖေ" ဒွန့်ကျန့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
အခြားတစ်ဖက်တွင်မူ လုယွမ်သည် တည်နေရာအတိအကျကို အတည်ပြုပြီးနောက် အလျင်အမြန် ပျံသန်းလာခဲ့သည်။
နာရီဝက်ခန့်အတွင်းမှာပင် သူသည် ခလေးမ ရှိရာ ရွာထက်ကောင်းကင်ယံသို့ လွယ်လွယ်ကူကူ ရောက်ရှိလာခဲ့သည်။
"ဒါက တားမြစ်ချက်တစ်ခုလား တစ်ယောက်ယောက်က ဒီရွာကို အပြင်လောကနဲ့ သီးသန့်ဖြစ်သွားအောင် တားမြစ်ချက်အစီအရင် သုံးထားတာပဲ" လုယွမ် လေးနက်စွာ ရေရွတ်လိုက်သည်။
"ဒီလို နည်းလမ်းမျိုးက တရားသောလမ်းစဉ်က လူတွေရဲ့ လက်ရာ လုံးဝ မဟုတ်ဘူး.. ပြီးတော့ ဒီရွာက သာမန်ရွာငယ်လေးတစ်ရွာပဲ ကြည့်ရတာ ဒီနေရာက တော်တော်လေး ရှုပ်ထွေးသွားပုံရတယ်"
တားမြစ်ချက် အစီအရင်အတွင်း၌မူ ရေကြည်စမ်းရွာတစ်ခုလုံးသည် မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
"မသေမျိုးအရှင်... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ"
"ကျွန်တော် မသေသေးချင်ဘူး.. မသေသေးချင်ဘူး..."
"ဘယ်သူကများ လာပြီး ကယ်တင်ကြပါဦးမလဲ"
"အား... မလုပ်ပါနဲ့..."
ရွာအတွင်းရှိ သာမန်လူသားအချို့မှာ ငိုကြွေးမြည်တမ်းရင်း အသနားခံနေကြရှာသည်။
သို့သော် သူတို့၏ ဝိညာဉ်များနှင့် သွေးစွမ်းအင်များမှာ လေထုထဲတွင် ပျံဝဲနေသော လူငယ်တစ်ဦး၏ ဝါးမြိုခြင်းကို အရှိန်အဟုန်ဖြင့် ခံနေရသည်။
တစ်ဦးပြီးတစ်ဦး သာမန်လူသားများမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် ခြောက်သွေ့သော အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားကြရသည်။
"မသေမျိုးအရှင်... ကျွန်တော့်သမီးလေးကို လွှတ်ပေးဖို့ တောင်းပန်ပါတယ် " အသက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးသည် လေထဲတွင် ပျံဝဲနေသော လူငယ်၏ရှေ့တွင် ဒူးထောက်လျက် အဆက်မပြတ် ဦးချကာ အသနားခံနေကြသည်။
ထိုလူငယ်သည် အလွန်ပင် ယုတ်မာရက်စက်သော ရုပ်သွင်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အလွန်ပြင်းထန်လှသော မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသည်။
သူ၏ဘေးတွင်မူ လှပသော မိန်းကလေးတစ်ဦးသည် အထူးပြုလုပ်ထားသော သံကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်ခံထားရပြီး လုံးဝ ရုန်းကန်၍ မရနိုင် ဖြစ်နေရှာသည်။
"ဒီလို ရွာငယ်လေးထဲမှာ 'ပကတိဝိညာဉ်ခန္ဓာ' ရှိတဲ့သူနဲ့ ဆုံတွေ့ရလိမ့်မယ်လို့ ငါ့အနေနဲ့ မထင်ထားမိဘူး" ထိုလူငယ်က ယုတ်မာစွာ ရယ်မောလိုက်သည်။ "ဒါက ကောင်းကင်က ပေးတဲ့ တကယ့် အခွင့်အရေးပဲ။ အကယ်၍ သူမကို ကျင့်ကြံခြင်း စွမ်းအင်ကူးပြောင်းစုပ်ယူရာ မီးဖို အဖြစ် အသုံးပြုလိုက်ရင် ငါ့ရဲ့ ကျင့်ကြံခြင်းက ပိုပြီးတော့ အမြန်ဆုံး အဆင့်ဖောက်ထွက်နိုင်မှာ သေချာတယ်"
"သခင်လေး... ဂုဏ်ယူပါတယ် .. ပကတိဝိညာဉ်ခန္ဓာကို ရရှိခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ယူပါတယ် " သူ၏ဘေးပတ်ပတ်လည်ရှိ အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူများက ရိုသေစွာ ဂုဏ်ပြုကြသည်။
ထိုလူငယ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အောက်ခြေမြေပြင်တွင် ဒူးထောက်နေသော အသက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦး၏ သွေးစွမ်းအင်နှင့် ဝိညာဉ်များမှာ ခြောက်ကပ်အောင် စုပ်ယူခြင်းခံလိုက်ရပြီး ခြောက်သွေ့သော အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားကြရပြန်သည်။
သူမ၏ မိဘနှစ်ပါး၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသည့်အခါ ထိုမိန်းကလေးငယ်၏ မျက်ဝန်းထဲမှ မျက်ရည်များ အဆက်မပြတ် စီးကျလာခဲ့ပြီး သူမ၏ အကြည့်များထဲတွင် အတိုင်းထက်အလွန် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"သခင်လေး... ကျွန်တော်တို့ နောက်ထပ် ကိစ္စတွေကို အမြန်လုပ်သင့်တယ်… အခု တားမြစ်ချက် အစီအရင်နဲ့ ပိတ်ဆို့ထားတယ်ဆိုပေမဲ့ အချိန်ဆွဲလေလေ.. မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြေ များလေလေပဲ " ထိုလူငယ်၏ဘေးရှိ လူတစ်ဦးက သတိပေးစကား ဆိုသည်။
"ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်… ဒါပေမဲ့ နောက်ဆက်တွဲ ကိစ္စတွေအတွက်ကော ပြင်ဆင်ပြီးပြီလား" လူငယ်၏ မျက်နှာအမူအရာ တင်းမာသွားခဲ့ပြီး အလွန်ပင် ဒေါသထွက်သွားဟန် ရှိသည်။ သူ ကိစ္စရပ်များကို လုပ်ဆောင်သည့်အခါ အခြားလူများက သတိပေးနေသည်ကို သူ မနှစ်သက်ချေ။
"စိတ်ချပါ သခင်လေး… အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ 'သွေးဝိညာဉ်ဂိုဏ်း' ကို ဘယ်သူမှ သံသယဝင်နိုင်မှာ မဟုတ်ပါဘူး " ထိုသက်ကြီးရွယ်အိုက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
"အဲ့ဒါ အကောင်းဆုံးပဲ" လူငယ်သည် သူ၏ ကျင့်စဉ်စွမ်းအားကို ပိုမိုမြှင့်တင်လိုက်သည်။
"ဒီ 'ဝိညာဉ်ဝါးမြိုခြင်း မဟာကျင့်စဉ်' ကို အသုံးပြုပြီး ရွာထဲက လူအားလုံးကို စုပ်ယူလိုက်ရင် ငါ သေချာပေါက် အမြုတေဖြစ်တည်ခြင်းအဆင့် ကို ဖောက်ထွက်နိုင်လိမ့်မယ်"
ဗုန်း...
ဂျွတ်...
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ပြင်းထန်လှသော မိုးကြိုးဆန်ဆန် အသံကြီး ထွက်ပေါ်လာခဲ့သည်။ တားမြစ်ချက် အစီအရင်တစ်ခုလုံး တိုက်ရိုက်ပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရသည်။
လုယွမ်သည် အပြင်ဘက်မှ ပျံသန်းဝင်ရောက်လာခဲ့သည်။ သူ၏ရှေ့မှောက်ရှိ အရာအားလုံးကို ကြည့်ရှုရင်း.. အထူးသဖြင့် ထိုမိန်းကလေးကို သတိပြုမိသွားကာ...
"မျှော်လင့်ထားတဲ့အတိုင်း မိစ္ဆာကျင့်ကြံသူတွေပဲ.. မင်းတို့ရဲ့ နည်းလမ်းတွေက တကယ့်ကို ရက်စက်ကြမ်းကြုတ်ပြီး ဒီလို သာမန်လူသားတွေကိုတောင် ချန်မထားခဲ့ကြဘူးပဲ" ဟု ဆိုလိုက်သည်။
"သခင်လေး... သတိထားပါ ဒီလူ ထုတ်လွှတ်နေတဲ့ စွမ်းအားက အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားပဲ ဖြစ်ရမယ်" သက်ကြီးရွယ်အိုက အလျင်အမြန် သတိပေးသည်။
"အဖိုးကြီးမို... မင်းက အမြုတေဖြစ်တည်ခြင်းအဆင့်ရဲ့ အဆင့်နှောင်းပိုင်းမှာ ရှိနေတာပဲ.. သူ့ကို သတ်ရတာ ပြဿနာမရှိဘူး မဟုတ်လား" လူငယ်က လေးနက်စွာ ဆိုသည်။
"စိတ်ချပါ သခင်လေး... ဒီလူ့ကို ကျွန်တော့်ဆီပဲ အပ်ထားလိုက်ပါ" အဖိုးကြီးမိုဟု ခေါ်သော ထိုသူသည် ချက်ချင်းပင် 'ဝိညာဉ်တစ်သောင်အလံ' ကို ထုတ်ဆင့်လိုက်သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ ဝိညာဉ်တစ်သောင်းအလံတော်မှ အနှိုင်းမဲ့လှသော သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ထူထပ်လှသော သွေးဝိညာဉ်များမှာ အလံတော်အတွင်းမှ တစ်ခုပြီးတစ်ခု အလုအယက် ပြေးထွက်လာကြတော့သည်။
"ဝိညာဉ်တစ်သောင်း ဝါးမြိုခြင်း မင်းက အမြုတေဖြစ်တည်ခြင်းအဆင့်ရဲ့ ပြီးပြည့်စုံခြင်းနယ်ပယ်မှာ ရှိနေရင်တောင် မင်းအတွက် သေလမ်းပဲ ရှိတယ်"
ဤအဖိုးကြီးမို မှာ ယုံကြည်မှုအပြည့် ရှိနေသည်။ ဤဝိညာဉ်တစ်သောင်းအလံတော်မှာ ထိပ်သီးအဆင့် ရတနာ တစ်ခုဖြစ်ပြီး ၎င်းကို အားကိုးခြင်းဖြင့် သူသည် အမြုတေဖြစ်တည်ခြင်းအဆင့် ပြီးပြည့်စုံခြင်းနယ်ပယ်ရှိ ကျင့်ကြံသူအချို့ကို သတ်ဖြတ်ခဲ့ဖူးသည်။
"နှမြောစရာကောင်းတာက... ငါက အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူ မဟုတ်တာပဲ" လုယွမ်က သူ၏ဓားလက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ 'ခရမ်းရောင်တိမ်တိုက်ဓား' က လေထုကို ဖြတ်သန်းထွက်ပေါ်လာခဲ့သည်။
ဓားအလင်းတန်းတစ်ခုက ကမ္ဘာမြေတစ်ခုလုံးကို ဖြတ်သန်းသွားသကဲ့သို့ အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ဘာဖြစ်သွားသည်ကို မည်သူမျှ ရှင်းလင်းစွာ မမြင်လိုက်ရချေ။
သို့သော် ဝိညာဉ်တစ်သောင်းအလံတော်မှ ပြေးထွက်လာသော သွေးဝိညာဉ်များအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် လွင့်ပြယ်ပျောက်ကွယ်သွားခဲ့ရသည်ကို မြင်တွေ့လိုက်ကြရသည်။
ဗုန်း...
ဝိညာဉ်တစ်သောင်းအလံတော်ကြီးသည်လည်း တိုက်ရိုက်ပင် နှစ်ပိုင်းပြတ်သွားခဲ့ပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့တော့သည်။
"မ... မဖြစ်နိုင်တာ..." ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အဖိုးကြီးမို မှာ မယုံကြည်နိုင် ဖြစ်သွားခဲ့ရသော်လည်း သူ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် သူကိုယ်တိုင် သေမင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် နှစ်ပိုင်း ပြတ်တောက်သွားခဲ့ရပြီး မြင်ကွင်းမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှပေသည်။
"သခင်လေး... ပြေးပါ... ရန်သူက အမြုတေဖြစ်တည်ခြင်းအဆင့်ရဲ့ အထက်မှာ ရှိနေတာ..." သူ၏ နောက်ဆုံးထွက်သက်အချိန်တွင် အဖိုးကြီးမို က သူ၏သခင်လေးကို ထွက်ပြေးရန် ပြောကြားခဲ့သည်။ ဤလူကို သစ္စာရှိသူတစ်ဦးဟု သတ်မှတ်၍ ရပေသည်။
"တောက်... ဘယ်လိုဖြစ်လို့ ဒီလိုနေရာမျိုးမှာ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာရတာလဲ" ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိုလူငယ်မှာ ပိုမို၍ မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။ သူသည် ချက်ချင်းပင် လှည့်ပြန်၍ ထွက်ပြေးရန် ပြင်ဆင်ပြီး ထိုမိန်းကလေးကိုပါ ဆွဲခေါ်သွားခဲ့သည်။ "မင်းတို့တွေ... သူ့ကို တားဆီးထားကြစမ်း"
ထိုအနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ အများစု ဖြစ်ကြသည်။
သူတို့သည် လုယွမ်၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြချေ။ သို့သော် သခင်လေး၏ အမိန့်ကြောင့် ထိုကျင့်ကြံသူများမှာ မိမိတို့ မယှဉ်နိုင်မှန်း သိသော်လည်း လုယွမ်ကို သတ်ဖြတ်ရန် အလုအယက် ပြေးဝင်လာကြသည်။
ဓားအလင်းတန်းအချို့ လက်ခနဲ ဖြစ်သွားခဲ့သည်။ ထိုကျင့်ကြံသူအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် အလွယ်တကူ အသက်ပျောက်သွားခဲ့ကြရသည်။
လုယွမ်အတွက်မူ ၎င်းက အားစိုက်ထုတ်ရန်ပင် မလိုသော အရာ ဖြစ်သည်။ ထို့ပြင် ဤကျင့်ကြံသူများမှာ အလွန်ပင် အားနည်းလွန်းလှပေသည်။ တို့ဖူးတုံးကဲ့သို့ အားနည်းလှသဖြင့် အသာအယာ ထိလိုက်ရုံဖြင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကြရသည်။
"မင်း ထွက်ပြေးလို့ မလွတ်ပါဘူး" လုယွမ်သည် ထိုလူငယ်၏ ရှေ့တည့်တည့်တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ဗုန်း...
ပြင်းထန်လှသော ဖိအား တစ်ခုက ထိုလူငယ်ကို မြေပြင်ပေါ်သို့ ချက်ချင်း ဖိနှိပ်လိုက်သဖြင့် လှုပ်ပင်မလှုပ်နိုင် ဖြစ်သွားခဲ့ရသည်။
ထို့နောက်တွင် လုယွမ်သည် မိန်းကလေး၏ ဘေးနားသို့ ရောက်ရှိလာပြီး သူ၏လက်ညှိုးကို အသာအယာ ချလိုက်သည်။ ဓားချီ တစ်ခုက သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အထူးသံကြိုးကို ချက်ချင်း ဖြတ်တောက်ပေးလိုက်သည်။ သံကြိုး၏ ချည်နှောင်မှုမရှိတော့သဖြင့် မိန်းကလေးမှာ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး စကားပြောဆိုနိုင်သွားခဲ့သည်။
"ကျွန်မရဲ့ မိဘတွေကို ကယ်တင်ပေးဖို့ မသေမျိုးအရှင်ကို တောင်းပန်ပါတယ် " မိန်းကလေးက လုယွမ်ကို ကြည့်ရင်း မျက်ရည်များ အဆက်မပြတ် စီးကျလျက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အထပ်ထပ် ဦးချတော့သည်။
"စိတ်မကောင်းပါဘူး... ငါ မင်းရဲ့ မိဘတွေကို မကယ်တင်နိုင်တော့ဘူး.. သူတို့တွေ သေသွားကြပါပြီ" လုယွမ်က စိတ်မကောင်းစွာဖြင့် ဆိုသည်။
"ငါ လာတာ တစ်လှမ်း နောက်ကျသွားခဲ့လို့ပါ"
ဤမိန်းကလေးမှာ လုယွမ် ရှာဖွေနေသော ပကတိဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်သူ ဖြစ်သည်။
အနာဂတ်တွင် သူမ ကျင့်ကြံခြင်းကို စတင်လိုက်သည်နှင့် သေချာပေါက် အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ပေသည်။
သေချာတာပေါ့... ၎င်းက သူမအနေဖြင့် လမ်းခရီးတစ်ခုလုံးကို အောင်မြင်စွာ ကျင့်ကြံနိုင်မှသာ ဖြစ်သည်။ အကယ်၍ လမ်းခုလတ်တွင် ပျက်စီးသွားပါက မည်မျှပင် ထူးခြားသော ခန္ဓာကိုယ် သို့မဟုတ် သွေးမျိုးဆက် ရှိပါစေ အရာအားလုံးက အလကား ဖြစ်သွားပေလိမ့်မည်။
"မိဘတွေက သေသွားပြီတဲ့လား..." မိန်းကလေး၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရသည်။
ဤကဲ့သို့သော ရလဒ်ကို ရင်ဆိုင်လိုက်ရသဖြင့် သူမ လက်ခံရန် ခက်ခဲနေရှာသည်။ သူမ၏ ဘဝက အမြဲတမ်း ပျော်ရွှင်စရာကောင်းပြီး ကြည်နူးစရာ ကောင်းခဲ့ဖူးသည်။ သို့သော် ဘာဖြစ်လို့ ဒီလိုကိစ္စမျိုး ဖြစ်ပျက်ခဲ့ရတာလဲ
"မသေမျိုးအရှင်... ကျွန်မရဲ့ မိဘတွေအတွက် ကလဲ့စားချေပေးဖို့ သူ့ကို သတ်ပေးပါ " မကြာမီအချိန်အတွင်းမှာပင် မိန်းကလေး၏ မျက်နှာက အေးစက်သွားခဲ့ပြီး အဝေးတွင် ဖိနှိပ်ခြင်းခံထားရကာ လှုပ်ရှား၍မရ ဖြစ်နေသော လူငယ်ကို စိုက်ကြည့်လိုက်သည်။
"ငါ မင်းရဲ့ နာကျည်းမှုကို ကလဲ့စားချေပေးပါ့မယ်.. ဒါပေမဲ့ နောင်ကျရင် မင်းအနေနဲ့ အမုန်းတရားတွေရဲ့ လွှမ်းမိုးမှုကို မခံရဖို့ ငါ မျှော်လင့်ပါတယ်" လုယွမ်က လက်ကို ဆန့်ထုတ်ပြီး မိန်းကလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"မင်း ငါ့ကို သတ်လို့မရဘူး ငါက သွေးဝိညာဉ်ဂိုဏ်းရဲ့ သခင်လေးပဲ ငါ့ရဲ့ အဖေနဲ့ အမေ နှစ်ယောက်လုံးက နတ်ဝိညာဉ်အဆင့် ပညာရှင်ကြီးတွေပဲ မင်း ငါ့ကို သတ်ရင် ကောင်းကျိုးရမှာ မဟုတ်ဘူး" ထိုလူငယ်က အော်ဟစ်လိုက်သည်။
"မင်း ငါ့ကို အခုပဲ လွှတ်ပေးလိုက်တာ အကောင်းဆုံးပဲ.. ဒါဆိုရင် ဒီသခင်လေးက ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောထားပေးမယ်"
"သွေးဝိညာဉ်ဂိုဏ်း ဟုတ်လား" လုယွမ်က တည်ငြိမ်စွာ ဆိုသည်။
ထိုအချိန်တွင် လေပြင်းတစ်ခုက အသာအယာ တိုက်ခတ်သွားခဲ့သည်။
"လေပြင်းထန်လာပြီ.. သို့ဆိုရင် မင်းနဲ့ သွေးဝိညာဉ်ဂိုဏ်းပါ အတူတူ ပျက်စီးစေရမယ်" လုယွမ်၏ လေသံထဲတွင် အတိုင်းထက်အလွန် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုသတ်ဖြတ်လိုသော စိတ်ဆန္ဒကို ခံစားလိုက်ရသည့်အခါ ထိုလူငယ်၏ စိတ်ထဲတွင် အကြီးအကျယ် ကြောက်ရွံ့ထိတ်လန့်မှုများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်း၏ သခင်လေးဖြစ်သော သူ၏ဘဝတွင် ဤမျှလောက် ကြောက်ရွံ့မှုကို ခံစားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
"တောက်... ငါ ဘာလို့ လှုပ်လို့တောင် မရတာလဲ.. အကူအညီတောင်းတဲ့ သတင်းစကားတောင် ပို့လို့မရဘူး... ဘာဖြစ်လို့ ငါ့ရဲ့ ဝိညာဉ်စွမ်းအားကိုတောင် သုံးလို့မရရတာလဲ" ဤသွေးဝိညာဉ်ဂိုဏ်း၏ သခင်လေးမှာ လုံးဝ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ သူသည်လည်း သေရမှာကို ကြောက်တတ်သည် မဟုတ်ပါလား။