အခန်း (၂၈) - မီးကောင်းကင်မြို့တော်မှ တွမ့်မိသားစု
မီးကောင်းကင်မြို့တော်…
၎င်းသည် မဟာယန်မင်းဆက်အတွင်းရှိ အလွန် ဝေးလံခေါင်ဖျားသော မြို့တစ်မြို့ဖြစ်ပြီး အသေးစားမြို့အဆင့်ဟု သတ်မှတ်နိုင်သည်။
မြို့သူမြို့သားအများစုမှာ သာမန်လူသားများဖြစ်ကြပြီး ကျင့်ကြံသူ အရေအတွက်မှာမူ အလွန်နည်းပါးလှပေသည်။
ကျင့်ကြံခြင်းလောကတွင် 'ကျင့်ကြံသူများသည် သာမန်လူသားတို့၏ လောကီရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရ' ဟူသော စည်းကမ်းချက်ကို အစဉ်အမြဲ ထိန်းသိမ်းထားကြသည်။
တစ်လမ်းလုံး လျင်မြန်စွာ ပျံသန်းလာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် လုယွမ်သည် မီးကောင်းကင်မြို့တော်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
သူသည် ထက်ကောင်းကင်အမြင့်တွင် ပျံဝဲလျက် အောက်သို့ ငုံ့ကြည့်လိုက်ရာ မီးကောင်းကင်မြို့တော်တစ်ခုလုံးကို အထင်အရှား မြင်တွေ့လိုက်ရသည်။
မြင့်မားထုထည်ကြီးမားလှသော မြို့ရိုးကြီးများက ဖိအားတစ်မျိုးကို ပေးဆောင်နေပြီး မြို့ရိုးအတွင်း၌မူ ရှေးဟောင်းအဆောက်အအုံများစွာ ရှိနေသည်။ လမ်းမများပေါ်တွင် လူအများဖြင့် ပြည့်နှက်နေပြီး အလွန်ပင် စည်ကားလှပေသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒီမြို့မှာ သာမန်လူသားတွေပဲ အများစုရှိပြီး ကျင့်ကြံသူကတော့ လက်ချိုးရေလို့ရရုံပဲ ရှိတာပဲ" လုယွမ်က သူ၏နတ်ဘုရားအာရုံ ဖြင့် တစ်မြို့လုံးကို ဖြတ်ကျော်စစ်ဆေးပြီးနောက် အသာအယာ ခေါင်းညိတ်ကာ ချီးကျူးရေရွတ်လိုက်သည်။
ဝူး...
မကြာမီ လုယွမ်သည် ချောမောစွာ မြေပြင်သို့ ဆင်းသက်လိုက်သည်။ သူသည် မြို့တံခါးဝဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။ လူသိမများအောင် နေထိုင်ခြင်းက ပို၍ကောင်းမွန်ပေသည်။
သာမန်လူသား စစ်သားများက မြို့ဝင်ပေါက်နှင့် မြို့ရိုးများကို စောင့်ကြပ်နေကြသည်။ မြို့၏ အထွေထွေ စည်းစနစ်ပိုင်းက ကောင်းမွန်သည်ဟု ပြောနိုင်သည်။ သူသည် မီးကောင်းကင်မြို့တော်ထဲသို့ အလွန်ချောမွေ့စွာ ဝင်ရောက်လာခဲ့သည်။
သူသည် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုခဲ့သည်။ သူသည် အစည်ကားဆုံးသော လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့ရာ လမ်းဘေးဝဲယာတွင် လူအများ ရောင်းဝယ်ဖောက်ကားနေကြသော ဆိုင်ခန်းပေါင်းစုံကို တွေ့ရသဖြင့် လုယွမ်အတွက် အလွန်ပင် ဆန်းသစ်နေခဲ့သည်။ ဤအရာများထဲမှ အတော်များများကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သေချာတာပေါ့... လုယွမ်သည် သူ၏အဓိက ရည်မှန်းချက်ကို မေ့လျော့မထားခဲ့ပါ။ သူ အနည်းငယ်မျှ စုံစမ်းမေးမြန်းလိုက်ရုံဖြင့် တွမ့်မိသားစု၏ တည်နေရာကို ချက်ချင်း သိရှိသွားခဲ့သည်။
လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းလာခဲ့ရာ တစ်နာရီခန့်အကြာတွင် တွမ့်မိသားစု အိမ်တော်ကြီး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
မီးကောင်းကင်မြို့တော်က မြို့ငယ်လေးတစ်မြို့ ဖြစ်သော်လည်း အရှေ့ဘက်ခြမ်းမှ တောင်ဘက်ခြမ်းသို့ လမ်းလျှောက်ရသည်မှာ အချိန်အတော်ပေးရဆဲ ဖြစ်သည်။
"ရပ်လိုက်စမ်း... မင်းက ဘယ်သူလဲ" တွမ့်မိသားစုဝင်ပေါက်ကို စောင့်ကြပ်နေသော ကင်းလှည့်လူငယ်နှစ်ဦးက သူ့ကို အလျင်အမြန် ပိတ်ဆို့တားဆီးလိုက်သည်။
"ငါက ကောင်းကင်မြစ်ဂိုဏ်းကပါ.. မင်းတို့ရဲ့ မိသားစုခေါင်းဆောင်ကို တွေ့ချင်တယ်" လုယွမ်က တိုက်ရိုက်ပင် ပြောလိုက်သည်။
"ကောင်းကင်မြစ်ဂိုဏ်း" ထိုလူငယ်နှစ်ဦး ချက်ချင်းပင် လန့်ဖျပ်သွားကြသည်။
သူတို့သည် သာမန်လူသားများ ဖြစ်ကြသော်လည်း ကောင်းကင်မြစ်ဂိုဏ်းဆိုသည်မှာ မဟာယန်မင်းဆက်၏ ထိပ်သီးဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်ကြောင်း ပုံပြင်ပြောသူများထံမှ ကြားဖူးထားကြသည်။
၎င်းမှာ ရေတွက်၍မရသော လူသားပေါင်းများစွာ တမ်းတရသည့် မြင့်မြတ်သောနယ်မြေ ဖြစ်သည်။
"တကယ်ပဲ မသေမျိုးနတ်ဘုရားတစ်ပါးလား" လူငယ်တစ်ဦး၏ သဘောထားက ချက်ချင်းပင် ရိုသေကိုင်းညွတ်သွားခဲ့သည်။
"ဒီကျောက်စိမ်းဆွဲပြားရဲ့ တစ်ဝက်ကို မင်းတို့ မိသားစုခေါင်းဆောင်ဆီ သွားပေးလိုက်ပါ" လုယွမ်က သူ၏လက်ဖဝါးကို ဖြန့်လိုက်ရာ ကျောက်စိမ်းဆွဲပြားတစ်ဝက်က ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"မင်းတို့ မိသားစုခေါင်းဆောင် ဒါကို မြင်တာနဲ့ ငါ့ကို တွေ့ဖို့ သေချာပေါက် ထွက်လာလိမ့်မယ်"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ... ထိုလူငယ်နှစ်ဦးမှာ မျက်စိဝေသွားကြပြီး
စိတ်မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းက သူတို့ရှေ့တွင် ရပ်နေသော လုယွမ်သည် စစ်မှန်သော မသေမျိုးကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ပိုမိုအတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
"မသေမျိုးအရှင်... မလိုတော့ပါဘူးခင်ဗျာ.. ကျွန်တော်နဲ့အတူ အထဲကို တိုက်ရိုက် ကြွလှမ်းတော်မူပါ" လူငယ်က လုယွမ်ကို အပြင်တွင် စောင့်ဆိုင်းမနေစေဝံ့သဖြင့် အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။
"ဒါလည်း ဖြစ်တာပဲ" ၎င်းကို မြင်လျှင် လုယွမ် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ထိုလူငယ်၏ လမ်းပြမှုဖြင့် လုယွမ်သည် တွမ့်မိသားစုအိမ်တော်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
တွမ့်မိသားစုထဲသို့ ဝင်ရောက်ပြီးနောက် လုယွမ် စိတ်ထဲတွင် အနည်းငယ် ခံစားလိုက်ရသည်။
'တွမ့်မိသားစုက ဒီမီးကောင်းကင်မြို့တော်မှာ ဩဇာကြီးတဲ့ မိသားစုတစ်ခုလို့ သတ်မှတ်ခံရလိမ့်မယ်လို့ မထင်ထားမိဘူး... နှမြောစရာကောင်းတာက ကျင့်ကြံခြင်းလောကမှာတော့ သာမန်လူသားတွေ ဩဇာကြီးတယ်လို့ ခေါ်တဲ့အရာက ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့မှာတော့ ဘာမှမဟုတ်တာပဲ' မည်သို့ပင်ဖြစ်စေ တွမ့်မိသားစု၏ အထွေထွေ အဆောက်အအုံ လက်ရာများမှာ ရှေးဆန်ပြီး ခန့်ညားထည်ဝါလှသဖြင့် အတော်ပင် အထင်ကြီးစရာ ကောင်းလှသည်။
"ရပ်စမ်း" ရုတ်တရက်ဆိုသလို အပြစ်တင်ကြိမ်းမောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အလွန်ပင် ထောင်လွှားထန်ပြင်းပုံရသော အမျိုးသားတစ်ဦး လျှောက်လှမ်းလာခဲ့သည်။ လုယွမ်ကို လမ်းပြလာသော လူငယ်သည် ထိုအမျိုးသားကို မြင်သည်နှင့် အလျင်အမြန် ရိုသေစွာ ဦးညွှတ်လိုက်သည်။ "သခင်လေး"
ထွက်ပေါ်လာသော အမျိုးသားမှာ တွမ့်မိသားစု၏ သားကြီးဖြစ်သော 'တွမ့်ကျန့်' ဖြစ်ပေသည်။
"သူက ဘယ်သူလဲ" တွမ့်ကျန့်က လုယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "ငါတို့ တွမ့်မိသားစုရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သူမှ လွတ်လွတ်လပ်လပ် ဝင်လို့မရဘူးဆိုတာ မင်းမသိဘူးလား မင်း တော်တော် သတ္တိကောင်းနေတာပဲ"
"သခင်လေး... အထင်လွဲတာပါ သူက ကောင်းကင်မြစ်ဂိုဏ်းက ကြွလာတဲ့ မသေမျိုးအရှင်ပါ" လူငယ်က အလျင်အမြန် ရှင်းပြသည်။
"ဟက်... ကောင်းကင်မြစ်ဂိုဏ်းက မသေမျိုးဟုတ်လား သူကလား ကြည့်ရတာ ငါကိုယ်တိုင်တောင် ရိုက်နှက်လို့ ရမယ့်ပုံစံမျိုးပဲ" တွမ့်ကျန့်က အလွန်ပင် ဒေါသထွက်နေပြီး လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။
"မင်းလို ကောင်စုတ်လေးက ပြောစမ်း... ငါ့တွမ့်မိသားစုဆီကို ဘာကိစ္စရှိလို့ လာတာလဲ"
"မင်းတို့ တွမ့်မိသားစုထဲက လူတစ်ယောက်က ငါတို့ ကောင်းကင်မြစ်ဂိုဏ်းနဲ့ ရေစက်ရှိတယ် ငါက ဒီတစ်ကြိမ် သူမကို ကောင်းကင်မြစ်ဂိုဏ်းဆီ ခေါ်ဆောင်သွားပြီး ကျင့်ကြံပေးဖို့ လာခဲ့တာ" လုယွမ်က တိုက်ရိုက်ပင် ဆိုလိုက်သည်။
"အော်... ပြောရတာတော့ ဟန်ကျသားပဲ ဒါပေမဲ့ မင်းက ဘယ်သူ့ကို တပည့်အဖြစ် ခေါ်မှာလဲ" တွမ့်ကျန့်က ယုံကြည်ခြင်းမရှိသေးဘဲ ဒေါသတကြီး ဖြစ်နေဆဲပင်။
"ဒီဘက်ခေတ်မှာ လူလိမ်လူကောက်တွေ အများကြီးပဲ.. ဒီသခင်လေးကတော့ နည်းနည်းမှ အရူးလုပ်မခံဘူး"
"သခင်လေး... သူက တကယ့် မသေမျိုးအရှင်ပါ" လူငယ်က ထပ်မံ ပြောကြားသည်။
"ထွက်သွားစမ်း မင်း လစာမလိုချင်တော့ဘူးလား" တွမ့်ကျန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
လူငယ်သည် ချက်ချင်းပင် ဆက်လက်၍ စကားမပြောဝံ့တော့ချေ။ သူသည် သာမန်လူသားတစ်ဦးသာ ဖြစ်သည်။
သူသည် လစဉ် အသက်ရှင်နေထိုင်ရန် ထိုလစာကိုသာ အားကိုးနေရခြင်း ဖြစ်သည်။
တွမ့်မိသားစုတွင် သူလုပ်ရသော အလုပ်မှာ အလွန်ပင် သက်တောင့်သက်သာ ရှိလှသည်။ အကယ်၍ သူသာ တွမ့်မိသားစု၏ သခင်လေးကို စိတ်ဆိုးအောင် လုပ်မိပါက တွမ့်မိသားစုမှ နှင်ထုတ်ခံရပေလိမ့်မည်... သဘာဝအတိုင်း သူ ဤလုပ်စာကို မဆုံးရှုံးဝံ့ချေ။
"ငါက မူလက မင်းကို အရေးစိုက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး.. ဒါပေမဲ့ မင်းက ငါ့ကို လူလိမ်လို့ အတင်းအဓမ္မ စွပ်စွဲနေမှတော့..." လုယွမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်းကို ဒီနေရာမှာ တစ်နာရီတိတိ ဒူးထောက်နေဖို့ ငါ အပြစ်ပေးလိုက်မယ်"
သူ၏ စကားသံအဆုံးတွင်...
တွမ့်ကျန့်သည် ချက်ချင်းပင် ပြင်းထန်လှသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ကြီးမားလှသော တောင်ကြီးတစ်လုံးက သူ့အပေါ်သို့ ဖိနှိပ်ထားသကဲ့သို့ ဖြစ်သွားသည်။
ဗုန်း... ခန္ဓာကိုယ်က တိုက်ရိုက်ပင် ဒူးထောက်ကျသွားခဲ့ရသည်… သူ မည်မျှပင် ရုန်းကန်ပါစေ မတ်တတ်ပြန်ရပ်ရန် မတတ်နိုင်တော့ချေ။
"ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ မင်းက တကယ်ပဲ ကျင့်ကြံသူတစ်ယောက်လား" တွမ့်ကျန့်၏ မျက်နှာအမူအရာ အကြီးအမား ပြောင်းလဲသွားခဲ့ရသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ ဝမ်းသာရိပ်အချို့ ထွက်ပေါ်လာခဲ့သည်။
လုယွမ်က သူ့ကို လျစ်လျူရှုလိုက်ပြီး ဘေးရှိလူငယ်ကို ကြည့်ကာ... "ငါ့ကို မင်းတို့ မိသားစုခေါင်းဆောင်ဆီ အရင်ဆုံး ခေါ်သွားပေးပါ" ဟု ဆိုသည်။
"ဟုတ်ကဲ့ပါ" လူငယ်က ပိုမို၍ ရိုသေစွာ ပြန်လည်ဖြေကြားသည်။
သူတို့သည် တွမ့်ကျန့်၏ ဘေးမှ ဖြတ်ကျော်သွားခဲ့ကြသည်။ မကြာမီအချိန်အတွင်းမှာပင် သူတို့သည် တွမ့်မိသားစု၏ အဓိက ဧည့်ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
လုယွမ် ကုလားထိုင်ပေါ်တွင် ထိုင်၍ ခဏမျှသာ စောင့်ဆိုင်းလိုက်ရသည်။ ဝမ်းဗိုက်ရွှဲရွှဲနှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် အနောက်ဘက် အိမ်ရာဝင်းထဲမှ အမောတကော ပြေးဝင်လာခဲ့သည်။
"အရှင်... ကောင်းကင်မြစ်ဂိုဏ်းက ကြွလာတဲ့ မသေမျိုးအရှင်လား" ထိုအမျိုးသားက လုယွမ်အပေါ် အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရှာသည်။ သူသည် တွမ့်မိသားစု၏ ခေါင်းဆောင် ဖြစ်သော 'တွမ့်ယွန်းဖန်' ဖြစ်ပေသည်။
သူ၏ဖခင်က တွမ့်မိသားစုတွင် ကောင်းကင်မြစ်ဂိုဏ်းမှ မသေမျိုးတစ်ဦးနှင့် ရေစက်ရှိခဲ့ဖူးကြောင်း သူ့ကို ရှေးယခင်ကတည်းက ပြောပြဖူးသည်။
သူ ဤကိစ္စကို အမြဲတမ်း မှတ်မိနေခဲ့သည်။ ကံပါလာသည့်အခါ ထိုရေစက်က သဘာဝအတိုင်း ထွက်ပေါ်လာပေလိမ့်မည်။ သူ မထင်မှတ်ထားသည်မှာ ဤမသေမျိုး အခွင့်အလမ်းက ယခုအချိန်တွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်းပင်။ ၎င်းက တွမ့်ယွန်းဖန်ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။
"မှန်ပါတယ်" လုယွမ် ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။
"ကျွန်တော့်ဖခင် ပြောပြဖူးတာ ကြာပါပြီ... ကောင်းကင်မြစ်ဂိုဏ်းက မသေမျိုးတစ်ပါးက ကျွန်တော်တို့ တွမ့်မိသားစုကနေ တပည့်တစ်ယောက် ခေါ်ယူလိမ့်မယ်လို့။ အခု ကျွန်တော်တို့ မိသားစုထဲက တစ်ယောက်ယောက်က မသေမျိုးအရှင်ရဲ့ မျက်နှာသာပေးမှုကို ခံရတာလား " တွမ့်ယွန်းဖန်က စိတ်လှုပ်ရှားစွာ မေးလိုက်ပြီး အလွန်ပင် သိလိုစိတ် ပြင်းပြနေမိသည်။
တွမ့်မိသားစု၏ မည်သည့်မျိုးဆက်သစ်က ရွေးချယ်ခံရသည်ကို သူ သိချင်နေခြင်း ဖြစ်သည်။
"မင်းတို့ တွမ့်မိသားစုထဲမှာ အလွန်မြင့်မားတဲ့ ကျင့်ကြံခြင်း ပါရမီကို ပိုင်ဆိုင်ထားတဲ့သူ တကယ်ပဲ တစ်ယောက် ရှိပါတယ်.. သူမက အမျိုးသမီး အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး သူမရဲ့ နာမည်ကိုတော့ ငါ မသိသေးဘူး" လုယွမ်က ညင်သာစွာ ဆိုသည်။
"မင်းတို့ မိသားစုထဲက အမျိုးသမီး အားလုံးကို စုဝေးပေးပါ.. ငါ တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်သူလဲဆိုတာ ချက်ချင်း သိနိုင်ပါတယ်"
"နားလည်ပါပြီ ခင်ဗျာ.. ကျွန်တော် အခုပဲ လူလွှတ်ပြီး ချက်ချင်း စီစဉ်ခိုင်းလိုက်ပါ့မယ်" တွမ့်ယွန်းဖန်က ဘေးရှိ သက်ကြီးရွယ်အိုတစ်ဦးကို အလျင်အမြန် ညွှန်ကြားလိုက်သည်။
၎င်းကို ကြားလျှင် ထိုသက်ကြီးရွယ်အိုသည် အပြင်သို့ ချက်ချင်း လျှောက်လှမ်းထွက်ခွာသွားခဲ့သည်။
"မသေမျိုးအရှင်... ရေနွေးကြမ်း သုံးဆောင်ပါဦး " ထို့နောက်တွင် တွမ့်ယွန်းဖန်ကိုယ်တိုင် လုယွမ်အတွက် ရေနွေးကြမ်း ငှဲ့ပေးရှာသည်။ သူက အလွန်ပင် ရိုသေကိုင်းညွတ်ဟန် ရှိပေသည်။
"ကျေးဇူးတင်ပါတယ်" လုယွမ်က ကျေးဇူးတင်စကား ဆိုလိုက်သည်။
"မသေမျိုးအရှင်... ကျွန်တော့်ရဲ့ သားဖြစ်သူကို အပြစ်မယူပါနဲ့ဦး သူကလည်း အရှင်တို့လို ဖြစ်ချင်နေတာပါ.. ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော့်သားက လောကီလိမ်လည်သူတွေရဲ့ လှည့်စားမှုကို အကြိမ်ကြိမ် ခံခဲ့ရလို့ပါ..." တွမ့်ယွန်းဖန်က ဦးညွှတ်လျက် တောင်းပန်စကား ဆိုသည်။
"မသေမျိုးအရှင်... သနားညှာတာသောအားဖြင့် ကျွန်တော့်သားကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ "
"ဒီလို အခြေအနေမျိုး ရှိခဲ့တာဆိုတော့... ဒီတစ်ကြိမ်တော့ ငါ အရေးမယူတော့ပါဘူး" လုယွမ်သည် စိတ်သဘောထား သေးသိမ်သူမဟုတ်သဖြင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
အပြင်ဘက်တွင် ဒူးထောက်နေရသော တွမ့်ကျန့်သည် သူ၏လွတ်လပ်ခွင့်ကို ပြန်လည်ရရှိသွားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး... ဧည့်ခန်းမဆောင်ကြီးထဲသို့ တိုက်ရိုက် ပြေးဝင်လာခဲ့ကာ လုယွမ်၏ရှေ့တွင် ဒူးထောက်လျက် အဆက်မပြတ် ဦးချတော့သည်။
"ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးဖို့ မသေမျိုးအရှင်ကို တောင်းပန်ပါတယ် "
သူသည် မသေမျိုးကျင့်ကြံခြင်းကို အလွန်အမင်း လိုလားနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ စစ်မှန်သော မသေမျိုးနှင့် ဆုံတွေ့ရပြီဖြစ်ရာ ဤအခွင့်အလမ်းကို လက်လွတ်မခံချင်ချေ။
ခွပ်... ခွပ်... ခွပ်...
သူ ပြင်းထန်စွာ ဦးချနေခဲ့သဖြင့် သူ၏နဖူးတွင်ပင် ညိုမည်းဒဏ်ရာ ရရှိသွားခဲ့ရသည်။ သူသည် အင်အားအပြည့်ဖြင့် ဦးချနေခြင်း ဖြစ်သည်။
"ထလော့" လုယွမ် ညင်သာစွာ ဆိုသည်။
"မသေမျိုးအရှင်... အရှင် သဘောတူပြီလား " တွမ့်ကျန့် အလွန်ပင် ဝမ်းသာသွားခဲ့ရသည်။
"မင်းမှာ ဝိညာဉ်အမြစ်ဂတ် မရှိဘူး.. အဲ့ဒါကြောင့် မင်း ဒီဘဝမှာ ကျင့်ကြံလို့ ရမှာမဟုတ်ဘူး" လုယွမ်က တည်ငြိမ်စွာပင် ဖော်ပြလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသောအခါ...
တွမ့်ကျန့်၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူလျော်သွားခဲ့ရသည်။ "ဝိညာဉ်အမြစ် မရှိရင် ကျင့်ကြံဖို့ တကယ်ပဲ မဖြစ်နိုင်တော့ဘူးလား "
"ငါ သိသလောက်ကတော့... ဟုတ်ပါတယ်" လုယွမ်က တည်ငြိမ်စွာ ဆိုသည်။
"ဒါပေမဲ့ အခြားသော နည်းလမ်းတွေ ရှိရင်လည်း ရှိနိုင်ပါလိမ့်မယ်.. အဲ့ဒါကိုတော့ ငါကိုယ်တိုင်တောင် မသိဘူး… အဲ့ဒါကြောင့် မင်းအနေနဲ့ သာမန်ဘဝကိုပဲ ကောင်းမွန်စွာ ဖြတ်သန်းတာ ပိုကောင်းပါတယ်"
"ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်ရတာလဲ" တွမ့်ကျန့် ကြမ်းပြင်ပေါ်သို့ ပုံရက်သား လဲကျသွားခဲ့ရပြီး သူ၏မျက်နှာတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"ကျန့်အာ... ငါတို့တွေ ကံကြမ္မာကို လက်ခံတတ်ဖို့ သင်ယူရမယ်" တွမ့်ယွန်းဖန်လည်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
ဖခင်တစ်ယောက်အနေဖြင့် သူ၏သားကို ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ အောင်မြင်စွာ တက်လှမ်းစေချင်သည်မှာ သဘာဝပင်။ သို့သော် ယခုအခါ လုယွမ်က အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။ တွမ့်ကျန့် ကျင့်ကြံ၍ မရနိုင်ချေ။ ထိုကဲ့သို့သော ကံကြမ္မာကို လက်ခံရန်သာ တတ်နိုင်တော့သည်။ ဘာပဲဖြစ်ဖြစ် ၎င်းကို ပြောင်းလဲ၍ မရနိုင်ချေ။
"ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ.. စိတ်ဓာတ်မကျပါနဲ့…နောင်ကျရင် မင်း တိုက်ဆိုင်မှုတစ်ခုခုနဲ့ ဆုံတွေ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ" လုယွမ်က နှစ်သိမ့်စကား အနည်းငယ် ထပ်မံ ဆိုလိုက်သည်။
"အဲ့ဒါ တကယ်ပဲ ဖြစ်နိုင်လား" တွမ့်ကျန့်က ဖြည်းဖြည်းချင်း မေးသည်။
"မင်းအနေနဲ့ ဆက်လက်ကြိုးစားနေသရွေ့.. နေ့တိုင်းကို ကောင်းမွန်စွာ ဖြတ်သန်းပြီး အရာအားလုံးကို သေချာလုပ်ဆောင်နေသရွေ့ပေါ့..." လုယွမ်က ရိုးရှင်းစွာ ဆိုသည်။
"မှတ်ထားပါ... ဘယ်အရာမဆို ဖြစ်နိုင်ခြေ ရှိပါတယ်"
"ဘယ်အရာမဆို ဖြစ်နိုင်ခြေ ရှိတယ်" တွမ့်ကျန့် တစ်ဦးတည်း ရေရွတ်နေမိသည်။
"ငါ့ဆီမှာ ခန္ဓာကိုယ်သန်မာစေတဲ့ ကျင့်စဉ် တစ်ခု ရှိတယ်…ဒါက မင်းကို ကျင့်ကြံခြင်း လမ်းပေါ် ရောက်အောင်မလုပ်ပေးနိုင်ပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို သန်မာစေပြီး ခွန်အားအချို့ကိုတော့ ရရှိစေနိုင်ပါတယ်"
လုယွမ်သည် အလွန် သာမန်ဆန်လှသော လူသားလောက၏ ကိုယ်ခံပညာ ခန္ဓာကိုယ်သန်မာစေသည့် ကျင့်စဉ်တစ်ခုကို ထုတ်ယူလိုက်သည်။ သာမန်လူသား ကိုယ်ခံပညာလောကတွင်မူ ဤကျင့်စဉ်က အလွန်ပင် အစွမ်းထက်လှပေသည်။
"ကျေးဇူးအများကြီးတင်ပါတယ် မသေမျိုးအရှင်" တွမ့်ကျန့် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
"မင်းရဲ့ အနာဂတ်ကံကြမ္မာက မင်းရဲ့ ကိုယ်တိုင်ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်" လုယွမ် ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။
"မှတ်ထားပါ... ဒီကျင့်စဉ်ကို သေချာလျှို့ဝှက်ထားပြီး အခြားလူတွေကို မသိစေနဲ့.. မဟုတ်ရင် မင်းတို့ တွမ့်မိသားစုတစ်ခုလုံး ပျက်စီးခြင်းဘေးနဲ့ ကြုံရလိမ့်မယ်"
သာမန်လူသားလောကတွင်လည်း လုယက်သတ်ဖြတ်မှုများ ရှိကြပေသည်။
အကယ်၍ အခြားလူများက တွမ့်မိသားစုတွင် ကောင်းကင်မြစ်ဂိုဏ်းမှ ပေးအပ်ထားသော ကျင့်စဉ်တစ်ခု ရှိနေကြောင်း သိရှိသွားပါက လူအများက လာရောက်လုယူကြပေလိမ့်မည်။
တွမ့်ကျန့်သည် 'ရတနာရှိခြင်းက ဘေးဒုက္ခကို ဖိတ်ခေါ်ခြင်း' ဟူသော သဘောတရားကို စတင်နားလည်သွားခဲ့သည်။ "ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ"
"သခင်ကြီး... တွမ့်မိသားစုရဲ့ အမျိုးသမီး အဖွဲ့ဝင်အားလုံး ရောက်ရှိလာပါပြီ " ထိုအချိန်တွင် အပြင်ဘက်မှ စောစောက ထွက်ခွာသွားသော သက်ကြီးရွယ်အို၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ကဲ... သွားကြည့်ကြတာပေါ့" လုယွမ် ချက်ချင်းပင် မတ်တတ်ရပ်လိုက်တော့သည်။