အခန်း (၂၇) - ပကတိဝိညာဉ်ခန္ဓာ
မုချင်းရွယ်သည် လုယွမ်၏ ဟင်းချက်စွမ်းရည်အပေါ် အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။ ဤမျှ အရသာရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ သူမသည် တစ်ထိုင်တည်းဖြင့် အများကြီး စားသောက်လိုက်မိတော့သည်။
နှစ်ယောက်သား ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် အလွန်ပင် စိတ်ကျေနပ်သွားကြသည်။ အထူးသဖြင့် မုချင်းရွယ်သည် သူမ၏ စိတ်အခြေအနေက သိသိသာသာ ကောင်းမွန်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးကာ အလွန်သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားလိုက်ရသည်။
"မင်း အစားအသောက် ပြင်ဆင်တဲ့နေရာမှာ ဒီလောက်တောင် ထူးခြားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိဘူး" မုချင်းရွယ်က သူမဘေးရှိ လုယွမ်ကို ကြည့်ရင်း အာမေဍိတ်ပြုလိုက်သည်။
"ဆရာမ သဘောကျတယ်ဆိုရင် နောက်ဆို ကျွန်တော် နေ့တိုင်း တစ်မျိုးမရိုးရအောင် ချက်ကျွေးနိုင်ပါတယ်" လုယွမ်က ပြုံးလိုက်သည်။ သူ၏ဦးနှောက်ထဲတွင် ရှိနေသော ဟင်းချက်နည်းများမှာ ရေတွက်၍ပင် မရနိုင်ချေ။
"မလိုပါဘူး…ကျင့်ကြံသူတွေဆိုတာ ဒီလိုအရာတွေအပေါ် စွဲလန်းမနေသင့်ဘူး… လုံ့လစိုက်ထုတ်ပြီး ကျင့်ကြံခြင်းကသာ မှန်ကန်တဲ့ လမ်းစဉ်ပဲ" မုချင်းရွယ်က ခေါင်းခါလျက် ညင်သာစွာ ဆိုသည်။
"ဒါနဲ့... မင်း 'ဖန်းလုံလျှို့ဝှက်နယ်မြေ' အကြောင်း သိလား" မုချင်းရွယ်က ချက်ချင်းဆိုသလို မေးလိုက်သည်။
"ဟုတ်ကဲ့... တောင်ထွတ်သခင် မုချန်က ကျွန်တော့်ကို အရင်က ပြောပြဖူးပါတယ်" လုယွမ်က ချက်ချင်း ခေါင်းညိတ်သည်။
"မင်းသိတယ်ဆိုရင်တော့ ငါ အများကြီး မပြောတော့ဘူး…ဖန်းလုံလျှို့ဝှက်နယ်မြေက မကြာခင် ပွင့်တော့မှာ 'မဟာယန်မင်းဆက်' ရဲ့ ဘက်ပေါင်းစုံက အင်အားစုတွေက လူတွေ စေလွှတ်ကြလိမ့်မယ်…မင်းအနေနဲ့ ဒီအချိန်အတွင်းမှာ သေချာပြင်ဆင်ထားရမယ်" မုချင်းရွယ်က မှာကြားသည်။
"ဆရာ... ဆရာမကကော မသွားဘူးလား"
၎င်းကို မြင်လျှင် လုယွမ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ ကျက်သရေရှိလှပသော ဆရာမလေးမှာလည်း အမြုတေဖြစ်တည်ခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဝိညာဉ်အဆင့် သို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုတော့ခြင်း ဖြစ်သည်။
"ငါ ပန်းတစ်ရာချိုင့်ဝှမ်းကို သွားခဲ့တဲ့ ခရီးစဉ်ကနေ နားလည်မှုတွေ အများကြီး ရခဲ့တယ်.. အဲ့ဒါကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်း အဟန့်အတား က ပွင့်သွားပြီ။
နောက်ထပ် ငါ သီးသန့်တံခါးပိတ် ကျင့်ကြံတော့ရင် နတ်ဝိညာဉ်အဆင့်ကို ချောချောမွေ့မွေ့ ဖောက်ထွက်နိုင်လိမ့်မယ်။ အဲ့ဒါကြောင့် ဖန်းလုံလျှို့ဝှက်နယ်မြေကို သွားဖို့ မလိုတော့ဘူး" မုချင်းရွယ်က ခေါင်းခါလျက် ညင်သာစွာ ဆိုသည်။
ဖန်းလုံလျှို့ဝှက်နယ်မြေထဲသို့ အများအားဖြင့် အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူများသာ ဝင်ရောက်ကြမည်ဖြစ်ပြီး ၎င်းတို့၏ အဓိကရည်မှန်းချက်မှာ 'နတ်ဝိညာဉ်ဖောက်ထွက်ဆေးလုံး' ကို ရရှိရန် ဖြစ်ကြောင်း ခန့်မှန်းရသည်။ ထိုဆေးလုံးကို အသုံးပြုခြင်းဖြင့် နတ်ဝိညာဉ်အဆင့်သို့ ပိုမိုအောင်မြင်စွာ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။
သို့သော် လက်ရှိ မုချင်းရွယ်မှာ ဤဆေးလုံးမပါဘဲ နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိနိုင်သဖြင့် လျှို့ဝှက်နယ်မြေထဲသို့ စွန့်စားဝင်ရောက်ရန် မလိုအပ်ချေ။
"သြော်... ဒီလိုကိုး" လုယွမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။
သူသည် မူလက လျှို့ဝှက်နယ်မြေအတွင်း၌ သူ၏ လှပသောဆရာမလေးနှင့်အတူ စွန့်စားခန်းဖွင့်ရလိမ့်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။
သေဘေးကို အတူတူရင်ဆိုင်ရင်း.. အခက်အခဲများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရင်းဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးတက်စေရန် ကြံစည်ထားသော်လည်း... ယခုအခါတွင်မူ သူတစ်ဦးတည်း စိတ်ကူးယဉ် အိပ်မက်မက်နေခဲ့ခြင်း ဖြစ်ပေသည်။
"စိတ်ချပါ ဆရာမ... ဒီတစ်ကြိမ် ဖန်းလုံလျှို့ဝှက်နယ်မြေကနေ ကျွန်တော် သေချာပေါက် ပစ္စည်းတွေ အပြည့်အစုံနဲ့ ပြန်လာခဲ့ပါ့မယ်" လုယွမ်က ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
ဤတစ်ကြိမ် ဖန်းလုံလျှို့ဝှက်နယ်မြေတွင်... အခြားသော ထိပ်သီးဂိုဏ်းများကလည်း ၎င်းတို့၏ ပါရမီရှင်တပည့်များကို စေလွှတ်ကြလိမ့်မည်ဟု ခန့်မှန်းရသည်။
သူသည် ထိုသူများနှင့် ထိတွေ့ခွင့်ရရှိသည့်အခါ ထိုထိပ်သီးဂိုဏ်းများ၏ အစွမ်းထက်လှသော ကျင့်စဉ်များကို တစ်ခုပြီးတစ်ခု ကူးယူ သိမ်းပိုက်နိုင်ပေလိမ့်မည်။
၎င်းက တွေးလိုက်ရုံမျှဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှပေသည်။
"အော်... ဒါနဲ့.. မင်းအတွက် ပေးစရာတစ်ခု ရှိသေးတယ်" မုချင်းရွယ်က သူမ၏ သွယ်လျလှပသော လက်ညှိုးလေးကို ဝှေ့ယမ်းလိုက်ရာ ဆေးနည်းစာလိပ်အချို့ ထွက်ပေါ်လာပြီး လုယွမ်၏ရှေ့သို့ ကျရောက်လာခဲ့သည်။
သူမက ဆက်လက်၍ "ဒီစာလိပ်တွေထဲက တစ်ခုချင်းစီမှာ အဖိုးတန် ဆေးလုံးဖော်စပ်နည်းတွေ ကို မှတ်တမ်းတင်ထားတာ…သေချာ သိမ်းဆည်းထားပါ" ဟု ဆိုသည်။
"ဒီဆေးနည်းတွေအတွက် လိုအပ်တဲ့ ဆေးဘက်ဝင်ပစ္စည်းတွေက အလွန်ပဲ အဖိုးတန်လှတယ်… နောင်ကျရင် အခွင့်အရေးရှိရင် တစ်ခုချင်းစီကို စုဆောင်းကြည့်ပေါ့..."
လုယွမ်က စာလိပ်တစ်ခုကို ဖွင့်ကြည့်လိုက်ရာ ဆေးလုံးဖော်စပ်နည်းတစ်ခု ထွက်ပေါ်လာသည်။
"ကောင်းချီးမင်္ဂလာဆေးလုံး - 'ဝိညာဉ်ဖယောင်းတိုင်အသီး' ကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုသည်။
တစ်သက်တွင် တစ်ကြိမ်သာ သောက်သုံးနိုင်ပြီး ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်အောက်ရှိ ကျင့်ကြံသူများသာ သောက်သုံးနိုင်သည်။
အသုံးပြုပြီးပါက ကျင့်ကြံခြင်း အဟန့်အတားကို ဖောက်ထွက်နိုင်မည့် အခွင့်အလမ်းကို များစွာ မြင့်တက်စေသည်..."
၎င်းက တကယ့်ကို အဆင့်မြင့်လှသော ဆေးလုံးတစ်မျိုး ဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ လိုအပ်သော ဆေးဘက်ဝင်ပစ္စည်း တစ်ခုချင်းစီက အလွန်ပင် ရှားပါးလှပေသည်။ အထူးသဖြင့် ဝိညာဉ်ဖယောင်းတိုင်အသီးမှာ အရှားပါးဆုံး ဖြစ်သည်။
ဤဆေးလုံးဖော်စပ်နည်း တစ်ခုချင်းစီမှာ ဆေးဖော်စပ်သူတစ်ဦးအတွက် အနှိုင်းမဲ့ ရတနာများ ဖြစ်ကြသည်။ သူ၏ ဆရာမက သူ့ကို ဤကဲ့သို့ အလကား ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"ကျေးဇူးတင်ပါတယ် ဆရာမ" လုယွမ်က စာလိပ်များကို ဂရုတစိုက် သိမ်းဆည်းရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဒါက ငါ မင်းအတွက် လုပ်ပေးနိုင်တဲ့ အရာအားလုံးပဲ… နောက်ဆိုရင်တော့ မင်းကိုယ်မင်းပဲ အားကိုးရတော့မယ်" မုချင်းရွယ်က လက်ကို ဝှေ့ယမ်းကာ ဆိုသည်။
"ငါ ပြန်ရောက်ရင် မင်းကို ကျင့်ကြံခြင်းနဲ့ ဆေးဖော်စပ်ခြင်းတွေ သင်ပေးမယ်လို့ မူလက တွေးထားတာ.. ဒါပေမဲ့ အခုတော့ အဲ့ဒါတွေ မလိုတော့ဘူး ထင်တယ်"
"ခဏနေရင် ငါ ဒန်ရှတောင်ထွတ်ရဲ့ သီးသန့်အခန်းဆီသွားပြီး တံခါးပိတ်ကျင့်ကြံတော့မယ်"
"ဒီတစ်ကြိမ် တံခါးပိတ်ကျင့်ကြံတာက အချိန်အတော်ကြာနိုင်တယ်…ဖန်းလုံလျှို့ဝှက်နယ်မြေ ပွင့်တဲ့အချိန်အထိ ငါ ပြန်မထွက်လာသေးရင် မင်းကို လိုက်မပို့နိုင်တော့ဘူး…လမ်းခရီးမှာ သတိထားပါ"
"လျှို့ဝှက်နယ်မြေထဲ ရောက်သွားရင် ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ မယုံကြည်နဲ့" နောက်ဆုံးတွင် မုချင်းရွယ်က အလွန်လေးနက်စွာ သတိပေးလိုက်သည်။
သူမကိုယ်တိုင် ဖန်းလုံလျှို့ဝှက်နယ်မြေထဲသို့ မဝင်ရောက်ဖူးသော်လည်း သူမ၏ဖခင် မုချန်၏ထံမှ အများကြီး ကြားဖူးထားသည်။
ဖန်းလုံလျှို့ဝှက်နယ်မြေတွင် အန္တရာယ်ရှိသော တားမြစ်ချက် အစီအရင်များစွာ ရှိသော်လည်း အကြီးမားဆုံး အန္တရာယ်မှာ အခြားသော ကျင့်ကြံသူများထံမှ လာခြင်း ဖြစ်သည်။
အချို့က မထင်မှတ်ဘဲ နောက်ကျောကို ဓားနဲ့ထိုးခြင်း.. သို့မဟုတ် တိတ်တဆိတ် ထောင်ချောက်ဆင်ခြင်းမျိုး ပြုလုပ်တတ်ကြသည့်အပြင် မိစ္ဆာကျင့်ကြံသူအချို့ပင် ဝင်ရောက်လာနိုင်ခြေ ရှိသည်။
ကျင့်ကြံသူအချို့မှာ လျှို့ဝှက်နယ်မြေထဲတွင် အခွင့်အလမ်းနှင့် ရတနာများကို ရှာဖွေရန် ခက်ခဲမှန်းသိသဖြင့် အခြားကျင့်ကြံသူများကို သတ်ဖြတ်ကာ ရတနာများကို လုယူကြခြင်း ဖြစ်သည်။
"နားလည်ပါပြီ" လုယွမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ရင်း...
"ကျွန်တော်က ဆရာမနဲ့ အချိန်ပိုပြီး ကုန်ဆုံးချင်တာ.. ပြန်လာတာနဲ့ ချက်ချင်း တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်လိမ့်မယ်လို့ မထင်ထားဘူး" ဟု ဆိုသည်။
"ငါ အဆင့်ဖောက်ထွက်ပြီးလို့ မင်းလည်း ဖန်းလုံလျှို့ဝှက်နယ်မြေက ပြန်လာရင် ငါတို့မှာ အချိန်တွေ အများကြီး ရှိလာမှာပါ"
မုချင်းရွယ်က အသာအယာ ရယ်မောလိုက်ရာ သူမ၏စိတ်ထဲတွင် တကယ့်ကို ကျေနပ်ပီတိ ဖြစ်နေမိသည်။
ထိုစဉ်က သူမ တပည့်တစ်ယောက်ကို လက်ခံရန် ရွေးချယ်ခဲ့စဉ်က... ပျော်ရွှင်စရာအဖြစ် ပေါ့ပေါ့ပါးပါးသာ သဘောထားခဲ့ခြင်း ဖြစ်သည်။
သူမသည် အလွန်ပင် ခက်ခဲသော စမ်းသပ်မှုကို တမင်တကာ ဖန်တီးခဲ့သော်လည်း မထင်မှတ်ဘဲ လုယွမ်က အောင်မြင်ခဲ့သည်။
ယခုအခါတွင်မူ သူမ၏တပည့်မှာ သူမကဲ့သို့ပင် သန်မာလာခဲ့ပြီ ဖြစ်ရာ တစ်နည်းအားဖြင့် သူမအနေဖြင့် အလွန်အောင်မြင်သည်ဟု ခံစားရသည်။
သူမသည် တကယ့်ကို ထူးချွန်ထက်မြက်သော တပည့်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်မြစ်ဂိုဏ်းတစ်ခုလုံးတွင် သူမတစ်ဦးတည်းသာ ဤသို့ လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် နှမြောစရာကောင်းသည်မှာ လုယွမ်နှင့် နှိုင်းယှဉ်နိုင်မည့် ဒုတိယမြောက်လူကို သူမ နောက်ထပ် ရှာဖွေတွေ့ရှိနိုင်တော့မည် မဟုတ်ချေ။
"ဒါဆိုရင် ဆရာမ အောင်မြင်စွာနဲ့ နတ်ဝိညာဉ်အဆင့်ကို ဖောက်ထွက်နိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်" လုယွမ်က ဆုမွန်ကောင်း တောင်းလိုက်သည်။
"ကောင်းပြီ" မုချင်းရွယ် ခေါင်းညိတ်သည်။
ထို့နောက်တွင် သူတို့နှစ်ဦးသည် အကြောင်းအရာများစွာကို ဆက်လက်၍ စကားစမြည် ပြောဆိုခဲ့ကြသည်။
ညနက်ပိုင်းသို့ ရောက်သောအခါမှသာ မုချင်းရွယ်သည် ဇီယွမ်ခြံ၀င်းမှ ထွက်ခွာ၍ သီးသန့်ကျင့်ကြံခြင်းအခန်းသို့ ဦးတည်သွားခဲ့တော့သည်။
ရုတ်တရက်ဆိုသလို လုယွမ်တစ်ယောက်တည်း ပြန်လည်အထီးကျန်သွားခဲ့ရသည်။
‘ဟူး... ကြည့်ရတာ ငါနဲ့ ကျက်သရေရှိလှပတဲ့ ဆရာမလေးကြားက သံယောဇဉ်ကိုတော့ နောက်မှပဲ တဖြည်းဖြည်းချင်း တည်ဆောက်ရတော့မယ် ထင်တယ်…’ လုယွမ် ဖြည်းဖြည်းချင်း ခေါင်းညိတ်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
လုယွမ် သူ၏အခန်းသို့ ပြန်လာခဲ့သည်။ သူ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး ချက်ချင်းပင် အနားယူလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့သစ်တစ်ခုသို့ ရောက်ရှိလာခဲ့တော့သည်။
နံနက်စောစောတွင် လုယွမ် နိုးထလာခဲ့သည်။ သူ အဝတ်အစားလဲကာ အိမ်ပြင်သို့ လျှောက်လှမ်းလာခဲ့ရာ တောင်ထွတ်သခင် မုချန်သည် အိမ်ရာဝင်းအတွင်းရှိ ဇရပ်အောက်၌ ရေနွေးကြမ်းသောက်ရင်း အလွန်ပင် အေးအေးလူလူ ရှိနေသည်ကို မြင်လိုက်ရသည်။
"နိုးပြီလား" မုချန်က သူ၏ရေနွေးကြမ်းခွက်ကို ချလိုက်ရင်း ညင်သာစွာ ဆိုသည်။ "အခြားလူတွေအားလုံးက အချိန်ပြည့် ကျင့်ကြံနေကြတာ.. မင်းကတော့ ဒီမှာ အိပ်လို့ကောင်းတုန်း" သူ၏ လေသံထဲတွင် အပြစ်တင်လိုသော သဘောက ရှင်းလင်းစွာ ပါဝင်နေသည်။
"တောင်ထွတ်သခင်... အမှန်တော့ အိပ်စက်ခြင်းကလည်း ကျင့်ကြံခြင်းတစ်မျိုးပါပဲလေ" လုယွမ်က ရယ်မောလိုက်သည်။
"လျှောက်မပြောနဲ့" မုချန်က အေးစက်စွာ တုံ့ပြန်သည်။
"တောင်ထွတ်သခင် မုချန်... ဒီနေ့ ကျွန်တော့်ဆီကို ဘာကိစ္စများ ရှိလို့ လာခဲ့တာပါလဲ" လုယွမ်က သူ၏သဘောထားကို ကြည့်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။
"မင်း ချင်းရွှယ်ကို တွေ့ခဲ့တယ် မဟုတ်လား" မုချန်က မေးသည်။
"ဟုတ်ကဲ့... ဒါပေမဲ့ ဆရာက မနေ့ညကတည်းက တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားပါပြီ" လုယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"ငါ ဒီတစ်ကြိမ် မင်းကို လာရှာတာက ငါ့အတွက် ကိစ္စတစ်ခု ကူညီပေးစေချင်လို့ပါ" မုချန်က ညင်သာစွာ ဆိုသည်။
"ငါက မူလက ချင်းရွှယ်ကို စေလွှတ်ဖို့ တွေးထားတာ.. ဒါပေမဲ့ သူမက နားလည်မှုတချို့ ရထားတာကြောင့် အခြားကိစ္စတွေနဲ့ စိတ်အနှောင့်အယှက်မခံဘဲ ကျင့်ကြံခြင်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ဖို့ လိုအပ်နေတယ်"
"ဘာကိစ္စများလဲ ခင်ဗျာ" လုယွမ်က စိတ်ဝင်တစား မေးလိုက်သည်။
"ကိစ္စက ရိုးရှင်းပါတယ်.. 'မီးကောင်းကင်မြို့တော်' ဆီ ခရီးတစ်ခု သွားပေးရုံပါပဲ" မုချန်က ဆက်ပြောသည်။
"မီးကောင်းကင်မြို့တော်မှာ သာမန် သေမျိုးမိသားစုတစ်ခု ဖြစ်တဲ့ 'တွမ့်မိသားစု' ရှိတယ်.. ငါနဲ့ တွမ့်မိသားစုကြားမှာ ပတ်သက်မှုတချို့ ရှိခဲ့ဖူးတယ်အဲ့ဒီတုန်းက တွမ့်မိသားစုမှာ ဘိုးဘေးစဉ်ဆက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ဝိညာဉ်ဆေးဘက်ဝင်အပင်တစ်မျိုး ရှိခဲ့ပြီး အဲ့ဒါက ငါ အတိအကျ လိုအပ်နေတဲ့ ပစ္စည်းပဲ ဖြစ်ခဲ့တယ်"
"အဲ့ဒီအတွက်ကြောင့် ငါက တွမ့်မိသားစုကနေ ကျင့်ကြံခြင်း ပါရမီရှိတဲ့ မျိုးဆက်သစ်တစ်ယောက် ထွက်ပေါ်လာခဲ့ရင် ငါ့ရဲ့ တပည့်ရင်းအဖြစ် လက်ခံပါ့မယ်လို့ ကတိပေးခဲ့ဖူးတယ်"
"အခုတော့ တွမ့်မိသားစုကနေ 'ပကတိဝိညာဉ်ခန္ဓာ' ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးငယ်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီ.. သူမက အလွန်ပင် မြင့်မားတဲ့ ကျင့်ကြံခြင်း ပါရမီကို ပိုင်ဆိုင်ထားတယ်"
"ငါက မင်းကို အဲ့ဒီမြို့ကို သွားပြီး အဲ့ဒီမိန်းကလေးကို ဂိုဏ်းဆီ ခေါ်ဆောင်လာစေချင်တာ"
"ငါ့မှာတော့ တောင်ထွတ်အတွင်းမှာ လုပ်စရာကိစ္စတွေ အများကြီးရှိနေလို့ ကိုယ်တိုင် မသွားနိုင်ဘူး…မင်းက ချင်းရွှယ်ရဲ့ တပည့်ဖြစ်တဲ့အတွက် ဒီကိစ္စကို မင်းဆီ အပ်နှံရတာ ငါ အစိတ်ချရဆုံးပဲ"
၎င်းကို ကြားပြီးနောက် လုယွမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ... "ဒါဆို အခြေအနေက ဒီလိုကိုး…ဒီတာဝန်က တော်တော်လေး ရိုးရှင်းပုံရပါတယ်" ဟု ရေရွတ်လိုက်သည်။
"တောင်ထွတ်သခင်... ကျွန်တော် မှတ်မိသလောက်ဆိုရင် မီးကောင်းကင်မြို့တော်က မဟာယန်မင်းဆက်ရဲ့ အလွန် ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ ရှိတာမဟုတ်လား.. လမ်းခရီးကလည်း အလွန်ပဲ ရှည်လျားပါတယ်..."
"ကဲပါ... မင်းက အကျိုးခံစားခွင့်ကို လိုချင်လို့ ဆင်ခြေပေးနေတာ မဟုတ်လား" မုချန်က မျက်လုံးတစ်ချက် ဝှေ့ယမ်းလိုက်ရင်း ချက်ချင်းပင် အနက်ရောင်ပုတီးစေ့တစ်စေ့ကို ထုတ်ယူကာ လုယွမ်၏လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။
"ဒီပုတီးစေ့ကို 'မိုးကြိုးပေါက်ကွဲမှုပုတီးစေ့' လို့ ခေါ်တယ်…မင်းရဲ့ ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်တာနဲ့ ဒါကို အသက်သွင်းနိုင်လိမ့်မယ်"
"မိုးကြိုးပေါက်ကွဲမှုပုတီးစေ့က အလွန်ပဲ ပြင်းထန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီး နတ်ဝိညာဉ်အဆင့် ပညာရှင်တစ်ယောက်ရဲ့ တစ်ချက် တိုက်ခိုက်မှု စွမ်းအားနဲ့ ညီမျှတယ်… အသုံးပြုတဲ့အခါမှာတော့ သတိထားရမယ်နော်"
"ဟီးဟီး... ကျေးဇူးအများကြီးတင်ပါတယ် တောင်ထွတ်သခင်" လုယွမ်က အမြန်ပင် သိမ်းဆည်းလိုက်ရင်း ရယ်မောလိုက်သည်။
အကျိုးခံစားခွင့်ကို လက်ထဲရရှိထားပြီဖြစ်ရာ သူ ဤတာဝန်ကို ပြီးမြောက်အောင်မြင်ရန် အလွန်ပင် စိတ်အားထက်သန်သွားခဲ့သည်။
မိုးကြိုးပေါက်ကွဲမှုပုတီးစေ့က အလွန် ရှားပါးပုံရပေသည်။
သို့သော် အချိန်တန်လျှင်မူ သူ ၎င်းကို ကူးယူ လိုက်ရုံမျှသာ ဖြစ်သည်။
နောင်ကျရင် သူ မည်သည့်ရန်သူနှင့်မဆို ဆုံတွေ့ပါစေ.. ကိုယ်တိုင်တိုက်ခိုက်မနေပဲ ဒီမိုးကြိုးပေါက်ကွဲမှုပုတီးစေ့များကို တစ်လုံးပြီးတစ်လုံး အဆက်မပြတ် ပစ်ပေါက်လိုက်ရုံပင်။
ထိုမြင်ကွင်းက... သေချာပေါက် တုန်လှုပ်စရာ ကောင်းပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ၎င်း၏ စွမ်းအားက နတ်ဝိညာဉ်အဆင့်၏ တိုက်ခိုက်မှုနှင့် ညီမျှနေသည် မဟုတ်ပါလား။
နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများမှာ မဟာယန်မင်းဆက်အတွင်း၌ ရှားပါးလှဆဲ ဖြစ်သဖြင့် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် ဤမိုးကြိုးပေါက်ကွဲမှုပုတီးစေ့ အရေအတွက် အမြောက်အမြားနှင့် ရင်ဆိုင်ရလျှင် သတိထားရပေလိမ့်မည်။
ထို့ပြင် လုယွမ်၏ ကျင့်ကြံခြင်းနယ်ပယ်မှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ မိုးကြိုးပေါက်ကွဲမှုပုတီးစေ့က ပြဿနာကို မဖြေရှင်းနိုင်ပါက လုယွမ်ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်နိုင်သေးသည်။
"ငါ မင်းကို အကျိုးခံစားခွင့် ပေးပြီးပြီ ….မင်း ချက်ချင်းပဲ ထွက်ခွာပြီး မီးကောင်းကင်မြို့တော်ဆီ အမြန်ဆုံး ရောက်အောင်သွားတာ အကောင်းဆုံးပဲ…တွမ့်မိသားစုက မိန်းကလေးမှာ ပကတိဝိညာဉ်ခန္ဓာ ရှိတယ်ဆိုတဲ့ သတင်းသာ ပေါက်ကြားသွားရင် အခြားသော ဂိုဏ်းအတော်များများက လူတွေ စေလွှတ်ကြလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်"
မုချန်က မတ်တတ်ရပ်လိုက်ပြီး စကားပြောပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။
"ကောင်းပါပြီ.. ကောင်းပါပြီ.. ကျွန်တော် အခုပဲ ထွက်ခွာပါ့မယ်" လုယွမ်က ပစ္စည်းအချို့ကို အမြန် ထုပ်ပိုးကာ ကောင်းကင်မြစ်ဂိုဏ်း၏ အပြင်ဘက်သို့ လျင်မြန်စွာ ပျံသန်းထွက်ခွာခဲ့ပြီး မီးကောင်းကင်မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားခဲ့တော့သည်။
ဂိုဏ်းအတွင်း၌ ကူးယူရန် လိုအပ်သမျှ အရာအားလုံးကို ကူးယူပြီးပြီ ဖြစ်သည်။
သူ၏ လှပသောဆရာမလေးကလည်း တံခါးပိတ်ကျင့်ကြံနေခဲ့ပြီ ဖြစ်သည်။
သူတစ်ဦးတည်း ခြံဝင်းထဲတွင် နေထိုင်ရသည်မှာ ပျင်းစရာကောင်းလှပေသည်။
လုယွမ်အတွက်မူ ဤမီးကောင်းကင်မြို့တော်သို့ သွားရသည့် ခရီးစဉ်မှာ စိတ်အပန်းဖြေစရာ ခရီးတစ်ခုအဖြစ် သတ်မှတ်၍ ရပေသည်။ ဤကျယ်ပြန့်လှသော ကမ္ဘာကြီးကို လှည့်ပတ်ကြည့်ရှုရန် ဖြစ်သည်။
‘လေကိုစီးပြီး ဓားကိုနှင်.. ကောင်းကင်နဲ့ မြေပြင်ကြားက မိစ္ဆာတွေကို သတ်ဖြတ်မယ်’ ထက်ကောင်းကင် အမြင့်ဆုံးနေရာတွင် လုယွမ်သည် ဓားပျံကို လျင်မြန်စွာ စီးနင်းရင်း အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
"လန်းဆန်းလိုက်တာ.. တကယ့်ကို လန်းဆန်းလှပေတယ် မသေမျိုးကျင့်ကြံခြင်းဆိုတာ ဒီလိုမျိုး အေးအေးလူလူ လွတ်လပ်မှုမျိုး ရှိဖို့ပဲမဟုတ်ပါလား"