အခန်း (၂၆) - ကျက်သရေရှိလှသော ဆရာမလေး ပြန်လည်ရောက်ရှိလာခြင်း
"ဖေဖေ... ဟိုဘက်ကလူက တပည့်ရင်းတစ်ယောက်ပဲလေ.. ဖေဖေက ဘာလို့ သူ့အပေါ် ဒီလောက်တောင် ယဉ်ကျေးပျူငှာပြနေရတာလဲ" ဖုန်းဝမ်ယုက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ဟင်း... မင်းလို လူမိုက်သားဆိုး.. ဒီလိုကိစ္စမျိုးကို လုပ်ဝံ့ရအောင် မင်း တော်တော် သတ္တိကောင်းနေတာပဲ" ဖုန်းရှန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ ပြန်ရောက်တာနဲ့ မင်း 'အမှားဆင်ခြင်ရာ ချောက်ကမ်းပါး' ကိုသွားပြီး ဆယ်နှစ်တိတိ တရားထိုင်ပြီး အမှားပြင်ဆင်ရမယ်"
အမှားဆင်ခြင်ရာ ချောက်ကမ်းပါး...
ဖုန်းဝမ်ယု ချက်ချင်းပင် တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရသည်။
ထိုနေရာက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော နေရာဖြစ်သဖြင့် သူ လန့်ဖျပ်သွားကာ "ဖေဖေ... ကျွန်တော် မှားပါပြီ.. ဒီတစ်ကြိမ်တော့ သက်ညှာပေးပါဦး… အဲ့ဒီနေရာက လူသားတစ်ယောက် နေလို့ရတဲ့နေရာမှ မဟုတ်တာ" ဟု အသနားခံတော့သည်။
"ဒီကိစ္စက ညှိနှိုင်းလို့မရဘူး" ဖုန်းရှန့်က အေးတိအေးစက် ဆိုသည်။
"မင်း အမှားလုပ်ခဲ့တာဖြစ်လို့ မင်းရဲ့ အမှားအတွက် ရလဒ်ကို မင်းခံရမယ်…မဟုတ်ရင် မင်း အခုအချိန်မှာ အလောင်း ဖြစ်နေလောက်ပြီ"
ဖုန်းဝမ်ယု၏ မျက်နှာတစ်ခုလုံး အလွန်ပင် ပျက်ယွင်းသွားခဲ့ရသည်။ သူ မလွတ်မြောက်နိုင်တော့ဘဲ ထိုချောက်ကမ်းပါးသို့ သေချာပေါက် သွားရတော့မည်ကို သူ ကောင်းကောင်းသိသည်။
"ဒီလုယွမ်ဆိုတာ ဂိုဏ်းရဲ့ မျိုးနွယ်စုဘိုးဘေး ကိုယ်တိုင် သဘောကျပြီး ဘိုးဘေးရဲ့ အဆောင်အယောင်တံဆိပ်ပြား ကိုပါ ကိုယ်တိုင် ချီးမြှင့်ခြင်း ခံထားရတဲ့သူပဲ…ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် သူ့ကို တွေ့ရင်တောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရလိမ့်မယ်"
ဖုန်းရှန့်က သူ၏သားဖြစ်သူအား မည်မျှကြီးမားသော ပြဿနာကို ဖန်တီးခဲ့မိကြောင်း သိစေရန် ထပ်မံ ပြောကြားလိုက်သည်။
"ဟမ်" ၎င်းကို ကြားပြီးနောက် ဖုန်းဝမ်ယု တစ်ယောက် ဆွံ့အလျက် မှင်တက်သွားရတော့သည်။
သူ ဤကဲ့သို့သော အကြောင်းအရာမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။
"ဂိုဏ်းဘိုးဘေး... ဖေဖေ ပြောဖူးတာ ကျွန်တော် မှတ်မိပါတယ်…ဒါပေမဲ့ ဒီကောင်က ဘယ်လိုလုပ်ပြီး ဘိုးဘေးရဲ့ မျက်နှာသာပေးမှုကို ရသွားတာလဲ" ဖုန်းဝမ်ယုက မကျေနပ်ဟန်ဖြင့် ဆက်မေးသည်။
"သူက ကြည့်ရတာ ရုပ်ချောတဲ့ လူချောလေးတစ်ယောက်ထက် မပိုပါဘူး.. ဘာမှလည်း ထူးခြားမနေဘဲနဲ့..."
"မင်းက တကယ်ကို မိုက်မဲနေတုန်းပဲ…ငါ့မှာ မင်းလို သားမျိုး ဘယ်လိုဖြစ်ပြီး ရှိလာတာလဲ မသိဘူး…ငါသာ ကြားထဲက ဝင်မတားရင် မင်း အဲ့ဒီနေရာမှာတင် သူ့ရဲ့ ဖိနှိပ်မှုကို အပြင်းအထန် ခံလိုက်ရမှာ" ဖုန်းရှန့်က သူ၏သား တိုးတက်မှုမရှိခြင်းအပေါ် အလွန်ပင် စိတ်ပျက်ဒေါသထွက်နေမိသည်။
"သူက မင်းနဲ့ အသက်အရွယ်ချင်း အတူတူပဲ.. ဒါပေမဲ့ သူက အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ။ မင်းကတော့ အမြူတေစုစည်းခြင်းအဆင့် မှာတင် ဘာမှ တိုးတက်မလာဘဲ လည်ပတ်နေတုန်း"
"ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်ကတောင် ဒီလုယွမ်က ငါတို့ ကောင်းကင်မြစ်ဂိုဏ်းရဲ့ အသက်အငယ်ဆုံး နတ်ဝိညာဉ်အဆင့် ဖြစ်လာနိုင်တယ်လို့ ပြောထားတာ... ပြီးတော့ ကောင်းကင်မြစ်ဂိုဏ်းရဲ့ အနာဂတ်ကို သူ့လက်ထဲ အပ်နှံရတာမျိုးလည်း ဖြစ်လာနိုင်တယ်"
"မင်း... မင်း... နောင်ကျရင် သူ့နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းရှာထား မှတ်ထားပါ... လုယွမ်ဆိုတာ သူငယ်ချင်းအဖြစ်ပဲ ထားရမယ့်လူ.. ဘယ်တော့မှ ရန်သူဖြစ်လို့မရဘူး"
၎င်းကို ကြားပြီးနောက် ဖုန်းဝမ်ယု ကောင်းကင်ကြီး ပြိုကျပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယခုအခါတွင်မူ သူ၏ဖခင်က လုယွမ်ကို ဘာကြောင့် ဤမျှ ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့ရကြောင်း အမှန်တကယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။
"ကျွန်တော် နားလည်ပါပြီ" ဖုန်းဝမ်ယုသည် သဘာဝအတိုင်း မိုက်မဲသူမဟုတ်သဖြင့် ရှေ့ဆက် ဘာလုပ်ရမည်ကို သိရှိသွားသည်။
အခြားတစ်ဖက်တွင်မူ...
မက်မွန်ပွင့်တောအုပ်အတွင်းရှိ ခြံဝင်းထဲ၌...
ရွယ်ယောင်က လုယွမ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဒီတစ်ကြိမ် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်.. စီနီယာအစ်ကိုကြီး"
"ဘာမှမဟုတ်ပါဘူး.. ဒါက ရေစက်ရှိလို့ ဖြစ်ရတာပါ" လုယွမ်က လက်ကို ဝှေ့ယမ်းလျက် အသာအယာ ရယ်မောကာ ဆိုသည်။
"ဒါပေမဲ့ နောင်ကျရင်တော့ ပိုပြီး သတိထားရမယ်နော်… ဘာပဲဖြစ်ဖြစ် ဒီကျင့်ကြံခြင်းလောကက လှည့်စားမှုတွေနဲ့ ပြည့်နှက်နေတာဆိုတော့ လူတိုင်းကို သတိထားနေရမယ်"
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး... ကျွန်မ စိတ်ထဲ မှတ်ထားပါ့မယ်" ရွယ်ယောင်၏ လှပသော မျက်ဝန်းအစုံက လုယွမ်ကို စွဲလန်းရူးသွပ်စွာ စိုက်ကြည့်နေခဲ့သည်။
အကယ်၍ သူမသာ တတ်နိုင်ပါက ယခုအချိန်တွင် လုယွမ်နှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးမျိုးကို တည်ဆောက်ချင်နေမိသည်။
"ကောင်းပြီ... အခြားကိစ္စမရှိရင်တော့ ငါ ပြန်တော့မယ်" လုယွမ်က လက်ပြနှုတ်ဆက်ကာ ညင်သာစွာ ဆိုလိုက်သည်။
"စီနီယာအစ်ကိုကြီး... ခဏလောက် ထိုင်ပြီး ရေနွေးကြမ်းလေး သောက်ပါဦးလား…ဒီလို ကြီးမားတဲ့ ကျေးဇူးတရားကို ကျွန်မ မတုံ့ပြန်ရသေးဘူး" ရွယ်ယောင်က လုယွမ်ကို ယခုအချိန်တွင် မပြန်စေချင်သေးသဖြင့် အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။
’မင်းက ငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ ငါက ကျေးဇူးဆပ်တာကို ခံချင်လို့ ဝင်ကူညီခဲ့တာ မဟုတ်ပါဘူး" လုယွမ် အသာအယာ ရယ်မောလိုက်သည်။ "ဒါ့အပြင် မင်းက ငါ့ကို ကျေးဇူးဆပ်ပြီးသားပါ’
သူမ၏ထံမှ ပြီးပြည့်စုံခြင်းအဆင့် 'ကြယ်ကြွေဓားကွက်' ကို သူ ကူးယူ ခဲ့ပြီးပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းကို ကျေးဇူးဆပ်ခြင်းဟု သတ်မှတ်၍ရပေသည်။
"ငါ သွားပြီ" လုယွမ် ချက်ချင်းပင် ထက်ကောင်းကင်သို့ ပျံသန်းထွက်ခွာသွားခဲ့ပြီး ဆက်လက်၍ မနေထိုင်တော့ချေ။
လုယွမ် သိရှိထားသည်မှာ သူသာ ဆက်လက်နေထိုင်ပါက ရွယ်ယောင်သည် သူ့အပေါ် တကယ်ပဲ ထိန်းမနိုင်သိမ်းမရ ချစ်ကျွမ်းဝင်သွားလိမ့်မည် ဖြစ်ကြောင်းပင်။
ဘာပဲဖြစ်ဖြစ် သူ၏ ဆွဲဆောင်မှုစွမ်းအားက အလွန်ပင် ကြီးမားလှသည် မဟုတ်ပါလား။ ထို့ပြင် 'သူရဲကောင်းက မိန်းမလှကို ကယ်တင်ခြင်း' ဟူသော အခြေအနေကပါ ပံ့ပိုးပေးထားသေးသည်။
ထွက်ခွာသွားသော လုယွမ်၏ ကျောပြင်ကို ကြည့်ရင်း ရွယ်ယောင်သည် ထိုခြံဝင်းထဲတွင် ရပ်တန့်ကာ ကျန်ရစ်ခဲ့တော့သည်။
လုယွမ်သည် တစ်လမ်းလုံး ပျံသန်းပြန်လာခဲ့ရာ မကြာမီအချိန်အတွင်းမှာပင် ဒန်ရှတောင်ထွတ် ရှိ သူ၏ 'ဇီယွမ်ခြံ၀င်း' သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းလိုက်ရင်း အသက်ပြင်းပြင်းရှူကာ... "ကြယ်ကြွေဓားကွက်ကို ရပြီဆိုတော့ ငါ့မှာ ပိုပြီး အစွမ်းထက်တဲ့ တိုက်ခိုက်ရေးနည်းလမ်းတစ်ခု တိုးလာပြန်ပြီ" ဟု ရေရွတ်လိုက်သည်။
ညအချိန်သို့ ရောက်ရှိလာသောအခါ... ပိသျှံတောင်ထွက် ၏ တောင်ထွတ်သခင် ဖြစ်သော ဖုန်းရှန့်သည် ဤခဇီယွမ်ခြံ၀င်းသို့ တိုက်ရိုက် လာရောက်ခဲ့သည်။
သူသည် အဖိုးတန်ပစ္စည်း အတော်များများကို ယူဆောင်လာခဲ့ပြီး ၎င်းမှာ အဓိကအားဖြင့် သူ၏သားဖြစ်သူ ဖုန်းဝမ်ယုအတွက် တောင်းပန်ခြင်း ဖြစ်သည်။ သူက လုယွမ်အနေဖြင့် ရန်ငြိုးမထားရန် မျှော်လင့်နေခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် လုယွမ်က ထိုကိစ္စကို စိတ်ထဲ၌ လုံးဝ မထားခဲ့ချေ။
သို့သော် အကယ်၍ ဖုန်းဝမ်ယုက နောင်တွင် သူ့ကို ထပ်မံ၍ ပြဿနာရှာလာပါက လုယွမ်သည် သေချာပေါက် အရေးယူမည်ဖြစ်ပြီး ပိုမိုပြင်းထန်စွာ ကိုင်တွယ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လုယွမ်၏ မူဝါဒမှာ 'သူက ငါ့ကိုမထိရင် ငါက သူ့ကိုမခုတ်ဘူး' ဟူသော မူဝါဒ ဖြစ်သည်။
ဖုန်းရှန့် ပေးအပ်လာသော ပစ္စည်းများကို လုယွမ် လက်ခံလိုက်သည်။ ၎င်းက ဖုန်းရှန့်ကို သက်ပြင်းချနိုင်စေခဲ့ပြီး ယနေ့ဖြစ်ပွားခဲ့သော ကိစ္စရပ်များမှာ ကံကောင်းထောက်မစွာဖြင့် အလွန်အမင်း ဆိုးရွားသော အခြေအနေသို့ ရောက်မသွားခဲ့ကြောင်း နားလည်စေခဲ့သည်။
ဖုန်းရှန့်ကို ပြန်လည်ပို့ဆောင်ပြီးနောက် ဇီယွမ်ခြံ၀င်းတစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားခဲ့ပြန်သည်။
တဖြည်းဖြည်းနှင့် နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။
တစ်နေ့သော နေဝင်ရိုးရီအချိန်တွင်... လုယွမ်သည် အပြင်မှ ပြန်လာခဲ့သည်။ သူသည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့ရသည်။
"ဆရာ... ဆရာ ပြန်လာပြီပဲ"
အချိန်အတော်ကြာ ခွဲခွာခဲ့ရသော်လည်း... သူ၏ ကျက်သရေရှိလှသော ဆရာမလေး မှာယခင်ကကဲ့သို့ပင် မှင်တက်စရာကောင်းလောက်အောင် လှပနေဆဲ ဖြစ်သည်။ သူမက တကယ့်ကို လှပလွန်းလှပေသည်။
မုချင်းရွယ်သည် ဖြည်းဖြည်းချင်း ထိုင်လိုက်ရင်း သူမရှေ့ရှိ လုယွမ်ကို ရှုပ်ထွေးသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်သည်။
'ပန်းတစ်ရာချိုင့်ဝှမ်း' မှ ပြန်လာခဲ့ပြီးနောက် ယနေ့တွင် သူမ ဂိုဏ်းသို့ တရားဝင် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
သူမ၏ဖခင် ဖြစ်သူ မုချန်၏ထံမှလည်း လုယွမ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြားသိခဲ့ရပြီးပြီ ဖြစ်သည်။
မျိုးနွယ်စုဘိုးဘေး၏ မျက်နှာသာပေးမှုကို ရရှိကာ ဘိုးဘေးတံဆိပ်ပြားကို ကိုယ်တိုင် ချီးမြှင့်ခံရခြင်း...
ဂိုဏ်းချုပ်ကြီး၏ အမွေအနှစ်ဖြစ်သော 'ဓားထိန်း နတ်မိုးကြိုးအတတ်' ကို ရရှိခြင်း... ယခုအခါတွင်မူ သူ၏ ကျင့်ကြံခြင်းနယ်ပယ်က အမြုတေဖြစ်တည်ခြင်းအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အဓိကအချက်မှာ ဤအရာအားလုံးက ရက်ပိုင်း.. လအနည်းငယ်အတွင်းမှာတင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
သူမ ထွက်ခွာသွားချိန်မှ ပြန်လာချိန်အထိ ကြားထဲတွင် ကမ္ဘာပျက်မတတ် ပြောင်းလဲမှုကြီး ဖြစ်ပွားခဲ့ခြင်းပင်။
သူမက ဆရာတစ်ယောက်ဖြစ်သော်လည်း လုယွမ်ကို များများစားစား လမ်းညွှန်မပေးခဲ့ရချေ...
"ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် မင်းရဲ့ ဆရာဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့ဘူး ထင်တယ်" မုချင်းရွယ်က ဖြည်းဖြည်းချင်း ဆိုလိုက်သည်။
ယခုအချိန်အထိ သူမအနေဖြင့် ဤအခြေအနေကို လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။ အဓိကအားဖြင့် ဤ 'အံ့ဩစရာ' က တကယ့်ကို ရုတ်တရက်ကြီး ဖြစ်ပျက်ခဲ့သောကြောင့် ဖြစ်သည်။
အစပိုင်းက ချီသန့်စင်ခြင်းအဆင့် မျှသာရှိသော တပည့်တစ်ယောက်က လအနည်းငယ်မျှ ခွဲခွာပြီးနောက်တွင် သူမကိုယ်တိုင် မော့ကြည့်ရမည့် တည်ရှိမှုမျိုး ချက်ချင်း ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"ဆရာ... ဘာတွေပြောနေတာလဲ… ဘာပဲဖြစ်ဖြစ် ဆရာမက ကျွန်တော့်ရဲ့ ဆရာပါပဲ.. ကျွန်တော့်ရဲ့ နှလုံးသားထဲကနေ စစ်မှန်စွာ အသိအမှတ်ပြုထားတာပါ" လုယွမ်က မုချင်းရွယ်၏ရှေ့သို့ လျှောက်လာပြီး အလွန်လေးနက်စွာ ဆိုလိုက်သည်။
အစပိုင်းတွင်... အကယ်၍ သူသာ မုချင်းရွယ်နှင့် မထိတွေ့ခဲ့ရပါက သူ၏ကျင့်ကြံခြင်းကို အမြုတေဖြစ်တည်ခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းနယ်ပယ်သို့ တိုက်ရိုက် မြှင့်တင်နိုင်ခဲ့မည် မဟုတ်ချေ။
ယခုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့ခြင်းတွင်... မုချင်းရွယ်သည် သူ၏ အောင်မြင်မှုလမ်းကြောင်းပေါ်ရှိ အထိရောက်ဆုံးသော ပထမဆုံးခြေလှမ်း ဖြစ်ခဲ့ကြောင်း ပြောနိုင်ပေသည်။
"မင်းက တကယ်ပဲ ငါ့ကို ဆရာအဖြစ် သတ်မှတ်ဖို့ လိုလားသေးတာလား မင်းသိတဲ့အတိုင်း ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် မင်းကို ဘာမှ သင်ကြားပေးနိုင်မှာ မဟုတ်တော့ဘူး"
မုချင်းရွယ် ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားခဲ့သော်လည်း မပြောဘဲ မနေနိုင်ခဲ့ချေ။
"ဆရာမက အရင်ကတည်းက ကျွန်တော့်ကို အများကြီး သင်ကြားပေးခဲ့ပြီးသားပါ.. အဲ့ဒါတွေက ကျွန်တော့်အတွက် တစ်သက်လုံး အသုံးချလို့ရမယ့် အကျိုးကျေးဇူးတွေ ဖြစ်စေခဲ့ပါတယ်" လုယွမ်က ရယ်မောလိုက်သည်။
ထိုစကားများက မုချင်းရွယ်ကို ပိုမို၍ စိတ်လှုပ်ရှားသွားစေခဲ့သည်။
"ဒီဝိညာဉ်ဆေးဘက်ဝင်အပင်တွေက ပန်းတစ်ရာချိုင့်ဝှမ်းကနေ ရခဲ့တာပါ.. အဆင့်မြင့်ဆေးလုံးတွေ ပိုပြီး ဖော်စပ်နိုင်ဖို့အတွက် ယူထားလိုက်ပါ" မုချင်းရွယ်က သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ လုယွမ်အား ကမ်းပေးလိုက်သည်။
သူမ ပန်းတစ်ရာချိုင့်ဝှမ်းမှ ပြန်လာစဉ်ကတည်းက ဤဆေးဘက်ဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး မူလကတည်းက လုယွမ်အား သီးသန့်ပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် ဆေးဖော်စပ်မှုစွမ်းရည် တိုးတက်လိုပါက ပိုမို၍ လေ့ကျင့်ရပေမည်။ ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန် အဆက်မပြတ် လေ့ကျင့်ရခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဆရာမ.. ဒါဆိုရင်တော့ ကျွန်တော် လက်ခံလိုက်ပါ့မယ်" လုယွမ် ဝမ်းသာအားရ သိမ်းဆည်းလိုက်သည်။
"ဒီတစ်ကြိမ်မှာ ဝိညာဉ်ဆေးဘက်ဝင်အပင်တွေ အများကြီး မရခဲ့တာကတော့ နှမြောစရာပဲ..." မုချင်းရွယ်က သက်ပြင်းချသည်။
"ဆရာ... ရပါတယ်" လုယွမ်က ရယ်မောလိုက်သည်။
သူ့အနေဖြင့် ဤဆေးဘက်ဝင်ပစ္စည်းများကို တစ်ခုချင်းစီ အဆက်မပြတ် ကူးယူ နိုင်သည် မဟုတ်ပါလား။ ထိုအခါ တစ်ခုမှ နှစ်ခု.. နှစ်ခုမှ လေးခု.. လေးခုမှ ရှစ်ခု... ဖြစ်လာပေလိမ့်မည်။ သီအိုရီအရ ပြောရလျှင် ဤဝိညာဉ်ဆေးဘက်ဝင်အပင်များကို ကုန်ခမ်းသွားခြင်းမရှိဘဲ အဆုံးမဲ့ သုံးစွဲနိုင်ပေသည်။
"ဆရာ... ဆရာ ပြန်လာပြီဆိုတော့ ကျွန်တော် ချက်ကျွေးတာကို မြည်းစမ်းကြည့်ပါဦး" လုယွမ်က ဆက်ပြောသည်။
ဤရက်ပိုင်းအတွင်း သူသည် ပိုမိုအရသာရှိသော အစားအစာများကို ချက်ပြုတ်နိုင်ရန် အဆက်မပြတ် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား... လူတစ်ယောက်၏ နှလုံးသားကို ဖမ်းစားလိုပါက ထိုလူ၏ အစာအိမ်ကို အရင်ဆုံး ဖမ်းစားရမည်ဟူ၍။
လုယွမ် ချက်ပြုတ်သော အစားအစာမှာ သာမန်လူသားများ၏ အစားအစာ မဟုတ်ဘဲ ကျင့်ကြံသူများအတွက် သင့်လျော်သော 'ဝိညာဉ်အစားအစာ' ဖြစ်သည်။ အရသာရှိရုံတင်မကဘဲ ကျင့်ကြံခြင်းအတွက်ပါ ကြီးမားသော အထောက်အကူ ဖြစ်စေနိုင်သည်။
မူလကတော့... လုယွမ်အနေဖြင့် 'တစ်ရက်ဆရာ ဆရာမိဘ' ဟူသော စကားစုကို စဉ်းစားမိခဲ့သော်လည်း လက်ရှိအခြေအနေအရ ဤစကားစုက သိပ်ပြီး ကိုက်ညီမှုမရှိတော့ချေ။
ဘာပဲဖြစ်ဖြစ် သူက 'ဆရာမကို လိုက်လံပိုးပန်းမယ့် တပည့်ဆိုး' တစ်ယောက် ဖြစ်ချင်နေသည် မဟုတ်ပါလား။
သေချာတာပေါ့... လုယွမ်သည် သူ၏ခံစားချက်များအပေါ် အလေးအနက် ထားရှိသူ ဖြစ်သည်။ သူ မုချင်းရွယ်ကို ပထမဆုံးအကြိမ် စမြင်ကတည်းက သူ၏နှလုံးသားက ခုန်လှုပ်နေခဲ့ပြီးသား ဖြစ်သည်။
အများကြီး ထပ်မံမတွေးတော့ဘဲ လုယွမ်သည် မီးဖိုချောင်ထဲသို့ တိုက်ရိုက်ဝင်ကာ အလုပ်ရှုပ်သွားခဲ့တော့သည်။
နာရီဝက်ခန့်သာ အချိန်ကြာမြင့်ခဲ့ပြီးနောက်... အိမ်ရာဝင်းထဲရှိ စားပွဲပေါ်တွင် အရသာရှိလှသော ဟင်းလျာများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူသည် ဖယောင်းတိုင်အချို့ကိုပါ ထွန်းညှိလိုက်ရာ ပတ်ဝန်းကျင်လေထုတစ်ခုလုံး ပိုမို၍ ထူးခြားဆန်းကြယ်သော အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
"ဟဲ..ဟဲ…ဖယောင်းတိုင်မီးရောင်နဲ့ ညစာစားပွဲ... အောင်မြင်စွာ ပြင်ဆင်ပြီးပါပြီ" လုယွမ်က အသာအယာ ရယ်မောလိုက်လေတော့သည်။