အခန်း (၂၅) - သူရဲကောင်းပီပီ မိန်းမလှလေးကို ကယ်တင်ခြင်း
မက်မွန်တောအုပ်လေးအတွင်းမှာ အလွန်တိတ်ဆိတ်ငြိမ်သက်လှပြီး အထဲသို့ ဝင်ရောက်လိုက်သည်နှင့် လူကို များစွာ စိတ်အပန်းပြေသွားစေသည်။
ထင်ရှားသည်မှာ ဤနေရာသည် နေထိုင်ရန်အတွက်သာမက ကျင့်ကြံအားထုတ်ရန်အတွက်ပါ အလွန်သင့်တော်သော နေရာတစ်ခု ဖြစ်သည်။
မက်မွန်ကိုင်းလေးများသည် လေညင်းနှင့်အတူ အသာအယာ ယိမ်းနွဲ့နေကြပြီး ၎င်းတို့ပေါ်ရှိ ပန်းပွင့်လေးများမှာလည်း လိုက်ပါလှုပ်ခါနေကြကာ အချို့ပန်းပွင့်များမှာမူ မြေပြင်ပေါ်သို့ ကြွေလွင့်ကျနေကြသည်။ ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် လုယွမ် စိတ်ထဲမှ တန်ဖိုးထား ချီးကျူးမိရသည်။
သူသည် အထဲသို့ ဆက်လက်၍ နက်နက်ရှိုင်းရှိုင်း တိုးဝင်လာခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင် မက်မွန်တောအုပ်အတွင်းရှိ ခြံဝန်းတစ်ခုက လုယွမ်၏ မြင်ကွင်းထဲသို့ ပေါ်လာခဲ့သည်။ ခြံဝန်းတစ်ခုလုံးမှာ အလွန်ပင် ရှေးဆန်သော ဟန်ပန်ရှိပြီး ဤမက်မွန်တောအုပ်နှင့် အပြည့်အဝ သဟဇာတဖြစ်အောင် ပေါင်းစပ်တည်ရှိနေသည်။
သူသည် လျင်မြန်စွာ ချဉ်းကပ်လာခဲ့ပြီး မကြာခင်မှာပင် ခြံဝန်းတံခါးဝရှေ့သို့ ရောက်ရှိလာသည်။
သူ၏ နတ်ဘုရားအာရုံ ဖြင့် စူးစမ်းကြည့်လိုက်ပြီးနောက် လုယွမ်၏ အမူအရာမှာ ချက်ချင်းပင် လေးနက်တည်ကြည်သွားသည်။
"ဒီလိုကိစ္စမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ငါ တကယ်မထင်ထားဘူး"
ထို့နောက် လုယွမ်သည် ခြံဝန်းတံခါးကို တိုက်ရိုက် ဖြတ်ကျော်ဝင်ရောက်သွားခဲ့သည်။
အတိအကျပင် ထိုအချိန်၌... ဤခြံဝန်းအတွင်းရှိ အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
အမျိုးသားတစ်ယောက်၏ ရယ်မောသံ ထွက်ပေါ်နေသည်။
"ဂျူနီယာညီမလေး ရွယ်ယောင်... ငါ့ကို အပြစ်မတင်ပါနဲ့…ဘာပဲဖြစ်ဖြစ် ငါက တပည့်ရင်းတစ်ယောက်ပဲ.. ပြီးတော့ ငါ့အဖေက ပိသျှံတောင်ရဲ့ တောင်ထိပ်သခင်လေ… ငါ မင်းနောက်ကို လိုက်နေတာ နှစ်တွေ ဒီလောက်တောင် ကြာပြီကို.. မင်းက ဘာလို့ မင်းရဲ့ စီနီယာအစ်ကိုဖြစ်တဲ့ ငါ့ကို အခွင့်အရေး မပေးရတာလဲ"
"ဂိုဏ်းထဲမှာဆိုရင် ငါ့ရဲ့ ကျင့်ကြံဖော် ဖြစ်ချင်ကြတဲ့ အမျိုးသမီးကျင့်ကြံသူတွေ ဘယ်လောက်တောင် များလဲ"
"ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ မင်းတစ်ယောက်တည်းပဲ ရှိတာ"
"ရုန်းကန်မနေပါနဲ့တော့ ငါ့ရဲ့ 'နူးညံ့သောရနံ့မှုန့်' အဆိပ်မိထားတာဆိုတော့ အခု မင်းတစ်ချက်ကလေးတောင် လှုပ်ရှားနိုင်မှာ မဟုတ်ဘူး…စိတ်ချပါ... ကိစ္စပြီးသွားရင် ငါ မင်းအတွက် အပြည့်အဝ တာဝန်ယူမှာပါ"
ကုတင်ပေါ်တွင် လဲလျောင်းနေသော ရွယ်ယောင်၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
သူမ ခုခံချင်သော်လည်း လုံးဝ မလှုပ်ရှားနိုင်သကဲ့သို့ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအား အစအနမျှကိုပင် ထုတ်သုံး၍ မရချေ။ သူမ စကားပင် မပြောနိုင်တော့ပေ။
သူမရှေ့တွင် လောဘဇောတိုက်နေသော အမူအရာဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာနေသည့် 'ဖုန်းဝမ်ယု'ကို ကြည့်ရင်း သူမ အလွန်ပင် မျှော်လင့်ချက်မဲ့သွားရသည်။
"ဘာလို့လဲ... ဘာလို့ ငါ့ကံကြမ္မာက ဒီလိုဖြစ်ရတာလဲ..." ရွယ်ယောင် စိတ်ထဲမှ တွေးနေမိသည်။ အကယ်၍ ဖြစ်နိုင်ပါက ဖုန်းဝမ်ယု အောင်မြင်သွားစေမည့်အစား သူမ ယခုချက်ချင်း သေပစ်လိုက်ချင်သည်။
ဖုန်းဝမ်ယု၏ ယုတ်မာသော လက်ဆိုးကြီးများက သူမထံသို့ လှမ်းကမ်းတော့မည့် ဆဲဆဲ...
ဂျိန်း...
နောက်တစ်စက္ကန့်တွင် ဖုန်းဝမ်ယုသည် အနှိုင်းမဲ့သော ဖိအား တစ်ခုကို အာရုံခံလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ ရုတ်တရက် ဖိနှိပ်ခြင်း ခံလိုက်ရပြီး မြေပြင်ပေါ်သို့ အတင်းအကျပ် ဒူးထောက်ကျသွားတော့သည်။
"အား"
ဖုန်းဝမ်ယုက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ "ဘယ်သူလဲ"
"ဂိုဏ်းထဲမှာ မင်းလိုကောင်မျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ တကယ်ကို အရှက်ကွဲစရာပဲ" လုယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ အခန်းတံခါးမှာ အလိုအလျောက် ပွင့်သွားပြီး သူသည် အထဲသို့ တည့်တည့် လျှောက်လှမ်းဝင်လာခဲ့သည်။
"မင်းနောက်ကို မလိုက်လို့ ဒီလိုယုတ်မာတဲ့ နည်းလမ်းတွေကို သုံးရတယ်ဆိုတော့... မင်းက တကယ်ကို ရွံစရာကောင်းတာပဲ" လုယွမ်က ဆက်ပြောသည်။
"ငါ လက်မခံနိုင်ဆုံး အချက်ကတော့... တောင်ထိပ်သခင် ဖုန်း မှာ မင်းလို သားမျိုး ရှိနေတာပဲ…တကယ်ကို သနားစရာကောင်းတဲ့ ကိစ္စပဲ"
"မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်လို့ ထင်နေလဲ မင်းက တပည့်ရင်းတစ်ယောက် ဖြစ်နေရင်ကော ဘာဖြစ်လဲ ငါ့အဖေက ပိသျှံတောင်ရဲ့ တောင်ထိပ်သခင်ကွ"
ဖုန်းဝမ်ယု၏ လေသံမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်း အခုချက်ချင်း ထွက်သွားတာ ပိုကောင်းမယ်.. မဟုတ်ရင် ခါးသီးတဲ့ အသီးအပွင့်ကို စားရလိမ့်မယ်"
ဝုန်း…
နောက်တစ်စက္ကန့်တွင် ဖိအားမှာ ဒါထက် ပိုမိုပြင်းထန်လာခဲ့သည်။ မြေပြင်ပေါ်တွင် ဒူးထောက် အောင်ဖိနှိပ်ခံထားရသော ဖုန်းဝမ်ယုသည် ယခုအခါ မြေပြင်ပေါ်တွင် သနားစရာကောင်းလောက်အောင် လဲကျသွားရတော့သည်။
ကြမ်းပြင်တစ်ခုလုံး၏ သစ်သားပြားများမှာ တိုက်ရိုက် ကြေမွသွားပြီး တွင်းကြီးတစ်ခုအဖြစ် ချိုင့်ဝင်သွားခဲ့သည်။
ဖူး...
ဖုန်းဝမ်ယု၏ ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာသည်။ သူ၏ မျက်နှာက ဖြူလျော်သွားပြီး စိတ်ထဲတွင် လုံးဝ မယုံကြည်နိုင် ဖြစ်နေရသည်။
"မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်တာ။ သူကလည်း တပည့်ရင်းတစ်ယောက်ပဲလေ.. ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားမျိုး ရှိနေရတာလဲ"
"ငါ တချက်ကလေးတောင် ပြန်မခုခံနိုင်ပါလား…ဒီဖိအားက ငါ့အဖေရဲ့ ဖိအားထက်တောင် ပိုပြင်းထန်နေသလိုပဲ..." ဖုန်းဝမ်ယု စိတ်ထဲတွင် လုံးဝ တုန်လှုပ်ခြောက်ခြားသွားသည်။
"မင်းက တကယ်တော့ ဘယ်သူလဲ" သူက အားယူ၍ အသံထွက်အောင် မေးလိုက်သည်။
"ငါ ဘယ်သူလဲဆိုတာ သိဖို့ မင်းမှာ အခုလောလောဆယ် အရည်အချင်း မရှိသေးဘူး… ထွက်သွားပြီး အပြင်မှာပဲ သွားလဲနေလိုက်ဦး" လုယွမ်က လက်ကြီးကို ဝှေ့ယမ်းလိုက်သည်။
ဝူး...
ဖုန်းဝမ်ယုသည် တိုက်ရိုက် လွင့်ထွက်သွားတော့သည်။
ဝုန်း…
နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဖုန်းဝမ်ယုသည် ခြံဝန်းထဲသို့ လွင့်စင်ကျသွားခဲ့သည်။
မြေပြင်မှာလည်း တွင်းကြီးတစ်ခု ဖြစ်သွားပြီး သူသည် ထိုတွင်းကြီးထဲတွင် သနားစရာကောင်းစွာ လဲလျောင်းနေရကာ ထိုကြောက်မက်ဖွယ် ဖိအားကို ခံစားနေရရင်း အဆုံးမရှိသော သေခြင်းတရား အငွေ့အသက်များ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကိုပင် ခံစားနေရသည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့... ငါ မသေချင်ဘူး" ဖုန်းဝမ်ယု ထိတ်လန့်သွားသည်။
"ကျောက်စိမ်းပြား... ဟုတ်တယ်.. ကျောက်စိမ်းပြား"
သူ စိတ်ထဲမှ ချက်ချင်း သတိရလိုက်သည်။
"အဖေ... ကျွန်တော့်ကို ကယ်ပါဦး" ဖုန်းဝမ်ယု အားယူ၍ အော်ဟစ်ကာ အကူအညီ တောင်းလိုက်ရတော့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျောက်စိမ်းပြားမှာ ချက်ချင်းပင် ကြေမွသွားခဲ့သည်။
ထိုအချိန်တွင် အခန်းတွင်း၌...
လုယွမ်သည် ရွယ်ယောင်ကို အသာအယာ ထူပေးလိုက်သည်။ "ဒီဆေးလုံးကို သောက်လိုက်ပါ.. ဒါက မင်းအပေါ်မှာ ရှိနေတဲ့ နူးညံ့တဲ့ရနံ့မှုန့် အဆိပ်ကို ပြယ်သွားစေလိမ့်မယ်"
သူသည် သူမ၏ ပါးစပ်ထဲသို့ ဆေးလုံးကို ကိုယ်တိုင် ကျွေးလိုက်သည်။ သူ၏ လက်ချောင်းများက သူမ၏ နူးညံ့သော နှုတ်ခမ်းနီနီလေးများနှင့် ထိမိသွားသည့် ထိုအချိန်အတောအတွင်း ခံစားချက်မှာ တကယ်ကို ထူးခြားလှသည်။
စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။
【ရွယ်ယောင် 】
【အမျိုးသမီး (အပျိုစင်)】
【အမြူတေစုစည်းခြင်းအဆင့် အစောပိုင်း】
【ကျင့်စဉ် - ဆန်းကြယ်အမျိုးသမီးကျင့်စဉ်】
【ကျင့်စဉ်နှင့် နတ်ဘုရားစွမ်းရည် - ကြယ်ကြွေဓားကျင့်စဉ် (ပြီးပြည့်စုံသောအဆင့်).. ပန်းကြွေဝါးလက်ဝါးအတတ် (ပြီးပြည့်စုံသောအဆင့်).. လေညင်းခြေလှမ်း (အောင်မြင်မှုကြီးအဆင့်)...】
【...】
သူ၏ မျက်စိရှေ့တွင် အချက်အလက်စာမျက်နှာတစ်ခု ပေါ်လာခဲ့သည်။ ရွယ်ယောင်၏ အသေးစိတ် အချက်အလက်များကို လုယွမ် တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ မြင်လိုက်ရသည်။
"ဒီတစ်ခါ ဒီကိုလာတာက သူရဲကောင်းပီပီ မိန်းမလှလေးကို ကယ်တင်တဲ့ ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" လုယွမ် စိတ်ထဲမှ တွေးလိုက်သည်။
ဒီကိစ္စ၏ ဖြစ်ပျက်ပုံမှာ အမှန်ပင် စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။
အကယ်၍ သူ ယနေ့ မလာခဲ့ပါက ဤရွယ်ယောင်လေးမှာ ထိုဖုန်းဝမ်ယု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရတော့မည် ဖြစ်သည်။
ဆေးလုံးက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် လျင်မြန်စွာ အာနိသင်ပြလာခဲ့သည်။ ရွယ်ယောင်လည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာခဲ့သည်။
"ကျွန်မကို ကယ်တင်ပေးတဲ့အတွက် စီနီယာအစ်ကို့ကို အများကြီး ကျေးဇူးတင်ပါတယ်" ယခုအချိန်တွင် ရွယ်ယောင်မှာ လုယွမ်၏ ထူပေးထားခြင်းကို ခံနေရဆဲ ဖြစ်သဖြင့် သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ ရဲတက်သွားပြီး တိုးတိုးလေး ကျေးဇူးတင်စကား ဆိုရှာသည်။
ခုနက လုယွမ် ပေါ်လာပုံမှာ သူမ၏ မျှော်လင့်ချက်မဲ့နေသော နှလုံးသားကို အလင်းရောင် ပေးလိုက်သကဲ့သို့ ဖြစ်သည်။
သူမ၏ မျက်ဝန်းများထဲတွင် လုယွမ်အပေါ် ခံစားချက်တစ်ခု သေချာပေါက် ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။
"ကိစ္စမရှိပါဘူး.. ငါက မတရားတာကို မြင်လို့ ကူညီပေးခဲ့တာပါ" ပြောပြီးနောက် လုယွမ်က ခပ်သွက်သွက်လေး ခွာလိုက်ပြီး
"မင်း အဆင်ပြေသွားပြီဆိုတော့ ငါ အရင် ပြန်တော့မယ်" ဟု ဆိုလိုက်သည်။
ဒီတစ်ခါ လမ်းခရီးအလယ်တွင် ဤကဲ့သို့သော ကိစ္စရပ်တစ်ခု ကြုံခဲ့ရသော်လည်း ဘာပဲဖြစ်ဖြစ် လုယွမ် ဤနေရာသို့ လာခဲ့သည့် ရည်ရွယ်ချက်ကတော့ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
သူ စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ "စနစ်... ကြယ်ကြွေဓားကျင့်စဉ်ကို ကူးယူစမ်း"
【ကူးယူခြင်း အောင်မြင်ပါသည်】
【ကူးထည့်နေပါသည်... ကူးထည့်ခြင်း ပြီးဆုံးပါပြီ】
【ဂုဏ်ယူပါသည်.. သင်သည် ကြယ်ကြွေဓားကျင့်စဉ် (ပြီးပြည့်စုံသောအဆင့်) ကို တတ်မြောက်သွားပါပြီ】
ထိုအချိန်အတွင်းမှာပင် ကြယ်ကြွေဓားကျင့်စဉ်နှင့် ပတ်သက်သော အချက်အလက်များစွာမှာ လုယွမ်၏ ဦးနှောက်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။
၎င်းမှာ သူ မွေးဖွားကတည်းက တတ်မြောက်ထားခဲ့သကဲ့သို့ပင်။ ဤဓားကျင့်စဉ်မှာ သူကိုယ်တိုင် ဖန်တီးထားသကဲ့သို့ပင် ခံစားရစေသည်။
သူသည် ၎င်းကို တစ်စက္ကန့်အတွင်း အပြည့်အဝ တတ်မြောက်သွားခဲ့သည်။ ဤခံစားချက်မှာ တကယ့်ကို လူကို နေလို့ကောင်းစေသည်။
"စီနီယာအစ်ကို... ကျွန်မ စီနီယာအစ်ကို့ရဲ့ နာမည်ကို မသိရသေးဘူး" ရွယ်ယောင် အမြန် မတ်တတ်ရပ်ကာ မေးလိုက်သည်။
"ငါ့နာမည်က လုယွမ် ပါ" လုယွမ်က တည်ငြိမ်စွာ ပြန်ဖြေရင်း.. ရှေ့မှောက်ရှိ ရွယ်ယောင်ကို ကြည့်ကာ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်မိသည်။
"သူမက ငါ့ကို ခန္ဓာကိုယ်နဲ့ ကျေးဇူးဆပ်ချင်နေတာတော့ မဟုတ်ပါဘူးနော် ဒါပေမဲ့ သူမက တကယ်ကို လှတာပဲ.. ဒါပေမဲ့ ငါ့နှလုံးသားထဲမှာတော့ ငါ့ရဲ့ လှပတဲ့ဆရာမလေးပဲ ရှိတာပါ"
"စီနီယာအစ်ကို လု... စီနီယာအစ်ကိုက အခု ဘယ်မှာ နေတာလဲဟင် နောက်ကျရင် ကျွန်မ စီနီယာအစ်ကို့ဆီ လာရှာလို့ ရမလား" ရွယ်ယောင်က ထပ်မံ မေးမြန်းသည်။
သူငယ်ချင်းကောင်းကြီးစနစ်ရေ... ကြည့်ရတာ သူမ တကယ်ပဲ ကျေးဇူးဆပ်ချင်နေပုံပဲ။
လုယွမ် စကားပြောရန် ပြင်လိုက်စဉ်မှာပင် နတ်ဝိညာဉ်အဆင့် ၏ အငွေ့အသက်တစ်ခုကို သူ အာရုံခံလိုက်မိသည်။
"လူငယ်လေးကို ရိုက်နှက်လိုက်တော့... အခု လူကြီး ပေါ်လာပြီပဲ" လုယွမ် ခေါင်းယမ်းလိုက်ပြီး အပြင်သို့ တည့်တည့် လျှောက်လှမ်းထွက်ခဲ့သည်။ ရွယ်ယောင် ၎င်းကို မြင်လျှင် နောက်မှ အမြန် လိုက်လာခဲ့သည်။
ခြံဝန်းအတွင်းသို့... ကောင်းကင်ယံမှ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဆင်းသက်လာခဲ့သည်။
ဖုန်းဝမ်ယု ၎င်းကို မြင်လျှင် အမြန် အကူအညီ တောင်းတော့သည်။
"အဖေ... ကျွန်တော့်ကို ကယ်ပါဦး"
ရောက်ရှိလာသူမှာ ဖုန်းဝမ်ယု၏ ဖခင်ဖြစ်သူ 'ဖုန်းရှန့်' ဖြစ်သည်။ သူက ပိသျှံတောင်၏ တောင်ထိပ်သခင်လည်း ဖြစ်သည်။
မိမိ၏ သားဖြစ်သူ ဤမျှအထိ သနားစရာကောင်းသော အခြေအနေ ရောက်နေသည်ကို မြင်လျှင် ဖုန်းရှန့်၏ အမူအရာ လေးနက်သွားသည်။
သူက လက်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ဖုန်းဝမ်ယုကို နှိပ်ကွပ်ထားသော ဖိအားကို တိုက်ရိုက် ဖျက်ဆီးပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် လုယွမ် ထုတ်သုံးထားသည်မှာ အမြုတေဖြစ်တည်ခြင်းအဆင့် မဟာပြီးပြည့်စုံခြင်း ဖိအားသာ ဖြစ်သဖြင့် ဤနတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအတွက်တော့ အလွယ်တကူ ဖျက်ဆီးနိုင်ခြင်း ဖြစ်သည်။
"အဖေ... သူက ကျွန်တော့်ကို တိုက်ခိုက်ပြီး ဒီလိုဖြစ်အောင် လုပ်တာပဲ ကျွန်တော့်ကို သတ်ချင်နေသလိုပဲ" ဖုန်းဝမ်ယု မတ်တတ်ရပ်လိုက်ပြီး ဖုန်းရှန့်၏ ဘေးနားသို့ အမြန် ပြေးသွားသည်။
"အဖေ... ကျွန်တော့်အတွက် ကလဲ့စားချေပေးပါဦး"
"တောင်ထိပ်သခင် ဖုန်း... ကိစ္စက အဲ့လိုမဟုတ်ပါဘူး…စီနီယာအစ်ကို ဖုန်း က ကျွန်မကို နူးညံ့တဲ့ရနံ့မှုန့်နဲ့ အဆိပ်ခတ်ပြီး... မတရားလုပ်ဖို့ ကြံစည်တာပါ…စီနီယာအစ်ကို လု က ဝင်ကူညီပေးခဲ့တာပါ" ရွယ်ယောင် အမြန် ရှေ့ထွက်ကာ ရှင်းပြသည်။
ဖြန်း...
နောက်တစ်စက္ကန့်တွင် ထိုဖုန်းရှန့်က လက်ကို လွှဲကာ ဖုန်းဝမ်ယု၏ မျက်နှာကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။
ခေတ္တမျှ ဖုန်းဝမ်ယုတစ်ယောက် လုံးဝ ဆွံ့အသွားရသည်။ သူသည် နာကျင်မှုကိုပင် မခံစားရတော့သလိုပင်။
"ငါ မင်းကို ဒီလို သွန်သင်ခဲ့တာလား အခုလိုမျိုး နည်းလမ်းတွေကို သုံးရအောင်အထိ မင်းက တကယ်ကို အတင့်ရဲလာပြီပဲ" ဖုန်းရှန့် အလွန်ပင် ဒေါသထွက်နေခဲ့သည်။
မိမိ၏ သားဖြစ်သူက ဤကဲ့သို့သော ကိစ္စရပ်မျိုးကို လုပ်ဝံ့လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဒါဟာ သေချာပေါက် သူကိုယ်တိုင် ဆုံးမမှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်သည်။
"အဖေ..." ဖုန်းဝမ်ယု စကားပင် မဆုံးသေး...
ဖြန်း...
ဖုန်းရှန့်က ဖုန်းဝမ်ယု၏ အခြားမျက်နှာတစ်ဖက်ကို ထပ်မံ၍ ရိုက်ချလိုက်ပြန်သည်။
"တောင်းပန်လိုက်" ဖုန်းရှန့်က အေးစက်စွာ ဆိုသည်။
ဖခင်ဖြစ်သူ၏ အမိန့်ကို ရင်ဆိုင်ရသဖြင့် ဖုန်းဝမ်ယု နာခံရုံမှတစ်ပါး အခြားမရှိချေ။
သူသည် ရွယ်ယောင်၏ ရှေ့သို့ အလိုက်သင့် လာခဲ့ပြီး ဦးညွှတ်ကာ တောင်းပန်လိုက်ရသည်။
"ဂျူနီယာညီမလေး ရွယ်ယောင်... ဒါတွေအားလုံးက ငါ့အပြစ်တွေပါ… ငါ စိတ်နောက်သွားလို့ပါ.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"စီနီယာအစ်ကို ဖုန်း... နောင်ကျရင် ငါတို့ ထပ်မဆုံကြတာ အကောင်းဆုံးပဲလို့ မျှော်လင့်ပါတယ်" ရွယ်ယောင်၏ လေသံမှာ အေးစက်လှသည်။
အကယ်၍ ဖြစ်နိုင်ပါက သူမ ဖုန်းဝမ်ယုကို တကယ် သတ်ပစ်ချင်သည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ လုယွမ်သာ မရှိပါက သူမ၏ ရလဒ်မှာ အလွန် သနားစရာကောင်းသွားမည် ဖြစ်သည်။
သို့သော် နှမြောစရာကောင်းသည်မှာ သူမ၏ လက်ရှိ ကျင့်ကြံခြင်း ခွန်အားက အလွန် အားနည်းလွန်းနေသေးသည်။ သူမ ဖုန်းဝမ်ယုကို လုံးဝ မသတ်နိုင်သေးချေ။
"ရွယ်ယောင်... ဒါက ငါ ဆုံးမမှု အားနည်းလို့ မင်းကို မတရားမှု ဖြစ်စေခဲ့တာပဲ… ဒီမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးအချို့ကို လျော်ကြေးအဖြစ် သတ်မှတ်ပေးပါရစေ။
နောင်ကျရင် မင်း ပိသျှံတောင်ရဲ့ 'ကြည်လင်သောဝိညာဉ်စမ်းရေတွင်း' ကိုလည်း အချိန်မရွေး သုံးနိုင်ပါတယ်" ဖုန်းရှန့်က ဆက်ပြောသည်။
"ကံကောင်းတာက ဒီတစ်ခါတော့ ကြီးမားတဲ့ အမှားမျိုး မဖြစ်သွားခဲ့ဘူး"
"တောင်ထိပ်သခင်...ဒါတွေ မလိုပါဘူး နောင်ကျရင် သူ့ကို ကောင်းကောင်း ဆုံးမပေးဖို့ပဲ မျှော်လင့်ပါတယ်" ရွယ်ယောင်က လက်မခံခဲ့ပေ။
"အင်း... ကောင်းပြီလေ" ၎င်းကို မြင်သဖြင့် ဖုန်းရှန့်လည်း အတင်းအကျပ် မတောင်းဆိုတော့ပေ။
ချက်ချင်းပင် ထိုတောင်ထိပ်သခင် ဖုန်း က လုယွမ်ကို လှမ်းကြည့်လိုက်သည်။ "လုယွမ်... ငါတို့ မဆုံဖြစ်တာ တော်တော်ကြာသွားပြီပဲ"
"တောင်ထိပ်သခင် ဖုန်း..." လုယွမ်က ဦးညွှတ် နှုတ်ဆက်လိုက်သည်။
သူသည် ယခင်က ဖုန်းရှန့်ကို အကြိမ်အနည်းငယ် သွားရောက်ရှာဖွေခဲ့ဖူးပြီး.. သူ၏ထံမှ အလွန်အစွမ်းထက်သော ကျင့်စဉ်နှင့် နတ်ဘုရားစွမ်းရည် အချို့ကို ကူးယူထားခဲ့ဖူးသည်။
သို့သော်လည်း ယခင် ဆုံတွေ့မှုများအားလုံးက ပင်မတောင်ထိပ် တွင်သာ ဖြစ်ပြီး.. ဤပိသျှံတောင်တွင် မဟုတ်ပေ။
"လုယွမ်... ဒီလို အရှက်ရစရာ မြင်ကွင်းမျိုး ပြမိတဲ့အတွက် ငါ တောင်းပန်ပါတယ်" ဖုန်းရှန့်က ဆိုသည်။
"ငါ သူ့ကို အရင်ခေါ်သွားပြီး သေချာ အပြစ်ပေးလိုက်ဦးမယ်… နောင် အချိန်ရမှ ငါ မင်းကို အရက်သောက်ဖို့ ဖိတ်ခေါ်ပါ့မယ်"
"ကောင်းပါပြီ" လုယွမ် ခေါင်းညိမ့်ပြလိုက်သည်။
၎င်းက ဘေးနားရှိ ရွယ်ယောင်ကို အလွန်ပင် အံ့ဩသွားစေသည်။ တောင်ထိပ်သခင် ဖုန်း က လုယွမ်အပေါ် အလွန်ပင် ယဉ်ကျေးပျူငှာနေပုံရသည်။
ဒါက တကယ်ကို တုန်လှုပ်စရာကောင်းလှသည်။
ဖုန်းဝမ်ယုအတွက်မူ ဒါကို ပို၍ပင် မယုံကြည်နိုင် ဖြစ်စေပြီး မြင်နေရသောအရာများကို အမှန်တရားဟု မသတ်မှတ်ချင်လောက်အောင် ဖြစ်ရသည်။
သူ၏ ဖခင်ဖြစ်သူ ဂုဏ်သိက္ခာကြီးမားလှသော နတ်ဝိညာဉ်အဆင့် ပညာရှင်ကြီးက ဘာကြောင့် တပည့်ရင်းတစ်ယောက်အပေါ်မှာ ဒီလောက်အထိ အလွန်အမင်း ယဉ်ကျေးနေရသနည်း။