အခန်း (၂၃) - ဖန်းလုံလျှို့ဝှက်နယ်မြေ
မျက်စိတစ်မှိတ်အတွင်းမှာပင် ညတာက လျင်မြန်စွာ ကုန်ဆုံးသွားသည်။
နောက်တစ်နေ့ နံနက်စောစောတွင် လုယွမ်သည် စောစောစီးစီး နိုးလာခဲ့ပြီး အကြောဆန့်လိုက်ရာ ခန္ဓာကိုယ်အခြေအနေမှာ ထုံးစံအတိုင်း အကောင်းဆုံး ဖြစ်နေသည်။
"စီနီယာအစ်ကို... မင်္ဂလာနံနက်ခင်းပါ" ရွှီဟို့နှင့် ဝမ်ရှီရှီတို့က သူ့ကို နှုတ်ဆက်ကြသည်။
"အင်း..." လုယွမ်က အသာအယာ ခေါင်းညိမ့်ပြရင်း "တစ်ညလုံး တရားထိုင်ပြီးတဲ့နောက် မင်းတို့နှစ်ယောက်လုံး အတော်လေး ပြန်ကောင်းလာကြပြီပဲ..အခု ဂိုဏ်းကို ပြန်ကြစို့" ဟု ဆိုသည်။
"ဟုတ်ကဲ့ပါ" ထိုနှစ်ဦးစလုံးက သဘောတူ ခေါင်းညိမ့်ကြသည်။
မန္တန်အစီအရင်ကို သိမ်းဆည်းပြီးနောက် လုယွမ်သည် ထိုနှစ်ဦးကို ခေါ်ဆောင်ကာ ဓားပျံဖြင့် ပျံသန်းထွက်ခွာလာခဲ့သည်။
သူတို့သည် ကောင်းကင်မြစ်ဂိုဏ်း ရှိရာဘက်သို့ လမ်းတစ်လျှောက်လုံး အရှိန်အဟုန်ဖြင့် ပြန်လည်ပျံသန်းလာခဲ့ကြသည်။
မကြာမီအချိန်အတွင်းမှာပင် သူတို့သည် ကောင်းကင်မြစ်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ လုယွမ်သည် အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲ၏ မိစ္ဆာအမြုတေ ကို ဝမ်ရှီရှီထံသို့ ချက်ချင်း ကမ်းပေးလိုက်ပြီး "မင်းတို့နှစ်ယောက်ပဲ သွားပြီး ဂိုဏ်းရဲ့ တာဝန်ကို အပ်နှံလိုက်တော့.. ငါ မလာတော့ဘူး…ငါရမယ့် အစုအပုံကိုလည်း မင်းတို့နှစ်ယောက်ပဲ ခွဲယူလိုက်ကြ" ဟု ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီဂိုဏ်းတာဝန်ရဲ့ ဆုလာဘ်က ငါ့အတွက် အသုံးမဝင်ပေမဲ့ မင်းတို့နှစ်ယောက်အတွက်တော့ အများကြီး အထောက်အကူပြုမှာပါ"
"စီနီယာအစ်ကို... ကျွန်မတို့ ဒါကို လက်မခံနိုင်ပါဘူး… စီနီယာအစ်ကိုသာ မပါရင် ကျွန်မတို့ ဒီတာဝန်ကို ဘယ်လိုမှ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး" ဝမ်ရှီရှီက လျင်မြန်စွာ ခေါင်းယမ်း ငြင်းဆန်သည်။
"ဟုတ်ပါတယ် စီနီယာအစ်ကို" ရွှီဟို့ကလည်း ဝင်ပြောသည်။
"တော်စပ်... ဒီအတိုင်းပဲ ထားလိုက်ပါ။ မင်းတို့ သေချာကြိုးစားကျင့်ကြံပြီး အမြုတေဖြစ်တည်ခြင်းအဆင့် ကို အမြန်ဆုံး ရောက်အောင်ပဲ လုပ်ကြ။
ဂိုဏ်းရဲ့ စည်းမျဉ်းအရ အမြုတေဖြစ်တည်ခြင်းအဆင့်ကို ရောက်တာနဲ့ အပြင်ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာနိုင်တယ်…အဲ့ဒီအခါကျရင် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တွေကို ပိုပြီး ရရှိလာလိမ့်မယ်" လုယွမ်က အသာအယာ ရယ်မောရင်း ပြောသည်။
"မင်းတို့နှစ်ယောက်လုံးရဲ့ ပါရမီက ကောင်းပါတယ်…နောင်တစ်ချိန်မှာ ငါလည်း မင်းတို့ရဲ့ အကူအညီကို လိုအပ်ရင် လိုအပ်လာမှာပါ"
၎င်းကို ကြားရသည့်အခါ ဝမ်ရှီရှီက ယုံကြည်မှုအပြည့်ဖြင့် အာမခံလိုက်သည်။
"စီနီယာအစ်ကို... စိတ်ချပါ…နောင်တစ်ချိန်မှာ ကျွန်မ ကူညီပေးရမယ့် ကိစ္စမျိုး ရှိလာရင် ဘာပဲဖြစ်ဖြစ် အမိန့်သာ ပေးလိုက်ပါ"
"ကျွန်တော်လည်း တူတူပါပဲ စီနီယာအစ်ကို့အတွက်ဆိုရင် ဓားတောင်ပဲဖြစ်ဖြစ်.. မီးလောင်ပြင်ပဲဖြစ်ဖြစ် ဖြတ်ကျော်ရဲပါတယ်" ရွှီဟို့ကလည်း ခေါင်းညိမ့်ကာ ထောက်ခံသည်။
"ဒါဆိုရင်တော့ ငါ စိတ်အေးရတာပေါ့" လုယွမ်က ခေါင်းညိမ့်ပြုံးပြလိုက်ပြီးနောက် လှည့်ထွက်ကာ ဒန်ရှတောင်ဆီသို့ ပျံသန်းသွားတော့သည်။
လုယွမ်၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက်မှ ဝမ်ရှီရှီက အသာအယာ စကားဆိုသည်။ "ဂျူနီယာ မောင်လေး... ငါတို့ တာဝန်ဆောင်ကို အရင်သွားရအောင်"
"အင်း" ရွှီဟို့ ခေါင်းညိမ့်သည်။
ထိုနှစ်ဦးသည် ဓားပျံကို စီးကာ တာဝန်ဆောင်သို့ လျင်မြန်စွာ သွားရောက်၍ တာဝန်ကို အပ်နှံလိုက်ကြသည်။ မကြာမီမှာပင် တာဝန်၏ ဆုလာဘ်ကို ရရှိခဲ့ကြသည်။
"စီနီယာအမ... ကျွန်တော် ဒီတစ်ခါ ပြန်ရောက်ရင် အမြူတေစုစည်းခြင်းအဆင့် အထွတ်အထိပ် ကို အမြန်ဆုံးရောက်အောင် တရားအားထုတ်တော့မယ်" တာဝန်ဆောင်မှ ထွက်လာပြီးနောက် ရွှီဟို့က ပြုံးလျက် ပြောသည်။
"ငါလည်း အတူတူပါပဲ… ငါတို့နှစ်ယောက်လုံး ကြိုးစားကြတာပေါ့" ဝမ်ရှီရှီ ခေါင်းညိမ့်သည်။
"စီနီယာအမရဲ့ ပါရမီနဲ့ဆိုရင် အမြုတေဖြစ်တည်ခြင်းအဆင့်ကို ကျွန်တော့်ထက် ပိုမြန်မြန် ရောက်မှာ သေချာပါတယ်" ရွှီဟို့က ဆက်ပြောသည်။ "စီနီယာအမ... ဒါဆို ကျွန်တော် သွားတော့မယ်နော်"
ထိုနှစ်ဦးသည် လျင်မြန်စွာ လမ်းခွဲကာ မိမိတို့၏ နေအိမ်များသို့ အသီးသီး ပြန်သွားကြပြီး ချက်ချင်းပင် ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားကြတော့သည်။
အခြားတစ်ဖက်တွင်မူ... လုယွမ်သည် ဒန်ရှတောင်၏ ထိပ်ဆုံးသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
"ပြန်လာပြီပဲ.. တာဝန် ပြီးမြောက်ခဲ့ပုံရတယ်" မုချန်က လုယွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။ "ဒီတစ်ခါ အတွေ့အကြုံက ဘယ်လိုလဲ"
"အဆင်ပြေပါတယ်" လုယွမ်က ပြန်ဖြေသည်။
"ဒီတာဝန်က တကယ်ကို ခက်ခဲလွန်းတယ်… အကယ်၍ အပြင်စည်းဂိုဏ်းတပည့် နှစ်ယောက်တည်းသာ သွားခဲ့ရင် သူတို့ ပြန်လာနိုင်ကြမှာ မဟုတ်ဘူး"
"ပြီးတော့ ကျွန်တော် မိစ္ဆာကျင့်ကြံသူ တစ်ယောက်နဲ့လည်း ကြုံခဲ့ရတယ်.. ထိုအမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲက အဲ့ဒီမိစ္ဆာကျင့်ကြံသူ မွေးမြူထားတဲ့ သတ္တဝါပဲ"
”မိစ္ဆာကျင့်ကြံသူ”
မုချန်၏ အမူအရာ တည်တင်းသွားသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ… လော့ယွမ်တောင်တန်းမှာ အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲတစ်ကောင် ပေါ်လာတာကကတည်းက ထူးဆန်းနေတာ… အနောက်မှာ မိစ္ဆာကျင့်ကြံသူ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဒါပေမဲ့ အဲ့ဒီမိစ္ဆာကျင့်ကြံသူက ဘာလို့ လော့ယွမ်တောင်တန်းမှာ ရှိနေရတာလဲ"
လော့ယွမ်တောင်တန်းမှာ ကြီးမားကျယ်ပြောလှသော်လည်း သာမန်တောင်တန်းတစ်ခုမျှသာ ဖြစ်ပြီး မည်သည့် ထူးခြားချက်မှ မရှိကြောင်း သိထားကြသောကြောင့် ဖြစ်သည်။
"လော့ယွမ်တောင်တန်းရဲ့ နက်ရှိုင်းတဲ့ တောင်ကြီးတစ်လုံးရဲ့ အောက်မှာ မြေအောက်ကမ္ဘာတစ်ခု ရှိနေတယ်… 'ချန်မိသားစု' လို့ ခေါ်တဲ့ မိသားစုက အဲ့ဒီမြေအောက်မှာ နေထိုင်ကြတာ…မိသားစုဝင် အားလုံးက မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံကြပြီး မိစ္ဆာ အငွေ့အသက်တွေ က သိပ်သည်းနေတယ်။ ဒါကြောင့်လည်း အဲ့ဒီမိစ္ဆာကျင့်ကြံသူက အဲ့ဒီမှာ ကျင့်ကြံဖို့ ရွေးချယ်ခဲ့တာ ဖြစ်ရမယ်"
လုယွမ်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။
"ချန်မိသားစု ဘာဖြစ်ခဲ့လဲဆိုတာတော့ ကျွန်တော် မသိဘူး.. ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့တစ်မျိုးနွယ်လုံး မျိုးတုံးသတ်ဖြတ်ခြင်း ခံလိုက်ရတယ်ထင်တယ် ဒါဟာ သူတို့နဲ့ ထိုက်တန်တဲ့ ဝဋ်ကြွေးပါပဲ"
"ဒီလိုကိစ္စမျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး"
မုချန် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဒါပေမဲ့ မင်းက အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲကိုကော.. ထိုမိစ္ဆာကျင့်ကြံသူကိုပါ သတ်ပစ်နိုင်ခဲ့တယ်ဆိုကတည်းက မင်းက တကယ်ကို မရိုးရှင်းဘူးဆိုတာ သက်သေပြနေတာပဲ"
"တော်သေးတယ်… အကယ်၍ ပြိုင်ဘက်ကသာ ဒါထက် ပိုသန်မာရင် ကျွန်တော် ချက်ချင်း ထွက်ပြေးမှာပဲ တာဝန်အောင်မြင်တာ မအောင်မြင်တာထက် အသက်ရှင်ဖို့က ပထမဦးစားပေးလေ" လုယွမ်က အသာအယာ ပြန်ပြောသည်။
"ဪ... ဒါနဲ့ တောင်ထိပ်သခင်.. ကျွန်တော် အလွန်ထူးဆန်းတဲ့ သွေးမျှော့ကောင်တွေကိုလည်း တွေ့ခဲ့ရသေးတယ်..." လုယွမ်သည် သူကြုံတွေ့ခဲ့ရသော သွေးမျှော့ကောင်များ၏ ပုံသဏ္ဌာန်ကို အသေးစိတ် ရှင်းပြလိုက်သည်။
ထိုမျှော့ကောင်များမှာ မည်သည့်ဖြစ်တည်မှုမျိုးလဲဆိုသည်ကို သူ သိရှိလိုသောကြောင့် ဖြစ်သည်။
"မင်းတွေ့ခဲ့တဲ့ သွေးမျှော့ကောင်တွေက 'မိစ္ဆာသွေးမျှော့ကောင်' တွေ ဖြစ်ရမယ်…ဒီမျှော့ကောင်တွေက အသံတိတ်လှုပ်ရှားပြီး အာရုံခံဖို့ အလွန်ခက်ခဲတဲ့ ရှားပါးအင်းဆက်အမျိုးအစားပဲ" မုချန်က လျင်မြန်စွာ ဆိုသည်။
"ဒီမိစ္ဆာသွေးမျှော့ကောင်တွေမှာ အလွန်ပြင်းထန်တဲ့ အဆိပ်တွေ ပါဝင်နေတယ်… ဒီမျှော့ကောင်တွေရဲ့ မိခင်မျှော့ကောင်က အိမ်ရှင် တစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ သူတို့က အဆုံးမရှိအောင် ပွားများလာနိုင်ကြတယ်..."
မုချန်၏ စကားကို ကြားရသည့်အခါ လုယွမ် ခေါင်းညိမ့်လိုက်မိသည်။ ယခုမှပင် သူ ထိုသွေးမျှော့ကောင်များနှင့် ပတ်သက်သော အချက်အလက်များကို ရှင်းလင်းစွာ နားလည်သွားတော့သည်။
"ငါ့ဆီမှာ ဆန်းပြားတဲ့ ပိုးမွှားတွေရဲ့ အဆင့်သတ်မှတ်ချက် မှတ်တမ်းစာအုပ် ရှိတယ်… မင်း အချိန်ရရင် ဖတ်ကြည့်လိုက်ပေါ့" မုချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ထူထဲသော စာအုပ်တစ်အုပ် ပေါ်ထွက်လာသည်။
"ကျေးဇူးတင်ပါတယ် တောင်ထိပ်သခင်" လုယွမ်သည် ၎င်းကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ရင်း ချက်ချင်းပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး" မုချန်က လက်ကာပြလိုက်ပြီး "နောက်ပိုင်းမှာ မင်း ကျင့်ကြံမှုကို အမြန်ဆုံး မြှင့်တင်ဖို့ လိုအပ်တယ်။ နောက်တစ်နှစ်ကြာရင် 'ဖန်းလုံလျှို့ဝှက်နယ်မြေ' ပွင့်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မဟာယန်အင်ပါယာ ရဲ့ အင်အားစုအသီးသီးက လူတွေကို အဲ့ဒီထဲ လွှတ်ကြလိမ့်မယ်" ဟု ဆိုသည်။
“ဖန်းလုံလျှို့ဝှက်နယ်မြေ”
၎င်းမှာ ထူးခြားဆန်းပြားသော နေရာတစ်ခုဖြစ်ကြောင်း အမည်ကို ကြားလိုက်ရုံဖြင့် သိနိုင်သည်။
"တောင်ထိပ်သခင်... ဒီဖန်းလုံလျှို့ဝှက်နယ်မြေဆိုတာ တကယ်တော့ ဘယ်လိုနေရာမျိုးလဲ " လုယွမ်က မေးလိုက်သည်။
"ဖန်းလုံလျှို့ဝှက်နယ်မြေက နှစ်ပေါင်းငါးရာမှာ တစ်ကြိမ်ပဲ ပွင့်တတ်တာ… ဒါက ဖန်းလုံဂိုဏ်း က ချန်ထားခဲ့တဲ့ ဂိုဏ်းရဲ့ လျှို့ဝှက်အမွေအနှစ်နေရာပဲ" မုချန်က စိတ်ရှည်စွာ ရှင်းပြသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ငါတို့ရှိနေတဲ့ ဒီနေရာကို မဟာယန်အင်ပါယာလို့ ခေါ်ခဲ့ကြတာ"
"အဲ့ဒီတုန်းက ဖန်းလုံဂိုဏ်းက နံပါတ်တစ်ဂိုဏ်း ဖြစ်ခဲ့ပြီး စွမ်းအားက အလွန်ကြီးမားခဲ့တယ်။ ကောလာဟလတွေအရ အဲ့ဒီဂိုဏ်းမှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် အထွတ်အထိပ် ပညာရှင်ကြီးတွေတောင် အများကြီး ရှိခဲ့ဖူးတယ်"
"စိတ်မကောင်းစရာကတော့ ဒီလောက်အထိ အစွမ်းထက်တဲ့ ဂိုဏ်းကြီးကလည်း နောက်ဆုံးမှာ ကျဆင်းပြီး ပျက်စီးသွားခဲ့ရတယ်… သူတို့ ချန်ထားခဲ့တဲ့ ဖန်းလုံလျှို့ဝှက်နယ်မြေတစ်ခုပဲ ယနေ့အထိ ကျန်ရှိနေခဲ့တာ ဖြစ်တယ်"
"ဖန်းလုံလျှို့ဝှက်နယ်မြေရဲ့ အတွင်းပိုင်းမှာ ဖန်းလုံဂိုဏ်းရဲ့ အမွေအနှစ်တွေ ရှိနေတယ်…ယခင်က လျှို့ဝှက်နယ်မြေ ပွင့်ခဲ့စဉ်တုန်းက ကျင့်ကြံသူ အများကြီးဟာ အဲ့ဒီထဲကနေ အမွေအနှစ်တွေကို အောင်မြင်စွာ ရရှိခဲ့ကြတယ်… ဥပမာပြောရရင် ငါကိုယ်တိုင်လည်း ဖန်းလုံလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခဲ့တုန်းက ဆေးဖော်စပ်ခြင်းဆိုင်ရာ အမွေအနှစ်တစ်ခုကို ရရှိခဲ့လို့ အခုလိုမျိုး ဆေးဖော်စပ်ခြင်းအတတ်မှာ အောင်မြင်မှုတွေ ရရှိလာတာ ပဲ"
လုယွမ် နားထောင်ပြီးနောက် ခေါင်းညိမ့်လိုက်သည်။ "ဒါဆိုရင်တော့ ဖန်းလုံလျှို့ဝှက်နယ်မြေထဲက ပြိုင်ဆိုင်မှုတွေက တကယ့်ကို ပြင်းထန်မှာပဲ"
"အရေးကြီးဆုံးကတော့ 'နတ်ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံး' ကလည်း ဖန်းလုံလျှို့ဝှက်နယ်မြေထဲမှာ ရှိနေတာပဲ”
“ အကယ်၍ ထိုဆေးလုံးကို ရရှိခဲ့ရင် နတ်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်ဖို့နဲ့ တကယ့်နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်လာဖို့ အခွင့်အလမ်းကို အများကြီး တိုးတက်စေတယ်”
“ စိတ်မကောင်းစရာကတော့ နတ်ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံးအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေက ယနေ့ခေတ်လောကမှာ တကယ့်ကို ရှားပါးလွန်းနေတာပဲ…မဟုတ်ရင် ငါ့ရဲ့ ဆေးဖော်စပ်ခြင်းအတတ်နဲ့ဆိုရင် အဲ့ဒီဆေးလုံးကို ဖော်စပ်နိုင်တယ်" မုချန်က ဆက်ပြောသည်။
"ဒါကြောင့် ငါက မင်းကို ဖန်းလုံလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်စေပြီး အကျိုးအမြတ်တစ်ခုခု ရရှိစေချင်တာပဲ… အဲ့ဒီကနေတစ်ဆင့် မင်း နတ်ဝိညာဉ်အဆင့်ကို အမြန်ဆုံး ရောက်ရှိနိုင်မှာ…ငါတို့ ကောင်းကင်မြစ်ဂိုဏ်းမှာ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် တိုးလာရင် အင်အားတစ်ခု ပိုပြီး တိုးပွားလာမှာပဲ"
"ဒါပေမဲ့ မင်းမှာ အချိန်တစ်နှစ် ရှိသေးတာမို့လို့ သွားမသွားဆိုတာကို သေချာ စဉ်းစားလို့ရပါတယ်… ဘာပဲဖြစ်ဖြစ် ဖန်းလုံလျှို့ဝှက်နယ်မြေရဲ့ အတွင်းပိုင်းက အလွန်ပင် အန္တရာယ်များလှတယ်"
"လောလောဆယ်တော့ မင်း ကျင့်ကြံခြင်းကို ကောင်းကောင်းလုပ်ပြီး ဆေးဖော်စပ်ခြင်းအတတ်ကိုလည်း ပစ်ပယ်မထားဖို့ မျှော်လင့်ပါတယ်"
မုချန်၏ နောက်ဆုံးစကားများမှာ အလွန်ပင် စိတ်ရင်းမှန်ပြီး လေးနက်လှသည်။
"နားလည်ပါပြီ" လုယွမ် ခေါင်းညိမ့်လိုက်ရင်း စပ်စုလိုက်ပြန်သည်။ "တောင်ထိပ်သခင်... မဟာယန်အင်ပါယာမှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် က လက်ရှိအစွမ်းထက်ဆုံး ကျင့်ကြံသူ အမျိုးအစားလား "
အကယ်၍ သူ ပိုမိုသန်မာလာပြီး ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်လိုပါက ပိုမိုအစွမ်းထက်သော ကျင့်ကြံသူများနှင့် ထိတွေ့ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကူးယူရမည် ဖြစ်သောကြောင့် ဖြစ်သည်။
"ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိနိုင်တဲ့ ကျင့်ကြံသူ အရေအတွက်က အလွန်နည်းပါးတယ်…ငါတို့ ကောင်းကင်မြစ်ဂိုဏ်းရဲ့ ဘိုးဘေးကြီးက ဝိညာဉ်အသွင်ပြောင်းလဲခြင်း အလယ်အလတ်အဆင့် ပညာရှင်ကြီး ဖြစ်တယ်”
“ ငါ့အထင်တော့ မဟာယန်အင်ပါယာရဲ့ တခြား ထိပ်တန်းဂိုဏ်းကြီးတွေမှာလည်း ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ ဘိုးဘေးအဆင့် ဖြစ်တည်မှုတွေ ရှိနေကြလိမ့်မယ်" မုချန်က အာသာအယာ ဆိုသည်။
"ငါသိသလောက်တော့ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေက မဟာယန်အင်ပါယာမှာ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေပဲ"
"ဒါပေမဲ့ မဟာယန်အင်ပါယာရဲ့ အပြင်ဘက်က ကျယ်ပြောလှတဲ့ ကမ္ဘာကြီးထဲမှာတော့ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ထက် ပိုပြီး အစွမ်းထက်တဲ့ ဖြစ်တည်မှုတွေ ရှိနေသေးတယ်... အဲ့ဒါတွေက လက်ရှိ ငါတို့အနေနဲ့ မော့ကြည့်လို့တောင် မမီနိုင်တဲ့ ဖြစ်တည်မှုတွေပဲ"
"အရမ်းကြီး ရည်မှန်းချက် မကြီးပါနဲ့ဦး… အခုလောလောဆယ် အရေးကြီးဆုံးကတော့ ကောင်းကောင်းကျင့်ကြံပြီး နတ်ဝိညာဉ်အဆင့်ကို အမြန်ဆုံး ရောက်အောင် လုပ်ဖို့ပဲ"
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်ထိပ်သခင်.. ကျွန်တော် နားလည်ပါပြီ" လုယွမ်က လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ ယနေ့ ပြုလုပ်ခဲ့သော စကားဝိုင်းက လုယွမ်အတွက် တကယ်ကို အကျိုးရှိလှသည်။
"တောင်ထိပ်သခင်... တခြားကိစ္စ မရှိတော့ရင် ကျွန်တော် ခွင့်ပြုပါဦး " လုယွမ်က ဆက်ပြောသည်။
"သွားတော့..." မုချန်က လက်ပြလိုက်သည်။
ချက်ချင်းပင် လုယွမ်သည် လှည့်ထွက်လာခဲ့ပြီး ဇီယွမ်ခြံဝန်းသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။
သူသည် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ဆန်းပြားသောပိုးမွှားများ၏ အဆင့်သတ်မှတ်ချက် မှတ်တမ်းစာအုပ်ကို ချက်ချင်းဖွင့်ကာ သေချာစွာ စတင်ဖတ်ရှုတော့သည်။