အခန်း (၂) - ကျင့်ကြံမှုကို ကူးယူခြင်းနှင့် ချီသန့်စင်ခြင်း နဝမအဆင့်သို့ တက်လှမ်းခြင်း
အချိန်အနည်းငယ်အကြာတွင်...
လုယွမ်သည် သူ၏မှတ်ဉာဏ်ထဲမှ လမ်းကြောင်းအတိုင်း တာဝန်ပေးခန်းမဆောင် ရှိရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် ကြာပန်းများ ဝေဆာစွာ ပွင့်လန်းနေသည့် ကန်ကြီးတစ်ကန်ရှိပြီး မြင်ရသူအဖို့ စိတ်ကြည်လင်ဖွယ်ရာ အလွန်လှပလှသည်။
တာဝန်ပေးခန်းမဆောင်၏ အဆောက်အအုံမှာလည်း ဝိညာဉ်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေပြီး ဝင်ပေါက်တံခါး၏ ဘေးတစ်ဖက်စီတွင် ဆိုင်းဘုတ်နှစ်ခု ချိတ်ဆွဲထားသည်။
၎င်းတို့အပေါ်တွင် "တာဝန်ကို လက်ခံ၍ အန္တရာယ်ကြားသို့ တိုးဝင်လော့" နှင့် “ခန်းမဆောင်သို့ ပြန်လာ၍ ဆုလာဘ်ကို ရယူလော့" ဟု အသီးသီး ရေးထိုးထား၏။
ဂိုဏ်းပြင်ပတပည့် အများအပြားသည် တာဝန်ပေးခန်းမဆောင်အတွင်းသို့ ဝင်ထွက်သွားလာနေကြသည်။
"ဒီတပည့်တွေထဲမှာ ဘယ်သူက အဆင့်မြင့်မလဲဆိုတာ ငါ မသိနိုင်ဘူးဖြစ်နေတယ်" လုယွမ်သည် ကူးယူရန်အတွက် အဆင့်မြင့်သည့် ကျင့်ကြံသူတစ်ဦးကို ရှာဖွေလိုသော်လည်း လက်ရှိတွင် သူသည် သူတစ်ပါး၏ အဆင့်ကို ခွဲခြားနိုင်စွမ်း မရှိသေးပေ။
တာဝန်ပေးခန်းမဆောင်အတွင်းသို့ ဝင်လိုက်ချိန်တွင် သူမြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို အံ့အားသင့်စေပြန်သည်။
ခန်းမအတွင်း၌ နေရာအနှံ့ ကျောက်စိမ်းနံရံကြီးများ ရှိနေပြီး ထိုနံရံများပေါ်တွင် အလင်းတောက်နေသော စာသားများဖြင့် တာဝန်အမျိုးမျိုးကို ဖော်ပြထားသည်။
တပည့်များစွာသည် မိမိနှင့် သင့်တော်မည့် တာဝန်ကို တစ်ခုချင်း ဂရုတစိုက် ရွေးချယ်နေကြ၏။
"ဒီနေ့တော့ တာဝန်ပေးခန်းမဆောင်ကို တာဝန်ယူတဲ့ အကြီးအကဲ မရှိဘူးထင်တယ်" လုယွမ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း အကြီးအကဲတစ်ဦးကိုမျှ မတွေ့ရပေ။
အကယ်၍ အကြီးအကဲသာရှိလျှင် အနည်းဆုံး 'အခြေခံတည်ဆောက်ခြင်းအဆင့်' ရှိသူထံမှ ကူးယူနိုင်မည် ဖြစ်သော်လည်း ယခုတော့ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူသည် ဂိုဏ်းပြင်ပတပည့်များထဲမှ အဆင့်မြင့်သူတစ်ဦးကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
"ခက်ခဲတဲ့ တာဝန်တွေကို ဘယ်သူတွေ လက်ခံသလဲဆိုတာ ကြည့်ရမှာပဲ" ဟု လုယွမ် တွေးလိုက်သည်။
အထူးသဖြင့် သားရဲအမဲလိုက်သည့် တာဝန်များသည် အန္တရာယ်များလှသဖြင့် ကျင့်ကြံမှုအဆင့် မမြင့်မားပါက သားရဲ၏ အစာသာ ဖြစ်သွားပေလိမ့်မည်။
မကြာမီ လုယွမ်သည် သားရဲအမဲလိုက်သည့် တာဝန်များသာရှိသော ကျောက်စိမ်းနံရံတစ်ခု ရှေ့သို့ ရောက်လာသည်။
ထိုနံရံပေါ်ရှိ တာဝန်များမှာ အနည်းဆုံး 'ချီသန့်စင်ခြင်း အဆင့် ၆' ရှိရန် လိုအပ်သည်။ ထို့ကြောင့် ထိုနေရာတွင် တပည့်အရေအတွက် အလွန်နည်းပါးနေ၏။
"ဟိုကောင်ကို ကြည့်စမ်း... ချီသန့်စင်ခြင်း အဆင့် ၃ လေးနဲ့ သားရဲအမဲလိုက်တဲ့ တာဝန်တွေကို လာကြည့်နေတာလား"
"ဟင်း... ကောင်းကင်နဲ့ မြေကြီးရဲ့ အကွာအဝေးကို မသိတဲ့ကောင်ပဲ"
"ထားလိုက်ပါကွာ.. ငါတို့လည်း အရင်က ဒီလိုပဲ ကြည့်ခဲ့ကြတာပဲကို.. လှောင်မနေပါနဲ့တော့"
လုယွမ်သည် သူ့ကို လှောင်ပြောင်နေကြသည်ကို ကြားသော်လည်း ဘာမှမဖြစ်သကဲ့သို့ပင် လျစ်လျူရှုထားလိုက်သည်။
ခဏအကြာတွင် လူငယ်တစ်ဦးသည် ထိုကျောက်စိမ်းနံရံရှေ့သို့ တည့်တည့်လျှောက်လာပြီး တာဝန်တစ်ခုကို လက်ခံလိုက်သည်ကို တွေ့လိုက်ရ၏။
[ တာဝန်…အဆင့် ၇ မီးလျှံမြွေဟောက်တစ်ကောင်ကို သတ်၍ မြွေသည်းခြေကို ယူလာရန်… သတ်မှတ်ချက်.. ချီသန့်စင်ခြင်း အဆင့် ၇ အထက် ရှိရမည် ]
"ဒီလူပဲ"
လုယွမ် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ထိုလူငယ်ထံသွား၍ "သင့်ကို ထိခွင့်ပြုပါ" ဟု တောင်းဆိုရန်မှာ မဖြစ်နိုင်သဖြင့် သူသည် တစ်ဖက်လူထံသို့ တည့်တည့်လျှောက်သွားကာ 'မတော်တဆ' တိုက်မိသလို ဟန်ဆောင်လိုက်လေသည်။
သို့သော် ထိုလူငယ်၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွား၏။
ဝုန်း…
ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုက လုယွမ်ကို လွင့်ထွက်သွားစေသည်။
"ဝေါ့" လုယွမ်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
"စီနီယာအစ်ကို 'ချန်ဖေး'... ဂိုဏ်းထဲမှာ တပည့်အချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားပါတယ်"
တာဝန်ပေးခန်းမဆောင်မှ တပည့်တစ်ဦးက ရိုရိုသေသေဖြင့် ဝင်ရောက်တားမြစ်လိုက်သည်။
"ဟွန့်... ဒီကောင်က မျက်စိမပါတာ… ငါက သူ့ကို မတိုက်ခိုက်ပါဘူး.. သတိပေးရုံတင်ပါ"
ချန်ဖေးက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"မင်းတို့ရော ငါ လက်နဲ့ထိတာ မြင်လိုက်လို့လား"
"မမြင်ပါဘူး... မမြင်ပါဘူး" ဘေးနားရှိ တပည့်များက အမြန်ခေါင်းခါပြကြသည်။ ထို့နောက် ချန်ဖေးသည် လှည့်ထွက်သွားတော့၏။
"အဲ့ဒီကောင်က တကယ့်ကို ကန်းတာပဲ.. စီနီယာအစ်ကို ချန်ဖေးကိုတောင် သွားတိုက်မိတယ်"
"ဟုတ်ပ.. စီနီယာအစ်ကို ချန်ဖေးက ဂိုဏ်းပြင်ပစည်းရဲ့ ပါရမီရှင်လေ ချီသန့်စင်ခြင်း အဆင့် ၉ ရှိတဲ့အပြင် သူ့အဖေကလည်း ဂိုဏ်းပြင်ပစည်း အကြီးအကဲပဲ"
လုယွမ်သည် ဒဏ်ရာများဖြင့် မြေပြင်မှ ခက်ခဲစွာ ထရပ်လိုက်သည်။ သူ့ကိုယ်ထဲမှ အရိုးအချို့ ကျိုးသွားသလို ခံစားနေရသော်လည်း သူ့မျက်လုံးထဲတွင်တော့ အောင်မြင်မှုအလင်းတန်းများ တောက်ပနေ၏။
"ဒီလူက တော်တော်ဒေါသကြီးတာပဲ.. ငါပြန် တောင်းပန်ချိန်တောင်မရလိုက်ဘူး.. သူက တိုက်ရိုက် တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားဘူး"
"အရိုးတွေတောင် ကျိုးကုန်ပြီ... ဒါပေမဲ့ ကျေနပ်ပါတယ်.. အောင်မြင်သွားပြီပဲ"
သူ့မျက်စိရှေ့တွင် မျက်နှာပြင်တစ်ခု ပေါ်လာသည်။
【 ကူးယူမည့် ပစ်မှတ် - ချန်ဖေး 】
【 အဆင့် - ချီသန့်စင်ခြင်း အဆင့် ၉ (ကူးယူနိုင်သည်) 】
【 ကျင့်စဉ် - ဝိညာဉ်စုပ်ယူခြင်းကျင့်စဉ် (အဆင့် ၉) (ကူးယူနိုင်သည်) 】
【 အတတ်ပညာ - နွေဦးလေညင်း ဓားသိုင်း.. လေလှိုင်းခြေလှမ်း... 】
"နှမြောစရာပဲ.. တစ်ခုပဲ ကူးလို့ရတာ" လုယွမ် သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ဒီဒဏ်ရာနဲ့ အဆင့် ၉ ကို ရတာ တန်ပါတယ်"
သူသည် သွေးများစွန်းပေနေသော အဝတ်အစားများဖြင့် အိမ်သို့ ခက်ခဲစွာ ပြန်လာခဲ့သည်။
လမ်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို မကူညီကြသည်မှာ ဤကမ္ဘာ၏ အေးစက်မှုကို ပြသနေသကဲ့သို့ပင်။
အိမ်သို့ ရောက်သည်နှင့် ကုတင်ပေါ်တွင် လှဲချလိုက်ပြီး စနစ်ကို ညွှန်ကြားလိုက်သည်။
"ကျင့်ကြံမှုကို ကူးယူမယ်"
【 ချီသန့်စင်ခြင်း အဆင့် ၉ ကို အောင်မြင်စွာ ကူးယူပြီးပါပြီ 】
【 ကျင့်ကြံမှုကို အောင်မြင်စွာ ထည့်သွင်းပြီးပါပြီ 】
ခဏချင်းမှာပင် လုယွမ်သည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သူ့ကိုယ်ထဲမှ နာကျင်မှုအားလုံး ပျောက်ကွယ်သွားပြီး အင်အားသစ်များ ပြည့်လျှံလာ၏။
【 လုယွမ် 】
【ကျင့်ကြံမှုအဆင့် ချီသန့်စင်ခြင်းအဆင့်၉ 】
"ငါ အဆင့် ၉ ကို ရောက်သွားပြီ" လုယွမ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
အာရုံငါးပါးမှာလည်း ယခင်ကထက် သိသိသာသာ ထက်မြက်လာပြီး အဝေးမှ စကားပြောသံများကိုပင် ကြည်လင်စွာ ကြားနေရသည်။
"တစ်ခါသုံးပြီးရင် ၂ ရက် စောင့်ရဦးမှာပဲ"
လုယွမ်က မျက်နှာပြင်ကို ကြည့်ရင်း ခေါင်းညိမ့်လိုက်သည်။ "အခုတော့ ဂိုဏ်းက နှင်ထုတ်ခံရမယ့်ဘေးက လွတ်သွားပြီ။
နောက်ကျရင်တော့ တိုက်ခိုက်ရေး အတတ်ပညာတွေကို ကူးယူဖို့ နည်းလမ်းရှာရဦးမယ်"