အခန်း (၁၇) - ဂိုဏ်း၏ တာဝန်
မျက်စိတစ်မှိတ်အတွင်းမှာပင်... နောက်ထပ် နှစ်လတာ အချိန်က ကုန်ဆုံးသွားခဲ့ပြန်သည်။
ဤအတောအတွင်း လုယွမ်သည် မန္တန်အစီအရင်များနှင့် လက်နက်သွန်းလုပ်ခြင်းအတတ်တို့ကို တတ်မြောက်သွားခဲ့ရုံသာမက ဂိုဏ်းအတွင်းရှိ အစွမ်းထက်လှသော အကြီးအကဲများထံမှ အလွန်အမင်း အစွမ်းထက်သည့် ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည် အချို့ကိုပါ ကူးယူထားခဲ့သေးသည်။
ယခုအချိန်၌ လုယွမ်သည် ဘက်စုံတော်သော အစုံရကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့ပြီဟု ဆိုနိုင်သည်။
သူသည် အမျိုးမျိုးသော အတတ်ပညာများကို တတ်မြောက်ထားခဲ့ပြီ ဖြစ်သည်။ ဥပမာအားဖြင့် ရုပ်သေးအတတ် နှင့် ပိုးမွှားထိန်းချုပ်ခြင်းအတတ် တို့ကဲ့သို့ ဖြစ်သည်။
ကျင့်ကြံသူများအကြား တိုက်ပွဲဖြစ်ပွားလျှင် ပထမဦးစွာ ကျင့်ကြံခြင်းအဆင့်ကို နှိုင်းယှဉ်ကြပြီး... အကယ်၍ အဆင့်ချင်း တူညီနေပါက တစ်ဦးချင်းစီ တတ်မြောက်ထားသည့် အတတ်ပညာများကို ဆက်လက်နှိုင်းယှဉ်ကြရသည်။
"အခုအချိန်ဆိုရင် ဂိုဏ်းဘိုးဘေးကြီး ကိုယ်တိုင်လာရင်တောင် ငါ့ကို နိုင်ပါ့မလား မသေချာတော့ဘူး" ယခုအချိန်တွင် လုယွမ်သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်မိသည်။
"ငါ့ရဲ့ လှပတဲ့ ဆရာမလေးကော ဘယ်တော့မှ ပြန်လာမှာပါလိမ့်"
သူမကို သူ တကယ်ပင် လွမ်းဆတ်နေမိသည်။
မကြာမီအချိန်အတွင်းမှာပင်... တောင်ထိပ်သခင် မုချန်သည် လုယွမ်၏ ရှေ့မှောက်သို့ တည့်တည့် ဆင်းသက်လာခဲ့သည်။
တောင်ထိပ်သခင် ရောက်ရှိလာသည်ကို မြင်လျှင် လုယွမ် အမြန် ဦးညွှတ်လိုက်ပြီး "တောင်ထိပ်သခင် မု... ဒီနေ့ ဘယ်လိုဖြစ်လို့ အားလပ်ပြီး ရောက်လာရတာပါလဲ ကျွန်တော် ဆေးလုံးဖော်စပ်ခြင်းအတတ်ကို အကုန်နီးပါး တတ်မြောက်သွားပြီမလို့ လောလောဆယ် လမ်းညွှန်မှု သိပ်မလိုတော့ပါဘူး" ဟု ဆိုလိုက်သည်။
"ငါ ဒီနေ့လာတာ မင်းကို လမ်းညွှန်ပေးဖို့ မဟုတ်ဘူး... တာဝန်တစ်ခု ပေးဖို့လာတာ။ ဒါက ဂိုဏ်းရဲ့ တာဝန်တစ်ခုပဲ" မုချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
"အရှေ့ဘက် မိုင်သုံးထောင်အကွာမှာ 'လော့ယွမ်' လို့ ခေါ်တဲ့ တောင်တန်းတစ်ခု ရှိတယ်... အဲ့ဒီမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ဖြစ်နေတယ်။ အချို့လူတွေရဲ့ အဆိုအရ အမြုတေဖြစ်တည်ခြင်းအဆင့် ရှိတဲ့ သားရဲ တစ်ကောင်ကို တွေ့ခဲ့ရတယ်လို့ ပြောကြတယ်..."
"ဂိုဏ်းရဲ့ တာဝန်ကတော့ လူလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းတာပဲ"
"လော့ယွမ်တောင်တန်းထဲက ဝိညာဉ်သားရဲအများစုက ချီသန့်စင်ခြင်းအဆင့် မှာပဲ ရှိကြတာ။ အမြုတေဖြစ်တည်ခြင်းအဆင့်ရှိတဲ့ မိစ္ဆာသားရဲတစ်ကောင် ရုတ်တရက် ပေါ်လာတာက တကယ်ကို ထူးဆန်းတယ်"
"မင်း နေ့တိုင်း ပျင်းရိငြီးငွေ့စွာနဲ့ အားနေတာ မြင်လို့ပဲ... ဘယ်လိုလဲ ဒီတာဝန်ကို လက်ခံရဲလား"
"အကယ်၍ မင်း မသွားချင်ဘူးဆိုရင်လည်း ငါ အတင်းအကျပ် မတောင်းဆိုပါဘူး။ အခြား တပည့်ရင်းတစ်ယောက်ကို ပြောင်းလွှတ်လို့ ရပါတယ်"
ဘုရားရေ...
လုယွမ် စိတ်ထဲမှ အနည်းငယ် ဆွံ့အသွားရပြီး တိုးတိုးလေး ညည်းတွားမိသည်။ " သူက ငါ့ကို အားလွန်းနေတယ် ထင်လို့ လုပ်စရာတစ်ခုခု ရှာပေးတာပဲ"
"ကောင်းပါပြီ... ကျွန်တော် လက်ခံပါတယ်" လုယွမ်က ခေါင်းညိတ်ကာ ချက်ချင်းပင် သဘောတူလိုက်သည်။
အဆင်ပြေသွားတာပေါ့။ သူ၏ လက်ရှိ ကျင့်ကြံခြင်းနယ်ပယ်ဖြင့်ဆိုလျှင် ပြင်ပကမ္ဘာကြီးထဲတွင် မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာမလိုဘဲ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်သည်။ အန္တရာယ်အတွက် စိုးရိမ်စရာ မလိုချေ။
အမြုတေဖြစ်တည်ခြင်းအဆင့် သားရဲမျှသာဆိုလျှင် သူ၏ ဓားချက်တစ်ချက်တည်းဖြင့်ပင် အလွယ်တကူ သတ်ဖြတ်နိုင်သည်။
သူသည် ဤကိစ္စကို အပြင်ထွက် လမ်းလျှောက်ပြီး စိတ်အပန်းဖြေခြင်းတစ်ခုအဖြစ်သာ သတ်မှတ်လိုက်သည်။
"ဒါက တာဝန်အတွက် ကျောက်စိမ်းပြားပဲ။ တာဝန်ပြီးဆုံးသွားရင် တာဝန်ခံခန်းမ ကို သွားပြီး အပ်နှံကာ မင်းရဲ့ ဆုလာဘ်ကို ထုတ်ယူလိုက်ပါ" မုချန်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၍ လုယွမ်ထံသို့ ကမ်းပေးလိုက်ရင်း ဆက်ပြောသည်။
"ပြီးတော့ ဒီတာဝန်မှာ အတွင်းစည်းတပည့် နှစ်ယောက်လည်း ပါဝင်လိမ့်မယ်…မနက်ဖြန်မနက် ဂိုဏ်းတံခါးဝမှာ ဆုံကြပါပေါ့”
"နားလည်ပါပြီ " လုယွမ်က ပြန်ဖြေလိုက်သည်။
"ငါ အများကြီး ထပ်မပြောတော့ဘူး…ကိစ္စရပ်တိုင်းမှာ ဂရုတစိုက် လှုပ်ရှားပါ" မုချန် စကားပြောပြီးနောက် ကောင်းကင်ယံသို့ ပျံတက်၍ ထွက်ခွာသွားခဲ့သည်။
ခဏချင်းအတွင်းမှာပင် ခြံဝန်းထဲ၌ လုယွမ်တစ်ယောက်တည်း ပြန်လည် ကျန်ရစ်ခဲ့တော့သည်။
"အကယ်၍ ငါနဲ့ ငါ့ရဲ့ လှပတဲ့ ဆရာမလေးတို့ ပေါင်းဖက်ဖြစ်ခဲ့ရင်... ဒီတောင်ထိပ်သခင် မုချန်က ငါ့ရဲ့ ယောက္ခမ ဖြစ်လာမှာပဲ" လုယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် လွန်ခဲ့သော ရက်အနည်းငယ်က အကြောင်းအရာများစွာကို စုံစမ်းသိရှိထားခဲ့သည်။ ဥပမာအားဖြင့် ဤမုချင်းရွှယ်သည် မုချန်၏ သမီးအရင်း ဖြစ်သည်ဟူသောအချက် ကဲ့သို့ ဖြစ်သည်။
မုချင်းရွှယ်၏ မိခင်သည် ပိုမိုကြီးမားသော အင်အားစုကြီးတစ်ခုမှ လာခဲ့ခြင်းဖြစ်ကြောင်း ကြားသိရပြီး... ထိုအင်အားစုကြီး၏ ရှေ့မှောက်တွင် ကောင်းကင်မြစ်ဂိုဏ်းတစ်ခုလုံးသည်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
တစ်ရက်တာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ နံနက်ခင်းတွင်...
လုယွမ် စောစောစီးစီး နိုးထလာခဲ့သည်။ သူသည် အဝတ်အစားများကို လဲလှယ်လိုက်ပြီးနောက် ချက်ချင်းပင် ဓားပျံစီးနင်းခြင်းအတတ် ကို အသုံးပြုကာ ကောင်းကင်မြစ်ဂိုဏ်း၏ ဂိုဏ်းတံခါးဝတည်ရှိရာဆီသို့ ပျံသန်းခဲ့သည်။
ခဏရက်အတွင်းမှာပင် လုယွမ်သည် ဂိုဏ်းတံခါးဝသို့ ချောမွေ့စွာ ဆင်းသက်လိုက်သည်။ အတိအကျပင် ထိုအချိန်၌ သူသည် ထိုနေရာတွင် စောင့်ဆိုင်းနေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
လုယွမ် ရောက်ရှိလာသည်ကို မြင်လျှင် ထိုနှစ်ယောက်စလုံးက အမြန်ပင် ရိုသေစွာ ဦးညွှတ်လိုက်ကြပြီး "စီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ်" ဟု ဆိုကြသည်။
"မင်းတို့နှစ်ယောက်က ငါနဲ့အတူ လော့ယွမ်တောင်တန်းကို စုံစမ်းဖို့ လိုက်ရမယ့်သူတွေလား" လုယွမ်က မေးလိုက်သည်။
"ဟုတ်ပါတယ် စီနီယာအစ်ကိုကြီး" လူငယ်တစ်ဦးက ခပ်သွက်သွက်လေး ပြန်ဖြေသည်။
"ဒီတစ်ခါ တပည့်ရင်းတစ်ယောက်နဲ့အတူ တာဝန်တစ်ခုကို အတူတူ ထမ်းဆောင်ခွင့်ရလိမ့်မယ်လို့ ကျွန်တော် တကယ်ကို မထင်ထားခဲ့ဘူး.. ဒါက တကယ့်ကို ဂုဏ်ယူစရာပါပဲ"
"ဘာပဲဖြစ်ဖြစ် အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲတစ်ကောင် ပေါ်လာနိုင်တာဆိုတော့... အကယ်၍ မင်းတို့သာ အဲ့ဒါနဲ့ တိုးရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး" လုယွမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
"ငါ့နာမည်က လုယွမ် ပါ… မင်းတို့နာမည်တွေက ဘယ်လိုခေါ်လဲ"
"သတင်းပို့ပါတယ် စီနီယာအစ်ကိုကြီး... ကျွန်တော့်နာမည်က 'ရွှီဟို့' ပါ" ထိုလူငယ်က တက်ကြွစွာဖြင့် မိတ်ဆက်ပေးသည်။ "ဒါကတော့ စီနီယာအစ်မ 'ဝမ်ရှီရှီ'ပါ"
လုယွမ် ခေါင်းညိတ်လိုက်သည်။
ကြည့်ရသည်မှာ ဤရွှီဟို့သည် အလွန်တက်ကြွပြီး စကားပြောကောင်းသူတစ်ဦး ဖြစ်ပုံရကာ သူ၏ ကျင့်ကြံခြင်းမှာ အမြုတေစုစည်းခြင်းအဆင့် အလယ်အလတ် သို့ ရောက်ရှိနေသည်။
ဝမ်ရှီရှီမှာမူ အမြုတေစုစည်းခြင်းအဆင့် နှောင်းပိုင်း တွင် ရှိနေသည်။
ဤနှစ်ယောက်စလုံးမှာ အတွင်းစည်းတပည့်များထဲတွင် ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်မှာ သေချာသည်။ ဝမ်ရှီရှီသည် ချစ်စရာကောင်းသော ရုပ်ရည်နှင့် ဆွဲဆောင်မှုရှိသော ပင်ကိုယ်အလှကို ပိုင်ဆိုင်ထားသဖြင့် ဂိုဏ်းထဲတွင် ရေပန်းစားပြီး ဝိုင်းဝိုင်းလည်နေမည့် အားကျသူများစွာ ရှိနေပေလိမ့်မည်။
သို့သော် နှမြောစရာကောင်းသည်မှာ... သူ၏ လှပသော ဆရာသခင်နှင့် နှိုင်းယှဉ်လိုက်ပါက ဤဝမ်ရှီရှီမှာ အလွန်အမင်း ရင်သပ်ရှုမောဖွယ် ဖြစ်မနေခဲ့ချေ။
"ကဲ... အခုပဲ ထွက်ခွာကြရအောင်…တာဝန်ကို စောစော အပြီးသတ်နိုင်လေ... စောစော ပြန်လာနိုင်လေပဲ" လုယွမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ရင်း သူ၏ ဓားလက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ ဓားပျံတစ်စင်း ထွက်ပေါ်လာပြီး သူ၏ ခြေဖဝါးအောက်တွင် လာရောက် ဝဲပျံနေခဲ့သည်။
ရွှီဟို့နှင့် ဝမ်ရှီရှီတို့လည်း ၎င်းတို့၏ ဓားပျံများကို အသီးသီး ဆင့်ခေါ်လိုက်ကြသည်။
ရှူး... ရှူး... ရှူး...ဟူး..ဟူး…
သူတို့သုံးယောက်စလုံးသည် ဓားပျံစီးနင်းခြင်းအတတ်ကို အသုံးပြုကာ အရှိန်မြှင့် ထွက်ခွာခဲ့ကြသည်။
သေချာသည်မှာ လုယွမ်သည် ထိုနှစ်ယောက် လိုက်ပါနိုင်မည့် အမြန်ဆုံးအရှိန်ကိုသာ ညှိပြီး ပျံသန်းပေးနေခြင်း ဖြစ်သည်။ အကယ်၍ လုယွမ်သာ သူ၏ တကယ့်အရှိန်အပြည့်ဖြင့် ပျံသန်းလိုက်ပါက မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်မှာ လုယွမ်၏ အရိပ်ကိုပင် မြင်တွေ့ရတော့မည် မဟုတ်ချေ။
"မင်းတို့နှစ်ယောက် ကောင်းကင်မြစ်ဂိုဏ်းမှာ ကျင့်ကြံလာခဲ့တာ ဘယ်နှနှစ် ရှိပြီလဲ" လမ်းခရီးတွင် လှပသော ရှုခင်းများကို ကြည့်ရှုခံစားရင်း လုယွမ်သည် အချိန်ကုန်သက်သာစေရန် ၎င်းတို့နှင့် စကားစမြည် ပြောဆိုခဲ့သည်။
"စီနီယာအစ်ကိုကြီး... ကျွန်တော် ဂိုဏ်းထဲကို ရောက်တာ ခြောက်နှစ်နီးပါး ရှိပါပြီ" ရွှီဟို့က ခပ်သွက်သွက် ဖြေသည်။
"ကျွန်မဆိုရင် အချိန်တွက်ကြည့်ရင် ဆယ်နှစ်လောက် ရှိပြီထင်တယ်" ဝမ်ရှီရှီကလည်း ဆက်ပြောသည်။
သူတို့နှစ်ဦးစလုံးသည် လုယွမ်ထက် ဂိုဏ်းထဲသို့ စောစီးစွာ ရောက်ရှိခဲ့ကြသူများ ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း အမြုတေစုစည်းခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခြင်းကို ကြည့်ခြင်းဖြင့် ၎င်းတို့သည် မြင့်မားသော ပါရမီကို ပိုင်ဆိုင်ထားရုံသာမက နေ့စဉ်ကျင့်ကြံခြင်းတွင်လည်း အလွန်ပင် ဝီရိယရှိပြီး ကြိုးစားအားထုတ်ကြသူများ ဖြစ်ကြောင်း သိသာလှသည်။
"ဒါနဲ့... ဒီတာဝန်က တော်တော်လေး ခက်ခဲပုံရတယ်. ဒီတာဝန်ရဲ့ ဆုလာဘ်က ဘာလဲဆိုတာ မင်းတို့ သိလား" လုယွမ်က မေးလိုက်သည်။
"စီနီယာအစ်ကိုကြီးက မသိဘူးလား" ရွှီဟို့က အနည်းငယ် အံ့ဩသွားသည်။
"တောင်ထိပ်သခင် မုချန်က ဒီတာဝန်ကို ငါ့ဆီ တိုက်ရိုက် လာပေးတာဆိုတော့ ဆုလာဘ်က ဘာလဲဆိုတာ ကျွန်တော် မမေးဖြစ်လိုက်ဘူး" လုယွမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြန်ဖြေသည်။
"ဒီလိုကိုး... စီနီယာအစ်ကိုကြီး... ဒါပေမဲ့ ဒီဆုလာဘ်က စီနီယာအစ်ကိုကြီးအတွက်တော့ အသုံးမဝင်ဘူး ထင်တယ်" ရွှီဟို့က အမြန် ဆက်ပြောသည်။ "ဒီတစ်ခါ ဆုလာဘ်က တာဝန်ပြီးဆုံးရင် ရမယ့် 'ရုန်းယွမ်ဆေးလုံး' ပါ"
"ရုန်းယွမ်ဆေးလုံး..." လုယွမ် တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤဆေးလုံးကို သောက်သုံးပြီးနောက် အမြုတေဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် အောင်မြင်မှုနှုန်းကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်ရာ... အမှန်ပင် ဤဆေးလုံးသည် သူ၏အတွက် လုံးဝ အသုံးမဝင်ချေ။
"ရုန်းယွမ်ဆေးလုံးအပြင် ဝိညာဉ်ကျောက်တုံး ဆုလာဘ်လည်း ရှိပါသေးတယ်" ဟု ဝမ်ရှီရှီက ဆိုသည်။
ဝိညာဉ်ကျောက်တုံး ဖြစ်စေ... ရုန်းယွမ်ဆေးလုံး ဖြစ်စေ နှစ်ခုစလုံးမှာ လုယွမ်အတွက်တော့ အသုံးဝင်လှသည် မဟုတ်ချေ။
"မူလက ဒီတာဝန်က အလွန်ခက်ခဲတာကြောင့် ကျွန်မတို့ အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ အစက မသေချာခဲ့ဘူး… ဒါပေမဲ့ နောက်ဆုံးတော့ ရုန်းယွမ်ဆေးလုံးအတွက် စွန့်စားကြည့်ချင်တာနဲ့ ကျွန်မတို့နှစ်ယောက် ဒီတာဝန်ကို လက်ခံခဲ့တာပါ" ဝမ်ရှီရှီက ဆက်ပြောသည်။
"ဒါပေမဲ့ နောက်ပိုင်းမှ တပည့်ရင်းတစ်ယောက် ဒီတာဝန်မှာ ပါဝင်လိမ့်မယ်လို့ တစ်ယောက်ယောက်က လာပြောလိမ့်မယ်လို့ ကျွန်မတို့ မထင်ထားခဲ့ဘူး"
"ဟုတ်ပါတယ် တပည့်ရင်းတစ်ယောက် ကျွန်တော်တို့နဲ့အတူ ဒီတာဝန်ကို ထမ်းဆောင်မယ်ဆိုတာ သိရတော့ ကျွန်တော်တို့ အလွန်ပဲ ဝမ်းသာသွားကြတာ…အနည်းဆုံးတော့ အောင်မြင်နိုင်မယ့် နှုန်းက အများကြီး မြင့်တက်သွားတာပေါ့" ရွှီဟို့က ပျော်ရွှင်စွာ ရယ်မောသည်။
"စီနီယာအစ်ကိုကြီး... နောက်ကျရင် ကျွန်တော်တို့ကို စိတ်ကြိုက် ညွှန်ကြားနိုင်ပါတယ် ကျွန်တော်တို့ စီနီယာအစ်ကိုကြီးရဲ့ စီစဉ်မှုအားလုံးအတိုင်း နာခံပါ့မယ်"
"အင်း... စိတ်မပူပါနဲ့…မင်းတို့ ငါ့ရဲ့ အမိန့်ကို နာခံသရွေ့တော့ မင်းတို့ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်ဖို့ တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်ပေးဖို့ ငါ အပြည့်အဝ အာမခံပါတယ်" လုယွမ်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လုယွမ်၏ ယုံကြည်မှုအပြည့်ရှိသော ကတိကဝတ်ကို ရင်ဆိုင်လိုက်ရသည့်အခါ ဝမ်ရှီရှီနှင့် ရွှီဟို့တို့သည် စိတ်ထဲမှ ပို၍ပင် ပျော်ရွှင်သွားကြတော့သည်။
မူလက ရောက်ရှိလာမည့် တပည့်ရင်းသည် စိတ်ဆိုးလွယ်ပြီး ပေါင်းသင်းရခက်သည့်သူ ဖြစ်နေမည်ကို အလွန်ပင် စိုးရိမ်ခဲ့ကြသော်လည်း... ယခုကြည့်ရသည်မှာ သူတို့ အလွန်အမင်း စိုးရိမ်လွန်ခဲ့ကြခြင်း ဖြစ်ပုံရပေသည်။