အခန်း (၁၅) - ဓားထိန်းနတ်မိုးကြိုးအတတ်
ဝုန်း... ဝုန်း... ဝုန်း...
ခဏအတွင်းမှာပင် လုယွမ်သည် မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ သတ်ဖြတ်လိုက်သည်။ သူ၏ ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုကိုပင် မည်သည့်သားရဲမျှ ခုခံနိုင်စွမ်း မရှိကြပေ။
"အကြွင်းမဲ့အစွမ်းကို ပိုင်ဆိုင်ရတဲ့ ခံစားချက်က တကယ်ကို ရင်ဖိုစရာကောင်းတာပဲ" ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် လုယွမ်သည် ဇီယွမ်ခြံဝန်းသို့ ပြန်လာကာ ထိုင်ခုံတွင် ထိုင်ရင်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေတော့သည်။
တကယ်တော့ သူသည် ဝမ်လင်မျှော်စင်သို့ ကံစမ်းရုံသာ သွားခဲ့ခြင်းဖြစ်သော်လည်း သူ၏ကံမှာ ဤမျှအထိ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအဘိုးအိုမှာ တကယ့်ကို ဂိုဏ်း၏ ဘိုးဘေးကြီး ဖြစ်နေခဲ့သည်။ ယခင်က လုယွမ်သည် 'နတ်ဝိညာဉ်အဆင့်' ကို အရင်ရောက်ရန်သာ စဉ်းစားခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းတွင် အစွမ်းအထက်ဆုံးသူများမှာ ထိုအဆင့်သာ ရှိသည်ဟု သူ သိထားခဲ့သောကြောင့် ဖြစ်သည်။
ယခုတော့ သူသည် 'ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်' သို့ တိုက်ရိုက် ရောက်ရှိသွားပြီ ဖြစ်ရာ ၎င်းမှာ လုယွမ် တစ်ခါမှ မမျှော်လင့်ထားသော ကိစ္စပင်။
"ငါ့ရဲ့ ဆရာမချောလေး ပြန်လာလို့ ငါက ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ဖြစ်နေတာကို သိသွားရင် ဘယ်လိုမျက်နှာပေးမျိုး ဖြစ်သွားမလဲ သိချင်မိတယ်" လုယွမ်က ခေါင်းညိမ့်ကာ တွေးလိုက်သည်။
"ဒီဘိုးဘေးကြီးက ကျင့်စဉ်တွေနဲ့ တန်ခိုးစွမ်းအားတွေ အများကြီး တတ်မြောက်ထားတာပဲ ပြီးတော့ အားလုံးကလည်း အထွတ်အထိပ်အဆင့်တွေချည်းပဲ အဲ့ဒါတွေကိုသာ တစ်ခုချင်း ကူးယူနိုင်ရင် သိပ်ကောင်းမှာပဲ"
သို့သော် ထိုဘိုးဘေးကြီးမှာ ကျင့်ကြံရန် အတွက်တံခါးပိတ်မည်ဖြစ်ကြောင်း သူ ခံစားသိရှိလိုက်ရသည်။ ဘိုးဘေးကြီး ပြန်ထွက်လာရန် အချိန်အတော်ကြာပေဦးမည်။
"ထားလိုက်ပါတော့... အရမ်းကြီး လောလို့လည်း မဖြစ်ဘူး... တစ်လှမ်းချင်းစီ သွားတာက အကောင်းဆုံးပဲ။ အခု ငါလုပ်ရမှာက စနစ်ရဲ့လုပ်ဆောင်ချက် တွေအသစ် ဖြစ်လာဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပဲ"
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက် ကုန်ဆုံးသွားသည်။ နေ့သစ်၏ နံနက်စောစောတွင် လုယွမ်သည် စောစောထကာ ဂိုဏ်းပင်မတောင် ဆီသို့ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။
သူသည် တောင်ပေါ်သို့ တက်လာပြီး ဂိုဏ်းချုပ်၏ နန်းဆောင်ရှေ့သို့ ရောက်ရှိလာသည်။ ရှေ့မှ ခမ်းနားထည်ဝါလှသော အဆောင်ကြီးကို ကြည့်ကာ လုယွမ် ခေါင်းညိမ့်လိုက်မိသည်။
"ဂိုဏ်းချုပ်အဆောင်က တကယ်ကို ခန့်ညားတာပဲ"
နန်းဆောင်တံခါးကြီးမှာ မြင့်မားလှပြီး ထူးခြားသော သတ္တုရိုင်းများဖြင့် ပြုလုပ်ထားပုံရသည်။
တံခါးပေါ်တွင် ထူးဆန်းသော စာလုံးပုံရိပ် များ ထွင်းထုထားရာ အလွန်ပင် ကြည့်ကောင်းလှသည်။ တံခါးဘေး တစ်ဖက်တစ်ချက်တွင်လည်း နတ်သားရဲ ရုပ်ထုကြီးနှစ်ခုက နန်းဆောင်ကို စောင့်ကြပ်နေသကဲ့သို့ ခန့်ညားစွာ ရှိနေသည်။
ယနေ့ လုယွမ် ဤနေရာသို့ လာရခြင်းမှာ ဂိုဏ်းချုပ်နှင့် တွေ့ဆုံရန်နှင့် သူ၏ ကျင့်စဉ်များကို ကူးယူနိုင်ရန်အတွက် ဖြစ်သည်။
"ဂါရဝပြုပါတယ် စီနီယာအစ်ကို" နန်းဆောင်တံခါးဝတွင် စောင့်နေသော တပည့်နှစ်ဦးမှာ လုယွမ်ကို မြင်သည်နှင့် ရိုသေစွာ နှုတ်ဆက်ကြသည်။ လုယွမ် ဝတ်ဆင်ထားသည်မှာ တပည့်ရင်းများ၏ အဝတ်အစား ဖြစ်သောကြောင့် ဖြစ်သည်။
"ငါ ဂိုဏ်းချုပ်ကြီးနဲ့ တွေ့ချင်တယ်" လုယွမ်က တိုက်ရိုက်ပင် ပြောလိုက်သည်။
"စီနီယာအစ်ကို... ဂိုဏ်းချုပ်ကြီးဆီက ခေါ်ယူချက် ရှိပါသလား" တပည့်တစ်ဦးက မေးသည်။
"မရှိဘူး" လုယွမ် ခေါင်းယမ်းပြလိုက်သည်။
"ခေါ်ယူချက် မရှိရင်တော့ ကျွန်တော်တို့ အရင် သတင်းပို့ရပါမယ်… ဂိုဏ်းချုပ်ကြီးက ခွင့်ပြုမှပဲ စီနီယာအစ်ကို့ကို ဝင်ခွင့်ပေးလို့ ရမှာပါ" ထိုတပည့်က ယဉ်ကျေးစွာ ရှင်းပြသည်။
"သူ့ကို အထဲဝင်ခိုင်းလိုက်" ထိုစဉ်မှာပင် ဂိုဏ်းချုပ်၏ အသံမှာ အထဲမှ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ပါ" တံခါးစောင့်တပည့်နှစ်ဦးက ရိုသေစွာ ပြန်ထူးပြီးနောက် လုယွမ်ကို ပြောလိုက်သည်။
"စီနီယာအစ်ကို... အထဲကို ကြွပါ"
"အင်း" လုယွမ်က အသာအယာ ခေါင်းညိမ့်ပြပြီးနောက် အထဲသို့ ခြေလှမ်းကျကျဖြင့် လျှောက်ဝင်သွားသည်။
နန်းဆောင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဖိအား တစ်ခုက သူ့ဆီသို့ တိုးဝင်လာသည်။ သို့သော် ၎င်းမှာ 'နတ်ဝိညာဉ်အဆင့်' ၏ ဖိအားမျှသာ ဖြစ်သောကြောင့် လုယွမ်အပေါ်တွင်တော့ ဘာသက်ရောက်မှုမှ မရှိပေ။
နန်းဆောင်၏ အထက်ထိုင်ခုံတွင် ထိုင်နေသော လော့ချီဖုန်းမှာ လုယွမ်၏ အမူအရာကို မြင်လိုက်ရသည့်အခါ မျက်နှာ ပို၍ တည်ကြည်သွားသည်။
သူ၏ ဖိအားက လုယွမ်အပေါ်တွင် အနည်းငယ်မျှပင် သက်ရောက်မှု မရှိခြင်းကို သူ မမျှော်လင့်ထားခဲ့ပေ။
"ကြည့်ရတာ ဒီကလေးက တကယ်ပဲ မရိုးရှင်းဘူးပဲ" လော့ချီဖုန်း စိတ်ထဲမှ တွေးလိုက်မိသည်။
"ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်" လုယွမ်က နန်းဆောင်အလယ်သို့ ရောက်သည့်အခါ အရိုအသေ ပေးလိုက်သည်။
သူသည် ယဉ်ကျေးမှုကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ အကယ်၍သာ သူ၏ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ထုတ်ပြလိုက်ပါက ဤလော့ချီဖုန်းမှာ ချက်ချင်းထရပ်ကာ သူ့ကို ထိုင်ခုံဖယ်ပေးပြီး 'စီနီယာ' ဟုပင် ခေါ်ရပေလိမ့်မည်။
အမှန်စင်စစ် ကျင့်ကြံခြင်းလောကတွင် အဆင့်အတန်း သုံးမျိုးသာ ရှိသည်။ ၎င်းတို့မှာ 'ပုရွက်ဆိတ်' (သာမန်လူ)... 'မိတ်ဆွေ' (အဆင့်တူသူ) နှင့် 'စီနီယာ' (အဆင့်မြင့်သူ) တို့ ဖြစ်ကြသည်။
"လုယွမ်... မင်းအကြောင်းကို ငါသိပါတယ် ဒီနေ့ ငါ့ဆီကို ဘာကိစ္စနဲ့ လာတာလဲ" လော့ချီဖုန်းက တည်ငြိမ်စွာ မေးလိုက်သည်။
သူ၏လေသံတွင် အာဏာရှိသူတို့၏ ခန့်ညားမှုများ ပါဝင်နေသည်။ ယခင်ကဆိုလျှင် လုယွမ်သည် သူ့ကို မျက်လုံးချင်း ဆိုင်ကြည့်ရန်ပင် ဝံ့မည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင်မူ လုယွမ်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိတော့ပေ။
"ဂိုဏ်းချုပ်ကြီး... ကျွန်တော် ဂိုဏ်းချုပ်ကြီးဆီကနေ ဓားအတတ် ကို သင်ယူချင်လို့ လာခဲ့တာပါ" လုယွမ်က တိုက်ရိုက်ပင် ပြောလိုက်သည်။
"ကျွန်တော်က ခရမ်းရောင်တိမ်တိုက်ဓား ရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရပါတယ်ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆရာမကတော့ ဓားအတတ်မှာ မကျွမ်းကျင်ပါဘူး"
"ဒါ့အပြင် ဆရာမကလည်း အပြင်ကို ခရီးထွက်နေတာဆိုတော့ ကျွန်တော် ဂိုဏ်းချုပ်ကြီးဆီကနေ လာပြီး တောင်းဆိုရခြင်း ဖြစ်ပါတယ်"
"ဒါနဲ့... ကျွန်တော့်မှာ ဒီတံဆိပ်လည်း ပါပါတယ်" လုယွမ်က ဘိုးဘေးကြီးပေးထားသော တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။ ဤတံဆိပ်ရှိနေသရွေ့ လော့ချီဖုန်းအနေဖြင့် သူ့ကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။
တံဆိပ်ပြားကို မြင်လိုက်ရသည့်အခါ လော့ချီဖုန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။ "ဒါ ငါတို့ ကောင်းကင်မြစ်ဂိုဏ်းရဲ့ ဘိုးဘေးကြီး တံဆိပ်ပဲ။ မင်းမှာ ဒီတံဆိပ်ရှိနေမှတော့ ဘိုးဘေးကြီးက မင်းကို တကယ်ပဲ အရေးတယူ ရှိပုံရတယ်"
"ကောင်းပြီ... ငါ မင်းကို ဓားအတတ် သင်ပေးမယ်"
"ငါ့ဆီမှာ ဓားကျင့်စဉ် အစုံလိုက် ရှိပါတယ်..."
လော့ချီဖုန်းက ဓားကျင့်စဉ်တစ်ခုချင်းစီကို ရှင်းပြပေးသည်… ထို့နောက် သူက ပြန်မေးလိုက်သည်။ "ဘယ်ဓားကျင့်စဉ်ကို ကျင့်မလဲဆိုတာ မင်း ဆုံးဖြတ်ပြီးပြီလား"
"ဂိုဏ်းချုပ်ကြီး... ကောင်းကင်မြစ်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ဓားကျင့်စဉ်ဖြစ်တဲ့ 'ဓားထိန်းနတ်မိုးကြိုးအတတ်' ကို သင်ယူလို့ ရမလား" လုယွမ်က မေးလိုက်သည်။ သူကတော့ အစွမ်းအထက်ဆုံးကိုသာ တတ်မြောက်လိုခြင်း ဖြစ်သည်။
ယခင်က စာအုပ်တစ်အုပ်ထဲတွင် လုယွမ် ဖတ်ဖူးသည်။ ဤ 'ဓားထိန်းနတ်မိုးကြိုးအတတ်' မှာ ကောင်းကင်မြစ်ဂိုဏ်း၏ အမြင့်ဆုံး ဓားကျင့်စဉ် ဖြစ်သည်။ ဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးကြီးမှာလည်း ဤအတတ်ဖြင့်ပင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။
"ဓားထိန်းနတ်မိုးကြိုးအတတ်လား... မင်းက တကယ်ကို လောဘကြီးတာပဲ ဒီအတတ်က ထိပ်တန်းဓားကျင့်စဉ်ပဲ… မင်းရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှုနဲ့ဆိုရင် မလုံလောက်ဘူး.. အနည်းဆုံး အမြုတေဖြစ်တည်ခြင်းအဆင့် ရောက်မှ ရလိမ့်မယ်" လော့ချီဖုန်းက ပြုံးလျက် ဆိုသည်။
ထို့အပြင် ဤအတတ်ကို ကျင့်ကြံရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ကျင့်ကြံမှုအဆင့် လိုအပ်ရုံသာမက ထူးခြားသော ပါရမီနှင့် နားလည်နိုင်စွမ်းတို့လည်း လိုအပ်သည်။ မည်သူမဆို အလွယ်တကူ တတ်မြောက်နိုင်သော အရာမဟုတ်ပေ။
လုယွမ်တွင် ဘိုးဘေးကြီး၏ တံဆိပ်ရှိနေသဖြင့် သူသင်ယူလိုပါက လော့ချီဖုန်းက သင်ပေးရမည် ဖြစ်သည်။ သို့သော် လုယွမ်အနေဖြင့် ဤအတတ်ကို နားလည်တတ်မြောက်ရန် ခက်ခဲလိမ့်မည်ဟု သူ ထင်နေသည်။
သူကိုယ်တိုင်ပင်လျှင် ဓားအတတ်၌ ပါရမီ အလွန်မြင့်မားသော်လည်း ဤအတတ်ကို စတင်သင်ယူစဉ်က အခြေခံရရန် ဆယ်နှစ်ခန့် အချိန်ပေးခဲ့ရသည်။ အထွတ်အထိပ်အဆင့် ရောက်ရန်အတွက်မူ နှစ်ပေါင်း ငါးရာကျော် အချိန်ယူခဲ့ရသည်။ နှစ်ပေါင်းငါးရာဆိုသည်မှာ သာမန်လူသား မျိုးဆက်ငါးဆက်စာမျှ ရှိသည်။
"ဂိုဏ်းချုပ်ကြီး... ကျွန်တော်က အခု အမြုတေဖြစ်တည်ခြင်းအဆင့် ကို ရောက်နေပါပြီ" လုယွမ်က ပြုံးလျက် သူ၏ ကျင့်ကြံမှု အရှိန်အဝါကို ထုတ်ပြလိုက်သည်။
လုယွမ်သည် သူ၏အဆင့်ကို ဖုံးကွယ်ထားသောကြောင့် လော့ချီဖုန်း သတိမထားမိခဲ့ခြင်း ဖြစ်သည်။
ယခု လုယွမ်၏ အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ သူ အလွန်ပင် အံ့အားသင့်သွားရသည်။ "ဒီကလေး... သူက သူ့အဆင့်ကို ဖုံးကွယ်ထားတာပဲ… ငါတောင် သတိမထားမိလိုက်ဘူး..."
နောက်တစ်စက္ကန့်တွင် လော့ချီဖုန်းက မေးလိုက်သည်။ "မင်း ဂိုဏ်းထဲရောက်တာ သုံးနှစ်ပဲ ရှိသေးတယ်... အသက်ကလည်း နှစ်ဆယ်တောင် မပြည့်သေးဘူး မဟုတ်လား အခု အမြုတေဖြစ်တည်ခြင်းအဆင့်ကို ရောက်နေပြီဆိုတာကတော့ ကျိုးကြောင်းဆီလျော်မှု မရှိဘူး"
လော့ချီဖုန်းသည် လုယွမ်၏ အချက်အလက်များကို ဖတ်ဖူးသည်။ မှတ်တမ်းများအရ လုယွမ်မှာ လွန်ခဲ့သော ရက်ပိုင်းကမှ ချီသန့်စင်ခြင်း တတိယအဆင့်သာ ရှိခဲ့ပြီး ထိုမှတစ်ဆင့် နဝမအဆင့်... ထို့နောက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းခဲ့သည်။
ယခုတော့ 'အမြုတေစုစည်းခြင်းအဆင့်' ကိုပင် ကျော်ဖြတ်ကာ အမြုတေဖြစ်တည်ခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
"မိစ္ဆာကျင့်စဉ်တွေကို ကျင့်တဲ့သူတွေတောင် ဒီလောက် မြန်မြန် အဆင့်တက်မှာ မဟုတ်ဘူး" လော့ချီဖုန်း စိတ်ထဲမှ ညည်းတွားလိုက်သည်။
"ဂိုဏ်းချုပ်ကြီး... ကျွန်တော် အခု အမြုတေဖြစ်တည်ခြင်းအဆင့်ကို ရောက်နေပြီဆိုတော့ ကိုက်ညီနေပါပြီ… ဒါကြောင့် ကျွန်တော့်ကို 'ဓားထိန်းနတ်မိုးကြိုးအတတ်' သင်ပေးပါတော့" လုယွမ်က သူ ဘာကြောင့် မြန်မြန် အဆင့်တက်သည်ကို ရှင်းမပြဘဲ ပြောလိုက်သည်။
လော့ချီဖုန်းမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ဆက်မမေးတော့ပေ။ ဘိုးဘေးကြီး၏ မှာကြားချက်များကို ပြန်စဉ်းစားကြည့်သည့်အခါ ရှေ့က လုယွမ်မှာ သူထင်ထားသလောက် မရိုးရှင်းကြောင်း သူ အမှန်တကယ် နားလည်သွားသည်။
ထားလိုက်ပါတော့ အမှန်တရားက ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန်မှာ သိလာရမှာပဲ။
"မင်းကို ငါ သင်ပေးမယ်… ဒါပေမဲ့ မင်း ဘယ်လောက် နားလည်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် … ပြီးတော့ ဒီအတတ်ကို တခြားသူတွေကို လုံးဝ လက်ဆင့်မကမ်းရဘူးနော်" လော့ချီဖုန်းက လေးလေးနက်နက် သတိပေးသည်။
"စိတ်ချပါ ဂိုဏ်းချုပ်" လုယွမ်က ကတိပေးလိုက်သည်။
နောက်တစ်စက္ကန့်မှာပင် လော့ချီဖုန်းသည် လုယွမ်၏ ရှေ့သို့ အလွန်မြန်သော အရှိန်ဖြင့် ရောက်ရှိလာသည်။ သူ၏ လက်ညှိုးကို လုယွမ်၏ မျက်ခုံးအလယ်သို့ ထိလိုက်သည်။
ချက်ချင်းပင် ရွှေရောင်စာလုံးများမှာ လုယွမ်၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု စုစည်းလာတော့သည်။ ခဏချင်းမှာပင် ပြည့်စုံသော 'ဓားထိန်းနတ်မိုးကြိုးအတတ်' မှာ သူ၏ ဦးနှောက်ထဲတွင် မှတ်သားပြီးသား ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် လော့ချီဖုန်း၏ လက်ညှိုးမှာ လုယွမ်၏ မျက်ခုံးကို ထိထားသဖြင့် သူတို့နှစ်ဦးမှာ ထိတွေ့မှု ရှိနေပြီ ဖြစ်သည်။
【 လော့ချီဖုန်း 】
【 ကျား 】
【 ကျင့်ကြံမှုအဆင့် - နတ်ဝိညာဉ်အဆင့် အထွတ်အထိပ် (ကူးယူနိုင်သည်) 】
【 ကျင့်စဉ် - ထိုက်ရွှမ်ကျမ်းစာ (ကူးယူနိုင်သည်)... ထုံထျန်းစိတ်စွမ်းအားကျင့်စဉ် (ကူးယူနိုင်သည်)... 】
【 တန်ခိုးစွမ်းအား - ဓားထိန်းနတ်မိုးကြိုးအတတ် (ကူးယူနိုင်သည်)... ကောင်းကင်ဖိနှိပ်တံဆိပ် (ကူးယူနိုင်သည်)... 】
စနစ်၏ မျက်နှာပြင်တွင် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ လုယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
"ကောင်းပြီ... 'ဓားထိန်းနတ်မိုးကြိုးအတတ်' ရဲ့ ကျင့်စဉ်အပြည့်အစုံကို ငါ မင်းဆီ လွှဲပြောင်းပေးလိုက်ပြီ" လော့ချီဖုန်းက သူ၏ လက်ညှိုးကို ပြန်ရုတ်သိမ်းလိုက်ပြီး ထိုင်ခုံပေါ်သို့ ပြန်သွားသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး…ဒါဆိုရင် ကျွန်တော့်မှာ တခြားကိစ္စ မရှိတော့လို့ ပြန်ပြီး ကျင့်ကြံပါတော့မယ်" လုယွမ်က ကျေးဇူးတင်စကား ဆိုလိုက်သည်။
"သွားတော့" လော့ချီဖုန်းက အသာအယာ ခေါင်းညိမ့်ပြသည်။
လုယွမ်သည် ဂါရဝပြု နှုတ်ဆက်ပြီးနောက် နန်းဆောင်ထဲမှ ထွက်လာခဲ့သည်။ သူသည် ဓားပျံကို စီးကာ ဇီယွမ်ခြံဝန်းသို့ တိုက်ရိုက် ပြန်လာခဲ့တော့သည်။
လုယွမ် ထွက်သွားပြီးနောက် လော့ချီဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ "ဒီလုယွမ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသလိုပဲ…ဒါဟာ ကောင်းကင်မြစ်ဂိုဏ်းအတွက် ကောင်းခြင်းမင်္ဂလာပဲ ဖြစ်ပါစေလို့ ငါ ဆုတောင်းရမှာပဲ"