အခန်း (၁၄) - ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်၏ ထိတ်လန့်ဖွယ်ရာအစွမ်း
တောက်ဒီကျွင်း ကျင့်စဉ်။
လုယွမ်၏ ဒီစာသားတွေက အရင်ဘ၀က ‘တာအို’ စာအုပ်မှ ဖြစ်ပြီး သူ အလွတ်ရနေပြီးသားဖြစ်သည်။
ဘယ်လိုပင်ဖြစ်စေ ဤကျင့်ကြံခြင်းကမ္ဘာတွင် 'တောက်ဒီကျွင်းကျင့်စဉ်' ဟူ၍ မရှိပေ။ တာအို စာအုပ်၏ အကြောင်းအရာများ ဖြစ်သဖြင့် ကြားလိုက်ရရုံမျှဖြင့်ပင် လူတိုင်းက အလွန်နက်နဲသည်ဟု ခံစားရရန် လုံလောက်လှသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ယန်လင်းယွဲ့သည် ထိုစကားများကို ကြားပြီးနောက် သိသိသာသာ စိတ်လှုပ်ရှားသွားသည်။
"လူသည် မြေကြီးကို အတုယူ၏... မြေကြီးသည် ကောင်းကင်ကို အတုယူ၏... ကောင်းကင်သည် 'တာအို’ကို အတုယူ၏... တာအို သည် သဘာဝတရားနိယာမများကို အတုယူ၏" လုယွမ်က နောက်ဆုံးစာကြောင်းကို ရွတ်ဆိုပြီးနောက် ဆက်ပြောလိုက်သည်။
"ကဲ... ဒီနေ့အတွက်တော့ ဒါပါပဲ ငါရွတ်ပြလိုက်တာတွေက မင်းကျင့်ကြံဖို့အတွက် လုံလောက်နေပါပြီ"
"ဒါကို မင်း ဘယ်လောက်အထိ နားလည်သဘောပေါက်မလဲ ဆိုတာကတော့ မင်းရဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်"
ဤအချိန်တွင် လုယွမ်၏ ပုံစံမှာ တကယ့်နတ်ဘုရားအစစ်တစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။ ဟန်ဆောင်မှတော့ အထက်ဆီးကနေရတာပေါ့။ (ငါ/မင်း)လို့ သုံးလိုက်ပြီ။
"ကျေးဇူးတင်ပါတယ် နတ်ဘုရားကြီး" ယန်လင်းယွဲ့မှာ အလွန်ပင် စိတ်လှုပ်ရှားနေသည်…သူသည် လုယွမ်ရွတ်ဆိုပြသမျှကို စာလုံးတစ်လုံးမကျန် အလွတ်မှတ်သားထားလိုက်သည်။
သူ၏အမြင်တွင်တော့ 'တာအို’ဆိုသည်မှာ ရှာဖွေရန် ခက်ခဲလှသည်။ ယခု လုယွမ်ပေးသော နည်းလမ်းမှာ တာအို လမ်းစဉ်ဆီသို့ တိုက်ရိုက်ဦးတည်နေသည်။
၎င်းကိုသာ အောင်မြင်စွာ ဆင်ခြင်ကျင့်ကြံနိုင်ပါက သူ၏နောင်လာမည့် ကျင့်ကြံမှုအဆင့်မှာ အသစ်အဆန်းဖြစ်သော အမြင့်တစ်ခုသို့ ရောက်ရှိသွားမည်မှာ သေချာသည်။
ထို့အပြင် ဤကျင့်စဉ်တွင် အကြောင်းအရာများစွာ ကျန်ရှိနေသေးပုံရပြီး ၎င်းတို့ကိုသာ အကုန်တတ်မြောက်ပါက နောင်တွင် နတ်ဘုရားဘုံသို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်း အများကြီး ရှိနေသည်။
၎င်းအပြင် လုယွမ်ရွတ်ပြသော စာသားများကို ကြားလိုက်ရုံမျှဖြင့်ပင် သူ၏ကျင့်ကြံမှုနယ်ပယ်မှာ အနည်းငယ် လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။
ဤသို့ ကျင့်ကြံမှုအဆင့်၏ အချုပ်အနှောင်များ လျော့ရဲသွားသည့် ခံစားချက်မျိုးကို သူ မခံစားရသည်မှာ အလွန်ကြာလှပြီ ဖြစ်သည်။
"မလိုပါဘူး" လုယွမ်က ခေါင်းညိမ့်ပြလိုက်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ကြည့်ရတာ 'တောက်ဒီကျွင်းကျင့်စဉ်' က သူ့ကို လုံးဝကို အံ့အားသင့်သွားစေပုံရသည်။ သူသည် နတ်ဘုရားလူဝင်စား ဖြစ်သည်ဆိုသောအချက်မှာလည်း အခိုင်အမာ ဖြစ်သွားပြီ ဖြစ်သည်။
"ဒါနဲ့... ငါ့ရဲ့ အကြောင်းတွေကို တခြားသူတွေကို အခုလောလောဆယ် မပြောနဲ့ဦး" လုယွမ်က မှာကြားလိုက်သည်။
"စိတ်ချပါ " ယန်လင်းယွဲ့က ကတိပေးသည်။
"ကောင်းပြီ... ဒါဆို ငါပြန်တော့မယ်" လုယွမ်က လက်ဝှေ့ယမ်းပြလိုက်သည်။
စနစ်၏ လုပ်ဆောင်ချက်က အသစ် ဖြစ်ရန် နှစ်ရက် လိုသေးသည်။ သို့မဟုတ်ပါက ယန်လင်းယွဲ့ဆီမှာ ရှိသမျှ အစွမ်းထက်သော ကျင့်စဉ်နှင့် တန်ခိုးစွမ်းအားအားလုံးကို သူ ကူးယူပစ်ချင်နေမိသည်။
"ကျွန်တော် လိုက်ပို့ပါရစေ" ယန်လင်းယွဲ့က ဆိုသည်။
"မလိုပါဘူး... ငါက ဒီလို အဆောင်အယောင်တွေကို ဂရုမစိုက်ဘူး" လုယွမ်က လက်ကာပြလိုက်ပြီး လှည့်ထွက်လာခဲ့သည်။
လုယွမ်၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေရင်း ယန်လင်းယွဲ့သည် သက်ပြင်းကို အကြိမ်ကြိမ် ချလိုက်မိသည်။
"ငါတို့ ကောင်းကင်မြစ်ဂိုဏ်းကနေ နတ်ဘုရားတစ်ပါး ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…ဒါဟာ တကယ့်ကို ကံကောင်းခြင်းကြီးပဲ"
သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် တစ်ခု ပွင့်ထွက်သွားသည်။ ထို့နောက် သူသည် ထိုအထဲသို့ လှမ်းဝင်သွားတော့သည်။
ယန်လင်းယွဲ့ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူသည် ဂိုဏ်းချုပ်၏ နန်းဆောင်ထဲသို့ ရောက်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဂိုဏ်း၏ ကိစ္စရပ်များကို စစ်ဆေးနေသော ဂိုဏ်းချုပ် 'လော့ချီဖုန်း' သည် ယန်လင်းယွဲ့ကို မြင်သည်နှင့် ချက်ချင်း ထရပ်ကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။
"ဘိုးဘေးကြီး... ဘာများ အကြောင်းထူးလို့ ဒီကို ကြွလာတာပါလဲ "
"ထိုင်ပါဦး..."
"မလိုဘူး" ယန်လင်းယွဲ့က လက်ကာပြလိုက်သည်။
"ငါ ဒီကိုလာတာက ငါ ကျင့်ကြံဖို့အတွက် တံခါးပိတ် တော့မယ်ဆိုတာ ပြောဖို့ပဲ… ဝမ်လင်မျှော်စင်အတွက်တော့ တခြားအကြီးအကဲ တစ်ယောက်ကို လွှတ်ပြီး စောင့်ခိုင်းလိုက်တော့"
"ဂုဏ်ယူပါတယ် ဘိုးဘေးကြီး" လော့ချီဖုန်းက စိတ်လှုပ်ရှားစွာ ပြောသည်။ "ဘိုးဘေးကြီးက ဝိညာဉ်အသွင်ပြောင်းလဲခြင်း အလယ်အလတ်အဆင့်ကို ရောက်နေပြီဆိုတော့ ဒီတစ်ခါ တရားအားထုတ်ပြီးရင် ကျွန်တော်တို့ ဂိုဏ်းမှာ အဆင့်မြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်း ပညာရှင်ကြီးတစ်ယောက် ရှိလာတော့မှာပေါ့"
"ဒါက မတော်တဆ ရလာတဲ့ ကံကောင်းမှုတစ်ခုပါပဲ" ယန်လင်းယွဲ့က တည်ငြိမ်စွာ ဆိုသည်။
"ဒါနဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ဒန်ရှတောင်က လုယွမ်ကို ငါ့ရဲ့ တံဆိပ်ပြား ပေးထားတယ်…နောက်ဆိုရင် သူ ဂိုဏ်းထဲမှာ ဘာပဲလုပ်လုပ် သူ့ကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးလိုက်…သူ ဘာလိုချင်လဲ... ဂိုဏ်းမှာ ရှိရင် ပေးလိုက်... မရှိရင်လည်း လူလွှတ်ပြီး ရှာပေးလိုက်"
"ဟမ်" လော့ချီဖုန်းမှာ ချက်ချင်းပင် ကြောင်အသွားပြီး ဤကိစ္စကို လုံးဝ နားမလည်နိုင် ဖြစ်သွားသည်။
သူ လုယွမ်ကို သိသည်။ မုချင်းရွှယ် တပည့်လက်ခံလိုက်ခြင်းမှာ ဂိုဏ်းအတွက် ကိစ္စကြီးတစ်ခု ဖြစ်ရာ ဂိုဏ်းချုပ်အနေဖြင့် သူ သိထားခြင်း ဖြစ်သည်။ ဤလုယွမ်ဆိုသူမှာ မုချင်းရွှယ်၏ တပည့်ဖြစ်ကြောင်း သူ နားလည်ထားသည်။
"ဘိုးဘေးကြီး... ဒီလုယွမ်မှာ ဘာများ ထူးခြားတာ ရှိလို့ပါလဲ " လော့ချီဖုန်းက စပ်စုလိုက်သည်။
"အခုလောလောဆယ် ငါ မင်းကို မပြောနိုင်တဲ့ အကြောင်းအရာတွေ ရှိတယ်။ အတိုချုပ်ပြောရရင် ဒါဟာ ကောင်းကင်မြစ်ဂိုဏ်းရဲ့ အကျိုးအတွက်ဆိုတာ မင်း နားလည်ထားဖို့ပဲ လိုတယ်… နောင် အချိန်တန်ရင် မင်း သိလာလိမ့်မယ်" ယန်လင်းယွဲ့က ဆိုသည်။
"နားလည်ပါပြီ ဘိုးဘေးကြီး… ဘိုးဘေးကြီးရဲ့ အမိန့်အတိုင်း ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်" လော့ချီဖုန်းက ရိုသေစွာ ပြန်ဖြေသည်။
"ဒါဆိုရင်တော့ ငါ စိတ်ချလက်ချနဲ့ တံခါးပိတ်ကျင့်ကြံလို့ ရပြီ" ယန်လင်းယွဲ့သည် စကားအဆုံးတွင် ဟင်းလင်းပြင်ကို ထပ်မံ ဖောက်ခွဲလိုက်ပြီး ပျောက်ကွယ်သွားတော့သည်.. သူသည် တရားအားထုတ်ရန် တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
ဂိုဏ်းချုပ် လော့ချီဖုန်းမှာမူ နန်းဆောင်အပြင်ဘက်သို့ ပျံထွက်လာခဲ့ပြီး ဆေးဖော်စပ်ရာတောင် ရှိသည့်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။
‘ဒီလုယွမ်မှာ ဘာတွေရှိနေလို့ ဘိုးဘေးကြီးက ဒီလောက်အထိ အရေးတယူ လုပ်နေရတာလဲ... ကဲပါ ဘာပဲဖြစ်ဖြစ် ဘိုးဘေးကြီးရဲ့ ဆုံးဖြတ်ချက်က အမြဲတမ်း မှန်ကန်နေတာပဲ… ငါကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပဲ’
...
အခြားတစ်ဖက်တွင်မူ လုယွမ်သည် ကောင်းကင်မြစ်ဂိုဏ်း အပြင်ဘက်သို့ တိတ်တဆိတ် ပျံထွက်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်နေပြီဖြစ်ရာ ဓားပျံကို အားကိုးစရာ မလိုတော့ဘဲ လေထဲတွင် တိုက်ရိုက် ပျံသန်းနိုင်သည်။
ဤသို့ ပျံသန်းရသည့် ခံစားချက်မှာ ပို၍ပင် ရင်ဖိုစရာ ကောင်းလှသည်။ သူသည် ဟင်းလင်းပြင်ကို ခဏတာ ဖောက်ခွဲပြီး ခရီးသွားကြည့်ရာ ဤနည်းလမ်းမှာ ပို၍ပင် လျင်မြန်သေးသည်။ ဟင်းလင်းပြင်ကို ဖောက်ခွဲခြင်းမှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်လျှင် အလိုအလျောက် တတ်မြောက်သွားသော အတတ်ဖြစ်သည်။
"တကယ်ကို အမိုက်စားပဲ" လုယွမ်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံဝဲနေသည်။ ခဏတာတော့ သူသည် နတ်ဘုရားစစ်စစ် တစ်ပါးကဲ့သို့ ခံစားနေရသည်။ လူသားများနေထိုင်ရာ ရွာတစ်ရွာကို ဖြတ်ပျံသွားသည့်အခါ ထိုလူသားများက လုယွမ်ကို ကောင်းကင်တွင် မြင်တွေ့ရပြီး "နတ်ဘုရားကြီးကို ဂါရဝပြုပါတယ်" ဟု အော်ဟစ်ကာ ဝတ်ပြုကြသည်။
သာမန်လူသားများအတွက်တော့ ကောင်းကင်တွင် ပျံသန်းနိုင်သော ကျင့်ကြံသူမှာ 'နတ်ဘုရား' ပင် ဖြစ်သည်။
တောင်တန်းတစ်ခုပေါ်မှ ပျံသန်းနေစဉ် လုယွမ်သည် 'သံချပ်ကာဝက်ဝံ' ဆိုသည့် မိစ္ဆာသားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။
ဤဝက်ဝံမှာ အလွန်မာကျောသော အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ သာမန်လက်နက်များဖြင့် ၎င်းကို အနည်းငယ်မျှပင် ဒဏ်ရာမပေးနိုင်ပေ။ ထို့ကြောင့်လည်း ဤအမည်ကို ရခြင်းဖြစ်သည်။ ၎င်းအပြင် ၎င်း၏ လက်သည်းများမှာလည်း အလွန်ထက်လှသည်။
ဤဝက်ဝံမှာ ချီသန့်စင်ခြင်း နဝမအဆင့်ရှိရာ ထိုအဆင့်ရှိ သားရဲများထဲတွင် အစွမ်းထက်ဆုံးဟု ဆိုနိုင်သည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအချို့မှာ ဤဝက်ဝံကို မြင်လျှင် ချက်ချင်းပင် ထွက်ပြေးကြပြီး တိုက်ခိုက်ရန်ပင် မဝံ့ရဲကြပေ။
ဝုန်း…
သံချပ်ကာဝက်ဝံသည် ကောင်းကင်ရှိ လုယွမ်ကို မြင်သည်နှင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ မျက်လုံးများမှာ သွေးရောင်ကဲ့သို့ ရဲရဲနီနေသည်။
"ခရမ်းရောင်မီးလျှံအတတ်"
လုယွမ်က လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်မီးလျှံတစ်ခု ဖြစ်ပေါ်လာသည်။
ရှူး...
ခရမ်းရောင်မီးလျှံမှာ အောက်သို့ အဟုန်ဖြင့် ပစ်ဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးလျှံသည် သံချပ်ကာဝက်ဝံကို ဝါးမြိုသွားတော့သည်။
ဝုန်း…
ကြီးမားသော ပေါက်ကွဲသံကြီးမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေသည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသည့်အခါ အောက်ခြေတွင် အချင်း မီတာတစ်ရာခန့် ကျယ်ပြီး မီတာပေါင်းများစွာ နက်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်ရသည်။
သံချပ်ကာဝက်ဝံမှာမူ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဤဝက်ဝံမှာ သူ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုကို သွားရောက် ရန်စမိသည်ကို သိပင် သိသွားလိမ့်မည် မဟုတ်ပေ။
"ငါ့ရဲ့ ဒီတိုက်ကွက်က ကြက်သတ်ဖို့ အမြှောက် သုံးလိုက်သလို ဖြစ်နေပြီ..." လုယွမ်က အသာအယာ ရယ်လိုက်သည်။ သူ၏ ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုကပင် ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်၏ စွမ်းအားမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ဆိုရပေမည်။