အခန်း (၁၂) - ဂိုဏ်းပင်မတောင်၏ အတွင်းတံခါး
အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ စနစ်၏ လုပ်ဆောင်ချက်များ အသစ် ဖြစ်သွားပြီးနောက်တွင်တော့ လုယွမ်သည် သူ၏ပျံသန်းရေးဓားကို အသုံးပြုကာ ဂိုဏ်းပင်မတောင် ဆီသို့ ချက်ချင်းပျံသန်းသွားသည်။
ခဏချင်းမှာပင် သူသည် ကောင်းကင်မြစ်ဂိုဏ်း၏ ဂိုဏ်းပင်မတောင်သို့ ချောမွေ့စွာ ဆိုက်ရောက်သွားသည်။ ဂိုဏ်းပင်မတောင်၏ အတွင်းစည်းတပည့်များနယ်မြေ ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဤနေရာသည် အပြင်စည်းတပည့်များနယ်မြေနှင့် အလွန်ကွာခြားကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
အတွင်းစည်းတပည့်တိုင်းမှာ တက်ကြွလန်းဆန်းနေပြီး တိုက်ခိုက်လိုစိတ်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ အပြည့်ရှိနေကြသည်။ ၎င်းမှာ အပြင်စည်းတပည့်များ၏ ကမ္ဘာနှင့် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှ၏။
"ဘာလို့ အပြင်စည်းတပည့်တွေက အတွင်းစည်းတပည့်ဖြစ်ဖို့ ဒီလောက်တောင် အသည်းအသန် ကြိုးစားနေကြသလဲဆိုတာ အခုမှ ငါနားလည်တော့တယ်။ အတွင်းစည်းတပည့်တွေရတဲ့ အခွင့်အရေးက တကယ်ကို ကောင်းတာပဲ... အကြီးအကဲတွေရဲ့ လမ်းညွှန်မှုကို မကြာခဏ ရကြသလို သူတို့ကျင့်ကြံတဲ့နေရာက ဝိညာဉ်စွမ်းအင်တွေကလည်း အရမ်းပေါကြွယ်ဝတာပဲ..."
မြင်တွေ့ကြားသိရသမျှက လုယွမ်ကို စိတ်လှုပ်ရှားသွားစေသည်။ သို့သော် ဘယ်လိုပင်ဖြစ်စေ အတွင်းစည်းတပည့်များရရှိသော အခွင့်အရေးမှာ 'တပည့်ရင်း' များနှင့်တော့ ယှဉ်နိုင်မည် မဟုတ်ပေ။
သူသည် တစ်လှမ်းတည်းဖြင့် အထွတ်အထိပ်ပန်းတိုင်ကို ရောက်ရှိခဲ့ခြင်းပင် ဖြစ်သည်။ လက်ရှိ ကောင်းကင်မြစ်ဂိုဏ်း၏ တပည့်များထဲတွင် တပည့်ရင်းများသာလျှင် အကောင်းဆုံး အခွင့်အရေးများကို ရရှိထားကြသည်။
"ဂါရဝပြုပါတယ် စီနီယာအစ်ကို"
"စီနီယာအစ်ကို့ကို နှုတ်ဆက်ပါတယ်"
"..."
လုယွမ် ပေါ်လာသည်ကို မြင်သည်နှင့် ထိုအတွင်းစည်းတပည့်များသည် လက်အုပ်ချီကာ အလွန်ရိုသေစွာ ဂါရဝပြုကြသည်။ တပည့်ရင်း ဖြစ်လာနိုင်သူတိုင်းမှာ သာမန်လူများမဟုတ်ကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။
"စီနီယာအစ်ကို အတွင်းစည်းတပည့်နယ်မြေကို လာတာက ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုကို လမ်းပြပေးဖို့များလား" အတွင်းစည်းတပည့်တစ်ဦးက လုယွမ်ကို ကြည့်ကာ ရိုသေစွာ မေးလိုက်သည်။
"ဂိုဏ်းကနေ ကျွန်တော်တို့ကို လမ်းပြပေးဖို့ တပည့်ရင်းတွေကို လွှတ်မယ်လို့ ကြားထားတာ ကြာပါပြီ။ တကယ်ကြီး ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး" ချက်ချင်းပင် အတွင်းစည်းတပည့်များစွာ စုရုံးလာကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်စည်ကားသွားတော့သည်။
၎င်းမှာ လုယွမ်အတွက် အနည်းငယ် မျှော်လင့်မထားသော ကိစ္စဖြစ်သည်။ သူရောက်လာရုံမျှဖြင့် ဤမျှ ဆူညံသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ညီလေးတို့ ညီမလေးတို့... ငါဒီနေ့လာတာက မင်းတို့ထဲက တစ်ယောက်ကို ဆုလာပေးတာပါ" လုယွမ်က လူအုပ်ကို ကြည့်ကာ တိုက်ရိုက်ပင် ကြေညာလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လူအုပ်ကြီးမှာ မှင်တက်သွားပြီးနောက် အားလုံး စိတ်လှုပ်ရှားကုန်ကြသည်။ လူတိုင်းက ထိုဆုကို ရမည့်သူမှာ မိမိတို့ကိုယ်တိုင် ဖြစ်စေရန် ဆန္ဒရှိနေကြသည်။
"မင်းတို့ထဲမှာ ကျင့်စဉ်တစ်ခုခုကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံထားတဲ့သူ ရှိလား" လုယွမ်က မေးလိုက်သည်။
"စီနီယာအစ်ကို... ကျွန်တော် 'လေထိန်းခြေလှမ်း' ကို အထွတ်အထိပ် ရောက်အောင် ကျင့်ထားပါတယ်" အတွင်းစည်းတပည့်တစ်ဦးက အော်ပြောလိုက်သည်။
"လေထိန်းခြေလှမ်းက ချီသန့်စင်ခြင်းအဆင့်ရဲ့ အခြေခံကျင့်စဉ်ပဲလေ။ ဒါကို အထွတ်အထိပ် ရောက်တာကတော့ သိပ်ကြွားစရာ မရှိပါဘူး" လုယွမ်က လက်ကာပြလိုက်သည်။
နောက်ပိုင်းတွင်လည်း အတွင်းစည်းတပည့်များစွာက သူတို့ အထွတ်အထိပ်ရောက်အောင် ကျင့်ထားသော ကျင့်စဉ်များကို ပြောကြသော်လည်း ထိုကျင့်စဉ်များမှာ အစွမ်းထက်သော ကျင့်စဉ်များ မဟုတ်ကြပေ။ ၎င်းက လုယွမ်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။
"ကြည့်ရတာ ငါက အရာရာကို လွယ်လွယ်လေးလို့ ထင်နေမိတာပဲ" လုယွမ် ခေါင်းညိမ့်ကာ တွေးလိုက်သည်။ "ငါ့ရဲ့ လက်ရှိကျင့်ကြံမှုက 'အမြုတေဖြစ်တည်ခြင်းအဆင့်' ပဲ... ဒီအတွင်းစည်းတပည့် အများစုကတော့ 'အခြေခံတည်ဆောက်ခြင်းအဆင့်' ပဲ ရှိကြသေးတာကိုး"
အတွင်းစည်းတပည့်များ ကျင့်ကြံနိုင်သော ကျင့်စဉ်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ကျင့်နိုင်သော ကျင့်စဉ်များသာ ဖြစ်နေကြသည်။ သာမန်အတွင်းစည်းတပည့်များမှာ ပိုမိုနက်နဲသော ကျင့်စဉ်များကို လေ့လာခွင့် မရှိကြပေ။
"ထားလိုက်ပါတော့... ဒီနေ့တော့ ကုသိုလ်လုပ်တယ်လို့ပဲ သဘောထားလိုက်မယ်" လုယွမ် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူသည် ရှေ့မှအတွင်းစည်းတပည့်များကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ညီလေးတို့ ညီမလေးတို့... မင်းတို့တွေ ကြိုးကြိုးစားစား ကျင့်ကြံနေကြတာ မြင်ရလို့ ဒီနေ့ ငါ ဆေးလုံးတချို့ ဆုပေးမယ်။ ဒါပေမဲ့ ဆေးလုံးအရေအတွက်က ကန့်သတ်ထားတာမို့လို့ လူတိုင်းတော့ ရမှာမဟုတ်ဘူးနော်"
ထို့နောက် လုယွမ်သည် သူဖော်စပ်ထားသော ဆေးလုံးတချို့ကို အခမဲ့ ဝေပေးလိုက်သည်။ ဆေးလုံးရရှိသော တပည့်များမှာ အလွန်ပင် ဝမ်းသာသွားကြပြီး လုယွမ်ကို လက်ယှက်ကာ ကျေးဇူးတင်ကြသည်။
"ဒါက ဘာမှမဟုတ်ပါဘူး…မင်းတို့တွေ ကြိုးစားပြီး ကျင့်ကြံကြ... နောင်ကျရင် ငါတို့ ကောင်းကင်မြစ်ဂိုဏ်းအတွက် အကျိုးပြုနိုင်ကြပါစေ" လုယွမ်က လက်ကာပြလိုက်သည်။
"ဆေးလုံးမရတဲ့ ညီလေး ညီမလေးတို့လည်း စိတ်မပျက်ကြနဲ့… ကြိုးစားပြီး ကျင့်ကြံကြဦး... နောင်ကျရင် ငါထပ်လာခဲ့မယ်... အဲ့ဒီအခါကျရင် မင်းတို့လည်း ရဖို့ အခွင့်အရေး ရှိမှာပါ"
လုယွမ်၏ စကားအဆုံးတွင် ဆေးလုံးမရသော တပည့်များမှာလည်း ချက်ချင်းပင် အားတက်သွားကြသည်။
"သူတို့ကို ဒီဆေးလုံးတွေ ပေးလိုက်တာက ငါ့ရဲ့ လူအများသဘောကျ ခံရမှု ကို မြှင့်လိုက်တာပဲ..." လုယွမ် စိတ်ထဲမှ တွေးလိုက်သည်။
အတွင်းစည်းတပည့်များ၏ မျက်ဝန်းများထဲတွင် သူ့အပေါ် ရိုးသားသော ရိုသေလေးစားမှုများ ရှိနေသည်ကို မြင်တွေ့နေရသည်။
"ကဲ... အားလုံး ကိုယ့်နေရာကိုယ်ပြန်ပြီး ကျင့်ကြံကြတော့" လုယွမ် ဆိုလိုက်သည်။
သူသည် ကူးယူရန် သင့်တော်သော ပစ်မှတ်ကို ဆက်ရှာရန် လိုအပ်နေသေးသည်။
"ဟုတ်ကဲ့ပါ စီနီယာအစ်ကို" အတွင်းစည်းတပည့်များက တညီတညွတ်တည်း ပြန်ထူးကြသည်။ ၎င်းတို့သည် လုယွမ်ကို ထပ်မံဂါရဝပြုပြီးနောက် ကိုယ့်နေရာကိုယ် ပြန်သွားကြတော့သည်။ လုယွမ်သည်လည်း ဂိုဏ်းပင်မတောင်၏ အတွင်းစည်းတပည့်နယ်မြေထဲတွင် ဆက်လက် လှည့်လည်ကြည့်ရှုနေမိသည်။
"ဒီမှာ လျှောက်သွားနေတာ တခြား တပည့်ရင်းတွေကို တစ်ယောက်မှ မတွေ့ပါလား" လုယွမ် ခေါင်းယမ်းလိုက်သည်။ ထိုတပည့်ရင်းများမှာ အလုပ်မရှိ အလုပ်ရှာကာ လျှောက်သွားနေသော သူ(လုယွမ်)နှင့်မတူဘဲ ကြိုးစားပမ်းစား ကျင့်ကြံနေကြသည်ဟု သူ ခန့်မှန်းလိုက်မိသည်။
လုယွမ်အတွက် ဂိုဏ်းပင်မတောင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင် ဖြစ်သည်။ ကောင်းကင်မြစ်ဂိုဏ်း၏ ဂိုဏ်းပင်မတောင်မှာ တကယ့်ကို ခမ်းနားလှသည်။
လှေကားထစ်များမှာပင်လျှင် နဂါးတစ်ကောင်နှင့် တူလှ၏။ အထက်သို့ မော့ကြည့်လိုက်လျှင် ဂိုဏ်းပင်မတောင်၏ အမြင့်ဆုံးနေရာတွင် ရှိသော ခမ်းနားထည်ဝါသော အဆောင်ကြီးမှာ 'ဂိုဏ်းချုပ်အဆောင်' ပင် ဖြစ်သည်။ ထိုနေရာတွင် ကောင်းကင်မြစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး နေထိုင်သည်။
"ဂိုဏ်းချုပ်ကြီးက ဘယ်လိုလူမျိုး ဖြစ်မလဲ... ရုပ်ရည်ကရော ဘယ်လိုရှိမလဲဆိုတာ တကယ် သိချင်မိတယ်" လုယွမ် စပ်စုလိုစိတ်များ ဖြစ်ပေါ်လာသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် သူတွေ့ဖူးသမျှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များမှာ အပြင်စည်းတပည့်နယ်မြေမှ အကြီးအကဲများသာ ဖြစ်သည်။
ယခုကြည့်ရသည်မှာ အတွင်းစည်းတပည့်နယ်မြေထဲတွင်လည်း ကူးယူရန် သင့်တော်သောသူကို ရှာမတွေ့သေးပေ။ နာရီဝက်ခန့် ကြာပြီးနောက်...
"ဟင်း... အတွင်းစည်းတပည့်နယ်မြေမှာ အစွမ်းထက်တဲ့ ကျင့်စဉ်တွေကို အထွတ်အထိပ် ရောက်အောင် ကျင့်ထားတဲ့သူ ရှိမလားလို့ လာကြည့်တာ... အခုတော့ ဘာမှမရခဲ့ဘူးပဲ" လုယွမ်သည် မက်မွန်ပင်တစ်ပင်အောက် ရောက်သည့်အခါ သက်ပြင်းချလိုက်မိသည်။
သူသည် မက်မွန်ပင်ကို မတော်တဆ ထိလိုက်မိရာ စနစ်၏ မျက်နှာပြင်မှာ ချက်ချင်း ပေါ်လာတော့သည်။
【 နှစ်သုံးရာသက်တမ်းရှိသော သာမန်မက်မွန်ပင် (ကူးယူနိုင်သည်) 】
"ဟ... ဒီမက်မွန်ပင်ကို ကူးယူလို့ ဘာထူးမှာလဲ" လုယွမ်ခေါင်းယမ်းလိုက်သည်…ဆရာမလေးသာ ဒီမှာရှိရင် ကောင်းမှာပဲ..."
မုချင်းရွှယ်တွင် အစွမ်းထက်သော ကျင့်စဉ်များစွာ ရှိနေသေးပြီး လုယွမ်မှာ ထိုကျင့်စဉ်အားလုံးကို တစ်ခုချင်း ကူးယူရန် အစီအစဉ် ရှိခဲ့သည်။ သို့သော် ဆရာမလေးက ပိုင်ယောင်ဂူသို့ သွားနေသဖြင့် ပြန်လာရန် ကြာဦးမည် ဖြစ်သည်။
"နေဦး... ဝမ်လင်မျှော်စင် က အဘိုးကြီးက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပုံရတယ်…အကယ်၍ သူနဲ့ ထိတွေ့ခွင့်ရရင် သူ ဘယ်အဆင့်ကို ရောက်နေလဲဆိုတာ ငါ ချက်ချင်း သိနိုင်မှာပဲ"
လုယွမ် ရုတ်တရက် သတိရသွားသည်။ ဝမ်လင်မျှော်စင်သို့ ပထမဆုံးအကြိမ် သွားစဉ်က တွေ့ခဲ့သော အဘိုးအိုမှာ သာမန်လူမဟုတ်ကြောင်း သူ ချက်ချင်း ခံစားခဲ့ရသည်။
"ထားလိုက်ပါတော့... ဒီအတွင်းစည်းတပည့်တွေဆီက ငါလိုချင်တဲ့ ကျင့်စဉ်တွေ မရနိုင်ဘူးဆိုရင်တော့ အကြီးအကဲတွေကိုပဲ ပစ်မှတ်ထားရတော့မယ်" လုယွမ် ခေါင်းညိမ့်ကာ ဆုံးဖြတ်လိုက်သည်။
သူကူးယူလိုသော ကျင့်စဉ်နှင့် တန်ခိုးစွမ်းအားများမှာ အထွတ်အထိပ်အဆင့်များ ဖြစ်ရမည်။
ထိုသို့ဆိုလျှင် သူကိုယ်တိုင် ကျင့်ကြံနေစရာ မလိုတော့ပေ။ ဤသို့တွေးပြီးနောက် လုယွမ်မှာ အချိန်မဖြုန်းတော့ပေ။ သူ၏ လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ ပျံသန်းရေးဓားမှာ လေထဲသို့ ထွက်ပေါ်လာသည်။ လုယွမ်သည် ဓားပေါ်သို့ တက်လိုက်ပြီးနောက် ဓားပျံဖြင့် စတင်ထွက်ခွာလာခဲ့တော့သည်။
ကျင့်ကြံမှုအဆင့်မှာ 'အခြေခံတည်ဆောက်ခြင်းအဆင့်' သို့ ရောက်ရှိသွားပြီ ဖြစ်ရာ ဓားပျံစီးခြင်းအတတ်မှာ သူ့အတွက် အလိုအလျောက် တတ်မြောက်သွားသော အတတ်ပညာတစ်ခုပင် ဖြစ်နေတော့သည်။