အခန်း (၁၁) - ခရမ်းရောင်မီးလျှံအတတ်
ထို့နောက်တွင်တော့ လုယွမ်သည် မိမိ၏အခန်းသို့ ပြန်လာခဲ့သည်။
သူသည် 'ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ်' ကို စိတ်ထဲတွင် ကျင့်ကြံရန် ကြိုးစားကြည့်နေမိသည်။
အချိန်အနည်းငယ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ လုယွမ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည့်အခါ သူ၏မျက်နှာတွင် ဝမ်းသာရိပ်များ ထင်ဟပ်နေတော့သည်။
"ဒီလောက်မြန်မြန်နဲ့ ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ်ကို တတ်မြောက်သွားမယ်လို့ မထင်ထားခဲ့ဘူး"
"မျှော်လင့်ထားတဲ့အတိုင်းပဲ... နက်နဲတဲ့ကျင့်စဉ်တွေက မရိုးရှင်းဘူး.. ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူတဲ့အရှိန်က အရင်သုံးခဲ့တဲ့ အခြေခံကျင့်စဉ်ထက် အဆပေါင်းရာနဲ့ချီပြီး မြန်တယ်"
ဖြစ်နိုင်သည်မှာ သူသည် ဆရာမချောလေး၏ ကျင့်ကြံမှုအဆင့်ကို ကူးယူထားခြင်းကြောင့်လည်း ဖြစ်ပေမည်။
မုချင်းရွှယ်ကိုယ်တိုင်ကလည်း ဤကျင့်စဉ်ကိုပင် အဓိကထား ကျင့်ကြံသူဖြစ်ခြင်းကြောင့် လုယွမ်သည် ပထမဆုံးအကြိမ် ကျင့်ကြံရုံဖြင့်ပင် အလွယ်တကူ တတ်မြောက်သွားခြင်း ဖြစ်သည်။
ယခုဆိုလျှင် သူသည် ကျင့်စဉ်၏ နောက်ပိုင်းအပိုင်းများကိုပါ ဆက်လက်ကျင့်ကြံနိုင်ပြီဖြစ်ပြီး မိမိဘာသာ ကျင့်ကြံခြင်းဖြင့်ပင် 'နတ်ဝိညာဉ်အဆင့်' သို့မဟုတ် 'ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်' သို့ပင် တက်လှမ်းနိုင်ပေတော့မည်။
"ဒါပေမဲ့ ကိုယ်တိုင်ကျင့်ကြံတာက အချိန်အများကြီးပေးရမယ် အရမ်းနှေးလွန်းတယ်... ကူးယူတာလောက်တော့ မြန်မှာမဟုတ်ဘူး" လုယွမ်က ပြုံးလျက် ခေါင်းညိမ့်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားသည်။ စနစ်၏ လုပ်ဆောင်ချက်မှာလည်း အသုံးပြုရန် အဆင်သင့် ပြန်ဖြစ်လာသည်။
လုယွမ်သည် မုချင်းရွှယ်ထံမှ အစွမ်းထက်သော ကျင့်စဉ်တစ်ခုကို ထပ်မံကူးယူလိုက်သည်။ ၎င်းမှာ 'ခရမ်းရောင်မီးလျှံအတတ်' ပင် ဖြစ်သည်။
ခရမ်းရောင်မီးလျှံအတတ်တွင် အဆင့် ၄ ဆင့် ရှိသည်။
ပထမအဆင့်တွင် မီးလျှံမှာ အဖြူရောင်ဖြစ်သည်။ ဒုတိယအဆင့်တွင် အပြာရောင်... တတိယအဆင့်တွင် အနီရောင်ဖြစ်ပြီး စတုတ္ထအဆင့်သို့ ရောက်ရှိကာ ကျွမ်းကျင်ပိုင်နိုင်သွားပါက မီးလျှံမှာ ခရမ်းရောင် ဖြစ်သွားသည်။ ထိုအခါ ၎င်း၏အစွမ်းမှာ အဆပေါင်းရာချီ... ထောင်ချီ၍ ပြင်းထန်လာ၏။
ဤကျင့်စဉ်ကို အထွတ်အထိပ်အထိ တတ်မြောက်ပြီး ခရမ်းရောင်မီးလျှံကို ထုတ်ဖော်နိုင်ပါက ထိုအဆင့်တူ ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။
ပြိုင်ဘက်ကင်း မဖြစ်လျှင်တောင်မှ အနည်းဆုံးတော့ ရှုံးနိမ့်မည် မဟုတ်ပေ။ လုယွမ်၏ ဆရာမလေးမှာ ဤအတတ်ကို အဆင့် ၄ အထိ ကျွမ်းကျင်ပြီးဖြစ်ရာ လုယွမ်ကူးယူလိုက်သော အတတ်မှာလည်း အထွတ်အထိပ်အဆင့်ပင် ဖြစ်သည်။ ထို့ကြောင့် လုယွမ်တွင် အစွမ်းထက်သော တိုက်ခိုက်ရေးနည်းလမ်းတစ်ခု ရှိသွားပြီ ဖြစ်သည်။
တတိယမြောက်နေ့၏ နံနက်စောစောတွင် မုချင်းရွှယ်သည် အပြင်သို့ ထွက်ခွာသွားသည်။ သူမ မသွားမီ လုယွမ်ကို မှာတမ်းစကား အချို့ ပြောခဲ့သည်။ မကြာမီမှာပင် မုချင်းရွှယ်သည် ဂိုဏ်းမှရွေးချယ်ထားသော တပည့်ပေါင်းများစွာကို ဦးဆောင်ကာ ဧရာမ ပျံသန်းရေးလှေကြီးဖြင့် ထွက်ခွာသွားသည်ကို လုယွမ် မြင်တွေ့ရသည်။ ခဏချင်းမှာပင် ထိုလှေကြီးမှာ တိမ်တိုက်များထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
"အခုတော့ ဒီဇီယွမ်ခြံဝန်းထဲမှာ ငါတစ်ယောက်တည်း ဖြစ်သွားပြီပေါ့။ တစ်မျိုးတော့ အထီးကျန်သလို ခံစားရတယ်" လုယွမ် သက်ပြင်းချလိုက်မိသည်။
ခဏအကြာတွင် လုယွမ်သည် မုချင်းရွှယ် စာဖတ်လေ့ရှိသော ထိုင်ခုံရှည်ပေါ်တွင် လှဲအိပ်ကြည့်နေသည်။ ထိုသို့လှဲနေရသည်မှာ တကယ့်ကို သက်သောင့်သက်သာ ရှိလှ၏။
"ဒီကုလားထိုင်က တကယ်ကောင်းတာပဲ။ ဆရာမလေး ဘာလို့ ဒီမှာပဲ လှဲနေတတ်လဲဆိုတာ နားလည်သွားပြီ..."
နောက်ပိုင်းရက်များတွင် လုယွမ်သည် သူ၏အနာဂတ် အစီအစဉ်များကိုသာ စဉ်းစားနေသည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင်တော့ သူ ကိုယ်တိုင် ဆက်ကျင့်မည်မဟုတ်။ ဘယ်လိုပင် ကျင့်ကြံပါစေ ကူးယူခြင်းလောက် မြန်မည်မဟုတ်သောကြောင့် ဖြစ်သည်။
"ဆရာမလေး ပြန်လာရင် ငါ ဂိုဏ်းချုပ်ကြီးနဲ့ တွေ့ရမယ်…အဲ့ဒီကျရင် ဂိုဏ်းချုပ်ကြီးရဲ့ ကျင့်ကြံမှုကို ကူးယူဖို့ အခွင့်အရေး ရမယ်…ဒါကြောင့် အဆင့်တက်ဖို့အတွက်က ဆရာမလေး ပြန်လာတာကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်ရုံပဲ"
"အခု ငါလုပ်ရမှာက အစွမ်းထက်တဲ့ နည်းလမ်းတွေ များများတတ်အောင် လုပ်ဖို့ပဲ"
ထိုစဉ် လုယွမ်၏ ခေါင်းထဲသို့ အကြံကောင်းတစ်ခု ရောက်လာသည်။
"ဆေးလုံးတွေပဲ ငါ့ရဲ့ လက်ရှိဆေးဖော်စပ်တဲ့ အဆင့်နဲ့ဆိုရင် ဆရာမလေးပေးတဲ့ ဆေးနည်းတွေကို အလွယ်တကူ ဖော်စပ်နိုင်မယ်… ကောင်းကင်မြစ်ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီးရှိတယ်... သူတို့မှာလည်း အစွမ်းထက်တဲ့ ကျင့်စဉ်တွေ ရှိကြလိမ့်မယ်… အဲ့ဒီပါရမီရှင်တွေလည်း ကျင့်ကြံဖို့အတွက် အဆင့်မြင့်ဆေးလုံးတွေ လိုအပ်ကြမှာပဲ"
"အကယ်၍ ငါက ဒီဆေးလုံးတွေကို သုံးပြီး သူတို့နဲ့ ရင်းနှီးအောင်လုပ်ရင် သူတို့ဆီက အစွမ်းထက်တဲ့ ကျင့်စဉ်တွေကို ကူးယူနိုင်လိမ့်မယ်..."
ဤသို့တွေးမိသောအခါ လုယွမ်သည် မိမိကိုယ်ကိုယ် ပါရမီရှင်တစ်ယောက်ဟုပင် မှတ်ယူနေမိသည်။
ချက်ချင်းပင် သူသည် ဝိညာဉ်ဆေးနန်းဆောင်သို့ သွားကာ ဆေးဖက်ဝင်အပင်များကို ယူဆောင်ပြီး ဆေးလုံးများ စတင်ဖော်စပ်သည်။
ဆေးလုံးများမှာ တစ်လုံးပြီးတစ်လုံး အောင်မြင်စွာ ထွက်ပေါ်လာသည်။ ဆေးပင်များ ကုန်သွားသည့်အခါတွင်မှ သူ ရပ်လိုက်သည်။ ထိုအခါ ညဉ့်နက်နေပြီ ဖြစ်သည်။
"ဆေးဖော်ရတာ တကယ့်ကို စွဲလမ်းဖို့ကောင်းတာပဲ…အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး" လုယွမ် ရေရွတ်လိုက်သည်။
"ဒီဆေးလုံး အများစုက အဆင့်မြင့်တွေပဲ... ပြီးပြည့်စုံတဲ့အဆင့်ကတော့ အနည်းငယ်ပဲ ရှိတယ်။ အဆင့် ၆ ဆေးပညာရှင် အဆင့်ကတော့ မလုံလောက်သေးဘူးပဲ… နောက်ကျရင် ဆေးဖော်စပ်ရာတောင်က ဂိုဏ်းခွဲခေါင်းဆောင်ဆီက ပညာကို ကူးယူရမယ်။ အဲ့ဒီကျရင် ငါဟာ အင်ပါယာ တစ်ခုလုံးမှာ ထိပ်တန်းဆေးပညာရှင် ဖြစ်လာလိမ့်မယ်"
ခဏတာတော့ လုယွမ် စိတ်ကူးယဉ်နေမိသည်။ အကယ်၍သာ သူသည် ဒီကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးသူ သို့မဟုတ် နတ်ဘုရားတစ်ပါးနှင့် တွေ့ရပါက တိုက်ရိုက်ကူးယူပြီး နတ်ဘုရားအဖြစ်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါလား။ သို့သော် လက်တွေ့မှာမူ သူသည် တစ်ဆင့်ချင်းသာ သွားရမည်ဖြစ်သည်။
"စနစ်က ပြန်လည်အသုံးပြုချိန်ပြည့် ရင် ငါ ဂိုဏ်းပင်မတောင် က အတွင်းစည်းတပည့်တွေဆီကို သွားကြည့်ရမယ်" လုယွမ် ခေါင်းညိမ့်ကာ ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူသည် အိပ်ရာပေါ်တွင် လှဲအိပ်လိုက်ရင်း အိပ်မက်လှလှလေးတစ်ခု မက်သည်။ ထိုအိပ်မက်ထဲတွင် သူနှင့် သူ၏ဆရာမချောလေးမှာ ပျော်ရွှင်စွာ အတူနေထိုင်နေကြသည်။ သို့သော် အရေးကြီးသော အခန်းရောက်ခါနီးတိုင်း သူသည် ရုတ်တရက် လန့်နိုးသွားတတ်သည်။
နံနက်ရောက်သောအခါ...
"တောက်... အိပ်ရာပေါ်မှာ အဝတ်အစားတွေ ချွတ်နေပြီဟာကို... အရေးကြီးတဲ့အချိန်ကျမှ နိုးလာတယ်..." လုယွမ် အလွန်ပင် စိတ်ပျက်နေမိသည်။
သူသည် ကိုယ်လက်သန့်စင်ပြီးနောက် ခြံဝန်းထဲရှိ ထိုင်ခုံတွင် ထိုင်ကာ ဆရာမလေး ထားခဲ့သော စာအုပ်များကို ဖတ်နေသည်။ ဆရာမလေး ဖတ်သော စာအုပ်များမှာ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလှသည်။ ထိုအထဲတွင် ထူးဆန်းသော သားရဲများအကြောင်း... ရှေးဟောင်းပုံပြင်များနှင့် ဒဏ္ဍာရီများ ပါဝင်နေသည်။ ၎င်းမှာ လုယွမ်အတွက် အချိန်ဖြုန်းရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်နေတော့သည်။