အခန်း (၁၀) - ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ်
"ဆရာ... တပည့် ပြန်လာပါပြီ"
လုယွမ်သည် ဇီယွမ်ခြံဝန်းသို့ အမြန်ပြန်ရောက်လာပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။
မုချင်းရွှယ် မော့ကြည့်လိုက်၏။ လုယွမ်၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ 'အခြေခံတည်ဆောက်ခြင်းအဆင့်' အစောပိုင်းသို့ ရောက်ရှိနေသည်ကို အာရုံခံမိသွားရာ သူမ၏ မျက်ဝန်းများတွင် အံ့သြရိပ်များ ထင်ဟပ်သွားတော့သည်။
"မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီလား"
"ဟုတ်ကဲ့ပါ ဆရာ" လုယွမ်က ပြုံးလျက် ပြန်ဖြေသည်။
"ဒါဟာ ဆရာပေးခဲ့တဲ့ ပြီးပြည့်စုံတဲ့ အရည်အသွေးရှိတဲ့ ဆေးလုံးကြောင့်ပါ"
"အလွန်ကောင်းတယ်... အခြေခံတည်ဆောက်ခြင်း အောင်မြင်သွားရင်ပဲ တော်ပါပြီ" မုချင်းရွှယ်က ခေါင်းအသာညိမ့်ကာ ဆိုသည်။
"လုယွမ်... မင်းမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတာကို ငါသိတယ်.. ဒါပေမဲ့ ငါ တစ်ခုတော့ သတိပေးရမယ်…မင်း တော်တော်လေး သတိထားရမယ်.. အရမ်းကြီးလည်း ဟိတ်ဟန်မထုတ်နဲ့ဦး"
"တစ်စုံတစ်ယောက်က မင်းရဲ့ လျှို့ဝှက်ချက်ကို သိသွားရင် မင်းကို သေချာပေါက် ရန်ပြုလာလိမ့်မယ်…အင်အားသာ မရှိရင် မင်းဟာ သူတစ်ပါး သတ်ဖြတ်တာကို ငြိမ်ခံနေရတဲ့ သားကောင်ပဲ ဖြစ်သွားလိမ့်မယ်"
သူမ၏ စကားများမှာ တကယ့်ကို စေတနာအပြည့်နှင့် ရိုးသားလှ၏။
လုယွမ်၏ ရင်ထဲတွင် ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။
သူ၏ ဆရာမလေးမှာ တကယ့်ကို မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးပင်။ သူ့မှာ လျှို့ဝှက်ချက် ရှိမှန်းသိသော်လည်း ဘာလဲဆိုသည်ကို မမေးမြန်းဘဲ မာနမကြီးရန်သာ သတိပေးခဲ့သည်။
ကြည့်ရသည်မှာ သူသည် တကယ့်ကို ဆရာကောင်းတစ်ယောက်နှင့် တွေ့ခဲ့ပြီ ဖြစ်သည်။
"ဆရာ့ရဲ့ ဆုံးမစကားတွေကို ရင်ထဲမှာ အမြဲမှတ်ထားပါ့မယ်" လုယွမ်က ခိုင်မာစွာ ကတိပေးလိုက်သည်။
"မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ ကျင့်စဉ်တစ်ခု သင်ပေးဖို့ အချိန်တန်ပြီ" မုချင်းရွှယ်က ဆက်ပြောသည်။ "ဒီနားကို လာခဲ့"
လုယွမ် အနားသို့ တိုးသွားလိုက်သည်။
"ပိုနီးနီးလာဦး"
လုယွမ်သည် ဆရာမချောလေးနှင့် တစ်လှမ်းအကွာအထိ တိုးကပ်သွားသည်။ ထိုအခါ မုချင်းရွှယ်က လက်ညှိုးလေးဖြင့် လုယွမ်၏ မျက်ခုံးနှစ်ခုကြား ကို အသာအယာ တို့လိုက်၏။
ချက်ချင်းဆိုသလိုပင် လုယွမ်သည် ပြင်းထန်သော စွမ်းအင်များ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
သူ၏ စိတ်ထဲတွင် ရွှေရောင်စာလုံးများ ပေါ်ထွက်လာ၏။ ဤသည်မှာ ကျင့်စဉ်၏ ဂါထာများပင် ဖြစ်သည်။
အလွန်ပင် နက်နဲလှပြီး ထူးခြားဆန်းပြားသော ကျင့်စဉ်တစ်ခု ဖြစ်သည်မှာ သေချာလှ၏။
တော်တော်ကြာမှ မုချင်းရွှယ်က လက်ကို ပြန်ချလိုက်သည်။ လုယွမ်လည်း သတိပြန်ဝင်လာပြီး မုချင်းရွှယ်ကို ကြည့်ကာ စပ်စုလိုက်မိသည်။
"ဆရာ... ဒီ 'ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ်' က မပြည့်စုံသလိုပဲနော်"
"ဟုတ်တယ်... အခု ငါမင်းကို ပေးလိုက်တာက ပထမတွဲပဲ ရှိသေးတာ" မုချင်းရွှယ်က ခေါင်းညိမ့်ပြသည်။
"ဒီပထမတွဲက မင်းကို 'အမြုတေဖြစ်တည်ခြင်းအဆင့်' အထိ ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်… အမြုတေဖြစ်တည်ခြင်းအဆင့် ရောက်မှသာ နောက်ထပ်အတွဲတွေကို ဆက်ကျင့်လို့ရမှာ… ဒီကျင့်စဉ်ကို အပြည့်အဝ တတ်မြောက်သွားရင် 'ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်' အထိတောင် ရောက်နိုင်တယ်"
"ဒါဟာ ကောင်းကင်မြစ်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ကျင့်စဉ်တွေထဲက တစ်ခုပဲ…ဒါကို ပြင်ပလူတွေကို လုံးဝ ပေးမသိနဲ့"
လုယွမ်က ချက်ချင်းပင် "နားလည်ပါပြီ ဆရာ" ဟု ပြန်ထူးလိုက်သည်။
ဤကျင့်စဉ်က ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်အထိ ရောက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
'မဟာယန်အင်ပါယာ' အတွင်း၌ 'နတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်' ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် အထွတ်အထိပ် အဆင့်အတန်း ဖြစ်နေပြီ မဟုတ်ပါလား။
အကယ်၍ သူသာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်သွားပါက တစ်အင်ပါယာလုံးတွင် မည်သူမျှ မယှဉ်နိုင်သော သူဖြစ်သွားပေလိမ့်မည်။
ထိုအခါကျလျှင် သူသည် မည်သူ့ကိုမျှ ဂရုစိုက်စရာမလိုဘဲ လွတ်လပ်ပေါ့ပါးစွာဖြင့် ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်တော့မည်။
"ဒီကျင့်စဉ်က ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ထိ ရောက်နိုင်တယ်ဆိုရင် ဘာလို့ ကောင်းကင်မြစ်ဂိုဏ်းမှာ အဲ့ဒီအဆင့် ကျွမ်းကျင်သူ မရှိတာလဲ" လုယွမ်က စပ်စုလိုက်သည်။
"ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ..." မုချင်းရွှယ်က ခေါင်းယမ်းရင်း စိတ်ရှည်လက်ရှည် ရှင်းပြသည်။
"အဆင့် မြင့်လာလေလေ.. ကျင့်ကြံရတာ ပိုခက်လာလေလေပဲ…အခုလောလောဆယ်တော့ မင်း ဒီလောက်သိထားရင် ရပြီ…အဓိကက လက်ရှိ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါ…နောက်ပိုင်းမှာ ကျင့်ကြံမှုအဆင့် တည်ငြိမ်သွားအောင် လုပ်ပြီး 'အမြုတေစုစည်းခြင်းအဆင့်' ကို မြန်မြန်ရောက်အောင် ကြိုးစားပါ"
"နားလည်ပါပြီ" လုယွမ်က ခေါင်းညိမ့်လိုက်သည်။
"ပြီးတော့ ဒီဆေးနည်းစာအုပ်တွေကို ယူထားလိုက်ဦး… မင်း ကျင့်ကြံခြင်းမှာ ကြိုးစားရမှာ မှန်ပေမဲ့ ဆေးဖော်စပ်ခြင်းကိုလည်း ပစ်မထားနဲ့…ဒီထဲမှာပါတဲ့ ဆေးလုံးတွေကို 'ဝိညာဉ်သန့်စင်ခြင်း အတတ်ပညာ' နဲ့ မကြာခဏ ဖော်စပ်ကြည့်ပါ" မုချင်းရွှယ်က ထူထဲသော စာအုပ်တစ်အုပ်ကို ထုတ်ပေးသည်။
ထိုစာအုပ်ထဲတွင် ဆေးနည်းအမျိုးမျိုးကို မှတ်တမ်းတင်ထား၏။
သေချာသည်မှာ ထိုဆေးနည်းများမှာ သူမက လုယွမ်အတွက် သေသေချာချာ ရွေးချယ်ပေးထားခြင်းပင် ဖြစ်သည်။
သို့သော်လည်း သူမ မသိလိုက်သော အချက်မှာ လုယွမ်၏ ဆေးဖော်စပ်မှု စွမ်းရည်မှာ သူမနှင့် ထပ်တူထပ်မျှ ဖြစ်နေပြီဟူသော အချက်ပင်။
ကူးယူခြင်း၏ အစွမ်းကြောင့် သူမ ဖော်စပ်နိုင်သမျှကို လုယွမ်လည်း ဖော်စပ်နိုင်နေပြီ ဖြစ်သည်။
"ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေကိုတော့ 'ဝိညာဉ်ဆေးနန်းဆောင်' မှာ ကိုယ်တိုင် သွားထုတ်လို့ရတယ်… ပြီးတော့ နောက် ၃ ရက်နေရင် ငါ 'ပိုင်ယောင်ဂူ'ကို အဖွဲ့ဦးကိုဆောင်ပြီး သွားရတော့မယ်.. ပြန်လာဖို့ လအနည်းငယ် ကြာနိုင်တယ်"
"ဒါကြောင့် ငါမရှိတုန်း မင်းဘာသာမင်း စည်းကမ်းရှိရှိနဲ့ ကျင့်ကြံနေခဲ့ရမယ်"
"ဟမ် ဆရာက သွားတော့မှာလား" လုယွမ် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။
သူသည် နေ့တိုင်း မနက်နိုးလာလျှင် ဆရာမချောလေးကို မြင်ရဖို့ မျှော်လင့်ထားခြင်း ဖြစ်သည်။
"ငါက ပြန်မလာတော့ဘူးလို့ ပြောတာမှ မဟုတ်တာ…ခဏလေးပဲ သွားမှာပါ။ ပိုင်ယောင်ဂူက နှစ်တစ်ရာမှာ တစ်ခါပဲ ပွင့်တာ.. အဲ့ဒီမှာ ရှားပါးတဲ့ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ အများကြီးရှိတယ်…အဲ့ဒါတွေကို များများရလာရင် ပိုကောင်းတဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်မှာပဲလေ"
မုချင်းရွှယ်က ညင်သာစွာ ပြောပြသည်။ "အဲ့ဒီ 'ပန်းတစ်ရာချိုင့်ဝှမ်း' ကို ဝင်ဖို့ဆိုရင် ဝိညာဉ်စွမ်းအင်စုစည်းခြင်းအဆင့် ဖြစ်ဖို့ လိုအပ်တယ်.. ဒါကြောင့် မင်းကို ခေါ်သွားလို့ မရတာ"
"နားလည်ပါပြီ ဆရာ" လုယွမ် ခေါင်းညိမ့်လိုက်သည်။
သူ လိုက်ချင်သော်လည်း လုယွမ်တွင် နည်းစနစ်များစွာ မရှိသေးပေ။
ဓားသိုင်းတစ်ခုတောင် မတတ်မြောက်သေးရာ ရန်သူ သို့မဟုတ် မိစ္ဆာသားရဲများနှင့် တွေ့ပါက ဓားကို ကိုင်ပြီး ရမ်းခုတ်နေ၍ မရပေ။
ထို့ကြောင့် ယခုအချိန်တွင် နည်းပညာများစွာကို တတ်မြောက်အောင် အရင်လုပ်ရန်မှာ အရေးကြီးဆုံး ဖြစ်နေသည်။
"ဆရာ... နောက်တစ်ခေါက်ကျမှပဲ ကျွန်တော် အတူတူ လိုက်ခဲ့ပါတော့မယ်" ဟု လုယွမ် စိတ်ထဲမှ တွေးလိုက်သည်။
"ဒါနဲ့... မင်း ဘယ်လို ဝိညာဉ်လက်နက်ကို ရွေးခဲ့တာလဲ" မုချင်းရွှယ်က စပ်စုလိုက်သည်။
"ခရမ်းရောင်တိမ်တိုက်ဓားပါ" လုယွမ်က ရယ်မောရင်း လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်တိမ်တိုက်ဓားမှာ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
"တကယ်ပဲ ခရမ်းရောင်တိမ်တိုက်ဓားကို ရွေးခဲ့တာလား" မုချင်းရွှယ် အံ့သြသွားသည်…
"ဂိုဏ်းထဲက ဓားသိုင်းပါရမီရှင်တွေတောင် ဒီဓားရဲ့ အသိအမှတ်ပြုမှုကို မရခဲ့ကြဘူး…မင်းကတော့ ဒါကို ရအောင် ယူနိုင်ခဲ့တာပဲ"
"ဒါက ငါ့ရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်နေတယ်…ကောင်းတယ်... တကယ့်ကို ကောင်းတယ်"
"ဒါပေမဲ့ နှမြောစရာပဲ... ငါက ဓားသိုင်းမှာ သိပ်မကျွမ်းကျင်တော့ မင်းကို သိပ်ပြီး မသင်ပေးနိုင်ဘူး"
"ဆရာ... မစိုးရိမ်ပါနဲ့.. ကျွန်တော် ကိုယ်တိုင် ကြိုးစားပါ့မယ်" လုယွမ်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
"ဒါဆိုရင် ဒီလိုလုပ်မယ်... ငါ ပိုင်ယောင်ဂူက ပြန်လာရင် ဂိုဏ်းချုပ်ကြီးကို မင်းကို လမ်းပြပေးဖို့ ငါ ဖိတ်ခေါ်ပေးမယ်… ဂိုဏ်းချုပ်ကြီးက ကောင်းကင်မြစ်ဂိုဏ်းမှာ အစွမ်းထက်ဆုံး ဓားသမားပဲ…သူ့ရဲ့ လမ်းပြမှုနဲ့ဆိုရင် မင်းအတွက် အကျိုးအမြတ်တွေ အများကြီး ရမှာပဲ.. ဒါကြောင့် အခုကတည်းက ကြိုတင်ပြင်ဆင်ထားပါ" မုချင်းရွှယ်က စဉ်းစားပြီး ဆုံးဖြတ်လိုက်သည်။
"တကယ်ကြီးလား ဆရာ" လုယွမ် စိတ်လှုပ်ရှားသွားသည်။
သူ့ဆရာမလေးက ဓားသိုင်း မသင်ပေးနိုင်သော်လည်း သူမ၏ လူမှုဆက်ဆံရေးမှာ တကယ့်ကို အလန်းစားကြီးပင်။
ဂိုဏ်းချုပ်ကြီးကိုတောင် ကိုယ်တိုင်လာသင်ပေးဖို့ ဖိတ်ပေးနိုင်သည်ဆိုခြင်းမှာ သာမန်လူတစ်ယောက် မလုပ်နိုင်သော ကိစ္စဖြစ်သည်။
လုယွမ်ကို အစိတ်လှုပ်ရှားစေဆုံးအချက်မှာ ထိုသို့ဆိုလျှင် သူသည် ဂိုဏ်းချုပ်ကြီးနှင့် နီးနီးကပ်ကပ် ထိတွေ့ခွင့်ရမည်ဖြစ်ပြီး 'နတ်၀ိညာဥ်အဆင့်' ကျွမ်းကျင်သူတစ်ဦးအဖြစ် အလွယ်တကူ ကူးယူနိုင်တော့မည်ပင် ဖြစ်တော့သည်။
ဆရာမလေးသည် လုယွမ်အတွက် လမ်းခင်းပေးလိုက်ခြင်းပင်။
"ဒါပေမဲ့ မင်းဘက်ကလည်း ကြိုးစားပြဖို့ လိုမယ်နော်" မုချင်းရွှယ်က ညင်သာစွာ ရယ်မောလိုက်သည်။
"စိတ်ချပါ ဆရာ" လုယွမ်ကလည်း ရယ်မောရင်း ပြန်ပြောလိုက်တော့သည်။